အခန်း (၆၁၉)
Vol. 42 Ch. 619
ဟယ်ရှိုက ယွင်မိသားစုစံအိမ်၏ နေရာတိုင်းတွင် စစ်ဆေးနေခဲ့သည်။ ထို့နောက် သူက မိသားစုထဲတွင် ရှိနေသော ပညာရှင်များကို ကူညီပြီး သွေးပြာလူသားများ အလစ်ချောင်း တိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် ရေထဲတွင် ဝင်္ကပါများ ချထားပေးခဲ့သည်။
ထိုအချိန်တွင် ကလေးတစ်ယောက်က စာတစ်စောင်နှင့်အတူ သူ့ကို အပြင်ဘက်တွင် စောင့်နေကြောင်း အစေခံတစ်ယောက်က လာ၍ သတင်းပို့ခဲ့သည်။ ဟယ်ရှိုက အဆင့်နိမ့်သော လူများကိုပင် လုံးဝ မလေးမစား ဆက်ဆံဖူးခြင်း မရှိချေ။
အစေခံ၏စကားကို နားထောင်လိုက်ပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိသော်လည်း သံသယဝင်နေသည့်ပုံစံနှင့် စံအိမ်အပြင်ဘက်ကို ထွက်လာခဲ့သည်။ ထိုနေရာတွင် သူက သာမန်ရုပ်ရည်ရှိသော ကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။
သူက စာကို သတိထား၍ ယူလိုက်ပြီး ထောင်ချောက်တစ်ခု ဖြစ်နေမှာကို စိုးရိမ်နေသည့်အတွက် သေချာစစ်ဆေးနေခဲ့သည်။ မည်သည့်အရာမျှ မတွေ့ရသည့်အခါ သူက စာကိုဖွင့်ပြီး လျင်မြန်စွာ ဖတ်ကြည့်လိုက်၏။
"ကျေးဇူးပြုပြီး အမှောင်ဓားသခင်ရဲ့သတင်းကို ပြောပြပေးပါ။ ကျူးမိသားစုက ယွင်မိသားစုသခင် (၉) ရဲ့နောက်ကွယ်ကနေ တိတ်တဆိတ် ထောက်ပံ့နေကြတယ်။ ယွင်မိသားစုသခင် (၉)က လေဟာနယ်မိန်းမပျိုဂိုဏ်းနဲ့ ပူးပေါင်းနေပြီး ကျူးမိသားစုစံအိမ်ရဲ့ အနောက်ဘက်ဥယျာဉ်ထဲမှာ ပုန်းနေကြတယ်။ ယွင်မိသားစုသခင် (၁၃) ကလည်း လေဟာနယ်မိန်းမပျိုဂိုဏ်းနဲ့ ဆက်သွယ်နေတယ်။ သခင် (၉) က ကရုဏာမဲ့နတ်ဆိုးကို တမင်တကာ သတင်းပေးလိုက်ပြီး အမှောင်ဓားသခင်ကို အလစ်ချောင်းတိုက်ခိုက်ခိုင်းခဲ့တာပဲ။ သူတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အမှောင်ဓားသခင်ကို တစ်ယောက်ယောက်က သုတ်သင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ထင်မြင်ချက်မျိုး ဖန်တီးနေတာ...။ လေဟာနယ်မိန်းမပျိုဂိုဏ်းက သွေးပြာလူသားတွေနဲ့ မပတ်သက်ဘူး…"
ထိုစာကို သေချာဖတ်လိုက်ပြီးနောက် ဟယ်ရှို၏မျက်နှာက အေးစက်နေခဲ့သည်။ စာထဲတွင် ပေးထားသော အချက်အလက်များက တိကျသည့်အပြင် အတော်လေး အသေးစိတ်ကျသည်။ သာမန်လူတစ်ယောက်က ထိုကဲ့သို့ သတင်းအချက်အလက်မျိုးကို ရရှိရန် လုံးဝ မဖြစ်နိုင်ပေ။
သူက စာ၏ထောင့်တွင် နှိပ်ထားသော မျက်လုံးပုံစံ တံဆိပ်ကို ကြည့်လိုက်၏။ ထိုမျက်လုံးက အလွန်နက်ရှိုင်းပြီး ဖရိုဖရဲဆန်သော အငွေ့အသက်တစ်ခု ပေးနိုင်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ရင်ထဲတွင် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိ၏။
"ကောင်းကင်ဘိုးဘေး..."
ထိုအမှတ်အသားက မှားစရာ မရှိချေ။ ထိုသတင်းများက အမှန်တကယ်ကို အကျိုးရှိသည်။ ထို့နောက် ဟယ်ရှို၏ညာဘက်လက်ထဲမှနေ၍ အလွန်ပါးလွှာသော ဓားချီစွမ်းအင်များစွာ ထွက်ပေါ်လာပြီး ထိုစာကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင်မှ သူက စာလာပို့သော ကလေးငယ်ကို အကြောင်းပြန်လိုက်သည်။ သိပ်မကြာခင် လမ်းပေါ်ရှိ လူအုပ်ကြီးထဲတွင် ပုန်းအောင်းနေသော မုန့်ချီက ဟယ်ရှို၏ တုံ့ပြန်မှုကို လက်ခံရခဲ့ပြီး ကလေးငယ်ကို ငွေစတချို့ ပေးလိုက်သည်။
ထိုအချိန်တွင် သူကတော့ နောက်ကျောတွင် စာအုပ်သေတ္တာတစ်ခု သယ်ဆောင်ထားသော စာသင်သားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်၏။ သူက လမ်းလယ်ခေါင်တွင် သူ၏စာအုပ်ကြီးကို ဖွင့်လိုက်ပြီး စာကို စာရွက်များကြားထဲတွင် ဖုံးကွယ်၍ ဖတ်ကြည့်လိုက်သည်။
ထိုစာပေါ်တွင်တော့ စကားလုံးများ ရေးသားထား၏။
"အမှောင်ဓားသခင်က သူ့ရဲ့တည်နေရာကို ယွင်မိသားစုသခင် (၁၃) ၊ ယွင်မိသားစုသခင်မ (၇) နဲ့ လင်းဟိုင်က လှေပိုင်ရှင်တစ်ယောက်ဆီမှာ ပြောပြထားတယ်။ သူက ဒီကိစ္စကို အဆုံးထိ ဝင်ပါချင်နေတယ်…"
မုန့်ချီက ပြုံးလိုက်ပြီး ထိုစာကို အလုံးအဖြစ် လုံးချေလိုက်သည်။ ထို့နောက် ညာဘက်လက်ထဲတွင် ထည့်၍ ဆုပ်လိုက်ရာ လေထဲတွင် ပြာမှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
လေဟာနယ်မိန်းမပျိုဂိုဏ်းက သူတို့ကိုယ်တိုင် ပေါ်သွားခြင်း မရှိလျှင် အရာအားလုံးကို သေချာပေါက် ဖျက်ဆီးပစ်ပါလိမ့်မည်။ ထို့ပြင် သူကတော့ သက်တော်ရှည် အင်မော်တယ်ဘိုးဘေးဆီမှ အမှောင်ဓားသခင်နှင့် ပတ်သက်သော သတင်းကိုလည်း ရရှိခဲ့၏။
…………….
ကောင်းကင်ကြီးက တဖြည်းဖြည်း တောက်ပလာပြီး နေရောင်အောက်တွင် လှိုင်းလုံးများက တရွေ့ရွေ့ လှုပ်ရှားနေခဲ့သည်။ ကုန်တင်သင်္ဘောကြီးတချို့က ပင်လယ်ထဲတွင် သွားလာနေကြ၏။
မထင်မရှား ပုံစံရှိနေသော လှေငယ်လေးတစ်စင်းထဲတွင်တော့ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က စာသင်သားတစ်ယောက်ပုံစံ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အကူအညီအတွက် ဖိတ်ခေါ်ထားသော သူ၏လက်အောက်ငယ်သားများနှင့် မကောင်းဆိုးဝါးပညာရှင်များကို ကြည့်လိုက်ပြီး မတ်မတ်ထိုင်နေခဲ့၏။
"အားလုံးပဲ …အဲဒီကောင်လေးက လင်းဟိုင်လမ်းသစ်လမ်းဝမှာရှိတဲ့ ကုန်ခြောက်ဆိုင်ထဲမှာ ပုန်းနေတယ်လို့ သတင်းအတိအကျရထားတယ်။ ဒီတစ်ကြိမ် ငါတို့က သူ ထွက်မပြေးနိုင်အောင် သေချာထောင်ချောက်ဆင်မှ ရမယ်။ သူ့ကို အောင်အောင်မြင်မြင် ဖမ်းပြီးသွားရင် မင်းတို့ကို အကျိုးအမြတ်တွေပေးဖို့ ငါတို့က တွန့်တိုမနေပါဘူး…"
သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
ထိုအချိန်တွင် လမ်းမှားပညာရှင်တစ်ယောက်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒီသတင်းက တကယ်ယုံကြည်ရလို့လား.."
"သေချာပေါက် ယုံရတာပေါ့..."
ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က ခနဲ့သလို ပြောလိုက်သည်။
"သူ အယုံကြည်ရဆုံး မိတ်ဆွေက သူ့ကို သစ္စာဖောက်လိုက်တာပဲလေ…"
"ကျွန်တော်တို့ နားလည်ပါပြီ…"
လူအုပ်ကြီးက ရှုပ်ထွေးနေကြခြင်း မရှိတော့ချေ။ သူတို့အတွက်တော့ သစ္စာဖောက်ခြင်းက သာမန်အလုပ်တစ်ခုလို ဖြစ်နေခဲ့၏။
"နတ်ဆိုးသခင် ….
အပြင်ဘက်မှာ တော်တော်လေး လင်းနေသေးတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ လှုပ်ရှားလိုက်မယ်ဆိုရင် ယွင်မိသားစုက လူတွေကို သတိပေးလိုက်သလိုဖြစ်နေမှာ စိုးရတယ်။ အရှေ့ပင်လယ်ဓားကျေးရွာက သိုင်းသခင်တွေလည်း ရှေ့မှာ ရှိနေနိုင်တယ်…"
တခြားသော လမ်းမှားပညာရှင်တစ်ယောက်က ယခုချက်ချင်း လှုပ်ရှားရန် သင့်မသင့် စဉ်းစားနေပုံရသည်။ ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကတော့ ကရုဏာမဲ့နတ်ဆိုး၏ တည်ငြိမ်သောပုံစံကို သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အတုခိုးလိုက်မိသည်။
သူက အပြုံးနှင့် ပြောလိုက်၏။
"အဲဒါက အဆင်ပြေပါတယ်။ ငါတို့မှာ အဖွဲ့ခွဲလို့ရတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီး ရှိနေတာပဲ။ ငါတို့က ဝင်္ကပါတစ်ခု ကြိုပြီးချထားမယ်။ ပြီးတော့ အနီးအနားမှာ လွတ်ထွက်မသွားအောင်ပိတ်ပြီး ဆူညံသံတွေကို ဖယ်ရှားလိုက်မယ်။ ငါ ရထားတဲ့ အချက်အလက်တွေအရ ဒီနေ့ ယွင်မိသားစုက သူတို့ရဲ့အရှင်သခင်ကို ဆုံးဖြတ်ကြလိမ့်မယ်။ အဲဒီအချိန်မှာ တိုက်ပွဲတစ်ခုလည်း သေချာပေါက် ဖြစ်လာမှာပဲ။ သူတို့က ငါတို့ကို ပြဿနာရှာဖို့ အချိန်ရော ရှိလာမှာလား။ ဒါဆိုရင် ညပိုင်း တိုက်ခိုက်တာထက် နေ့ခင်းပိုင်း တိုက်ခိုက်တာက ပိုကောင်းတာပေါ့…"
ဆွေးနွေးမှု အဆုံးသတ်သွားချိန်တွင် မကောင်းဆိုးဝါးများအားလုံးက ဝိညာဉ်ဖျောက် နတ်ဆိုးသခင်ကို နှုတ်ဆက်ပြီး တိတ်တဆိတ် ထွက်သွားခဲ့ကြသည်။
………….
အနီးအနားတွင် ရှိနေသော ကုန်တင်လှေကြီး တစ်စင်းထဲတွင် အသက် (၃၀) အရွယ်ခန့် ရှိသော လူတစ်ယောက်က ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့၏။ သူက လင်းဟိုင် လမ်းသစ်လမ်းဝကို မကြာခဏ လှည့်ကြည့်နေခဲ့သည်။
"မင်းတို့အားလုံးက အောင်မြင်မှရမယ်။ မဟုတ်ရင် ငါ့အတွက် မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်…"
……………
ယွင်မိသားစု အိမ်ဂေဟာထဲတွင် ရှိနေသော လူတိုင်းက ငိုကြွေးခြင်းခန်းမထဲတွင် စုစည်းနေကြပြီး အကုန်လုံးက တည်ငြိမ်နေကြသည်။ သူတို့က သွေးပြာလူသားများ၏ အဖြစ်အပျက်ကို ယုံကြည်နိုင်ခြင်းရှိမရှိ မသေချာကြပေ။
လုပ်ကြံသတ်ဖြတ်မှုကို စစ်ဆေးခြင်းက အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်သော်လည်း အခေါင်းကို ဖွင့်လိုက်ခြင်းက သေဆုံးသွားသော သခင်ကြီး၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေသည်ဟု ယူဆနေကြသည်။ သူတို့က ထိုကိစ္စကို သေချာစဉ်းစားရမည် ဖြစ်၏။
သခင်ကြီး၏အခေါင်းကို စိတ်ဝိညာဉ်နှင့် စစ်ဆေး၍ မရနိုင်စေရန် အဖိုးတန်ပစ္စည်းများနှင့် ဖန်တီးထားခြင်း ဖြစ်သည်။ မုန့်ချီကသာ ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို ပိုင်ဆိုင်ထားခြင်း မဟုတ်လျှင် အရေးကြီးသော အချက်ကို ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ပေ။
သခင် (၉) ယွင်ဖေးရန်က သူ့အဖွဲ့ကိုခေါ်ပြီး ငိုကြွေးခြင်းခန်းမထဲသို့ ဖြည်းညင်းစွာ ရောက်လာခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ လှုပ်ရှားနေပြီး ယမန်နေ့ညတွင် ပိုင်ဟွာမိန်းမပျို၊ ယွင်နင်တို့နှင့် ဆွေးနွေးထားသည်ကို ပြန်လည်စဉ်းစားနေခဲ့၏။
"သူတို့က စလာကတည်းက မေးခွန်းတစ်ခုကိုပဲ အလေးထားနေခဲ့တာ...။ သခင်ကြီး သေဆုံးသွားတဲ့နေရာကနေ ဘယ်သူက အကျိုးအမြတ်ရှိလာမှာလဲ။ တကယ်လို့ သခင်ကြီးသာ နောက်ထပ် (၁၀) နှစ်လောက် အသက်ရှင်နေဦးမယ်ဆိုရင် အစ်ကို (၆)က သိုင်းသခင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ညီလေး (၁၃) ကလည်း မိသားစုကိစ္စတွေကို ထိန်းချုပ်လာနိုင်ပြီး အိမ်ဂေဟာထဲမှာ သူ့ရဲ့အုတ်မြစ်က ပိုပြီးနက်ရှိုင်းလာနိုင်တယ်။ တကယ်လို့ အစ်ကို (၂) နဲ့ငါကသာ ကံကောင်းမှုတွေ မတွေ့ရဘူးဆိုရင် ငါတို့မှာ အခွင့်အရေးတောင် မရှိနိုင်ဘူး…"
အကယ်၍ နောက်ကွယ်တွင် ရှိနေသောအစစ်အမှန် လက်သည်ကို ရှာမတွေ့လျှင် သူနှင့် ဒုတိယသခင်တို့က သံသယဝင်စရာ အကောင်းဆုံး ပစ်မှတ်များ ဖြစ်နေကြသည်။ မည်သူကမှ မမှားသော အခြေအနေမျိုးတွင် ဟယ်မိသားစုမှ သခင်ကြီးကလည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် အတည်ပြုချက်တစ်ခု လုပ်ဆောင်ချင်ခဲ့သည်။
"သက်တမ်းအဆုံးသတ်ခါနီးကို ရောက်နေတဲ့အချိန်မှာ ဘယ်မကောင်းဆိုးဝါးကများ သခင်ကြီးကို နှစ်ဝက်လောက်စောပြီး သေခိုင်းလိုက်ရတာလဲ…"
သခင် (၉) ကတော့ လက်သည်တရားခံကို စိတ်ထဲတွင် ကျိန်ဆဲနေမိခဲ့သည်။
သူက ဒုတိယသခင်ကို သံသယဝင်စွာ စိုက်ကြည့်လိုက်မိခဲ့၏။ ထိုအရာက သူမဟုတ်မှတော့ ဒုတိယသခင်သာ ဖြစ်နိုင်ခြေများသည်။ သို့သော် သွေးပြာလူသားများနှင့် ပတ်သက်သော အခြေအနေက အလွန်လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်မှာ ကံဆိုးသွားခဲ့သည်။
အကယ်၍ သူ့ဆီ၌ အချိန်ပိုရခဲ့မည်ဆိုလျှင် သူက နှုတ်ပိတ်သည့် အခြေအနေကို အသုံးချပြီး လေဟာနယ်မိန်းမပျိုဂိုဏ်း၏ လက်အောက်တွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များကို ခိုင်းစေ၍ သူ၏အစ်ကို (၂) နှင့် အစ်ကို (၆) တို့ကို နာမည်ဖျက်ခိုင်း၍ ရနိုင်သေးသည်။
ညီလေး (၁၃) ၏ အုတ်မြစ်ကတော့ ခိုင်မာခြင်း မရှိသေးပေ။ သူ၏ အဆက်အသွယ်များကလည်း သူ့ထက်ပို၍ နိမ့်ကျ၏။ ထို့ကြောင့် သူက ညီလေး (၁၃)နှင့် ရင်ဆိုင်လျှင် အနိုင်ရမည်ဟု ယုံကြည်နေခဲ့သည်။
သခင် (၉) က အလွန်ဒေါသထွက်နေပြီး အရပ်ရှည်ရှည် ပိန်ပိန်သွန်သွယ်နှင့် သခင်(၁၃) ကို မြင်လိုက်ရသည့်အချိန်တွင် အတော်လေး နောင်တရနေခဲ့သည်။ သူ၏ညီလေး (၁၃) က မည်သည့်အရာများ ပြင်ဆင်ထားကြောင်း သူလည်း စဉ်းစားနေမိခဲ့သည်။ သူ့ညီဖြစ်သူက အမြဲလိုလို ထူးခြားသော စွမ်းရည်များ ဖန်တီးတတ်၏။ သူ့ဆီတွင် ကိုယ်ပိုင်အစီအစဉ်များလည်း ရှိနေနိုင်သည်။
အခေါင်းရှေ့တွင် ရပ်နေသော လူများကတော့ မိသားစုအကြီးအကဲများနှင့် အရှေ့ပင်လယ် ဓားကျေးရွာမှ အဖွဲ့ (၃) ဖွဲ့ဖြစ်ကြသည်။ စောင့်ကြပ်နေသူကတော့ တည်ငြိမ်အေးချမ်းသော မျက်နှာအမူအရာရှိနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။
သူက ရာစုနှစ် (၂) ခုနီးပါးခန့် သေဆုံးသွားသော ယွင်သခင်ကြီး၏ ကိုယ်ရံတော်တစ်ယောက် ဖြစ်ခဲ့သည်။ သူက ကောင်းကင် (၅) သွယ် ဝေ့ကျင်းအဆင့်ကို ရောက်နေသော ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်နေခဲ့၏။
ထို့ပြင် ဆရာကြီးရန်၏ စကားက သေဆုံးသွားသော သခင်ကြီးကဲ့သို့ အစွမ်းထက်လွန်းလှသည်။ ဟယ်ကျူးက ငိုကြွေးခြင်းခန်းမထဲကို လှည့်ကြည့်လိုက်သည်။
သူ စကားပြောရန် ပြင်လိုက်စဉ် နာမည်ခေါ်သံတစ်ခုကို ကြားလိုက်ရ၏။
"လန်းယာ့ ရွမ်ကလန်က ရွမ်ချမ်းတီလည်း အရိုအသေပေးဖို့ ရောက်လာပါတယ်…"
"တတိယရွမ်သခင်လေးကရော ဒီကိုရောက်လာတာလား။ ဒါပေမဲ့ ဒါက အချိန်ကောင်းမဟုတ်ဘူးလေ…"
ယွင်မိသားစု တစ်ခုလုံးက အချင်းချင်း ကြည့်လိုက်မိကြသည်။ မိသားစုသခင်အသစ်ကို ယနေ့ဆုံးဖြတ်မည်ဟူသော သတင်းက ပျံ့နှံ့သွားခဲ့၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မည်သူက ရောက်လာပြီး အရိုအသေ ပေးနိုင်မည်နည်း။
"သူက တစ်ယောက်ယောက်ကို အကူအညီလာပေးတာများ ဖြစ်နိုင်မလား…"
သခင် (၉) က တခြား (၃) ယောက်ကို လှည့်ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးထဲတွင် အချင်းချင်း မယုံကြည်နိုင်သလို ဖြစ်နေကြသည်။ ဒုတိယသခင်က သေသေချာချာ စဉ်းစားနေသည့်အလား ခေါင်းငုံ့ထားခဲ့၏။ သခင် (၆) ကတော့ ဟယ်ကျူးကို စိုက်ကြည့်နေသည်။ သခင် (၁၃) က ပုံမှန်အတိုင်း တည်ငြိမ်နေပုံရ၏။
ရွမ်မိသားစုကတော့ ရွမ်ကလန်မှ တတိယသခင်လေးကို ဝင်လာခြင်းမှ တားဆီးနေခြင်း မရှိချေ။ သူတို့က သူ့ကို လေးလေးစားစား ဖိတ်ခေါ်ခဲ့ကြ၏။
ရွမ်ကလန်မှ တတိယသခင်လေးက ငယ်ရွယ်နုပျိုပုံရပြီး သူ့မိသားစု၏ ချောမောခန့်ညားသောရုပ်ရည်ကို အမွေဆက်ခံထားပုံရသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူ့ပုံစံက လူသားကမ္ဘာသို့ ဆင်းသက်လာသော နတ်သားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။ သို့သော် သူ့ခန္ဓာကိုယ်က လေတိုက်လျှင် လဲတော့မည့်အလား ပိန်ပိန်ပါးပါးသာ ဖြစ်နေသည်။
"အသက် (၄၀) အရွယ်မှာ မြေပြင်မှတ်တမ်းကို ရောက်ခဲ့ဖူးတဲ့ ပါရမီရှင်က တကယ့်ကို ထူးခြားတဲ့ အငွေ့အသက်မျိုး ရှိနေတာပဲ…"
ယွင်မိသားစုဝင်များက သူ့ကို စိုက်မကြည့်ရဲကြတော့ပေ။ သူက ချီစွမ်းအင် သွေဖယ်မှုကို ခံစားရပြီးနောက် အဆင့်မှ ကျဆင်းသွားခဲ့သည်မှာ ဝမ်းနည်းစရာကောင်းသည်။
ရွမ်မိသားစု တတိယသခင်လေးက အခေါင်းကို ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး လူအုပ်ကြီးဆီသို့ ပြန်လှည့်သွားခဲ့သည်။ သူက လေးလေးစားစား ပြောလိုက်၏။
"ကျွန်တော်တို့ ရွမ်ကလန်က သေဆုံးသွားတဲ့ သခင်ကြီးအတွက် သံစဉ်တစ်ခု တီးခတ်ပေးချင်ပါတယ်။ သခင်ကြီးက မြန်မြန်ပြန်လည်မွေးဖွားလာဖို့လည်း မျှော်လင့်နေပါတယ်။ ကျွန်တော်ရဲ့ စွမ်းဆောင်ရည်ကို အထင်မသေးကြဖို့လည်း ကြိုပြီးတော့ တောင်းပန်ပါရစေ…"
ရွမ်ကလန်က သူတို့၏စောင်းသံစဉ်နှင့် လာရောက် အရိုအသေပေးသည်မှာ သာမန်သာ ဖြစ်သည်။ ယနေ့ တာဝန်ကျသော သခင်(၁၃) က သူ၏ညီအစ်ကိုများကို ကြည့်လိုက်ရာ သူတို့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ရွမ်ကလန်မှ တတိယသခင်လေးက ကြမ်းပြင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်ချလိုက်သည်။ သူ့ရှေ့တွင်တော့ စောင်းတစ်ခု လွင့်မျောနေခဲ့၏။ သူ့ဘေးတွင်တော့ ကြေးနီရောင်မီးဖိုကြီးတစ်ခုရှိနေပြီး စန္ဒကူးရနံ့များ ထုတ်ပေးနေခဲ့သည်။
သူက အင်္ကျီလက်ကို ဖယ်လိုက်ပြီး စောင်းကြိုးပေါ်သို့ လက် (၂) ဖက်ကို ညင်သာစွာ တင်လိုက်၏။
………….
လှေပိုင်ရှင် ချန်းရှန့်က လက်နောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။ မကြာခဏဆိုသလို သူက လင်းဟိုင် လမ်းသစ်လမ်းဝကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။
"ညီအစ်ကို …
မင်းက ငါ့ကို အပြစ်မတင်ပါနဲ့။ ချမ်းသာကြွယ်ဝမှုတွေက နှလုံးသားကို ပြောင်းလဲစေနိုင်တယ်။ အစွမ်းထက်ခြင်းက မေတ္တာတရားကို လျော့ကျစေတယ်။ ငါတို့က မိတ်ဆွေတွေဆိုမှတော့ မင်းက ငါ့ရဲ့အောင်မြင်ဖို့အတွက် ခြေနင်းကျောက်တုံးအဖြစ်ပဲ လက်ခံလိုက်ပါတော့..."
ရုတ်တရက်ဆိုသလို သူ၏ခြေကျင်းဝတ်ကို တစ်စုံတစ်ခုက ဆုပ်ကိုင်လိုက်ပြီး အေးစက်သော ရေခဲချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုချီစွမ်းအင်များက သူ၏ပင်မဝိညာဉ်နှင့် သွေးကြောမှတ်များကို ချက်ချင်း ပိတ်ဆို့ပစ်လိုက်သည်။
"မင်း..."
သူ၏ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကသာ လှုပ်ရှားနိုင်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ အလွန်ကြောက်စရာကောင်းအောင် နက်မှောင်နေသော လက် (၂) ဖက်က သူ၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရသည်။ အလွန်ရင်းနှီးသော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် ကုန်းပတ်တစ်ခုလုံးကို တိုက်စားနေသော မကောင်းဆိုးဝါး ချီစွမ်းအင်များထဲမှ အရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ချန်းရှန့်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုအရာက အမှောင်ဓားသခင် ဖြစ်၏။
"ငါ ဒီမှာပေါ်လာလို့ မင်းက အံ့သြနေမယ်ထင်တယ်.."
အမှောင်ဓားသခင်၏ မျက်လုံးများက အေးစက်နေခဲ့၏။
"မင်း ငါ့ကို ပုန်းနေဖို့ပြောလိုက်တဲ့နေရာက ထောင်ချောက်တစ်ခုပဲ.."
ချန်းရှန့်က နားလည်သွားခဲ့ပြီး ချက်ချင်းပင် ပြောပြ၍ မရနိုင်သော အကြောက်တရားတစ်ခုကို ခံစားလိုက်မိသည်။ သူက အမှောင်ဓားသခင်၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီး သိနေခဲ့၏။
အမှောင်ဓားသခင်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ဘယ်သူက ငါ့ကို သစ္စာဖောက်လဲဆိုတာ သိချင်တဲ့အတွက် ငါက မင်းတို့တွေကို မတူညီတဲ့နေရာတစ်ခုဆီ ပြောပြခဲ့တယ်။ အဲဒါက မင်းဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ မင်းက လှေပိုင်ရှင် ဘယ်လိုဖြစ်လာလဲဆိုတာ မေ့သွားခဲ့ပြီလား.."
ချန်းရှန့်က မျက်ရည်များ စီးကျလာပြီး တောင်းပန်လိုက်သည်။
"ငါ.. ငါ့ကို ဘာမှမလုပ်ပါနဲ့။ ဓားသခင် ငါက တကယ့်ကို တဒင်္ဂ လောဘကြီးသွားလို့ပါ.."
"နည်းနည်းလား။ မင်းက ငါ့ကို (၂) ကြိမ်တိတိ သစ္စာဖောက်ခဲ့တာကို နည်းနည်းတဲ့လား။ မင်းက ငါ့ကို အရူးလုပ်ချင်နေတာလား…"
အမှောင်ဓားသခင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးထဲမှ ထွက်ပေါ်လာသော မကောင်းဆိုးဝါး ချီစွမ်းအင်များက တဖြည်းဖြည်း ပို၍သိပ်သည်းလာခဲ့သည်။
ချန်းရှန့်က အော်ပင် မအော်နိုင်သေးခင် ခန္ဓာကိုယ်တစ်ခုလုံး တိုက်စားခံလိုက်ရပြီး သူ၏အသွေးအသားများက တစ်ဖက်လူ၏ လက်ဖဝါးထဲသို့ စီးဝင်သွားခဲ့သည်။
ထိုအချိန်တွင် လက်ခုပ်သံတစ်ခုကို ကြားလိုက်ရပြီး အလွန်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"မဆိုးပါဘူး။ မင်းက ဒီလိုလူတစ်ယောက်ကို သတ်ပစ်နိုင်လောက်တဲ့အထိ ရက်စက်ကြမ်းကြုတ်နေပြီပဲ။ မင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး.."
အမှောင်ဓားသခင်က တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။ သူက ထွက်ပြေးရန် ပြင်လိုက်စဉ် လှေ၏ပတ်ပတ်လည်ကို အနက်ရောင် အလင်းတန်းများက ပိတ်လှောင်ထားကြောင်း မြင်လိုက်ရသည်။
ထိုအချိန်တွင် အဖြူဝတ် စာသင်သားတစ်ယောက်က သူ့ဆီကို လျှောက်လာခဲ့၏။
"ဝိ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်...
သူက ကရုဏာမဲ့နတ်ဆိုး မဟုတ်ဘူးလား…"
သူက အံ့ဩမှင်တက်သွားခဲ့၏။ အကယ်၍ အနီးအနားတွင်ရှိနေသော တရားခံက ဝိညာဉ်ဖျောက်နတ်ဆိုးသခင်ဖြစ်ကြောင်း သိနေမည်ဆိုလျှင် သူက ထိုအစီအစဉ်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။ အကြိမ်ပေါင်းများစွာ လှည့်စားခံလိုက်ရပြီးနောက် တစ်ဖက်လူက သူ့ကို ထွက်သွားရန် လမ်းပေါက်ပင် ဖွင့်မပေးတော့ပေ။
"ဝိညာဉ်ဖျောက်နတ်ဆိုးသခင်နဲ့ ကရုဏာမဲ့နတ်ဆိုးတို့က ရန်သူတွေ မဟုတ်ကြဘူးလား…"
သူက အဝေးမှ လှမ်းကြည့်နေသည်ကိုပင် လမ်းမှားပညာရှင်များက လမ်းသစ်လမ်းဝကို ဦးတည်သွားလာနေကြောင်း သေချာနေခဲ့သည်။ ထို့ကြောင့်လည်း သူက ရန်သူမရှိကြောင်း အတည်ပြုပြီးမှသာ ချန်းရှန့်ကို လာရောက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က ရင်ထဲတွင်ရှိနေသော ဒေါသများကို ဖယ်ရှားလိုက်၏။
"ငါက သူ့ရဲ့အမှားကနေ သင်ယူထားခဲ့တာလေ။ မင်းက ငါတို့ကို လမ်းလွှဲပြီး မျှားခေါ်လိုက်တာကို မသိဘူးလို့ ထင်နေတာလား။ ကောင်လေး .. မင်းရဲ့ကံတရားတွေက ကုန်သွားပြီ။ ဒီတစ်ကြိမ်တော့ နောက်နှစ်က မင်းရဲ့သေဆုံးခြင်း အထိမ်းအမှတ်ပဲ ဖြစ်လိမ့်မယ်…"
အမှောင်ဓားသခင်က ပထမဆုံးအကြိမ်အဖြစ် စိတ်ဓာတ်ကျမှု၏ အဓိပ္ပါယ်ကို နားလည်လာခဲ့သည်။ ယခု သူက ဝင်္ကပါထဲတွင် ပိတ်မိနေသည့်အပြင် ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က သူ၏အသက်ကယ် မကောင်းဆိုးဝါး အမှတ်အသားကိုလည်း မြင်တွေ့ထားသည်။ သူက ဤနေရာမှထွက်ပြေးရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"ကျုပ်က ခင်ဗျားကို ကျုပ်နဲ့အတူခေါ်သွားမယ်…"
မထင်မှတ်ထားစွာပင် သူ့စိတ်ထဲ၌ အကြောက်တရားကင်းမဲ့သော အတွေးတစ်ခု ပေါ်လာခဲ့သည်။
ရုတ်တရက်ဆိုသလို သင်္ဘောဆီသို့ ရယ်သံတိုးတိုး ပျံ့လွင့်လာခဲ့သည်။ ထိုအသံက အတော်လေးကို တိတ်ဆိတ်နေသော်လည်း သူ့နားထဲတွင်တော့ ရှင်းလင်းပြီး ရင်းနှီးနေခဲ့သည်။
"ရယ်လိုက်တဲ့သူက ကရုဏာမဲ့နတ်ဆိုးပဲ…"
ရောက်လာသူအသစ်ကို နားလည်သွားပြီးနောက် အမှောင်ဓားသခင်က တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။
"ကရုဏာမဲ့..."
ဝိညာဉ်ဖျောက်နတ်ဆိုးသခင်၏ အမူအရာက ချက်ချင်းပင် မည်းမှောင်သွားခဲ့ပြီး သူက မျက်လုံးပြူးသွားခဲ့သည်။ သူ၏ပတ်ပတ်လည်ရှိ အလွန်ကြောက်စရာကောင်းသော ရေခဲချီစွမ်းအင်များကလည်း ခြေရာလက်ရာမရှိ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သူက ရယ်သံကြောင့် အဝေးကို ထွက်ပြေးသွားခဲ့၏။
မုန့်ချီက သူ၏စိတ်ဝိညာဉ်ထဲတွင် အလွန်သိသာထင်ရှားသော စိတ်ဒဏ်ရာတစ်ခု ချန်ထားသည်။ အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိသည့် အမှောင်ဓားသခင်ကတော့ ခြေကုန်သုတ်၍ ထွက်ပြေးသွားသော ဝိညာဉ်ဖျောက်နတ်ဆိုးသခင်ကိုကြည့်ပြီး အလွန်အံ့ဩနေခဲ့၏။
ထိုအချိန်တွင် အခန်းတံခါးကိုဖွင့်ပြီး နဖူးပေါ်တွင် ဆံပင်ဖြူ အနည်းငယ်ရှိနေသော အစိမ်းဝတ် လူတစ်ယောက် ရောက်လာခဲ့၏။ သူက အမှောင်ဓားသခင်ကို သနားနေသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။
"တကယ့်ကို ကရုဏာမဲ့နတ်ဆိုးပဲ။ သူက ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတစ်ကောင်ပဲ.."
…………………
ငိုကြွေးခြင်းခန်းမထဲတွင် ရွမ်ကလန်မှ တတိယသခင်လေး၏စောင်းသံက အလွန်ကျယ်လောင်သည့်အတွက် အဝေးကိုပင် ရောက်ရှိသွားခဲ့၏။ စောင်းသံတစ်ခုချင်းဆီတိုင်းက ဆက်တိုက် ထွက်ပေါ်လာနေပြီး လေထဲတွင် မြူခိုးများ စုစည်းလာနေသလို ဖြစ်နေသည်။
ဟယ်ကျူးက မျက်မှောင်ကြုတ်နေမိသည့်အချိန်တွင် အဝေးတွင် ရှိနေသော လေထဲမှနေ၍ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သူက စိတ်ဝိညာဉ်စွမ်းအားနှင့် အသံထွက်ပေါ်လာသည့်နေရာကို စစ်ဆေးကြည့်လိုက်ရာ တိုင်မိသားစု ရေကန်ထဲတွင် အပြာရင့်ရောင် ပေါက်ကွဲမှုတစ်ခုကို တွေ့လိုက်ရသည်။
ကမ်းစပ်တွင် ရှိနေသော ပင်လယ်၏ အလယ်ခေါင်တွင် ရှိနေသည့် ရေအောက်မြစ်ထဲတွင် စောင်းသံကြောင့် အပြာရင့်ရောင်လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။
"သူက သူ့ရဲ့စောင်းသံနဲ့ သွေးပြာလူသားတွေကို ပစ်မှတ်ထားနေတာလား…"
ဟွမ်တိုက်ချုံက အလွန်ထိတ်လန့်အံ့ဩနေသော အမူအရာနှင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိသော်လည်း သာမန်လူများကတော့ အသံကြောင့် ထိခိုက်မှု မရှိကြောင်း မြင်လိုက်ရသည်။
ထိုအချိန်တွင် လှိုင်းလုံးများက တိမ်တိုက်များသဖွယ် စုစည်းလာနေပြီး အပြာရင့်ရောင် ဆေးခြယ်ထားသလို ဖြစ်နေခဲ့၏။
Translated by Hein Htet.