အခန်း (၆၂၁)
Vol. 42 Ch. 621
ရှေးဟောင်းနတ်ဆိုးအတွေးတစ်ခု နိုးထလာသလို ထင်မှတ်ရသည်။ ထိုအရာက အမြင့်တစ်နေရာမှ ပြုတ်ကျလာသလို ဖြစ်နေခဲ့၏။ ခရမ်းရောင် နတ်ဆိုးပုံသဏ္ဌာန်၊ မီးတောက်မျက်လုံးများနှင့် အနက်ရောင်သွားများက ထိတွေ့၍ ရနိုင်သော ပစ္စည်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ပတ်ဝန်းကျင်ကိုလည်း တိုက်စားသွားခဲ့သည်။
အမှောင်ဓားသခင်၏ လေဟာနယ်လက်စွပ်က ထိုသတ္တဝါဆီသို့ ပျံသန်းသွားခဲ့ပြီး အတွင်းထဲတွင် ရှိနေသော အရာအားလုံးက သူ၏အသွေးအသားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ မျက်စိတမှိတ်အတွင်း မကောင်းဆိုးဝါးက ထိတွေ့၍ရနိုင်သော ပုံသဏ္ဌာန်တစ်ခုအဖြစ် ပုံစံပေါ်လာခဲ့၏။
သူက အနှစ်သာရများနှင့် ရောယှက်ပြီး ကမ္ဘာမြေကြီးကို တိုက်စားပစ်ခဲ့သည်။ နတ်ဆိုးများ၏ ထူးခြားဆန်းကြယ်မှုကို ပြသနေခဲ့၏။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားသော ပုံရိပ်ယောင် ခန္ဓာကိုယ်ကို ယှဉ်နိုင်လုနီးနီး ဖြစ်သည်။
အမှောင်ဓားသခင်၏ ပင်မဝိညာဉ်က သူ၏အဆီအနှစ်များကို လောင်ကျွမ်းပစ်လိုက်ပြီး သူ့ပစ္စည်းနှင့် သက်တမ်းကိုပါ စတေးပစ်လိုက်ခြင်းကြောင့် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာကတော့ အလွန်ထူးခြားသော မကောင်းဆိုးဝါး အမှတ်အသား၏ အမြင့်ဆုံး စွမ်းရည်လည်း ဖြစ်သည်။
ခရမ်းရောင်နတ်ဆိုးက ပုံစံမျိုးစုံ ရှိနေသော လက်များကို ပိုင်ဆိုင်ထားသည်။ တစ်ခုက ရေပုံးကြီးတစ်ခုပမာ ကြီးမားလွန်းလှပြီး တစ်ခုကတော့ အနက်ရောင် လက်ဝါးကြီးတစ်ဖက် ဖြစ်သည်။ သူ့ဆီမှနေ၍ ကမ္ဘာမြေကြီးကို ဝါးမျိုနိုင်သော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာနေခဲ့၏။
သေးငယ်သော လက်တစ်ဖက်ကတော့ မကောင်းဆိုးဝါး ချီစွမ်းအင်များမှ ဖန်တီးထားသော ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ သူက ပုံမှန်အသက်ရှူနေလျှင်ပင် ပတ်ဝန်းကျင်ကတော့ အဆိပ်သင့်သွားနိုင်ပြီး သူ့ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်ကို ပျက်စီးစေနိုင်သည်။
နတ်ဆိုးပုံစံ အမှောင်ဓားသခင်က သူ၏လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ သူ့နောက်မှနေ၍ နတ်ဆိုးပုံရိပ်က ပျံသန်းလာခဲ့၏။ ထိုနတ်ဆိုးပုံရိပ်က သူ့လက်ထဲတွင် ကိုင်ထားသော ဓားနှင့် မုန့်ချီကို လှမ်းထိုးလိုက်သည်။ နတ်ဆိုးချီစွမ်းအင်များက လေထဲတွင် ဝေ့ဝိုက်လာပြီး ဆွဲငင်အားက အလွန် ကြောက်စရာကောင်းကြောင်း ပြသနေခဲ့သည်။ အစောပိုင်းတွင် ဝိညာဉ်ဖျောက်နတ်ဆိုးသခင် ချထားခဲ့သော မဟူရာအလင်းတန်းဝင်္ကပါကလည်း စတင်လှုပ်ရှားပြီး အက်ကွဲလာခဲ့ရ၏။
သို့သော် ထိုအချိန်တွင် ကရုဏာမဲ့နတ်ဆိုး၏အနားတွင် ရှိနေသော ပုံရိပ်က မှေးမှိန်ပြီး တိကျမှု မရှိကြောင်း အမှောင်ဓားသခင်က ခံစားမိလိုက်သည်။ အစိမ်းရောင်ပုံရိပ်က အဝေးတွင် ရှိနေသလို ထင်မှတ်ရပြီး သူနှင့် မကောင်းဆိုးဝါးပုံရိပ်၏ ကြားထဲတွင် အလွန်ဝေးကွာနေသလို ထင်ရသည်။ မကောင်းဆိုးဝါးပုံရိပ်က သူ့ကို တိုက်ခိုက်ရန်အတွက် အဝေးကို သွားရောက်တိုက်ခိုက်ရန် လိုအပ်နေပုံရသည်။
မုန့်ချီက ‘ငါ ၊ ထူးခြားမှုနှင့်အမှန်တရား’ ကျင့်စဉ်ကို အသုံးပြုပြီး ပုံရိပ်ယောင်ခန္ဓာ ကိုယ်ဖော့ပညာကို အသုံးပြုလိုက်ခြင်းဖြစ်၏။ အနက်ရောင်အငွေ့များမှ ဖန်တီးထားသော မကောင်းဆိုးဝါးဓားနှင့် ထိုးလိုက်သည့်အချိန်တွင် ထိုအရာက အလွန်သန့်စင်သော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအရာက လေထဲကို ကျော်ဖြတ်၍ ခုတ်ဖြတ်လိုက်ခြင်း ဖြစ်၏။ ပစ်မှတ်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် မကောင်းဆိုးဝါး လက်ဖဝါးထဲတွင် ရှိနေသော မြေစွမ်းအားကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သူက အဝေးတွင် ရှိနေသော အစိမ်းရောင်လူရိပ်ကို တိုက်ရိုက်ဆွဲခေါ်ချင်နေသလို ထင်ရ၏။ ပတ်ဝန်းကျင်ကလည်း ရုတ်တရက် မည်းမှောင်လာခဲ့သည်။
ဓားအလင်းတန်းက အလွန်ကျယ်ပြန့်သော ကြယ်ပင်လယ်ကြီးထဲတွင် သွားလာနေသလို ထင်မှတ်ရသော်လည်း သူ မည်မျှ ကြိုးစားစေကာမူ တစ်ဖက်တွင် ရှိနေသော မုန့်ချီဆီသို့ မရောက်နိုင်ခဲ့ပေ။ သူတို့က အလွန်နီးကပ်နေသော်လည်း မရောက်နိုင်ခြင်း ဖြစ်၏။
ရုတ်တရက်ဆိုသလို အမှောင်ဓားသခင်၏ မျက်လုံးများက အေးစက်သွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုတစ်ခု ပေါ်လာခဲ့သည်။ ကရုဏာမဲ့နတ်ဆိုးက ခေါင်း(၂)လုံး လက်(၄)ဖက် သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို မျက်လုံး(၄)လုံးနှင့် စိုက်ကြည့်နေခဲ့သည်။ သူက အမှောင်ကြယ်ပင်လယ်ကြီး၏ အဆုံးတွင် ရပ်နေခဲ့သည်။
ကရုဏာမဲ့နတ်ဆိုး၏ မျက်လုံးတစ်စုံက သနားကြင်နာမှုများ ပြည့်နှက်နေပြီး တခြားမျက်လုံးတစ်စုံက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အေးစက်၍ ကြောက်စရာကောင်းနေခဲ့သည်။ သူက လက်(၄)ဖက်ကို တပြိုင်နက်တည်း မြှောက်လိုက်ပြီး လက်တစ်ဖက်ချင်းဆီတွင် တံဆိပ်တစ်ခုဆီ ဖန်တီးနေခဲ့၏။
သူတို့ထဲတွင် သေဆုံးခြင်းအငွေ့အသက်များ ၊ ကမ္ဘာကြီး၏ အကျင့်စာရိတ္တ ပျက်ပြားမှုများနှင့် ကမ္ဘာမြေကြီးကို လောင်ကျွမ်းစေသော အပူရှိန်များ ပြည့်နှက်နေသည့်အပြင် သံသရာတစ်ဖက်ကမ်းတွင် ရှိနေသော ထူးခြားဆန်းကြယ်သည့် ဓမ္မအနှစ်သာရများလည်း ပြည့်နှက်နေခဲ့သည်။
ပထမ(၃)ခုကတော့ နောက်ဆုံးလက်ပုံစံ တံဆိပ်၏အောက်တွင် စုစည်းထားခဲ့ပြီးနောက် ဗုဒ္ဓ၏ ဆန္ဒများနှင့် ပေါင်းစပ်၍ တစ်ခုတည်း ပြောင်းလဲလာခဲ့သည်။ ထိုအရာက အမှောင်ဓားသခင်ကို တိုက်ခိုက်လိုက်၏။
“ဒုက္ခပင်လယ်ကြီးက အဆုံးမရှိဘူး။ ငါ့လို ကရုဏာထားတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်က မင်းရဲ့အသက်ကို ရှင်းလင်းပြီး မင်းကို ဗုဒ္ဓဆီ ပို့ပေးမယ်”
“ဘုန်း.....”
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လေဟာနယ်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် ခရမ်းရောင်နတ်ဆိုးပုံရိပ်၏ အရှိန်အဝါက လျော့ကျသွားခဲ့ပြီး သူ့ကိုယ်သူ ခုခံရန် အကောင်းဆုံး ကြိုးစားလိုက်ရသည်။ သူက လက်ဝါးချက်(၃)ချက်ကို တားဆီးနိုင်ရုံသာ ရှိနေသော်လည်း သူ၏မကောင်းဆိုးဝါး ချီစွမ်းအင်များကတော့ ပေါက်ကွဲသွားခဲ့၏။ မှောင်မည်းနေသော အမှောင်ထုကြီးက ကျဆင်းလာပြီး အသက်ကယ် အလင်းတန်းများကလည်း လုံးဝ ပျက်စီးသွားခဲ့သည်။
“ဒုက္ခပင်လယ်ကြီးက အဆုံးမရှိဘူး။ ငါ့လို ကရုဏာရှိတဲ့ မကောင်းဆိုးဝါးက မင်းရဲ့ အသက်ကို ရှင်းပစ်ပြီး မင်းကို ဗုဒ္ဓဆီ ခေါ်ဆောင်သွားပေးမယ်…”
ခေါင်း(၂)လုံး ရှိနေသော သတ္တဝါက တပြိုင်နက်တည်း ပြောလိုက်ရာ သူ့ဆီမှ အလွန်ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံး လက်ဝါးချက်ကတော့ သူ၏လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းချုပ်ထားခဲ့၏။ ထိုအရာက ခုခံမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ခေါင်းပေါ်တွင် ရှိနေသော မကောင်းဆိုးဝါးပုံသဏ္ဌာန်ကို ချက်ချင်း ရိုက်ချလိုက်သည်။
“ဖျောက်.....”
ခရမ်းရောင်နတ်ဆိုးခန္ဓာ၏ ဦးခေါင်းက အမြင့်မှ ပြုတ်ကျလာသော ဖရဲသီးတစ်လုံးကဲ့သို့ ကွဲကြေသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီး အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့သည်။ သူက ခိုင်မာသော ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ပေ။ ဤကမ္ဘာကြီးထဲတွင်တော့ ပင်မချီစွမ်းအင်ပင်လယ်ကြီးက မကောင်းသည့် နေရာအားလုံးကို ချက်ချင်း သန့်စင်ပစ်နိုင်သည်။
မူလပုံသဏ္ဌာန်ကို ပြန်ရောက်လာပြီးနောက် မုန့်ချီက သူ၏လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ အဖြူရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းက ကောင်းကင်ပေါ်ကို ဖြတ်သန်းသွားခဲ့ပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအရာက မိုးရေစက်များကဲ့သို့ ကျဆင်းလာခြင်း ဖြစ်သည်။ သူတို့က ကြောင်လိမ်လှေကားတစ်ခုသဖွယ် လည်ပတ်နေပြီး တစ်ခုချင်းဆီက စိတ်ဝိညာဉ်သဘာဝများ ပိုင်ဆိုင်ထားကြ၏။ သူတို့က အလွန်ထူးခြားပြီး ကိုယ်တိုင်ထိန်းချုပ်နိုင်သည့်အပြင် အပိုင်းပိုင်းအစစ ပျက်စီးသွားသော ပုံရိပ်ယောင်ခန္ဓာ အများစုကိုလည်း ရှင်းလင်းပစ်လိုက်သည်။
အမှောင်ဓားသခင်၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုများသာ နေရာယူလာခဲ့၏။ သူက ပင်မဝိညာဉ်လောင်ကျွမ်းမှုကို အရှိန်မြှင့်လိုက်ပြီး သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်သည်။
“ဘုန်း....”
ကျယ်လောင်သော ပေါက်ကွဲသံကြီးများထဲတွင် သူ၏နောက်ဆုံးကျိန်စာကို ခပ်တိုးတိုး ကြားလိုက်ရသည်။
“သူတို့က ငါ့အတွက် လက်စားချေပေးလိမ့်မယ်…”
မုန့်ချီက ဘယ်ဖက်လက်ကိုသုံးပြီး လက်သီးနှင့် ထိုးလိုက်ရာ အလွန်ပြင်းထန်လွန်းလှသည့်အတွက် ထိုလက်သီးထဲတွင် တောင်တန်းတစ်ခု၏ အလေးချိန်များ ပါဝင်နေသလို ထင်မှတ်ရ၏။
ထိုအချိန်၌ မည်းမှောင်နေသော သူ၏လက်ဖဝါးပေါ်တွင် အပ်ပုံသဏ္ဌာန် အပေါက်ငယ်လေးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ပေါက်ကွဲမှုမှ ပျံ့နှံ့လာသော စွမ်းအားများက သူ့ဆီကို ရောက်လာခဲ့၏။
သူကတော့ အမှောင်ဓားသခင်၏ ပင်မဝိညာဉ်ရှိရာကို လက်ညှိုးထိုးလိုက်ပြီး သူ့အကြည့်က အလွန်လေးနက်၍ ခန့်မှန်းနိုင်ခြင်း မရှိချေ။ သူက ထိုအခွင့်အရေးကို အသုံးချပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို အသုံးချလိုက်သည်။
ရုတ်တရက်ဆိုသလို လေထဲ၌ စောင်းသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏ ပင်မဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။ သူ၏စွမ်းရည်အသုံးပြုမှုကလည်း အနည်းငယ် တုန်လှုပ်သွားနေပြီး အမှောင်ဓားသခင်၏ အသက်စွမ်းအင် ကုန်ဆုံးသွားသည်ကို မသက်မသာ ကြည့်နေခဲ့ရ၏။
“ရွမ်ကလန်က တတိယသခင်လေးရဲ့ စောင်းသံလား။ ဒီစောင်းသံက အစွမ်းထက်ပုံမရပါဘူး..”
မုန့်ချီကတော့ စိတ်ပျက်သွားခဲ့ခြင်းမရှိဘဲ သံသယဝင်စွာ တီးတိုးရေရွတ်လိုက်သည်။
လှေကြီးများကတော့ လှိုင်းလုံးများနှင့်အတူ လှုပ်ရှားနေခဲ့၏။ ရေမျက်နှာပြင် အောက်တွင်တော့ အလွန်နက်ရှိုင်းသော အပြာရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။
ထိုအချိန်ကျမှသာ မုန့်ချီက နားလည်သွားခဲ့၏။
“သွေးပြာလူသားတွေကို ပစ်မှတ်ထားနေတဲ့ စောင်းသံလား။ ရွမ်ကလန်ကလန်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ။ ငါက နောက်တစ်ကြိမ် အစားသရဲလေးနဲ့ တွေ့တဲ့အချိန်မှ သေသေချာချာ မေးရဦးမယ်..”
သူက အမှောင်ဓားသခင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားသောနေရာကိုကြည့်ပြီး အတော်လေး မသက်မသာ ခံစားလိုက်ရ၏။ သူက အမှောင်ဓားသခင်ကို သတ်ပစ်ရန် မဟုတ်ဘဲ မေးမြန်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အမှောင်ဓားသခင်က ထိုကဲ့သို့ လုပ်ဆောင်သွားလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
“အစောပိုင်းမှာ မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်နေတဲ့ ငါ့ရဲ့ပုံရိပ်က အကျိုးသက်ရောက်မှု နည်းသွားတာ ဖြစ်နိုင်သလို အမှောင်ဓားသခင်က လျှို့ဝှက်ကျင့်စဉ်ကို သူ့အသက်ထက် ပိုပြီးတန်ဖိုးထားတာလည်း ဖြစ်နိုင်တယ်..”
မုန့်ချီက ထိုနေရာကို စိုက်ကြည့်လိုက်ရာ မြေပေါ်တွင် စုစည်းနေသော ခရမ်းရောင် သွေးစက်တစ်စက်ကို သတိထားမိခဲ့သည်။ ထိုသွေးစက်တွင် မကောင်းဆိုးဝါး သဘာဝများ ပြည့်နှက်နေခဲ့၏။ သူက ထိုမကောင်းဆိုးဝါး သွေးစက်ကို ယူလိုက်သည်။
မသေခင် ပြောသွားခဲ့သော အမှောင်ဓားသခင်၏ စကားလုံးများကလည်း သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့၏။
“မကောင်းဆိုးဝါးတွေက ကမ္ဘာကြီးကို ပြန်လာလိမ့်မယ်။ သူတော်စင်တွေလည်း ပါလာလိမ့်မယ်…”
မုန့်ချီက ရေရွတ်နေခဲ့ပြီး လက်ဖဝါးပေါ်တွင် ရှိနေသော သွေးစက်ကို ကြည့်၍ သေချာစဉ်းစားကြည့်နေခဲ့သည်။ မကောင်းဆိုးဝါးသခင်၏ လက်အောက်တွင် မကောင်းဆိုးဝါး သူတော်စင်(၁၁)ပါး ရှိနေသည်ဟု ကြားဖူးသည်။
သူတို့က တိုက်ပွဲထဲတွင် ဆက်တိုက် ရှုံးနိမ့်သွားခဲ့ပြီး သူတို့၏အသက်ကို ဆုံးရှုံးခဲ့ရပြီးနောက် သူ၏အသွေးအသားက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်သွားခဲ့သလို သူ၏အတွေးများကလည်း လေဟာနယ်ထဲတွင် ပြန့်ကျဲသွားခဲ့သည်။ သူတို့က မကောင်းဆိုးဝါးသခင်၏ အတွေးများကို နှိုးထရန် ကြိုးစားပြီး ပြန်လည်နိုးထလာအောင် လုပ်ဆောင်နေခြင်းပေလော။
“ပြောရမယ်ဆိုရင် ဒါက မကောင်းဆိုးဝါးသူတော်စင်ရဲ့သွေးကနေ ထုတ်ထားတဲ့ သွေးတစ်စက်ပဲ။ ဒါက ဘယ်သူ့ရဲ့သွေးစက် ဖြစ်မလဲ မသိဘူး…”
မုန့်ချီက ထိုသွေးစက်ကို သေချာစိုက်ကြည့်ပြီး လေဟာနယ်လက်စွပ်ထဲသို့ ပြန်သိမ်းလိုက်သည်။ သူက ထိုကိစ္စကို စဉ်းစားနေရင်း မျက်မှောင်ကြုတ်နေမိ၏။
“သူတို့က လက်တုံ့ပြန်ဖို့ ပြန်လာလိမ့်မယ်။ သူတော်စင်တွေလည်း ပါလာလိမ့်မယ်။ မကောင်းဆိုးဝါးက ကမ္ဘာကြီးကို ပြန်လာမှာလား။ ကြည့်ရတာတော့ အဲဒါက မကောင်းဆိုးဝါးသခင်ကို ထောက်ခံနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်မယ်ထင်တယ်။ ငါက အဲဒီလို အလားတူ ကိစ္စမျိုးကို ကြုံရတာရှိမရှိ အင်မော်တယ်တွေကို မေးဖို့ လိုနေပြီ..”
မုန့်ချီကတော့ စောင်းသံကြားထဲတွင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ကုန်တင်လှေပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် သူက ပြဿနာများ ဖြေရှင်းနေသော ကျူးမိသားစုစံအိမ်ဆီသို့ ပြန်လာခဲ့၏။ ထိုနေရာသို့ ပြန်ရောက်သွားလျှင် အခြေအနေက ပြောင်းလဲသွားတော့မည်ဟု သူလည်း ကြိုတင် ခန့်မှန်းမိနေခဲ့သည်။
………..
ယွင်မိသားစု၏ ငိုကြွေးခြင်းခန်းမထဲတွင် -
သခင်(၉)က ပင့်သက်ရှိုက်လိုက်မိ၏။ အစောပိုင်းတွင် သူ စဉ်းစားထားခဲ့သော အစီအစဉ်များ၊ အငြင်းအခုံများ အားလုံးက ခေါင်းထဲတွင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုံမှ ကြည့်နေသည့်အလား အရာအားလုံးကို ကြိုသိနေသည့် သခင်ကြီးအကြောင်းကိုသာ စဉ်းစားမိခဲ့သည်။
သူကတော့ တူညီစွာပင် စိတ်လှုပ်ရှားနေသော ဒုတိယသခင်ကိုကြည့်၍ သခင်(၁၃)တို့ကို လှည့်ကြည့်လိုက်သည်။ သူ့ညီငယ်လေးကတော့ ပို၍တည်ငြိမ်ပုံရပြီး အရာအားလုံးက ထိန်းချုပ်မှုအောက်တွင် ရှိနေသလို ထင်ရ၏။
“ဒါက တော်တော်ဆိုးသွားပြီ။ ညီလေး(၁၃)က ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။ သူ့ဆီမှာ တစ်ခုခုများ ပိုင်ဆိုင်ထားတာလား..”
သခင်(၉)က စဉ်းစားကြည့်လိုက်ပြီး ရင်ထဲတွင် လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူက သခင်(၆)ကို လှမ်းကြည့်လိုက်၏။
“အစ်ကို(၆)ကတော့ နည်းနည်းလေး စိတ်ဓာတ်ကျနေရုံကလွဲရင် သာမန်ပါပဲ..”
အခြေအနေက တစ်စုံတစ်ခု မဟုတ်တော့ကြောင်း သခင်(၉)က ခံစားမိလာခဲ့၏။ သူက စကားပြောရန် ပြင်လိုက်စဉ် သခင်(၆)က ရှေ့ကို တစ်လှမ်းတက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော်က မိသားစုသခင် ရွေးချယ်ပွဲကနေ နှုတ်ထွက်ပါတယ်။ ကျွန်တော်က ကျင့်ကြံမှုကိုပဲ အာရုံစိုက်တော့မယ်..”
“အစ်ကို(၆)က နှုတ်ထွက်လိုက်တာလား။ မဖြစ်နိုင်ဘူး..”
သခင်(၉)က အံ့သြမှင်တက်သွားခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း သူက နေရာကို လက်လွှတ်မည့် လက္ခဏာမျိုး လုံးဝမပြခဲ့ပေ။ သူက တခြားသော အစ်ကို(၂)ယောက်နှင့် တည်ငြိမ်နေသော ညီလေး(၁၃)ကို ကြည့်လိုက်ရာ သူတို့၏အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သို့သော် ဒုတိယသခင်၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့၏။
“ညီလေး(၁၃)က အစ်ကို(၆)ရဲ့ အားနည်းချက်ကို ချုပ်ကိုင်ပြီး သူ့ကို လက်လွှတ်ခိုင်းလိုက်တာ များလား..”
သခင်(၉)က ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ အကြောင်းအရာများက သူ ထင်ထားသလို ရိုးရှင်းမှု မရှိနိုင်ပေ။ အနည်းဆုံးတော့ သူက အနိုင်ရရန် အခွင့်အရေး (၅၀)ရာခိုင်နှုန်း ရှိနေကြောင်း သေချာနေခဲ့သည်။
ယွင်မိသားစုထဲတွင် ရှိနေသောလူတိုင်းက အတွေးကိုယ်စီ ဖြစ်နေကြသည့်အချိန်တွင် ဟယ်ကျူးက ဝင်ပြောလိုက်သည်။
“ခဏနေပါဦး…”
“သခင်လေးက ဘာများပြောချင်သေးလို့လဲ…”
သခင်(၆)က ရှုပ်ထွေးနေခဲ့၏။
အရှေ့ပင်လယ် ဓားပင်လယ်က ယွင်မိသားစု၏ ကိစ္စများကို ဝင်ရောက်နှောင့်ယှက်ခြင်းမရှိ ဟူသော စည်းကမ်းတစ်ခုကို ထိန်းသိမ်းထားခဲ့သည်။ ထိုအရာက သူတို့၏ မိတ်ဆွေကဏ္ဍတွင် အခြေခံအချက်လည်း ဖြစ်၏။
ဟယ်ကျူးက လက်(၂)ဖက်ကို အောက်ချပြီး ငိုကြွေးခြင်း ခန်းမကြီးထဲကို လှည့်ပတ်ကြည့်လိုက်သည်။
“သွေးပြာလူသားတွေနဲ့ ပတ်သက်နေတဲ့ သစ္စာဖောက်တစ်ယောက်က ယွင်မိသားစုထဲမှာ ရှိနေတယ်။ အဲဒီအရာက ဒီမှာရှိနေတဲ့လူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်။ ကျွန်တော်တို့ ဓားကျေးရွာက ယွင်မိသားစုနဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့မှတော့ သခင်အသစ် ရွေးတဲ့ကိစ္စကို တခြားလူတစ်ယောက်ရဲ့ လက်ထဲ ထည့်မပေးချင်ဘူး…”
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့အသံက ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး အရာအားလုံးက ပို၍ မျက်နှာပျက်စရာ ဖြစ်လာခဲ့သည်။
“ငါ ဟယ်ကျူးက အရှေ့ပင်လယ်ဓားကျေးရွာရဲ့ကိုယ်စား ဒီကိစ္စကို ဝင်ပါချင်တယ်။ အဲဒါက ယုတ်မာတယ်လို့ မင်းတို့က သတ်မှတ်ရင်လည်း ကိစ္စမရှိဘူး…”
သူ့ပုံစံက အလွန်ပြတ်သားနေသည့်အတွက် သူ၏အရှိန်အဝါက ယွင်မိသားစုကို မှင်တက်သွားစေခဲ့သည်။ မည်သူကမျှ စကားမပြောရဲကြပေ။ အမှန်အတိုင်းပြောရလျှင် အရှေ့ပင်လယ်ဓားကျေးရွာက သူတို့ကို ဦးဆောင်ကူညီပေးနေသည့်အတွက် သူတို့က ဝမ်းသာနေကြ၏။ မည်သို့ဖြစ်စေကာမူ သွေးပြာလူသားများ၏ ပတ်သက်မှုကြောင့် သူတို့က အတော်လေး မသက်မသာ ခံစားခဲ့ရကြောင်း ပြသနေခဲ့သည်။
သခင်(၉)နှင့် သခင်(၂)တို့ကလည်း ဆိုးရွားသော ခံစားမှုတစ်ခုကို ရရှိခဲ့၏။ ထိုအချိန်တွင် သခင်(၁၃)၏ အမူအရာကတော့ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အကြောင်းအရာများက သူထင်ထားသလို ဖြစ်ပေါ်လာခြင်း မရှိတော့ချေ။
ဟယ်ကျူးက ပျက်ယွင်းနေသည့် မျက်နှာအမူအရာကို ဖြေလျှော့လိုက်ပြီး ကျိန်ဆို၍ ပြောလိုက်၏။
“ယွင်မိသားစုက လုံးဝလုံခြုံသွားတဲ့အချိန်အထိ ငါတို့ အရှေ့ပင်လယ်ဓားကျေးရွာက ကာကွယ်ပေးမယ်။ နောက်ပိုင်းမှာ အရေးကြီးတဲ့ မိသားစုရေးရာ ကိစ္စတွေကိုတော့ လုံးဝ ဝင်မပါဘူး…”
ထိုအရာက သူတို့မိသားစုကို လက်အောက်ငယ်သားအဖြစ် အတင်းအကြပ် သိမ်းသွင်းခြင်း မဟုတ်ဘဲ ကာကွယ်ပေးရန် ကတိတစ်ခု ဖြစ်သည်။ ထို့ကြောင့် တိုင်ရှန်အကြီးအကဲက သူ့ကို အရိုအသေ ပေးလိုက်၏။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညွှန်ကြားပေးပါဦး။ သခင်လေး…”
ဟယ်ကျူးက သခင်(၉)နှင့် သူ၏ ညီအစ်ကိုများကိုသာကြည့်ပြီး အဓိကအချက်ကိုသာ ပြောလိုက်သည်။
“ကျွန်တော်က သခင်(၆)ကို ရွေးချယ်ချင်တယ်…”
“ဘယ်လို....”
ဒုတိယသခင်နှင့် သခင်(၉)တို့က တပြိုင်နက်တည်း ရေရွတ်လိုက်မိကြသည်။ သခင်(၁၃)၏ အသက်ရှူသံကတော့ လေးလံလာခဲ့၏။ သူတို့အားလုံးက အရှေ့ပင်လယ် ဓားကျေးရွာ၏ ဝင်ရောက်နှောင့်ယှက်မှုကို ဆန့်ကျင်ရန် ပြင်ဆင်နေကြသည်။ သူတို့၏အိပ်မက်က သူတို့၏မျက်စိရှေ့တွင်ပင် အငွေ့ပျံသွားသလို ခံစားနေရ၏။
ဟယ်ကျူးက ဒုတိယသခင်၊ သခင်(၉)တို့ကို လှည့်ကြည့်လိုက်သည်။
“မင်းတို့တွေကတော့ သွေးပြာလူသားတွေရဲ့ အဖြစ်အပျက်မှာ သံသယဝင်စရာကောင်းတယ်..”
သခင်(၉)က စိတ်ထဲတွင် ငြင်းဆန်ရန်အတွက် ပြင်ဆင်ထားခဲ့သည်မှာ ကြာခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ပြင်လိုက်စဉ် ဟယ်ကျူးက သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်၏။
“ကျူးမိသားစုစံအိမ်ရဲ့ အနောက်ဘက် ဥယျာဉ်....”
သခင်(၉)၏မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
“အရှေ့ပင်လယ် ဓားကျေးရွာက ဘယ်လိုဖြစ်ပြီး ဒါကို ရှာတွေ့သွားရတာလဲ..”
ဟယ်ကျူးက သခင်(၁၃)ကိုလည်း တူညီစွာ လှမ်းကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“တချို့ကိစ္စတွေမှာ ငါတို့ရဲ့ဆုံးဖြတ်ချက်တွေက မှားယွင်းတတ်တာပဲ။ တကယ်လို့ မင်းတို့က ပြင်ဆင်မယ်၊ မင်းတို့ရဲ့လမ်းစဉ်ကို ပြောင်းလဲပြီး မကောင်းဆိုးဝါးလမ်းစဉ်ကို သွားနေတာ ရပ်လိုက်မယ်ဆိုရင် မင်းတို့က လူသတ်သမားကို အထောက်အပံ့ ပေးသလို မဖြစ်တော့ဘူး..”
သူ၏စကားလုံးများက ဝေဝါးပြီး ရှုပ်ထွေးနေသည့်အတွက် ယွင်မိသားစုထဲတွင် ရှိနေသော ပညာရှင်များကို ထွက်ပေါက်တစ်ခု ပေးနေသေးခြင်းဖြစ်သည်။ ဟယ်ကျူးက မည်ကဲ့သို့သော သတင်းအချက်အလက် ရရှိထားကြောင်း မသိသည့်အတွက် သခင်(၁၃)ကလည်း စွန့်စားရဲခြင်း မရှိခဲ့ချေ။
သူက အံကြိတ်ပြီး ပြောလိုက်၏။
“အစ်ကို(၆)..
ကျွန်တော်က ညီတစ်ယောက် ဆိုမှတော့ အစ်ကို့ကို အိမ်တော်သခင်အဖြစ် ထောက်ခံပြီး အစ်ကို့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ပါ့မယ်..”
ရုတ်တရက်ဆိုသလို သူနှင့် သခင်(၆)တို့က ဟယ်ရှိုကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်မိကြသည်။ ထိုနေ့တွင် ကလေးတစ်ယောက်က သူ့ဆီကို စာတစ်စောင် လာပို့ခဲ့၏။ တစ်ယောက်ယောက်က အရှေ့ပင်လယ် ဓားကျေးရွာကို အချက်အလက်များ ပေးလိုက်ခြင်းပေလော။ ထိုအဖြစ်အပျက်ကို သူတို့က သတိထားမိခဲ့သော်လည်း တဖက်လူက ရိုးရှင်းစွာ လုပ်ဆောင်ခဲ့သည့်အတွက် ထိုသတင်းကို နှောင့်ယှက်၍ မရနိုင်ပေ။
အရှေ့ပင်လယ်ဓားကျေးရွာက သူတို့ကို မျှားခေါ်လိုက်သလို ဖြစ်နေမှာလည်း စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူတို့က ထိုကလေးကို စုံစမ်းရဲခြင်း မရှိချေ။ အပြန်အလှန် စဉ်းစားကြည့်လိုက်ပြီး သူတို့၏ ရင်ထဲတွင်တော့ မကျေနပ်မှုများ၊ နောင်တများ ပြည့်နှက်နေခဲ့၏။
သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးနောက် သတင်းပို့သမားက သူတို့၏ မျက်စိရှေ့တွင် လုပ်ရဲသည့်အတွက် သေချာပေါက် လိုက်လံရှာဖွေမှာကို မကြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
အလွန်တည်ငြိမ်သော သခင်(၁၃)၏ မျက်နှာဖုံးက လုံးဝကို ပျက်စီးသွားရပြီ ဖြစ်၏။ သူက ခေါင်းငုံ့ပြီး မယုံကြည်နိုင်သော ခံစားချက်တစ်ခု အမူအရာတစ်ခုကို ဖုံးကွယ်ထားခဲ့သည်။ သူက အချိန်ကြာမြင့်စွာ စီစဉ်ထားခဲ့ရပြီးနောက် ယခုလို ကျရှုံးသွားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သခင်(၉)နှင့် ဒုတိယသခင်တို့ကလည်း လူအများနှင့် ဆက်ဆံရာတွင် အသားကျနေသည့်အတွက် ယခုလို အချိန်မျိုးတွင် မတိုက်ခိုက်သင့်ကြောင်း သိနေကြသည်။ သူတို့ကလည်း သခင်(၆)ကို အကူအညီပေးမည်ဟု တပြိုင်နက်တည်း ပြောလိုက်ကြသည်။
သခင်(၆)ကတော့ အခြေအနေကို လက်ခံလိုက်ရုံသာရှိသည်။ အရှေ့ပင်လယ် ဓားကျေးရွာက လုပ်ခဲ့သော အမှားများကို ပြန်ပြောနေမည် မဟုတ်ကြောင်း ပြောသည့်အချိန်မှသာ သူလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက မျက်ရည်ကျလုမတတ်ပင် ဖြစ်နေခဲ့၏။
အတိတ်တွင် အမှားလုပ်တတ်သူများကို ကောင်းကောင်း အသုံးချလိုက်ခြင်းက သူတို့၏ မှားယွင်းမှုကို အကျိုးအမြတ်နှင့် ပြင်ဆင်စေလိုခြင်း ဖြစ်သည်။
ဟယ်ကျူးက အရာအားလုံးကို ဖြေရှင်းလိုက်ပြီးနောက် သခင်(၉)ကို လှည့်ကြည့်လိုက်သည်။
“ငါတို့ကို ကျူးမိသားစုရဲ့ အနောက်ဘက်ဥယျာဉ်ဆီ မြန်မြန်ခေါ်သွားပေး။ ငါတို့က အဲဒီအဖွဲ့ကို ဝိုင်းပြီး ရှင်းပစ်မှ ရမယ်…”
“ကောင်းပါပြီ…”
သခင်(၉)က အေးစက်စွာ ပြောလိုက်ပြီး သူ့ပုံစံက တုန်ယင်နေခြင်း မရှိတော့ချေ။
ဟယ်ကျူးနှင့် ဟယ်ရှိုတို့က ဦးဆောင်သွားခဲ့ပြီး ဝေ့ကျင်းအဆင့် ပညာရှင်များက ကျူးမိသားစု စံအိမ်၏ အနောက်ဘက်ဥယျာဉ်ကို ဝိုင်းရံလိုက်ကြသည်။ သို့သော် အနီးတဝိုက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် လူတစ်ယောက်မေှ မတွေ့ရတော့ပေ။
“ငါတို့က ခြေတစ်လှမ်း နောက်ကျသွားပြီ…”
ဟယ်ကျူးက လေပူများကို မှုတ်ထုတ်လိုက်မိ၏။
ထိုစံအိမ်နှင့် မလှမ်းမကမ်းတွင် ရှိနေသော လမ်းမပေါ်တွင် မြင်းလှည်းတစ်စီးက ဖြည်းညင်းစွာ သွားလောနေခဲ့သည်။ ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့ကတော့ ကျူးမိသားစု၏စံအိမ်ကို စိုက်ကြည့်နေခဲ့သည်။ သူတို့က အကြောက်တရားများကို အနည်းငယ် ခံစားမိနေခဲ့၏။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင်တော့ အစိမ်းရောင်ဝတ်စုံဝတ်ထားသော မုန့်ချီ ရှိနေသည်။ သူ့ပုံစံကတော့ အေးအေးဆေးဆေးနှင့် တည်ငြိမ်စွာ ထိုင်နေခဲ့၏။
Translated by Hein Htet