အခန်း (၆၂၄)
Vol. 42 Ch. 624
ခန်းမကြီး၏ နေရာတိုင်းတွင် လွှမ်းခြုံနေသော ရွှေရောင်အလင်းတန်းများက နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေပြီး လျန်ယုဗောဓိတဗ္ပ၏ အသားအရေနှင့် ဖြူစင်မှုကို အလေးပေးထားသလို ထင်မှတ်ရသည်။ တောက်ပနေသော အလင်းရောင်များအောက်တွင် သူမ၏အသားအရေက ပို၍နူးညံ့ပြီး ဆွဲဆောင်မှုရှိသလို ထင်ရသည်။
မုန့်ချီကတော့ နောက်ပစ်ထားသော လက်ချောင်းလေးများထဲတွင် သံသရာတံဆိပ်ကို ဆုပ်ကိုင်ထားခဲ့၏။ သူ၏တစ်လမ်းချင်းဆီ လျှောက်လှမ်းလာနေသည့်အချိန်တွင် အစိမ်းရောင်ဝတ်စုံကလည်း လှုပ်ရှားနေခဲ့သည်။ သူက နောက်ကျောကို မတ်မတ်ဆန့်ထားသည့်အတွက် သူ့ပုံစံက အလွန်အဆင့်အတန်းမြင့်မားသူ တစ်ယောက်ကဲ့သို့ ထင်ရသည်။
လုံးဝခန့်မှန်း၍ မရနိုင်သော သူ့ပုံစံက ကံကြမ္မာအလှည့်အပြောင်းမျိုးစုံကို ကြိုတင်သိမြင်နေသလို ထင်ရ၏။ သူ့မျက်နှာပေါ်တွင် အံ့ဩမှုလုံးဝ မရှိပေ။ သူက အစစ်အမှန် ကရုဏာမဲ့နတ်ဆိုး မဟုတ်သည့်အတွက် အတိတ်တွင် မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း မသိချေ။ ထို့ကြောင့် သူက ပြန်မဖြေနိုင်ခဲ့ပေ။
လျန်ယုဗောဓိတဗ္ပက သူ့ကို လှည့်စားရန် ဖြစ်နိုင်ခြေလည်း များသည်။ အကယ်၍ သူကသာ သူမကို သိချင်ယောင်ဆောင်ပြီး စကားစမြည် ပြောဆိုလိုက်မည်ဆိုလျှင် သူမ၏ထောင်ချောက်ထဲသို့ ကျသွားနိုင်၏။ သို့သော် အကယ်၍ အစစ်အမှန် ကရုဏာမဲ့နတ်ဆိုးကသာ သူမနှင့် အမှန်တကယ် သိနေမည်ဆိုလျှင် သူက တုံ့ပြန်ရန် ငြင်းဆိုလိုက်မည်ဆိုလျှင်လည်း သံသယဝင်ခံရနိုင်ပြီး အေးစက်သည့် အပြုအမူတစ်ခု ပေါ်လာနိုင်သည်။
ထို့ကြောင့် အကောင်းဆုံး တုံ့ပြန်မှုကတော့ ဝေဝါးနေသော အရာတစ်ခုသာ ဖြစ်နိုင်၏။ သူက သူမကို သိမသိ ညွှန်ပြနေခြင်း မရှိချေ။ သူ့ခေါင်းထဲတွင် အတွေးများက အလွန်လျင်မြန်စွာ လှုပ်ရှားနေခဲ့၏။ သူက အပြုံးနှင့် ရှေ့ကိုလျှောက်လာပြီး လက်နောက်ပစ်နေခဲ့သည်။
‘ငါက အမြဲတမ်း ခန့်မှန်းလို့မရနိုင်ဘူး…’
အလွန်ဆွဲဆောင်မှုရှိသော လျန်ယုဗောဓိတဗ္ပက ပုခုံးလေး (၂) ဖက် လှုပ်ရှားသွားသည့်အထိ ရယ်လိုက်သည်။
"ဆရာကြီးကရုဏာမဲ့နတ်ဆိုးက အခုချိန်ထိကို မာနကြီးနေတုန်းပဲပါလား။ အရင်တစ်ခေါက်တုန်းကတော့ ကျွန်မတို့က အလျင်စလို သွားခဲ့ရတဲ့အတွက် ခရီးတစ်ခုကို အတူတူသွားပြီး မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး…"
သူမက စိုစွတ်နေသော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးထဲတွင် လောဘနှင့် တဏှာရမ္မက်များကို မြင်တွေ့နေရ၏။ သူမက အလွန်လျှို့ဝှက်ဆန်းကြယ်သော ဆေးရည်တစ်ခုကို စိုက်ကြည့်နေသလို ထင်မှတ်ရသည်။ လက်တစ်သန်း၏ စာပေါ် အခြေခံ၍ ကရုဏာမဲ့နတ်ဆိုးက သိုင်းသခင်အဆင့်နီးပါး ရောက်နေသည်။ သူက အချိန်မရွေး အဆင့်တက်သွားနိုင်၏။
‘သူတို့က ခရီးတစ်ခုကို အတူသွားခဲ့တဲ့ မိတ်ဆွေတွေ မဖြစ်ခဲ့ဘူးလား။ ပြောရမယ်ဆိုရင် သူတို့က ဘာမှမပတ်သက်ခဲ့ဘူးပေါ့…’
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူတို့ကသာ ရည်းစားများမဖြစ်သရွေ့ အရာအားလုံးက ရိုးရှင်းသည်။
ထိုအရာကလည်း အဓိပ္ပါယ်ရှိ၏။ အကယ်၍ ကရုဏာမဲ့နတ်ဆိုးဆီတွင်သာ ထိုကဲ့သို့ မိတ်ဆွေတစ်ယောက် ရှိခဲ့မည်ဆိုလျှင် သူကလည်း မျက်လုံး (၃) လုံး နတ်ဘုရားမြား၏ အခြေအနေမျိုး ရောက်ရှိသွားနိုင်သည်။ မဟုတ်လျှင် သူက လမ်းမှားပညာရှင်များနှင့် လမ်းမှန်ပညာရှင် (၂) ခုလုံးကို ဆန့်ကျင်ပြီး တစ်ကမ္ဘာလုံး၏ ရန်သူဖြစ်ခဲ့သည့်အတွက် ပိုမီတွင် ဘာကြောင့် ပုန်းအောင်းနေရသနည်း။
"ငါက ဒီလိုကံကြမ္မာမျိုးကို မကြုံခဲ့ရတာ ကံကောင်းသွားတယ်…"
မုန့်ချီက အေးအေးဆေးဆေး ဖြစ်နေသည်။ သူကတော့ မကောင်းဆိုးဝါးအိုကြီး တစ်ယောက်၏ အမူအရာကို အကောင်းဆုံးပုံဖော်ရန် ကြိုးစားနေခဲ့၏။
လျန်ယုဗောဓိတဗ္ပက သူမ၏ခြေထောက်ကို နှိပ်ပေးနေသော လူငယ် (၂) ယောက်ကို အပြုံးနှင့် လှည့်ကြည့်လိုက်သည်။
"မင်းတို့ (၂) ယောက်ကရော ဒီလိုကံတရားမျိုးကို ကျေနပ်နိုင်ကြရဲ့လား…"
"သေချာပေါက် မကျေနပ်နိုင်ပါဘူး…"
အဖြေကတော့ ထိုလူငယ် (၂) ယောက်ဆီမှ မဟုတ်ဘဲ သူမ၏ပတ်ပတ်လည်တွင် ရှိနေသော တခြားလူငယ် (၄) ယောက်ဆီမှ ဖြစ်သည်။ သူတို့က အာသာငမ်းငမ်း အကြည့်များနှင့် ကြည့်နေကြပြီး ဤကမ္ဘာကြီးထဲတွင် အကောင်းဆုံး ပျော်ရွှင်မှုကို ရနေသလို ထင်ရ၏။
"ကြည့်လိုက်စမ်း ကရုဏာမဲ့နတ်ဆိုး...။ သူတို့ကတော့ ရှင့်ရဲ့ခံစားချက်တွေကို လက်မခံကြဘူး…"
လျန်ယုဗောဓိတဗ္ပက သက်ပြင်းချလိုက်မိပြီး တခဏအတွင်း သူမ၏အလှတရားက စိတ်လှုပ်ရှားဖွယ် ကောင်းလာခဲ့သည်။
"ကျွန်မတို့က မျိုးဆက်တူတယ်လို့ သတ်မှတ်နိုင်တယ်။ ကျွန်မတို့က လမ်းမှားပညာရှင်တွေနဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်နေတဲ့အချိန်မှာ ရှင်ကတော့ ပိုမီမှာ ပုန်းအောင်းနေခဲ့တယ်။ အဲဒီနေရာမှာတော့ လူ (၁၀)ယောက်မှာ တစ်ယောက်လောက်ပဲ ဆက်ပြီးတော့ အသက်ရှင်နိုင်ကြတယ်…"
နှစ်ပေါင်း (၂ဝ) ဟူသည်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်အတွက်တော့ ရှည်ကြာသော ကာလတစ်ခုဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ သို့သော် လမ်းမှားပညာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှု၊ လမ်းမှန်ပညာရှင်များ၏ ဖိနှိပ်မှု၊ မိတ်ဆွေများ၏ သစ္စာဖောက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများက သာမန်သာ ဖြစ်သည်။ ရတနာများကို လုယူပြီး ခန္ဓာကိုယ်များကို ဖျက်ဆီးပစ်တတ်သော ပညာရှင်များဆီတွင် သူတို့ သင်ယူထားသော စွမ်းရည်များ ရှိသော်လည်း လမ်းမှားပညာရှင်များကဲ့သို့ သိသိသာသာ တိုးတက်လာနိုင်ခြင်း မရှိကြပေ။
ထို့ကြောင့် နှစ်ပေါင်း(၂ဝ) ဟူသည်မှာ ဝေ့ကျင်းအဆင့် ပညာရှင် မျိုးဆက်တစ်ခု ပျောက်ကွယ်သွားပြီး မေ့လျော့သွားရန် လုံလောက်သည်။ သို့သော် ပညာရှင်တိုင်းတော့ ပျောက်ကွယ်သွားခြင်း မရှိနိုင်ချေ။
လျန်ယုဗောဓိတဗ္ပ၏ စကားလုံးအရ အဆင့်မတက်နိုင်သော လူများကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ ဝေ့ကျင်းအဆင့် အောက်ခြေတွင် တဝဲလည်လည် ဖြစ်နေသူများနှင့် ဉာဏ်အလင်းပွင့်မှုအဆင့် လူသစ်လေးများကို အနိုင်ကျင့်နိုင်သော လူများကိုတော့ ထိုကဲ့သို့ အဆင့်သတ်မှတ်နိုင်ခြင်း မရှိချေ။
သူတို့အတွက်တော့ ဝေ့ကျင်းအဆင့် ပညာရှင်များ ဟူသည်မှာ နာမည်ကျော်ကြားသော ဂိုဏ်းများမှဖြစ်ပြီး သူတို့၏အဖွဲ့အစည်းများ ထောက်ပံ့ပေးသော မိသားစုများမရှိဘဲ လျန်ယုဗောဓိတဗ္ပနှင့် အဆင့်တူ ရောက်လာနိုင်ခြင်း မရှိချေ။ တစ်ဖက်တွင်တော့ အင်အားကြီးသော နောက်ခံမရှိသည့် ဝေ့ကျင်းအဆင့် ပညာရှင်များက လျန်ယုဗောဓိတဗ္ပကဲ့သို့ ပစ်မှတ်များ၏ ဖျက်ဆီးခြင်းကို ခံရပါလိမ့်မည်။ ရံဖန်ရံခါ သူတို့က ဘဝတလျှောက်လုံး အကြောက်တရားများနှင့် နေထိုင်ကြရ၏။
"အဲဒီတော့ ဘာဖြစ်လဲ။ ဒီကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ဒုက္ခဆိုတာ ရှိနေတာပဲ။ တကယ်လို့ စွမ်းအားမရှိဘူးဆိုရင် ဒီကမ္ဘာကြီးထဲကနေ ထွက်သွားရမှာပဲလေ.."
မုန့်ချီကတော့ အေးစက်သော စကားလုံးများကို ကရုဏာရှိသော အပြုအမူနှင့် တမင်တကာ ဖုံးကွယ်ထားခဲ့သည်။
လျန်ယုဗောဓိတဗ္ပက အားရပါးရ ရယ်လိုက်၏။ ခန်းမကြီးထဲတွင် သူမ၏ရယ်သံလေးက ချက်ချင်း ပို၍ပင် ကျယ်လောင်လာခဲ့သည်။
"ရှင်က ဗုဒ္ဓသင်ကြားမှုတွေကို ရှင့်ရဲ့မကောင်းဆိုးဝါကျင့်စဉ်တွေနဲ့ ပေါင်းစပ်လိုက်တယ်လို့ လက်တစ်သန်း ပြောတဲ့အချိန်မှာ ကျွန်မက မယုံကြည်နိုင်ခဲ့ဘူး။ အခုတော့ အဲဒါက အမှန်ပဲဆိုတာသိသွားပြီ။ တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ။ ဒါဆိုရင် ရှင်က ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်လို တူညီတဲ့နည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ဆိုလိုတာပဲ။ ကျွန်မတို့က မကောင်းဆိုးဝါးကျင့်စဉ်တွေကိုသုံးပြီး ဗုဒ္ဓလမ်းစဉ်ကို လိုက်နာနေတာ...။ ရှင်ကတော့ ဗုဒ္ဓလမ်းစဉ်ကို မကောင်းဆိုးဝါးလမ်းစဉ်အဖြစ် ပြောင်းလဲနိုင်တယ်။ ကျွန်မတို့က အချင်းချင်း ကျင့်ကြံမှုတွေကို ဖြည့်ဆည်းပေးနိုင်တယ်…"
သူမက အချင်းချင်း ဖြည့်ဆည်းနိုင်သည်ဟူသော စကားကိုပြောနေစဉ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ ရံဖန်ရံခါ အလွန်လျှို့ဝှက်ဆန်းကြယ်သော အကြည့်များက သူမ၏ဆွဲဆောင်မှုကို ဖြည့်စွက်ပေးနေသလို ထင်ရ၏။ သူမ၏ပုံစံက ပို၍ ဆွဲဆောင်မှု ရှိနေခဲ့သည်။
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားလာသော ခံစားချက်များကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ပြီး ယခင်ဘဝတွင် ထိုကဲ့သို့ စနောက်မှုများ နားထောင်ခဲ့ရသည့် ခံစားချက်များကိုသာ ပြန်လည်စဉ်းစားနေခဲ့၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
"ဗုဒ္ဓလမ်းစဉ်ပဲဖြစ်ဖြစ် နတ်ဆိုးလမ်းစဉ်ပဲဖြစ်ဖြစ် ငါတို့က နှလုံးသားထဲမှာ ကိုယ်ပိုင်လမ်းကြောင်းတွေကို ရှာဖွေနေကြတာ.။ ပြီးတော့ လီဝမ်တင်းရဲ့ လမ်းကြောင်းကလည်း ငါ့ရဲ့လမ်းကြောင်း မဟုတ်ဘူး…"
"ရှင်က တကယ်အစစ်အမှန် ဉာဏ်အလင်းပွင့်မှုကို ရခဲ့တာလား…"
လျန်ယုဗောဓိတဗ္ပက မှင်တက်သွားပုံရသော်လည်း သိပ်မကြာခင် သူမ၏အမူအရာက ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့သည်။
"လီဝမ်တင်းက တော်တော်သနားစရာကောင်းတယ်လို့ ရှင် တွေးနေတာလား..”
“လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀) အတွင်း အဆင့်ကျသွားခဲ့တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေ မရေမတွက်နိုင်ဘူး။ သူတို့တွေထဲမှာ မတူညီတဲ့လမ်းကြောင်းအချင်းချင်း တိုက်ပွဲတွေကြောင့် သေသွားတဲ့သူတွေလည်း ပါတယ်။ တချို့လူတွေကတော့ နောက်ကျောကို ဓားနဲ့အထိုးခံရပြီး သူတို့ရဲ့စိတ်ဝိညာဉ်တွေကို အကျိုးအမြတ်အတွက် လဲလှယ်ခြင်းကြောင့် သေဆုံးခဲ့ရတယ်။ တချို့ကတော့ လောဘကြောင့် အမိုက်မှောင် ဖုံးလွှမ်းသွားကြပြီး ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာကိုလည်း မသိခဲ့ကြဘူး။ ဒါကြောင့် တခြားရတနာရှာဖွေသူတွေ သတ်ပစ်တာကို ခံခဲ့ရတယ်။ ထိပ်တန်းပညာရှင်တွေရဲ့ တိုက်ပွဲကြားထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိကြတယ်။ ချီစွမ်းအင်သွေဖယ်မှုကို ခံစားရတဲ့သူတွေကလည်း သာမာန်ပဲ…”
“သေခြင်းတရားက နေရာတိုင်းမှာ ကြုံနေရတာပဲလေ။ အသက်ရှင်နေတဲ့သူတွေက ဒုက္ခခံနေကြရတယ်။ သူတို့ကတော့ ရှားပါးတွင်းထွက်ပစ္စည်းတွေ လိုအပ်ချက်ကို စိုးရိမ်နေသလို သူတို့ရဲ့ရန်သူတွေ လိုက်လာမှာကိုလည်း စိုးရိမ်ကြတယ်။ သူတို့ရဲ့ ကျင့်ကြံမှု ရပ်တန့်နေတာကလည်း နာကျင်ရတဲ့အရာတစ်ခုပဲ။ နောက်ပိုင်းမျိုးဆက်တွေက သူတို့ကို ကျော်တက်သွားတာကို အားကျနေရပြီး တဖြည်းဖြည်း အသက်ကြီးလာတာကို ကြောက်လန့်ကုန်ကြတယ်..”
“သူတို့က စိုးရိမ်မှုနဲ့ အကြောက်တရားတွေထဲမှာ ရှင်သန်နေကြရတာပဲ။ မကောင်းဆိုးဝါးက သနားညှာတာတတ်တယ်။ ဒီကမ္ဘာကြီးကတော့ ဒုက္ခတွေပြည့်နေပြီး ဘဝမှာ ကြုံတွေ့ရတဲ့အရာအားလုံးက ပုံရိပ်ယောင်တစ်ခုလိုပဲ။ အကြောင်းအရာတစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်…"
မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။
လျန်ယုဗောဓိတဗ္ပ၏ မျက်နှာကတော့ အလင်းရောင်ကြောင့် တောက်ပနေခဲ့သည်။
"ဟုတ်တယ်။ ဒီကမ္ဘာကြီးထဲမှာ ဒုက္ခတွေ ပြည့်နေတယ်။ အသက်ရှင်နေရတဲ့ အရာအားလုံးကလည်း မှေးမှိန်နေပြီး စိတ်ဓာတ်ကျဖို့ကောင်းတယ်။ လူအများစုကတော့ သာမန်ဘဝမှာပဲ နေထိုင်ကြရတယ်။ တစ်ခါတစ်ရံတော့ ရောဂါဆိုးတွေရဲ့ နှိပ်စက်မှုကိုခံရတယ်။ ခွဲခွာရတဲ့ စိုးရိမ်မှုတွေ ၊ နားလည်မပေးနိုင်တဲ့ မိဘတွေရဲ့ဖိနှိပ်မှုတွေ ၊ တခြားလူတွေရဲ့ အနိုင်ကျင့်စော်ကားမှုတွေနဲ့ မချစ်မနှစ်သက်တဲ့ လူတစ်ယောက်ရဲ့ ဒေါသတရားတွေလည်း ကြုံရတာပဲ။ လူသားတွေက ပျော်ရွှင်မှုအပိုင်းအစတစ်ခုကို မတော်တဆပဲ ဖမ်းဆုပ်နိုင်ကြတယ်။ သူတို့က အဲဒီနည်းလမ်းနဲ့ပဲ ဆက်လက်ရှင်သန်နိုင်ကြပြီး သူတို့ရဲ့သက်တမ်းက ကုန်ဆုံးပြီး အရိုးဖြစ်သွားကြတယ်…”
“ဒီလိုဘဝကြီးက ရုန်းကန်မှုသက်သက်ပဲ။ ဘာလို့ အရာအားလုံးကို စွန့်လွှတ်ပြီး မပျော်ရွှင်ရမှာလဲ။ ကျွန်မတို့က ဒီခန္ဓာကိုယ်ကြီးကို ပေးဆပ်လိုက်မယ်ဆိုရင် သူတို့က စိုးရိမ်မှုတွေကိုမေ့ပစ်ပြီး အကြီးမားဆုံး ပျော်ရွှင်မှုတွေကို ခံစားနိုင်တယ်လေ။ သူတို့က အဲဒီလိုသာယာမှုတွေမှာ နစ်မွန်းသွားကြပြီး အချိန်ကျလာရင် ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားနိုင်ကြတယ်…”
“တိုက်ပွဲထဲမှာ ခေါင်းပေါက်မတတ် စဉ်းစားပြီး စွန့်စားမှုတွေ ယူနေရတဲ့အချိန်မှာတောင် မအောင်မြင်နိုင်တဲ့လူတစ်ယောက်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့ရဲ့ဘဝကြီးက ရှင့်ထက် အစပေါင်းများစွာ ပိုပြီးတော့ ကောင်းပါသေးတယ်။ ဒါကိုတောင် လီဝမ်တင်းက သနားစရာကောင်းတယ်လို့ ရှင်က ထင်နေသေးတာလား။ ရှင့်လို ပညာရှင်တစ်ယောက်က မှားယွင်းတဲ့အတွေးအခေါ်နဲ့ မကောင်းဆိုးဝါး သင်ကြားမှုတွေ ပြည့်နေတဲ့ ပညာရှင်တစ်ယောက်ပါလား…"
မုန့်ချီက လမ်းမှားပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူကတော့ ထိုမိန်းမပျိုနှင့် ငြင်းခုန်နေရန် စိတ်ကူးမရှိတော့ချေ။
"မင်းက ငါ မဟုတ်ဘူး။ ငါက ကိုယ့်ကိုယ်ကိုယ် မကျေနပ်ဘူးလို့ မင်းက ဘယ်လိုများ သိနေတာလဲ…"
"ဟုတ်ရဲ့လား..."
လျန်ယုဗောဓိတဗ္ပ၏ တောက်ပသော မျက်လုံးလေးများက အရည်များ ကြည်လဲ့လာခဲ့သည်။
"ဒါပေမဲ့ ရှင်က အခုချိန်ထိ နှစ်မွှာကျင့်ကြံမှုနဲ့ ခန္ဓာကိုယ်ပေါင်းစပ်မှုရဲ့ ပျော်ရွှင်မှု အတွေ့အကြုံတွေကို မခံစားဖူးသေးဘူးလေ။ ဒါက ရှင်လိုအပ်တာ မဟုတ်ဘူးလို့ ရှင်က ဘယ်လိုများသိမှာလဲ…"
သူမက အပြုံးနှင့် ခေါင်းစဉ် ပြောင်းလိုက်သည်။
"အတိတ်တုန်းကတော့ ကျွန်မက ရှင်နဲ့အမြဲတမ်း တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ဆန္ဒက လုံးဝမပြည့်စုံသေးဘူး။ ကျွန်မတို့က ဒီနေ့တွေ့ရပြီဆိုမှတော့ ကျွန်မက မျှော်လင့်နေရတဲ့ဆန္ဒကို လက်လွှတ်ခံလို့ရပါ့မလား။ ဒါပေမဲ့ အခုချိန်မှာ တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ဖို့ မသင့်တော်ဘူး။ ကျွန်မက အိမ်ရှင်ဖြစ်နေတယ်လေ။ ကျွန်မတို့က သဘောတူညီမှုကို ဖောက်ဖျက်ပြီး ရှင့်ကို ဖျက်ဆီးဖို့ အတင်းအကြပ်ကြိုးစားတယ်လို့ အထင်လွဲမခံနိုင်ဘူး..”
“ဒီတော့ ကျွန်မတို့က ဒီလိုလုပ်ကြမယ်လေ။ ကျွန်မက လျန်ယုဗောဓိတဗ္ပ ပုံရိပ်ယောင်ခန္ဓာကို ပြမယ်။ ရှင်ကတော့ အဆုံးစွန်ဆုံးသော ပျော်ရွှင်မှုတွေကို စိတ်မဝင်စားအောင် နေရမယ်။ ကျွန်မက ရှင့်ရဲ့ပုံရိပ်ယောင်ခန္ဓာကိုယ် ထုတ်သုံးလာအောင် လှုံ့ဆော်နိုင်ခြင်း ရှိမရှိဆိုတာကတော့ ကြည့်ရမှာပေါ့…"
မုန့်ချီကို ပြန်ဖြေရန် အခွင့်အရေး မပေးခဲ့ပဲ သူမက စိတ်မရှည်နိုင်စွာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူမ၏ပတ်ပတ်လည်တွင် ရှိနေသော အဖြူရောင် ပွင့်ချပ်လေးများကလည်း လေထဲသို့ ပျံသန်းလာခဲ့၏။
သူမက ကရုဏာမဲ့နတ်ဆိုးကို အတင်းအဓမ္မဖျက်ဆီးရန် အလွန်အားနည်းလှသည်။ သူမက သူ့ကို ဆွဲဆောင်ရန်လည်း မတတ်နိုင်ပေ။ သူမ၏ဆန္ဒအလျောက် အညံ့ခံလာသည်ကိုသာ လိုချင်နေခဲ့သည်။ အကယ်၍ သူမကသာ သိုင်းသခင်အဆင့် ဆေးရည်တစ်ခုကို ဖျက်ဆီးလိုက်မည်ဆိုလျှင် သို့မဟုတ် ထိုအဆင့်ကို နီးကပ်နေသော လူတစ်ယောက်ကို ဖျက်ဆီးနိုင်မည်ဆိုလျှင် နှစ်ပေါင်းများစွာ ပိတ်မိနေသော အတားအဆီးကို ချိုးဖျက်နိုင်ပါလိမ့်မည်။ အစောပိုင်းတွင် သူမပြောခဲ့သော စကားများအားလုံးက ကရုဏာမဲ့နတ်ဆိုးကို ရှုပ်ထွေးအောင် လုပ်ဆောင်လိုက်ပြီး သူ၏ယုံကြည်ချက်ကို လှုပ်ရှားသွားအောင် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။
အလွန်သန့်စင်လေးနက်သော ဗောဓိတဗ္ပပုံရိပ်ယောင်တစ်ခုက သူမ၏နောက်တွင် ရှိနေသော အဖြူရောင်ဝတ်စုံထဲမှ ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်က အစိမ်းရောင် အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။
ထိုပုံရိပ်ယောင်ခန္ဓာက ညာဘက်လက်တွင် ကြာပန်းတစ်ပွင့်ကို ကိုင်ထား၏။ သူ့ပုံစံက လျန်ယုနှင့် တူညီနေပြီး လျန်ယုထက် ပို၍သန့်စင်သည့်အပြင်မေတ္တာတရားများ ပို၍ပြည့်နှက်နေသည်။
သူ၏ခန္ဓာကိုယ်က အပေါ်ပိုင်းဗလာဖြစ်နေပြီး ရင်သားများ ပေါ်နေခဲ့၏။ သူ၏အသွေးအသားများကလည်း အနှစ်သာရများနှင့် ပေါင်းစပ်ဖွဲ့စည်းထားပုံရသည်။ ထိုပုံရိပ်ယောင်ခန္ဓာက အလွန်ဆွဲဆောင်မှု ရှိလွန်းလှ၏။ လှပသော သူမ၏ပါးစပ်လေးက အနည်းငယ် ခပ်ဟဟဖြစ်နေပြီး ဘယ်ဘက်လက်က အဝတ်အစားများ ချွတ်တော့မည့်အလား သူ၏ရင်သားပေါ်သို့ တင်ထားခဲ့သည်။ ထိုအရာက တဏှာရမ္မက်များကို ထကြွစေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်သည်။
အထွဋ်အမြတ်ဆန်မှုနှင့် ဆွဲဆောင်မှုရှိသော ခံစားမှုများက ထူးဆန်းစွာ ပေါင်းစပ်လာပြီး ပြောပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ပေးနေခဲ့သည်။ ထိုပုံရိပ်ယောင်ခန္ဓာက မုန့်ချီ၏ပင်မဝိညာဉ်ကို ချက်ချင်း ဆွဲဆောင်နေခဲ့၏။ အဖြူရောင် ပွင့်ချပ်လေးများနှင့် အနီဖျော့ရောင် မြူခိုးများလည်း ပြည့်နှက်နေခဲ့သည်။ လေထဲတွင်တော့ တိတ်တဆိတ် ညည်းညူသံများ ထွက်လာသလို ထင်ရ၏။
"ဒုတ်ဒုတ် … ဒုတ်ဒုတ် …. ဒုတ်ဒုတ် …"
မုန့်ချီ၏ ရင်ထဲတွင်တော့ ဗုံတစ်လုံးပမာ လှုပ်ရှားလာပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးများအားလုံးက ဆူပွက်လာသလို ထင်ရသည်။ အသက်ရှုသံကလည်း လေးလံလာခဲ့၏။ သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့သလို ခံစားနေရသည်။
ထိုဆွဲဆောင်မှုက ကမ္ဘာကြီး၏ သဘာဝစည်းချက်အတိုင်း ရှိနေသည်ဟု ခံစားနေရပြီး ခုခံရန် လုံးဝမဖြစ်နိုင်သလောက် ဖြစ်သည်။ သူကိုယ်တိုင်က ကာမဆက်ဆံခြင်းကို ထိန်းချုပ်ထားသည့်အလား သူ့ရင်ထဲတွင် ရှိနေသော စိတ်ဆန္ဒများကို ထိန်းချုပ်ထားသည့်အလား ခံစားနေရ၏။
"ဒုတ်ဒုတ် … ဒုတ်ဒုတ်… ဒုတ်ဒုတ်"
ခန်းမထဲတွင်ရှိနေသော လူငယ်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ သူတို့၏အမူအရာများက ရူးသွပ်သော အခြေအနေ ကျရောက်နေခဲ့၏။ သူတို့က ငြိမ်းချမ်းမှုကို လိုချင်နေသော်လည်း ဖြူစင်မှုကို မည်းမှောင်သွားအောင် လုပ်မိမှာ ကြောက်လန့်နေပုံရသည်။
"ဒုတ်ဒုတ် … ဒုတ်ဒုတ်… ဒုတ်ဒုတ်"
ဆွဲဆောင်မှုများကို ခက်ခက်ခဲခဲ သည်းခံလိုက်ပြီးနောက် မုန့်ချီက အနတ္တကျိန်စာဖျက် ဓားပညာ၏ နှလုံးကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး သူ၏အတွေးများအားလုံးကို ရှင်းထုတ်လိုက်သည်။
သူကတော့ တည်ငြိမ်အောင် ဆက်လက်ကြိုးစားနေခဲ့၏။ သူ၏မျက်ခုံးကြား ပင်မတံခါးကလည်း နက်မှောင်ပြီး မှေးမှိန်လာခဲ့သည်။ ထိုအရာက အပေါ်သို့ မရောက်သလို အောက်လည်း မဟုတ်ချေ။ အရှေ့ဘက်မဟုတ်သလို အနောက်ဘက်လည်း မဟုတ်ဘဲ အတိတ်လည်းမဟုတ်သလို အနာဂတ်လည်း မဟုတ်ချေ။
သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် အင်မော်တယ်ဘိုးဘေးခန္ဓာပေါ်လာပြီး အနှစ်သာရများ၏ လွှမ်းမိုးမှုကို ခုခံလိုက်၏။ ထိုတုံ့ပြန်တိုက်ခိုက်မှု (၂) ခုကြောင့် မုန့်ချီက အခွင့်အရေးတစ်ခု ရခဲ့သည်။ သူက ချက်ချင်းပင် သူ၏ပင်မဝိညာဉ်ထဲ၌ ဗုဒ္ဓလက်ဝါး၏ အနှစ်သာရများကို ပုံဖော်ကြည့်လိုက်ရာ သူ၏သိစိတ် ပင်လယ်ကြီးပေါ်တွင် ရွှေရောင်ဗုဒ္ဓပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
ထိုဗုဒ္ဓ၏လက်တစ်ဖက်က ကောင်းကင်ပေါ်ကို လက်ညှိုးထိုးနေပြီး တခြားလက်တစ်ဖက်က မြေပြင်ကို လက်ညှိုးထိုးနေခဲ့သည်။ သူ၏နှုတ်ဖျားမှနေ၍ ဓမ္မစကားလုံးတစ်ခု ရွတ်ဖတ်နေခဲ့သည်။
"ဒီကမ္ဘာမြေကြီးထဲမှာ ငါ ၊ ထူးခြားမှုနဲ့ အမှန်တရားက အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်…"
ဗုဒ္ဓ၏အသံက လျှပ်စီးကြောင်းကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ငါ ဟူသည်မှာ စိတ်ဆန္ဒများအားလုံး၏ အထက်တွင် ရှိနေပြီး ဖျက်စီး၍ မရနိုင်သော ပင်မဝိညာဉ်နှင့် ပေါင်းစပ်၍ စိတ်ဆန္ဒများအားလုံးကို ဖယ်ရှားပေးလိုက်သည်။
သူ၏သွေးကြောများထဲမှ ပေါက်ထွက်မတတ်ဖြစ်နေသော သွေးများက နှေးကွေးသွားခဲ့ပြီး နှလုံးခုန်သံကလည်း တည်ငြိမ်သွားခဲ့သည်။ သူ၏အသက်ရှူသံက လုံးဝကို ငြိမ်သက်သွားခဲ့၏။ မုန့်ချီက ရောယှက်နေသော အနှစ်သာရများ၏ လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ခဲ့သည်။
သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ယင်နင်နှင့် လဲ့ဟွမ်တို့ကလည်း ဖျားယောင်းခံလိုက်ရကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ သူတို့၏ပါး (၂)ဖက်က နီရဲနေပြီး သူတို့၏ညည်းတွားသံများကလည်း အဆုံးမရှိ ထွက်ပေါ်လာနေ၏။
ထိုအချိန်တွင် လျန်ယုဗောဓိတဗ္ပကတော့ ကြည်လင်တောက်ပနေသော မုန့်ချီ၏ မျက်လုံးများကို သတိမထားမိသေးသည့်အတွက် သူမ၏ပုံရိပ်ယောင်ခန္ဓာကို ဆက်လက်အသုံးပြုနေသေး၏။
မုန့်ချီက ရယ်လိုက်မိပြီး လမ်းမှားပညာရှင်တစ်ယောက်၏ ပုံသဏ္ဍာန်ကို ပြည့်ပြည့်ဝဝ ပြသတော့မည့်အချိန်တွင် သူ့ခေါင်းထဲ၌ ပို၍ကောင်းမွန်သော အကြံတစ်ခု ပေါ်လာခဲ့သည်။
သူက သိပ်မကြာခင် အတောအတွင်း မကောင်းဆိုးဝါးသူတော်စင်၏ သွေးတစ်စက်ကို ရရှိခဲ့သည် မဟုတ်ပေလော။ ထိုသို့ဆိုလျှင် သူက ဗုဒ္ဓလမ်းစဉ် သင်ကြားမှုများကို မကောင်းဆိုးဝါးလမ်းစဉ်အုတ်မြစ်ထဲသို့ ပေါင်းစပ်နိုင်သည်ဟူသော ယူဆချက်များကို ခိုင်မာလာစေရန် လုပ်ဆောင်နိုင်သည်။
ခရမ်းရောင်သွေးစက်က လေဟာနယ်လက်စွပ်ထဲမှ ထွက်လာပြီး မုန့်ချီ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့၏။ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်ကို လက်ဖဝါးအပေါက်မှတဆင့် သူ၏ခန္ဓာကိုယ်ထဲမှ စုပ်ယူလိုက်ပြီး အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်မှ ဖန်တီးထားသော ရွှေရောင်ဗုဒ္ဓ၏ အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သည်။
လျန်ယုဗောဓိတဗ္ပက သူမ၏ပုံရိပ်ယောင်ခန္ဓာကို အသုံးပြုရန် အကောင်းဆုံး ကြိုးစားနေစဉ် မကောင်းဆိုးဝါးချီစွမ်းအင်များက ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံလာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအရာက အလွန်ဖိအားပြင်းထန်လွန်းလှသည့်အတွက် သူမ၏ဝိညာဉ်ကပင် တုန်ခါသွားခဲ့ရ၏။
မကောင်းဆိုးဝါးချီစွမ်းအင်များထဲတွင် ဝါးမြိုမှု၊ ဖျက်ဆီးမှုနှင့် သုတ်သင်ရှင်းလင်းမှု အငွေ့အသက်များ ပြည့်နှက်နေသည်။ တစ်ချိန်တည်းတွင် ဗုဒ္ဓ၏ဓမ္မအနှစ်သာရများ၊ သနားကြင်နာမှုနှင့် မေတ္တာတရားများကို ပေါင်းစပ်ထားခဲ့သည်။ သူတို့က ပေါင်းစပ်ပြီး လူသားကမ္ဘာကြီးကို ငုံ့ကြည့်နေသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။
ဗုဒ္ဓအငွေ့အသက်များက ခန်းမကြီးထဲ၌ ပြည့်နှက်နေစဉ် မကောင်းဆိုးဝါး ချီစွမ်းအင်များက လေထဲတွင် ဝေ့ဝိုက်နေခဲ့သည်။ သက်ရှိများ၏ ကံကြမ္မာနှင့် မကောင်းသော စိတ်ဆန္ဒများကလည်း လေဟာနယ်နှင့် ဆက်သွယ်နေပြီး မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ပေါ်ပေါက်လာတော့မလို ထင်ရသည်။ မုန့်ချီက ထိုအရာများ၏အလယ်တွင် လက်နောက်ပစ်၍ ရပ်နေပြီး သူ့ပုံစံက ဗုဒ္ဓနှင့် နတ်ဘုရားကိုယ်တိုင်ကဲ့သို့ ထင်ရသည်။
လျန်ယု၏ မျက်နှာပေါ်တွင် ခံစားချက်များ ပြည့်နှက်လာ၏။ သူမ၏နောက်တွင် ရှိနေသော ဗောဓိတဗ္ပပုံရိပ်ကလည်း စတင်လှုပ်ရှားလာခဲ့သည်။
"ကရုဏာမဲ့က လမ်းမှားပညာရှင်တွေထဲမှာ တကယ့်ကို အစွမ်းရှိတာပဲ။ ငါက သူ့ရဲ့ပုံရိပ်ယောင်ခန္ဓာကို ပြသလာအောင် တွန်းအားမပေးနိုင်ဘူး…"
"လျန်ယု …
ငါ့ရဲ့ပုံရိပ်ယောင်ခန္ဓာကို ပြသရအုံးမှာလား…"
မုန့်ချီက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။
သူ့စကားကို ကြားသည့်အခါ ခန်းမထဲတွင် ရှိနေသော လူတိုင်းက သတိပြန်ဝင်လာကြ၏။ သူတို့က နတ်ဆိုးဧကရာဇ်ကဲ့သို့ သူ့ကို စိုက်ကြည့်နေမိခဲ့သည်။
လျန်ယုဗောဓိတဗ္ပက သူမ၏ပုံရိပ်ယောင်ခန္ဓာကို ရုပ်သိမ်းလိုက်သော်လည်း အနည်းဆုံးတော့ စိတ်ပျက်မှုများ မရှိခဲ့ချေ။
"ကရုဏာမဲ့နတ်ဆိုး …
နတ်ဆိုးဧကရာဇ်ဆိုတဲ့ဂုဏ်ပုဒ်ကတောင် ရှင်နဲ့မသင့်တော်တော့ဘူး။ အခု ရှင်က မဟူရာမှတ်တမ်းကို ရောက်နိုင်တဲ့အစွမ်းမျိုး ပိုင်ဆိုင်ထားတယ်။ ကျွန်မက ရှင့်လောက် အစွမ်းမထက်မှတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းချုပ်လိုက်ပါ့မယ်။ ကျွန်မက ဒီသတင်းကို ဂိုဏ်းခေါင်းဆောင် ဗောဓိတဗ္ပဆီကို သတင်းပို့လိုက်မယ်။ ပြီးတော့ မနက်ဖြန်ကျရင် စာချုပ်အတွက် စီစဉ်ပေးနိုင်ဖို့ တွေ့ဆုံပွဲတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်…"
‘မနက်ဖြန်လား။ ငါက ဒီနေ့ညမှာ ကရုဏာမဲ့နတ်ဆိုးဆိုတဲ့ပုံရိပ်ကို ရှင်းပြီး လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲရမှာလား။ ဒါဆိုရင်တော့ ကျွန်းထဲမှာ ပုန်းနေပြီး ဓားနဲ့ ထိတွေ့ခွင့်ရနိုင်တဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့အခွင့်အရေးကို ရှာလို့ရနိုင်တယ်…’
မုန့်ချီက မှင်တက်သွားမိခဲ့၏။
"ဒါပေမယ့် ငါက ဘယ်သူ့နေရာမှာ ဝင်ယူရမှာလဲ…"
လျန်ယုဗောဓိတဗ္ပဆီမှ ပြန်ထွက်လာပြီးနောက် လဲ့ဟွမ်က မုန့်ချီနှင့် ယင်နင်တို့ကို ဧည့်သည်စံအိမ်သို့ ခေါ်လာခဲ့သည်။ လမ်းတလျှောက်တွင် မြင်နေရသော မြင်ကွင်းများကြောင့် ထိုကျွန်းကြီးပေါ်တွင် တိရစ္ဆာန်ရိုင်းများကို အစာကြွေးပြီး ဝိညာဉ်မှော်သားရဲများကို မွေးမြူထားကြောင်း သတိထားမိခဲ့သည်။
အကယ်၍ သူကသာ ကြွက်တစ်ကောင်အဖြစ် ဟန်ဆောင်လိုက်မည်ဆိုလျှင် သူတို့၏ တိုက်ခိုက်မှုကို ဆန့်ကျင်ရန် ပို၍သတိထားမိနိုင်ပြီး အလေးမဲ့ ဖြစ်သွားတတ်သည်။ တစ်ဖက်တွင်တော့ အလွန်သေးငယ်သော သတ္တဝါလေးတစ်ကောင်အဖြစ် ဖုံးကွယ်ထားမည်ဆိုလျှင်လည်း ဆက်တိုက်ပြောင်းလဲရန် လိုအပ်၏။
"ငါက ဘယ်လိုပုံသဏ္ဍာန်မျိုးကို ပြောင်းလဲသင့်လဲ။ ကရုဏာမဲ့နတ်ဆိုး ပျောက်ကွယ်သွားတဲ့အတွက် ငါက ဘယ်လိုဆင်ခြေပေးလို့ရနိုင်မလဲ။ ငါက သံသယဝင်ခံရနိုင်ပြီး ကျွန်းတစ်ခုလုံး လိုက်ရှာခံရနိုင်လား…"
Translated by Hein Htet.