← Chapters

အခန်း (၆၂၀)

Vol. 42 Ch. 620

အခန်း (၆၂၀)

Vol. 42 Ch. 620

မသန့်စင်သည့်အရာများကို ရှင်းလင်းပြီးသွားသော ယွင်မိသားစုစံအိမ်ကလွဲလျှင် လင်းဟိုင်မြို့တစ်ခုလုံးတွင် ရှိနေသော ရေအရင်းအမြစ်များအားလုံးက အလွန်ကျယ်လောင်သည့် စောင်းသံကြောင့် ပွက်ပွက်ဆူလာကြသည်။

ရေမျက်နှာပြင်ပေါ်တွင်လည်း အပြာရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ကမ်းစပ်တွင် ရှိနေသော ပင်လယ်ရေကတော့ အပြောရောင် တောက်ပနေခဲ့သည်။ ပင်လယ်မျက်နှာပြင်ကလည်း တလက်လက် တောက်ပနေသော သလင်းကျောက်တစ်ခုကဲ့သို့ ထင်ရ၏။ လှိုင်းလုံးများက သွားချည်ပြန်ချည် လှုပ်ရှားနေသည်မှာ တစ်စုံတစ်ယောက်က မသေခင် ရုန်းကန်နေသလို ထင်မှတ်ရသည်။

ခဏကြာပြီးနောက် လှုပ်ရှားမှုများအားလုံးက အေးခဲသွားခဲ့ပြီး အက်ကွဲကြောင်းများ စတင်ပေါ်လာခဲ့၏။ တခဏအတွင်း သူတို့က ပင်လယ်ထဲတွင် အစိတ်အပိုင်းများအဖြစ် ပျက်စီးသွားကြပြီး စိမ်းပြာရောင်များ ပြောင်းလဲသွားခဲ့သည်။ စောင်းသံကတော့ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကဲ့သို့ ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေနိုင်ခဲ့သည်။

ရွမ်ကလန်မှ တတိယသခင်လေးက အလွန်တည်ငြိမ်သော အမူအရာနှင့် လက်ချောင်းလေးများကို လှုပ်ရှားနေသည်မှာ တဖြည်းဖြည်း ပို၍အရှိန်မြန်လာခဲ့သည်။ စောင်းသံကလည်း တဖြည်းဖြည်း ပို၍မြန်ဆန်လာပြီး ကျောက်စိမ်းစင်မြင့်တစ်ခုပေါ်တွင် ပုလဲလုံးလေးများ ကျဆင်းလာနေသလို အသံမျိုး ဖြစ်၏။

ထိုအသံကြောင့် ငိုကြွေးခြင်းခန်းမထဲတွင် ရှိနေသောလူများက အချင်းချင်း ကြည့်နေမိကြသည်။

“ဒါက ရွမ်ကလန်ကလန်ရဲ့ ဘယ်လိုဂီတသံမျိုးလဲ။ ဘာကြောင့် ဒီလိုတေးသံများကို မကြားဖူးရတာလဲ…”

အရှေ့ပင်လယ်ဓားကျေးရွာမှာ ဝေ့ကျင်းအဆင့်ပညာရှင် (၃)ယောက်ဖြစ်သော ဟယ်ကျူး၊ ဟယ်ရှိုနှင့် ဟွမ်တိုက်ချုံတို့ကတော့ အလွန်အံ့သြဝမ်းသာနေကြသည်။ စောင်းသံတစ်ခုက ဤကမ္ဘာကြီးထဲတွင် ရှိနေသော သွေးပြာလူသားများကို ဖိနှိပ်ပြီး ပစ်မှတ်ထားနိုင်လိမ့်မည်ဟု သူတို့လည်း မထင်မှတ်ထားခဲ့ကြပေ။ အကယ်၍ သူတို့ကသာ ထိုအရာကို စောစောသိခဲ့လျှင် ရွမ်ကလန်နှင့် ပူးပေါင်းလုပ်ဆောင်၍ ရနိုင်သည်။

ကြောက်စရာကောင်းသော စောင်းသံက လေလှိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားခဲ့သည်။ ရွမ်ကလန် တတိယသခင်လေး၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း အချိန်မရွေး လဲကျသွားတော့မလို ထင်ရ၏။ သူ့ပုံစံက သူကိုယ်တိုင်ပင် သက်ရောက်မှု မခံရပေ။ သူ၏အမူအရာက လှုပ်ရှားနေသော ကြိုးများကိုသာ အာရုံစိုက်နေပြီး ပုံရိပ်များစွာလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့၏။

ရုတ်တရက်ဆိုသလို ခန်းမကြီးထဲတွင် ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အလောင်းကို တစ်ချိန်လုံး စိုက်ကြည့်နေသော ဆရာကြီးယန်က နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့၏။ သူ၏မျက်နှာပေါ်တွင် အပြာရောင် ဖုံးလွှမ်းလာပြီး သူ့ပုံစံက အတော်လေး ကြောက်စရာ ကောင်းလာခဲ့သည်။

“ဆရာကြီး ယန်...”

သခင်(၉)က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ဟွမ်တိုက်ချုံနှင့် ဟယ်ရှိုတို့ နှစ်ယောက်လုံးကလည်း အခေါင်းဘေးနားသို့ ကပ်သွားပြီး ဆရာကြီးယန်ကို ဝိုင်းရံထားလိုက်သည်။

ဟယ်ကျူးက တည်ငြိမ်စွာ မေးလိုက်၏။

“ဆရာကြီးယန်…

ဆရာကြီးက ယွင်သခင်ကြီးကို ထိခိုက်အောင် လုပ်ခဲ့တဲ့သူလား…”

လူတိုင်းက ကြောင်ကြည့်နေမိကြသည့်အချိန်တွင် သူက ရှင်းပြချက်တစ်ခု ပေးလိုက်သည်။

“ဆရာကြီးယန်က သူတို့နတ်ဆရာရဲ့ အကူအညီနဲ့ သွေးပြာလူသားတစ်ယောက် ဖြစ်လာဖို့ ကနဦးခြေလှမ်းကို လှမ်းပြီးသွားပြီ…”

သူ၏မူလအစီအစဉ်ကတော့ အရှေ့ပင်လယ် ဓားကျေးရွာမှ အောင်မြင်သွားသော မျိုးဆက်အသုံးပြုခဲ့သည့် လျှို့ဝှက်နည်းလမ်းကို အသုံးချပြီး အိမ်ဂေဟာထဲတွင် ရှိနေသော လူတိုင်းကို စစ်ဆေးရန် စဉ်းစားထားခဲ့သည်။ သွေးအပြာရောင် ပြောင်းလဲသွားသောသူက သစ္စာဖောက်အဖြစ် သတ်မှတ်၍ ရနိုင်၏။

သူပင် မစမ်းသပ်ရသေးခင် တတိယသခင်လေးက ထိုကိစ္စကို ကိုယ်တိုင် ဖြေရှင်းခဲ့သည်။ ထို့ပြင် သူ့နည်းလမ်းက ပို၍အကျိုးသက်ရောက်မှုရှိပြီး သေချာ၏။ ဟယ်ကျူး၏နည်းလမ်းအရ တစ်ယောက်၊ နှစ်ယောက်က လွတ်မြောက်သွားနိုင်သေးသည်။ အထူးသဖြင့် အပြာ‌ရောင်သွေး အားနည်းသောသူများ ဖြစ်ကြသည်။

သခင်(၁၃)ကတော့ ထိတ်လန့်မှုနှင့် ဒေါသများကို ထိန်းချုပ်ထားနိုင်ခြင်းသာ ရှိသည်။

“ဆရာကြီးယန်…

အိမ်တော်သခင်ကြီးက ဆရာကြီးအပေါ် ဒီလောက် ယုံကြည်ထားခဲ့တာတောင် ဘာလို့ ဒီလိုလုပ်ရတာလဲ…”

“သစ္စာဖောက်...”

ယွင်အိမ်တော်ထဲတွင် ရှိနေသော လူတိုင်းက အော်ဟစ်လိုက်ကြသည်။

စောင်းသံက ဆက်လက် ထွက်ပေါ်လာနေပြီး ဆရာကြီးယန်၏ အရေပြားအောက်တွင် ရှိနေသော အပြာရောင်များက ဆက်လက် စီးဆင်းလာခဲ့၏။ တဖြည်းဖြည်းနှင့် သူ၏ အရေပြားအောက်တွင် ဖောင်းကားလာပြီး သူ့ပုံစံက အလွန် ကြောက်စရာ ကောင်းလာခဲ့သည်။ အရေပြားအောက်မှ ဆူပွက်နေသည့် အသံများပင် ထွက်ပေါ်လာသလို ထင်ရ၏။

ဟွမ်တိုက်ချုံနှင့် ဟယ်ရှိုတို့ကလည်း တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြရာ သူတို့၏ ဓားချီစွမ်းအင်များက ဆရာကြီးယန်ကို ကန့်လန့်ဖြတ် တိုက်ခိုက်လိုက်မိသည်။ တစ်ဖက်လူက စောင်းသံ၏ ကျေးဇူးကြောင့် သေလုမျောပါး ဖြစ်နေခဲ့သည့်အချိန်တွင် သူ၏ပင်မဝိညာဉ်ကို အလွယ်တကူ ပိတ်ဆို့နိုင်ခဲ့သည်။

“သူက ငါ့ကို ယုံကြည်ခဲ့တာလား…”

ဆရာကြီးယန်က အားရပါးရ ရယ်လိုက်၏။

“ငါ့ရဲ့သက်တမ်းက ကုန်တော့မယ်ဆိုတာ သူသိတယ်။ ဒါတောင် သူက ငါ့အတွက် စဉ်းစားမပေးဘဲ သက်ရှည်ဆေးရည်တွေကို တိတ်တဆိတ် သောက်ပစ်လိုက်တယ်။ ငါက သူ့လို သွေးအေးတဲ့ လူတစ်ယောက်အတွက် ဘာကြောင့် ငါ့အသက်ကို ပေးဆပ်ရမှာလဲ…”

“ဒါကြောင့် ခင်ဗျားက သွေးပြာလူသားအဖြစ် ပြောင်းလဲလိုက်တာလား…”

သခင်(၆)က အေးစက်စွာ ပြောလိုက်သည်။

“ဟုတ်တယ်။ အပြာရောင်သွေးတွေက အသက်စွမ်းအားတွေကို အားဖြည့်ပေးနိုင်တယ်။ တကယ်လို့ ငါက အပြာရောင်သွေးအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်မယ်ဆိုရင် ငါက နောက်ထပ် ရာစုနှစ်တစ်ခုလောက် အသက်ရှင်နိုင်သေးတယ်…”

ဆရာကြီးယန်က သွေးများ ဆူပွက်လာသည်ကို ဖိနှိပ်ရန် ရူးသွပ်နေသည့် အခြေအနေကို အသုံးချနေခဲ့သည်။ သူက လူတိုင်းကို ပြုံးပြလိုက်၏။

“သူက အင်မော်တယ်ဆေးရည် သောက်ထားတာကို လျှို့ဝှက်ချက်အနေနဲ့ ထားခဲ့တယ်။ သူမသေခင် လူတွေ ရှုပ်ထွေးနေတာကို မြင်ချင်နေသလို မင်းတို့အားလုံးကို လှည့်ကွက်ဆင်ချင်နေခဲ့တာ။ သူက မိသားစုအတွက် ဆက်ခံသူတစ်ယောက်ကိုလည်း ရွေးချယ်ချင်ခဲ့တယ်။ ဒါပေမဲ့ သူက ရလဒ်ကို မြင်မသွားနိုင်တာ အရမ်းဆိုးသွားတယ်…”

ထိုစကားလုံးများက ယွင်မိသားစုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင်တော့ အလွန်များပြားသော ဓားချီစွမ်းအင်များ လွှမ်းခြုံနေသည့်အလား တည်ငြိမ်နေခဲ့၏။ ထိုဓားချီစွမ်းအင်များက ရှေ့တက်လိုက် နောက်ဆုတ်လိုက်နှင့် အဆုံးမဲ့ လှုပ်ရှားနေကြသည်။

“ဆရာကြီးယန်…

သွေးပြာလူသားတွေက အကြောင်းပြချက်မရှိဘဲ ယွင်မိသားစုကို ပစ်မှတ်ထားမှာ မဟုတ်ဘူး။ သူတို့တွေက ဆရာကြီးယန်လို လူတစ်ယောက်နဲ့ လာပြီး ဆက်သွယ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ ဘယ်သူက ကူညီပေးတာလဲ။ ဘယ်သူက ဆရာကြီးယန်ကို လမ်းညွှန်ပေးတာလဲ…”

“ဟုတ်တယ်။ ပင်လယ်အနက်ပိုင်းထဲမှာ နေထိုင်တဲ့ သွေးပြာလူသားတွေက မြေပြင်ပေါ်မှာ ရှိတဲ့ အဆင့်နိမ့် အထက်တန်းလွှာ မိသားစုတစ်ခုကို ဘာကြောင့် ပစ်မှတ်ထားမှာလဲ…”

သခင်(၉)ကလည်း သခင်(၂)ကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။

“သူက ဒီအခွင့်အရေးအတွက် စွန့်စားခဲ့တာလား…”

ဆရာကြီးယန်က သူ၏အရေပြားကို အရည်ဖျော်ချပစ်လိုက်ရာ အောက်ဘက်တွင် ရှိနေသော အပြာရောင်သွေးများ ပေါ်လာခဲ့သည်။

“ငါ့ကို လမ်းညွှန်ပေးတဲ့သူက....”

သူက ပတ်ပတ်လည်ကို မျက်လုံးပြူးနှင့် လှည့်ကြည့်နေခဲ့သည်။ သူက နှုတ်ခမ်းထက်တွင်တော့ ကြောက်စရာကောင်းသော အပြုံးတစ်ခု ရှိနေခဲ့၏။

“အိမ်‌တော်သခင်ရဲ့နေရာကို ဆက်ခံနိုင်ဖို့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ပေါ့..”

သူ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အဝေးမှ လှုပ်ရှားမှုလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ သူ ပေါက်ကွဲမသွားစေရန် ထိန်းချုပ်ထားသော အပြာရောင်သွေးများက သူ့ကို ဝါးမျိုသွားခဲ့ပြီး အငွေ့များ ပြောင်းလဲသွားခဲ့၏။ လူရိပ်တစ်ခုကလည်း လေထဲတွင် ရေစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး အမှတ်အသားတစ်ခုကို ဖန်တီးလိုက်၏။ ထိုလူရိပ်က လက်(၉)ချောင်းသာ ပိုင်ဆိုင်ထားပြီး ပြတ်နေသော လက်တစ်ဖက်က ထိုရေစက်၏ သဘာဝကြောင့် ပြန်ကောင်းလာခြင်း မရှိချေ။ သူ၏လက်တစ်ဖက်က ကြည်လင်တောက်ပနေခဲ့၏။

ဆရာကြီးယန်ကို သတ်လိုက်ပြီးနောက် သူက ရေလှိုင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပင်လယ်ဆီသို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် စောင်းသံက အလွန်စူးရှစွာ ပြောင်းလဲသွားခဲ့ပြီး ရွမ်ကလန် တတိယသခင်လေး၏ နောက်ကွယ်တွင် ဇာမဏီတစ်ကောင်၏ပုံရိပ် ပေါ်လာခဲ့သည်။

ထို့နောက် အိမ်နေရင်း ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ကောင်းကင်ပေါ်တွင် ပျံသန်းလာပြီး ဓားတစ်ချောင်းကိုကိုင်၍ နောက်မှ လိုက်သွားခဲ့သည်။

ဟွမ်တိုက်ချုံက ဓားချီစွမ်းအင်များစွာမှ ဖန်တီးထားသော ဓားအလင်းတန်းတစ်ခုအဖြစ် သူ့ကိုယ်သူ ပြောင်းလဲလိုက်သည်။ သူက မြူခိုးများထဲမှ ထိုးဖောက်သွားခဲ့ပြီး လက်(၉)ချောင်း ရှိနေသော သွေးပြာလူသား၏ အနောက်ဘက်ကို လျှပ်စီးကြောင်းသဖွယ် တိုက်ခိုက်လိုက်၏။

လူနှစ်ယောက်က ပြေးတမ်းလိုက်တမ်း ဆော့ကစားနေသလို ထင်မှတ်ရသည်။ စက္ကန့်ပိုင်းလေးအတွင်း သူတို့အားလုံးက ပျောက်ကွယ်သွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့၏။

ပြောင်းလဲမှုက အလွန်လျင်မြန်လွန်းလှသည့်အတွက် ယွင်မိသားစုက အဖွဲ့သားများပင် အချိန်မီ သတိပြန်ဝင်လာခြင်း မရှိခဲ့ပေ။ သူတို့က ကြံရာပါနှင့် ပတ်သက်သော ရှုပ်ထွေးမှုကို ထုတ်ဖော်ရန် အတော်လေး အချိန်ပေးရဦးမည်ဟု တွေးမိနေသည့် အချိန်တွင် ရွမ်ကလန်ကလန်မှ တတိယသခင်လေး၏ နှောင့်ယှက်မှုကြောင့် သူတို့က နောက်ဆုံးအဆင့်ကို ရောက်လာခဲ့သည်။

သူတို့က သစ္စာဖောက်ကို ဆုံးဖြတ်ပြီး အိမ်သခင်အသစ်ကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ သို့သော် ဆရာကြီးယန် မသေခင် ပြောခဲ့သော စကားကြောင့် သူတို့အားလုံးက အလွန်ရှုပ်ထွေးသော အမူအရာနှင့် သခင်များကို လှည့်ကြည့်လိုက်ကြ၏။

သူတို့ တစ်ယောက်ချင်းဆီကို သံသယဝင်နေကြသည့်အတွက် သူတို့ကို အတူတကွ ပေါင်းစည်း၍လည်း မရနိုင်ပေ။ မည်သို့ဖြစ်စေကာမူ ယွင်မိသားစုက ထိပ်တန်းအထက်တန်းလွှာ မိသားစုတစ်ခု မဟုတ်ချေ။ အိမ်‌ဂေဟာထဲတွင် ဝေ့ကျင်းအဆင့် ပညာရှင် အယောက်(၂၀)သာ ရှိသည်။ (၇)ယောက်ကတော့ အထွဋ်အထိပ်ကို ရောက်နေခဲ့၏။

သေဆုံးသွားသော ဆရာကြီးယန်ကို ဖယ်ရှားလိုက်မည်ဆိုလျှင် အဝေးရောက် တိုင်ရှန် အကြီးအကဲတစ်ယောက်၊ တာဝန်ပေးထားသော ပြင်ပအကြီးအကဲ တစ်ယောက်နှင့် သခင်လေး (၄)ယောက်သာ ကျန်နေတော့သည်။ အကယ်၍ သူတို့ကသာ ထိုသခင်လေး အားလုံးကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင် သိုင်းသခင် သေဆုံးသွားခဲ့သော ယွင်မိသားစုက ဒုတိယတန်းစား ကလန်အဆင့်မှ သေချာပေါက် လျော့ကျသွားပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့က လင်းဟိုင်တွင် နေထိုင်နေသော အရှေ့ပင်လယ်ဓား‌ကျေးရွာကို မှီခိုနေရတော့မည် ဖြစ်သည်။

……………….

အနက်ရောင်အလင်းတန်းများ ပိတ်လှောင်နေသော သင်္ဘောထဲတွင် -

အစိမ်းဝတ် ကရုဏာမဲ့နတ်ဆိုးကို မြင်သည့်အချိန်တွင် အမှောင်ဓားသခင်က မျက်နှာပျက်သွားခဲ့၏။

ဝိညာဉ်ဖျောက်နတ်ဆိုးသခင်ကပင် သူနှင့်တွေ့လျှင် မသက်မသာ ခံစားနေရသည်။ ကရုဏာမဲ့နတ်ဆိုးက တစ်ဖက်လူကို ကြည့်လိုက်ရုံနှင့် ထိုမျှကြောက်လန့်သွားအောင် လုပ်နိုင်ခြင်းပေလော။

ကရုဏာမဲ့နတ်ဆိုးနှင့် သူ၏တိုက်ခိုက်ရေး အတွေ့အကြုံများအရ ထိုလူက ခန့်မှန်း၍ မရနိုင်သော အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိနေခဲ့သည်။ ယခင်တစ်ခေါက် သူကသာ အသက်ကယ်ဝှက်ဖဲကို မသုံးခဲ့လျှင် သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ထိုသို့ဆိုရာတွင် သူက ငကြောက်တစ်ယောက် မဟုတ်ပေ။ သူ့အတွက် လမ်းမှား ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်လာရခြင်းက အန္တရာယ်များကို ရင်ဆိုင်ရာတွင် သေချာပေါက် အကြောက်အလန့်မရှိ ဖြစ်လာစေခဲ့သည်။ သူက ခေါင်းပေါက်မတတ် စဉ်းစားနေပြီး ခံစားချက်များကို ဘေးဖယ်ထား၍ သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

မုန့်ချီကတော့ လက်နောက်ပစ်၍ အေးအေး‌ဆေးဆေး အမူအရာ ရှိနေ၏။ သူက တိုက်ရိုက်လှုပ်ရှားရမည့်အစား အမှောင်ဓားသခင်ဆီကို ဖြည်းဖြည်းချင်းဆီ လျှောက်လာပြီး သူ့ကို အလွန်ဆိုးဝါးသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးတစ်ခု ပေးနေခဲ့သည်။

“မင်းက လမ်းမှန်ကို လျှောက်လှမ်းဖို့အတွက် မင်းရဲ့ဂိုဏ်းကို သစ္စာဖောက်ခဲ့တယ်လို့ ကြားတယ်…”

မုန့်ချီက ရာသီဥတုကို အမိန့်ပေးနေသည့်အလား အလွန်တည်ငြိမ်စွာ ပြောလိုက်၏။ သို့သော် ထိုအရာက ရိုးရှင်းသောစကားတစ်ခု မဟုတ်ချေ။ အဖေက သမက်ဖြစ်သူကို ပထမဆုံးအကြိမ် ဆုံးမစကားပြောသလို ဖြစ်နေခဲ့၏။ ထိုစကားက အမှောင်ဓားသခင်အပေါ် အလွန်ကြီးမားသော ဖိအားတစ်ခု ပေးနိုင်ခဲ့သည်။

အမှောင်ဓားသခင်က သူ၏ခံစားချက်ကို ပြင်ဆင်ပြီး စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချရန် ကြိုးစားနေခဲ့သည်။ သူက ဖုံးကွယ်ထားရန် မလိုအပ်သည့်အတွက် ပြန်ဖြေလိုက်၏။

“ဟုတ်တယ်။ ဒါကြောင့်လည်း ဝိညာဉ်ဖျောက်နတ်ဆိုးသခင်က ကျုပ်နောက်ကို လိုက်နေတာပဲ…”

“မင်းက ဘယ်ဂိုဏ်း၊ ဘယ်မိသားစုကလဲ…”

မုန့်ချီက အမှောင်ဓားသခင်နှင့် တွက်ချက်ထားသော အကွာအဝေးတစ်ခုတွင် ရပ်နေလိုက်သည်။ ထိုအချိန်တွင် မြင့်တက်လာသော တစ်ဖက်လူ၏ ဖိအားက အနည်းငယ် တွန့်ဆုတ်သွားခဲ့၏။

အမှောင်ဓားသခင်က ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။

“လော်အဖွဲ့အစည်း...”

“လော်အဖွဲ့အစည်းလား...”

ထိုအချိန်တွင် နားလည်ရန် ခက်ခဲသော ကူရှောင်စန်း၏ မျက်နှာလှလှလေးက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“ဒါဆိုရင် မင်းနဲ့ ဝိညာဉ်ဖျောက်တို့ နှစ်ယောက်လုံးက လော်အဖွဲ့အစည်းက ကျင့်ကြံသူတွေပေါ့…”

အမှောင်ဓားသခင်က အံ့သြမှင်တက်စွာ ပြန်ဖြေလိုက်သည်။

“ခင်ဗျားက လမ်းမှားပညာရှင်ထဲမှာ တကယ့်ကို အစွမ်းအစ ရှိတာပဲ။ လော်အဖွဲ့အစည်းက ကျင့်ကြံသူ အဆင့်အတန်းကို‌တောင် သိနေတယ်။ ဒါပေမဲ့ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်နဲ့ ကျုပ်က မတူကြဘူး။ သူက အနာဂတ် နတ်ဆရာ တစ်ယောက်လို့ ခေါ်နိုင်တယ်။ သူက နတ်ဆရာတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိနေတဲ့ လူတစ်ယောက်လေ…”

“ငါက မထင်မှတ်ဘဲ အာဏာတစ်ခု ရလိုက်သလိုပါပဲလား….”

မုန့်ချီက ထိုစကားကို ကျေနပ်သွားခဲ့သည်။ ထို့နောက် သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော အမူအရာနှင့် ဖြည်းညင်းစွာ ပြောလိုက်၏။

“မင်းက လော်အဖွဲ့အစည်းကနေ ဘာကျင့်စဉ်ကို ခိုးယူခဲ့တာလဲ…”

“စိတ်ဝိညာဉ်တောက်ပခြင်း၊ လျှို့ဝှက်ချက်ရောက်ရှိခြင်း၊ ကောင်းကင်ဝါးမျိုခြင်းနဲ့ ကမ္ဘာမြေဝါးမျိုခြင်း နတ်ဘုရားကျင့်စဉ်...”

အကယ်၍ သူ့အသက်ကိုသာ ကယ်တင်နိုင်မယ်ဆိုလျှင် အမှောင်ဓားသခင်က ထိုကျင့်စဉ်ကို ကရုဏာမဲ့နတ်ဆိုး၏ လက်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ထည့်ပေးမည်သာ ဖြစ်သည်။ ထို့ပြင် ထိုကျင့်စဉ်ကို သူက သိထားပြီးသား ဖြစ်၏။

“တော်တော်ထူးဆန်းတဲ့ ကျင့်စဉ်ပါလား…”

မုန့်ချီက နာမည်ကို ကြားသည့်အချိန်တွင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ရခဲ့သည်။

“မင်းက အဲဒါကို ကိုယ်တိုင် ရွေးချယ်ခဲ့တာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို သင်ပေးခဲ့တာလား…”

“ကျွန်တော်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာပြီးတဲ့အချိန်မှာ နတ်ဘုရားမကိုယ်တိုင် ကျွန်‌တော့်ကို သင်ပေးခဲ့တာ…”

အမှောင်ဓားသခင်က ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

“ကူရှောင်စန်းလား…”

မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။

‘ဒီမိန်းကလေးဆီမှာ အမြဲတမ်း ထူးခြားတဲ့ ရည်မှန်းချက်မျိုး ရှိနေတာ။ ဒါပေမဲ့ လော်အဖွဲ့အစည်းရဲ့ အတွင်းရေးကျင့်စဉ် သင်ကြားပေးမှုကတော့ အလှည့်ကျပဲ။ ဒါက ဘာပြဿနာမှ မရှိသေးဘူး။ ဒါပေမဲ့ အမှောင်ဓားသခင်ရဲ့ကိစ္စမှာ မကောင်းဆိုးဝါးသခင်နဲ့ ပတ်သက်နေတယ်။ ကူရှောင်စန်းက မကောင်းဆိုးဝါးအုတ်ဂူထဲကို တစ်ကြိမ် ဝင်ခဲ့ဖူးတယ်။ ဒါတွေက ဒီလောက်ထိ မတိုက်ဆိုင်နိုင်ဘူး..’

မုန့်ချီက အလွန်တည်ငြိမ်သော အမူအရာကို ပြန်လည်ထိန်းသိမ်းထားပြီး အနည်းငယ် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆိုရင် မင်းက ဘာလို့ ဂိုဏ်းကို သစ္စာဖောက်ခဲ့ရတာလဲ။ ဂိုဏ်းက မင်းရဲ့ ရတနာကို ခိုးယူပြီး လူသတ်နှုတ်ပိတ်မှာကို ကြောက်လို့လား။ ဒါမှမဟုတ် မင်းက ရုတ်တရက် လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို နားလည်သွားလို့လား…”

အမှောင်ဓားသခင်က ရုတ်တရက် ရယ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် တက်ကြွမှုအနည်းငယ် ရှိနေသလို ထင်ရ၏။

“တစ်ခုမှ မဟုတ်ဘူး။ ကျွန်တော့်ရဲ့နှလုံးသားကို သိမ်းပိုက်ထားတဲ့ မကောင်းဆိုးဝါးက လော်အဖွဲ့အစည်းနဲ့ မပေါင်းစပ်နိုင်ဘူးဆိုတာ ကျွန်တော်က ရိုးရိုးလေး နားလည်လာခဲ့တာ။ ကျွန်တော်တို့ရဲ့လမ်းကြောင်းက မတူမှတော့ အတူတူ လျှောက်လှမ်းလို့ မရနိုင်တော့ဘူးလေ…”

“အဲဒီမကောင်းဆိုးဝါးက မင်းရဲ့နှလုံးသားကို သိမ်းပိုက်ထားတာလား…

လမ်းမှားပညာရှင်ကြီးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသော မုန့်ချီကတော့ အလွန် တည်ငြိမ်အေးချမ်းနေခဲ့သည်။

“တချို့မကောင်းဆိုးဝါးဝိညာဉ်တွေက သာမန်လူတွေကို သိမ်းသွင်းဖို့အတွက် တဏှာကို အသုံးချတယ်။ တချို့ကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဖျက်ဆီးခြင်းတွေကို ကြိုက်နှစ်သက်တယ်။ တချို့ကတော့ သဘာဝတရားကြီးကို ဆန့်ကျင်ဖို့အတွက် သေရာကနေ ပြန်ထလာပြီး တချို့ကတော့ အောင်မြင်မှုကို သိမ်းပိုက်ဖို့ စွမ်းအားတွေ လိုချင်ကြတယ်။ ဒီကမ္ဘာကြီးထဲမှာ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ်..။ မင်းကရော…”

အမှောင်ဓားသခင်၏ အမူအရာက တဖြည်းဖြည်း ကြောက်စရာကောင်းလာခဲ့သည်။

“ကရုဏာရှိတဲ့ နှလုံးသားကို ထိန်းချုပ်ထားပြီး ဒုက္ခပင်လယ်ဝေနေတဲ့ တွင်းနက်ကြီးကို ဖျက်ဆီးပစ်ရမယ်။ ဒါဆိုရင် သက်ရှိတွေအားလုံးက ဒုက္ခခံစားရမှာ မဟုတ်တော့ဘဲ အဆုံးမဲ့ နာကျင်နေရတဲ့ သံသရာဘဝထဲမှာ ဆက်ပြီးတော့ ရှိနေကြရလိမ့်မယ်…”

မုန့်ချီဆီတွင် သနားကြင်နာမှုများက အနည်းငယ် ‌ပျောက်ကွယ်သွားခဲ့သည်။ သူ့ပုံစံက ကံကြမ္မာ အလှည့်အပြောင်း မျိုးစုံကို ကြုံတွေ့ခဲ့ဖူးသော လူတစ်ယောက်ကဲ့သို့ ထင်ရသည်။ အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေသော ကရုဏာမဲ့နတ်ဆိုးကိုကြည့်၍ အမှောင်ဓားသခင်က မည်သို့ ပြန်ဖြေရမှန်း မသိခဲ့ချေ။

အတော်ကြာပြီးနောက် သူက ပြောလိုက်၏။

“အတွေးအခေါ်ပိုင်းအရ ပြောရမယ်ဆိုရင် ခင်ဗျားက လော်အဖွဲ့အစည်းနဲ့ တော်တော်လေး တူတာပဲ…”

မုန့်ချီက ရင်ထဲတွင် ဝမ်းသာသွားခဲ့ပြီး မေးလိုက်သည်။

“ဒါဆိုရင် မင်းက လော်အဖွဲ့အစည်းရဲ့ နတ်ဆိုးမနဲ့ပတ်သက်ပြီး နားလည်ထားတာတွေ ရှိနေတာလား…”

အမှောင်ဓားသခင်က တွေဝေသွားခဲ့သည့်အတွက် သူ၏မျက်နှာအမူအရာတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ သူက လေးလေးနက်နက် စဉ်းစားနေပြီး အချိန်အတော်ကြာပြီးမှသာ ယုံကြည်ချက်မရှိသလို ပြန်ဖြေလိုက်၏။

“ကျုပ်က အဲဒီလို မတွေးမိဘူး။ နတ်ဘုရားမက ကျုပ်ကို တာဝန်ပေးခဲ့ပေမဲ့ ကျုပ်က ဉာဏ်အလင်းပွင့်မှု ရသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေက တစ်ခုနဲ့တစ်ခု ဘာမှမသက်ဆိုင်ဘူး..”

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် မေးခွန်းတစ်ခု မေးလိုက်သည်။ “မင်းက မင်းရဲ့မျက်ခုံးကြားထဲမှာရှိတဲ့ မကောင်းဆိုးဝါး အမှတ်အသားနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မှတ်မိပြီလား…”

အမှောင်ဓားသခင်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။ ကရုဏာမဲ့နတ်ဆိုးက ဝိညာဉ်ဖျောက်နတ်ဆိုးသခင်ထက် အမှန်တကယ်ကို အဆင့်မြင့်မားလှ၏။ သူက မကောင်းဆိုးဝါး အမှတ်အသား၏ အစွမ်းကို အသုံးပြုနိုင်သော်လည်း ထိုအရာကတော့ အလွန်ကြောက်စရာကောင်းသော စွမ်းအားများကို ခိုးယူရန် ဆန္ဒတစ်ခုသာ ပေါ်လာနေခဲ့သည်။

ဝိညာဉ်ဖျောက်နတ်ဆိုးကတော့ သူ၏အစစ်အမှန် ထူးခြားမှုနှင့် အရေးပါမှုကို သတိမထားမိခဲ့ပေ။ တစ်ဖက်တွင်‌တော့ ကရုဏာမဲ့နတ်ဆိုးက တိုက်ရိုက်ချည်းကပ်ခဲ့ပြီး ထိုမေးခွန်းကို မေးမြန်းခဲ့သည်။ ထို့ကြောင့် ကရုဏာမဲ့နတ်ဆိုးက မကောင်းဆိုးဝါး အမှတ်အသား၏ လျှို့ဝှက်ချက်များကို သိရှိနေသည်ဟု ဖော်ပြနေသည်။

အမှောင်ဓားသခင်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ မျက်ခုံးကြားထဲတွင် ရှိနေသော မကောင်းဆိုးဝါး အမှတ်အသားက ထွက်ပေါ်လာခဲ့သည်။

သူ၏နောက်ဘက်တွင်လည်း ခရမ်းရောင်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး စကားလုံးများကို ရွတ်ဆိုလိုက်သည်။

“မကောင်းဆိုးဝါးက ကမ္ဘာကြီးပေါ်ကို ပြန်ရောက်လာတဲ့အချိန်ကျရင် သူတော်စင်တွေက လိုက်လာကြလိမ့်မယ်…”

အမှောင်ဓားသခင်၏ မျက်ခုံးကြားထဲတွင် ရှိနေသော မကောင်းဆိုးဝါး အမှတ်အသားက ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည့် စကားတစ်ခွန်း ရေရွတ်နေခဲ့၏။ ထိုအရာက အချိန်ကြာမြင့်စွာ အိပ်စက်နေရာမှ ဖြည်းညင်းစွာ နိုးထလာနေပုံရသည်။

Translated by Hein Htet

All Chapters