အခန်း (၆၂၅)
Vol. 42 Ch. 625
ဧည့်သည်စံအိမ်က သီးခြားတောင်ထိပ်တစ်ခုပေါ်တွင် တည်ရှိနေပြီး ပင်မတောင်ထိပ်ထက် အနည်းငယ်လေးသာ ပို၍နိမ့်ကျသည်။ ပင်လယ်ကြီးကို ငုံ့ကြည့်နိုင်သော ထိုခြံဝန်းက ကျွန်း၏အခြေအနေ တစ်ရပ်လုံးကို မြင်တွေ့ရရန် ကူညီပေးနိုင်သည်။ ထိုအရာက ရှုမျှော်ခင်း ကောင်းမွန်နေသလို ပတ်ဝန်းကျင် အခြေအနေကလည်း အလွန်အဆင်ပြေလှသည်။
လဲ့ဟွမ်၏ဦးဆောင်မှုနှင့် မုန့်ချီ၊ ယင်နင်တို့က ဝင်ပေါက်ရှိရာကို ဖြည်းဖြည်းချင်းဆီ ရောက်လာခဲ့ကြသည်။
ယင်နင်က လျှာလေးထုတ်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။
"ဆရာကြီးကရုဏာမဲ့ လျန်ယုဗောဓိတဗ္ပရဲ့ ပုံရိပ်ယောင်ခန္ဓာက ကျွန်မကို ဖျားယောင်းနိုင်ခဲ့တယ်။ အခုတော့ ကျွန်မက တည်ငြိမ်သွားပါပြီ။ အခုမှ သူ့ဆီ သတင်းမပို့ရသေးတဲ့ ဂိုဏ်းကိစ္စတချို့ ရှိနေသေးတာ အမှတ်ရတော့တယ်။ ကျေးဇူးပြုပြီး ခဏအနားယူလိုက်ပါဦး။ ကျွန်မ ချက်ချင်းပြန်လာခဲ့ပါ့မယ်…"
သူမက မုန့်ချီ၏ခွင့်ပြုချက်ကို စောင့်နေပြီးမှ ပျော်ရွှင်ခြင်းနန်းတော်ထဲသို့ ချက်ချင်း ပြန်ပြေးသွားခဲ့သည်။ ထိုအရာကို မြင်သည့်အခါ လဲ့ဟွမ်က တိုးတိုးလေး ရယ်လိုက်မိ၏။
လဲ့ဟွမ်ကို အဝေးသို့ သွားခိုင်းလိုက်ပြီးနောက် မုန့်ချီက သန့်ရှင်းသပ်ရပ်သော အခန်းထဲတွင် ရှိနေသည့် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူက နောက်ထပ်လုပ်ရမည့် အစီအစဉ်ကို စဉ်းစားနေခဲ့၏။ သူက မနက်ဖြန်တွင် လက်ရှိ ပျော်ရွှင်ခြင်းဗောဓိတဗ္ပနှင့် တွေ့ဆုံရမည် ဖြစ်သည်။ ထို့ကြောင့် ကရုဏာမဲ့နတ်ဆိုးက ယနေ့ညတွင် ပျောက်ကွယ်သွားရမည် ဖြစ်သည်။
သို့သော် ရုတ်တရက် ပျောက်ကွယ်သွားခြင်းက ကျွန်းထဲကို ဝင်ရောက်လာသော ကရုဏာမဲ့နတ်ဆိုး၏ ဦးတည်ချက်အပေါ် သံသယဝင်သွားနိုင်သည့်အတွက် သိုင်းသခင်များက လူတိုင်းထွက်မသွားနိုင်စေရန် ကျွန်းကို သေချာ ရှာဖွေစစ်ဆေးနိုင်သည်။
"ငါက လျန်ယုဗောဓိတဗ္ပရဲ့ စစ်ဆေးမှုကို မကျေမနပ်ဖြစ်တဲ့အတွက် ထွက်ပြေးသွားချင်ယောင်ဆောင်လိုက်ရင်ရော...။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာ စိုးရိမ်နေတယ်လို့ ဟန်ဆောင်လိုက်လို့ ရတယ် မဟုတ်လား။ ဒါက သိပ်ပြီးအဆင်ပြေတဲ့ ဆင်ခြေတစ်ခုတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ သင့်တော်မှုတော့ရှိတယ်…"
မုန့်ချီက မျက်လုံးတစ်ဖက် မှိတ်ထားပြီး အလင်းရောင်များကို ခန္ဓာကိုယ်အတွင်းထဲတွင်စုစည်းထားခဲ့သည်။ ကရုဏာမဲ့နတ်ဆိုး၏ ပုံသဏ္ဍာန် ပျောက်ကွယ်သွားပြီးနောက် သူက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး တောင်တန်းထဲကို ဆင်းချလာခဲ့သည်။ သူက မှော်သားရဲများကိုတော့ ရှောင်တိမ်းသွားခဲ့၏။
ထို့နောက် သူက လမ်းမပေါ်တွင် ရှိနေသော သူတောင်းစားတစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်၏။ ထိုသူတောင်းစားများက မည်သူမှ သွားရောက် ရှာဖွေလိုသည့်သူများ မဟုတ်ကြပေ။
အကယ်၍ သူကသာ လူသစ်တစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်မည်ဆိုလျှင် တပည့်များထဲမှ တစ်ယောက်ကို အလိုဖြည့်ပေးရန် ရွေးချယ်ခံရနိုင်သည်။ သူက လိင်မှုကိစ္စတွင် အတွေ့အကြုံ မရှိသည့်အတွက် အိပ်ရာထဲတွင် ရုပ်ဖျက်မှုကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ချေ။ အကယ်၍ သူက သူတောင်းစားများထဲတွင် ကောင်းမွန်စွာ ပုန်းအောင်းနေပြီး နေရာအတည်တကျ မရှိစေရန် ရှောင်ရှားလိုက်မည်ဆိုလျှင် အချိန်တိုလေးအတွင်း စိုးရိမ်စရာတော့ မလိုအပ်ပေ။
ထို့နောက် သူက မြို့ငယ်လေးထဲသို့ ဝင်ရောက်နိုင်ပြီး လောကသခင် ပျက်သုဉ်းခြင်းဓားကို နားလည်ရန် အခွင့်အရေးရှိနေသော ယောကျ်ားလေး တပည့်တစ်ယောက်ကို ရှာဖွေ၍ ရနိုင်သည်။ သူက နောက်ထပ် ပို၍ကောင်းမွန်သော အစီအစဉ်တစ်ခုကို စဉ်းစားမနေဘဲ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။ တစ်ခါတစ်ရံ အသေးစိတ်ကျသော အစီအစဉ်များက မထင်မှတ်ထားသော အရာများစွာကို ဖိတ်ခေါ်ပေးနိုင်သည်။
သိပ်မကြာခင် ယင်နင်က ခြံဝန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ မုန့်ချီက မျက်လုံးပိတ်၍ လေ့ကျင့်နေကြောင်း မြင်သည့်အခါ သူမလည်း အခန်းထဲတွင် သွားရောက်အနားယူလိုက်၏။
အပြင်ဘက်တွင်တော့ လမင်းကြီးက ထိန်ထိန်သာနေပြီး လေပြေလေညင်းလေးများက မှောင်မည်းနေသော ကောင်းကင်ကြီးပေါ်တွင် သိမ်မွေ့ညင်သာစွာ တိုက်ခတ်နေခဲ့သည်။
မုန့်ချီက ထွက်ပြေးရန် အခွင့်အရေးကို စောင့်နေသည့်အချိန်တွင် ပျော်ရွှင်ခြင်းနန်းတော်ဆီမှ ညည်းတွားသံများကို ကြားလိုက်ရ၏။ ဆွဲဆောင်မှုက အလွန်ပြင်းထန်လွန်းလှသည့်အတွက် သူ၏အရိုးထဲထိအောင် စိမ့်ဝင်လာပြီး သူ၏ပင်မဝိညာဉ်နှင့် စိတ်ဝိညာဉ်ကို ဆွဲဆောင်နေခဲ့သည်။ အလွန်ဝေးကွာနေသည့်အတွက် အသံများက မထင်မရှား ရှိနေသော်လည်း သူ၏အနက်ရှိုင်းဆုံး စိတ်ဆန္ဒများကို ဆွဲဆောင်နေသလို ထင်မှတ်ရသည်။
"လျန်ယုဗောဓိတဗ္ပ..."
မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး သူ၏ပင်မဝိညာဉ်ထဲ၌ သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့၏။
မြို့ငယ်လေး၏ နေရာတိုင်းနှင့် တောင်ထိပ်များ အားလုံးမှနေ၍ အနိမ့်အမြင့် ညည်းတွားသံမျိုးစုံ ထွက်ပေါ်လာကြသည်။ တချို့ကတော့ တိတ်ဆိတ်သော ညည်းတွားသံများဖြစ်ကြပြီး တချို့ကတော့ ကျယ်လောင်သော အသံများ ဖြစ်ကြသည်။ တချို့ကတော့ အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး တချို့ကတော့ နာကျင်မှုများ ပြည့်နှက်နေခဲ့၏။ တချို့ကတော့ သိမ်မွေ့ညင်သာပြီး တချို့ကတော့ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ပြောဆိုနေကြသည်။
ထိုအသံများက အာရုံခံစားနိုင်စွမ်းရှိသော နားထောင်နေသူများကို ဆွဲဆောင်မှုမှ လုံးဝခုခံနိုင်ခြင်း မရှိစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ တခဏအတွင်း မုန့်ချီက သုခပင်လယ်ကြီးထဲတွင် နစ်မြုပ်သွားကြောင်း တွေ့လိုက်ရ၏။ ဖော်ပြ၍ မရနိုင်သော မွှေးရနံ့တစ်ခုကလည်း သူ၏နှာခေါင်းထဲသို့ ကျူးကျော်လာခဲ့သည်။
ထိုအချိန်တွင် သူ၏ပတ်ပတ်လည်၌ ခံစားချက်များ ပြင်းထန်နေသည့် မိန်းကလေးအသံများ ပြည့်နှက်လာပြီး သူက ရေနွေးဇလုံတစ်ခုထဲတွင် ရေစိမ်နေရသလို ခံစားနေရသည်။ ရေ၏အပူရှိန်က အလွန်သိမ်မွေ့ နူးညံ့နေသည့်အတွက် ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောပေါက် တစ်ခုချင်းဆီကို ဖွင့်ပေးနေခဲ့၏။ သူ၏ခြေထောက်မှနေ၍ တဖျင်းဖျင်း ခံစားချက်များက တစ်ကိုယ်လုံးကို ပျံ့နှံ့လာခဲ့သည်။
"မဟုတ်ဘူး။ ဒါက သာမန်ကာမဆက်ဆံနေတဲ့အသံမျိုး မဟုတ်ဘူး…"
ထိုလှုံ့ဆော်မှုများကြောင့် သူ၏သိစိတ်က တဖြည်းဖြည်း ဝေဝါးလာကြောင်း ခံစားမိသည့်အချိန်တွင် သူ့စိတ်ထဲ၌ ဆိုးရွားသော အရာတစ်ခုကို ခံစားမိခဲ့သည်။
သူက အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး ဗုဒ္ဓလက်ဝါး၏ အနှစ်သာရများကို စတင်ပုံဖော်ကြည့်လိုက်သည်။ ဖျက်ဆီး၍ မရနိုင်သော ကမ္ဘာဦးပုံသဏ္ဍာန်တစ်ခုက သူ၏ခန္ဓာကိုယ် အတွင်းပိုင်းထဲတွင် ပေါ်လာခဲ့ပြီး လှုပ်ရှား၍ မရနိုင်သလို ဖြစ်နေသော သူ၏ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖိနှိပ်ပေးနေခဲ့သည်။
ထိုအချိန်တွင် တစ်ဖက်ခန်းမှနေ၍ ယင်နင်၏အသံကို ကြားလိုက်ရ၏။
"ဆရာကြီးကရုဏာမဲ့ ဝင်္ကပါကို ဂရုစိုက်ပါ…"
သူမ၏အသံက ရေထဲတွင် အိပ်စက်နေသည့်အလား အလွန်တိုးပြီး နူးညံ့နေသည်။ ကြက်တောင်မွေးတစ်ခုနှင့် အရိုးကို သပ်ချနေသလို ခံစားချက်မျိုး ဖြစ်၏။ ထိုအသံက ခံစားချက်များ ပြည့်နှက်နေပြီး အလွန်ဆွဲဆောင်မှုရှိသည့်အတွက် မုန့်ချီက တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့သည်။
"ဘယ်လိုဝင်္ကပါမျိုးလဲ…"
မုန့်ချီက သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်ရန် ကြိုးစားပြီး မေးလိုက်၏။
ယင်နင်က သူ့အခန်းဆီသို့ ဒယိမ်းဒယိုင်နှင့် လျှောက်လာပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"ကမ္ဘာ(၉)မျိုးနတ်သမီးဝင်္ကပါ...
အဲဒါက ဆရာကြီးကရုဏာမဲ့ကို ရင်ဆိုင်ဖို့အတွက် အသက်သွင်းထားတာ မဟုတ်ဘူး။ ဆရာကြီးက ဒီလိုသာယာမှုကနေ ရုန်းမထွက်နိုင်အောင် မျှော်လင့်ချက်မျိုး ပေးနိုင်ဖို့အတွက် ဆွဲဆောင်နေရုံသက်သက်ပဲ…"
ဝင်္ကပါ၏ လွှမ်းမိုးမှုကြောင့် သူမလည်း အသက်ရှူသံ မြန်လာခဲ့သည်။ သူမက သူ့ကို ရွှန်းလဲ့နေသော မျက်လုံးများနှင့် စိုက်ကြည့်ပြီး သူ၏သိမ်းပိုက်မှုကို မျှော်လင့်တောင်းတနေသယောင် ထင်မှတ်ရသည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။ ထို့နောက် သူမ၏မျက်ခုံးကြားထဲကို လက်ညှိုးနှင့် ပုတ်လိုက်သည်။ သူမက တိုးတိုးလေး အသံထွက်ပြီး ပင်မဝိညာဉ် ပိတ်ဆို့ခံလိုက်ရသည့်အတွက် သတိလစ်သွားခဲ့၏။
ထိုဝင်္ကပါက လျန်ယုဗောဓိတဗ္ပ ပုံရိပ်ယောင်ခန္ဓာထက်ပင် ပို၍ဆွဲဆောင်မှု ပြင်းထန်နေသေးသည်။ အကယ်၍ သူကသာ အနားတွင် အလွန်လှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးကို ထားမိမည်ဆိုလျှင် ထိုဆွဲဆောင်မှုကို သေချာပေါက် ခုခံနိုင်တော့မည် မဟုတ်ချေ။
သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ နေရာတိုင်းတွင် ကာမဆက်ဆံနေသော လူပေါင်းများစွာ ရှိနေကြောင်း နားလည်သွားသည်။ သူတို့အားလုံးက မြို့ငယ်လေးထဲတွင် ရှိနေသော လမ်းမများမှနေ၍ တောင်ထိပ်ပေါ်သို့ တက်သွားသော လမ်းများအားလုံးတွင် ပြည့်နှက်နေခဲ့သည်။ လီဟွားကျွန်းတစ်ခုလုံးက စိတ်ဆန္ဒများကို ဖွင့်ထုတ်ရာ သန့်စင်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆုံးစွန်သောခံစားချက်များနှင့် ပေါက်ကွဲနေကြ၏။
"ကရုဏာမဲ့နတ်ဆိုး…
ရှင်က စမ်းသပ်မကြည့်ချင်ဘူးလား…"
လျန်ယုဗောဓိတဗ္ပ၏အသံက တောင်တန်းများ ၊ ကျောက်ဆောင်ကြီးများကို ထိုးဖောက်လာခဲ့ပြီး သူ့နားထဲကို ရောက်လာခဲ့သည်။ မုန့်ချီကတော့ တစ်ကိုယ်လုံး အားပျော့သွားသလို ခံစားလိုက်ရ၏။ သူက ရင်ဘတ်ထဲမှ ထွက်ပေါ်လာသော အပူလှိုင်းကို ဖိနှိပ်ရန် မနည်း ကြိုးစားနေရသည်။
"ဒါက ငါ စောင့်နေတဲ့အခွင့်အရေးပဲ…"
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ထိုအခွင့်အရေးကို အသုံးချ၍ လီဟွားကျွန်းမှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိသည့်အတွက် စိုးရိမ်တကြီး ထွက်ပြေးသွားသည်ဟု လျန်ယုဗောဓိတဗ္ပက ယူဆနိုင်သည်။
ရုတ်တရက်ဆိုသလို တခြားသော တောင်ထိပ်တစ်ခုမှနေ၍ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပျော်ရွှင်ခြင်းနန်းတော်၏ အနီးတစ်ဝိုက်တွင် ဝေ့ဝဲနေခဲ့သည်။ အဝေးမှနေ၍ မိန်းမပျိုတစ်ယောက်၏ အသံကိုလည်း ကြားလိုက်ရ၏။
"နင်က ညကြီးသန်းခေါင် သူများအိပ်နေတာကို နှောင့်ယှက်ရဲတာပဲ…"
လျန်ယုဗောဓိတဗ္ပ၏အစွမ်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ညည်းညူသံများက ပျောက်ကွယ်သွားခဲ့သည်။ သုခပင်လယ်ကြီးကလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး လရောင်နှင့် အေးမြသော လေလှိုင်းလေးများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးက တည်ငြိမ်အေးချမ်းသွားခဲ့၏။
"ရှန့်မြစ်ညီမလေး …
နင်က အိပ်ရာပေါ်မှာ နွေးထွေးအောင် လုပ်ပေးမဲ့ ယောကျ်ားမရှိလို့ မကျေမနပ် ဖြစ်နေတာလား။ အခုငါတို့တွေ သာယာနေတာကို ကြားတဲ့အချိန်မှာ နင်က မခံနိုင်တော့တာလား။ နင်က တစ်ယောက်တည်း အထီးကျန်နေလို့ အိပ်မပျော်တာလား…"
သနားကရုဏာများ ပြည့်နှက်နေသော လျန်ယုဗောဓိတဗ္ပ၏အသံကို မုန့်ချီက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"နင့်ယောကျ်ားက သေသွားမှတော့ နင်က ဘယ်သူ့ကိုမှ သစ္စာရှိဖို့ မလိုတော့ဘူးလေ။ နင်က ဘာလို့ ငါ့နေရာကို မလာရတာလဲ။ ငါ့ရဲ့နေရာမှာ နင် ရွေးချယ်လို့ရတဲ့လူတွေ အများကြီးရှိတယ်။ သူတို့က နင့်ကို သဘောကျနေတာ အရမ်းကြာနေပြီ ညီမလေး...။ သူတို့က နင့်ရဲ့ခါးကျဉ်ကျဉ်လေးကို မျက်စိတောင် မခွာနိုင်ကြဘူး…"
"တော်စမ်း…"
ရှန့်မြစ်နတ်သမီးက လျန်ယုဗောဓိတဗ္ပ၏ စကားလုံးအရှက်ခွဲမှုကို ဝင်ရောက်နှောင့်ယှက်လိုက်သည်။ သူမက တခြားမည်သည့်စကားမျှ မပြောခဲ့ပေ။
လျန်ယုဗောဓိတဗ္ပက ပြန်လည်တည်ငြိမ်သွားခဲ့ပြီး မုန့်ချီကို အပြုံးနှင့် ပြောလိုက်၏။
"ကျွန်မက ညကြီးသန်းခေါင် ပျော်ရွှင်ဖို့အတွက် ရှင့်ကို နှောင့်ယှက်မိတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒါက လီဟွားကျွန်းရဲ့ ဓလေ့ထုံးစံပါပဲ…”
“ဒါက တစ်ညတည်းပဲမလို့ ကံကောင်းသွားတယ်…"
မုန့်ချီက အနည်းငယ် ဒေါသထွက်သွားခဲ့၏။
လျန်ယုဗောဓိတဗ္ပက ထိတ်လန့်သွားခဲ့သည်။
"လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့ အကြောင်းပြန်စာ ရောက်လာပြီဆိုတာ ရှင့်ကို သတိပေးဖို့ မေ့သွားတယ်။ ဂိုဏ်းခေါင်းဆောင်ဗောဓိတဗ္ပက တံခါးပိတ်လေ့ကျင့်နေတဲ့အတွက် လဝက်နေပြီးမှပဲ ထွက်လာနိုင်လိမ့်မယ်။ ကျေးဇူးပြုပြီး ဒီမှာ စိတ်ရှည်လက်ရှည် စောင့်နေပေးပါ…"
"ဒါက တကယ့်အမှန်လား…"
ထိုသတင်းကို ကြားသည့်အခါ မုန့်ချီက စိတ်လှုပ်ရှားသွားခဲ့သော်လည်း သိပ်မကြာခင် သူ့ကို ဆွဲဆောင်ရန်အတွက် လျန်ယုဗောဓိတဗ္ပက တမင်တကာ ဖုံးကွယ်ထားသော အရာများ ရှိနေနိုင်ကြောင်း ရိပ်စားမိလာခဲ့သည်။ သူက သတိမထားဘဲနေ၍ မရနိုင်ပေ။
"ဟမ်…"
မုန့်ချီက နောက်ထပ်ပြန်ဖြေခဲ့ခြင်း မရှိချေ။
သူက အစီအစဉ်ကို ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်၏။ အစောပိုင်းတွင် ဖျားယောင်ခဲ့သော လုပ်ရပ်က သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သေးသည်။
ရှန့်မြစ်နတ်သမီး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် လျန်ယုဗောဓိတဗ္ပက ဆက်လက်လုပ်ဆောင်ရန် မသင့်တော်တော့ပေ။ အဆုံးတွင်တော့ ကျွန်းတစ်ခုလုံးက တည်ငြိမ်အေးချမ်းသွားခဲ့ပြီး တိရစ္ဆာန်များနှင့် ပိုးကောင်များ၏ တိတ်တဆိတ် အော်သံများသာ ထွက်ပေါ်လာခဲ့၏။
မုန့်ချီက ယင်နင်ကို တစ်ဖက်အခန်းထဲသို့ ပြန်ပို့လိုက်ပြီး နောက်တစ်ကြိမ် လေ့ကျင့်နေခဲ့သည်။ သူက တဖြည်းဖြည်း ညဉ့်နက်သွားသည့်အချိန်ကို စောင့်နေခဲ့၏။
ညသန်းခေါင် ရောက်ပြီးနောက် လူတစ်ယောက်က မုန့်ချီ၏ခေါင်းပေါ်မှ ပျံသန်းလာခဲ့သည်။ ထို့နောက် ဆပ်ပြာမြှုပ်တစ်ခုကဲ့သို့ မုန့်ချီက ပျောက်ကွယ်သွားခဲ့၏။ နဖူးပေါ်တွင် ဆံပင်ဖြူများရှိနေသော အစိမ်းဝတ်လူရိပ်က ဘဝအတွေ့အကြုံများ ပြည့်နှက်နေသော ခံစားချက်မျိုး ရှိနေသည်။ ထိုအရာက ကရုဏာမဲ့နတ်ဆိုးအဖြစ် ဖုံးကွယ်ထားသော မုန့်ချီ ဖြစ်၏။
ကရုဏာမဲ့နတ်ဆိုးက သူ၏အငွေ့အသက်များကို ထိန်းချုပ်လိုက်ပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူက ကျွန်းထဲမှ ထွက်ပြေးရန် ကြိုးစားနေသည့်အချိန်တွင် လေထဲမှ တိတ်တဆိတ် ပျံသန်းသွားခဲ့၏။ သူက ပင်မတောင်ထိပ်ထက် (၁၀)ပေနီးပါးခန့် ပို၍မြင့်သွားသည့်အချိန်တွင် သူ၏လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့၏။
သူက အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။ သူ့ကို အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက စောင့်ကြိုနေသလို ထင်မှတ်ရ၏။
"လျန်ယုက ငါ ထွက်ပြေးတာကို တားဆီးဖို့အတွက် လျှို့ဝှက်ဝင်္ကပါတွေကို အသက်သွင်းထားတာပဲ။ ဒါပေမဲ့ သူက ဝင်္ကပါကို ဖျောက်ထားပြီး တစ်ပိုင်းတစ်စပဲ အသက်သွင်းထားတယ်။ ငါက အဲဒါကို ကြိုတင်သတိထားမိသွားမှာ ကြောက်လို့ဖြစ်လိမ့်မယ်။ ငါက ဒါတွေအားလုံးကို တစ်ကြိမ်တည်းနဲ့ ဖျက်ဆီးပစ်ရမှာပဲ..."
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး လေဟာနယ် ကူးပြောင်းခြင်းခြေလှမ်းကိုသုံး၍ အခွင့်အရေးတစ်ခုကို စောင့်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့အနားတွင် ရှိနေသော လေဟာနယ်က အက်ကွဲလာခဲ့ပြီး အလွန်တောက်ပသော ဓားမောက်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
တခဏအတွင်း ထိုအရာက ပိတ်လှောင်ထားသော ဝင်္ကပါကို ဖျက်ဆီးပစ်လိုက်၏။ ဝင်္ကပါက ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး နေရာတိုင်းတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။ အက်ကွဲကြောင်းလေးတစ်ခု ပေါ်လာခဲ့သည့်အချိန်တွင် မုန့်ချီက ခြေထောက် (၂) ဖက်ကို ခုန်ထွက်လိုက်ပြီး ဝင်္ကပါ၏ အပြင်ဘက်သို့ ပျံသန်းသွားခဲ့၏။
သူက ဝင်္ကပါ၏အပြင်ဘက်သို့ ထွက်လိုက်ရုံသာ ရှိသေးသော်လည်း သူ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ နေရာတွင် ဆံပင်မွှေးတစ်ချောင်းနှင့် ဖန်တီးထားခဲ့သော ကိုယ်ပွားကလည်း ပြာမှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက သက်ရှိဖန်တီးခြင်း အစွမ်းကိုသုံးပြီး ဖန်တီးထားသည့် ကိုယ်ပွားတစ်ခု ဖြစ်သည်။ အစစ်အမှန် မုန့်ချီကတော့ ဝင်္ကပါအတွင်းထဲတွင် ရှိနေသေး၏။
စက္ကန့်ပိုင်းလေးအတွင်း လျန်ယုဗောဓိတဗ္ပက ထိုနေရာတွင် ပေါ်လာပြီး သူမ၏မျက်နှာပေါ်တွင် ကရုဏာ အငွေ့အသက်မျိုး မရှိတော့ပဲ ဒေါသများသာ ရှိတော့၏။ သူမက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ တခြား မည်သည့် အငွေ့အသက်မှ မတွေ့ရတော့ပေ။ သူမက ပေါက်ကွဲလုမတတ် ဖြစ်နေသော ဒေါသများကို ဖိနှိပ်ရန် ကြိုးစားနေပုံရ၏။
"ရှင်က စိတ်မရှည်နိုင်ဖြစ်နေလို့ သူက ကြောက်သွားတာ..."
လျန်ယုဗောဓိတဗ္ပ၏ အနားမှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ရှန့်မြစ်နတ်သမီးမဟုတ်ဘဲ ပင်မဝိညာဉ် ပိတ်ဆို့ခံထားရသော ယင်နင်ဆီမှ ဖြစ်သည်။
လျန်ယုက ပြန်လှည့်ပြီး ဒေါသတကြီး ပြန်ပြောလိုက်၏။
"နင်က သူ့ကို စောင့်ကြည့်နေရမှာလေ။ ဘယ်သူက လဝက်လောက် အချိန်ဆွဲဖို့ အကြံပေးခဲ့တာလဲ…"
"နင်က ဒီနေ့ညမှာပဲ ဒီလိုဆွဲဆောင်လိမ့်မယ်လို့ ငါက ဘယ်လိုသိမှာလဲ။ ငါက ပင်မဝိညာဉ်ကို တကယ်အပိတ်ခံခဲ့ရတာ...။ ဒါကြောင့် သူက သံသယမဝင်ခဲ့တာပေါ့။ ပြီးတော့ သူက တော်တော်လေးကို ပြတ်သားတယ်။ ငါ့မှာ သူ့ကိုတားဖို့အချိန်တောင် မရလိုက်ဘူး…"
ယင်နင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
မုန့်ချီက သစ်တောထဲသို့ တိတ်တဆိတ် ကျဆင်းသွားခဲ့ပြီး ဝင်္ကပါကို အာရုံလွှဲရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သူက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး မှော်သားရဲများကို ရှောင်တိမ်း၍ မြို့ငယ်လေးထဲကို ပုံမှန်အတိုင်း လျှောက်လှမ်းလာခဲ့၏။
အခြေအနေများက အလွန်အဆင်ပြေလှသည်။ ဝင်္ကပါ၏ ကြီးကျယ်ခမ်းနားမှုက မှော်သားရဲများကို ကြောက်လန့်သွားစေနိုင်သည့်အတွက် သူတို့က သူ့ကို အမဲလိုက်ရန် အစွမ်းမျိုး မရှိကြပေ။ မြို့ငယ်လေးဆီသို့ မုန့်ချီ၏ ခရီးလမ်းက အလွန်ချောမွေ့နေခဲ့၏။
ထို့နောက် သူက မျက်နှာပေါ်တွင် ရွှံ့များ ပြည့်နှက်နေသော သူတောင်းစား တစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ သူက သေလုမျောပါးပုံစံ ဟန်ဆောင်နေပြီး ထောင့်တစ်နေရာတွင် ပုန်းအောင်းနေခဲ့၏။ နောက်ပိုင်းနေ့ရက်များတွင် ကျွန်းလေးက အတော်လေးကို တင်းကျပ်လာခဲ့သည်။
လျန်ယုဗောဓိတဗ္ပက ဒေါသထွက်နေကြောင်း တပည့်တိုင်းနှင့် ကိုယ်လုပ်တော်တိုင်းက သိနေကြ၏။ သူမက ဒေါသထွက်နေသည့်အချိန်တွင် ယောကျ်ားပေါင်းများစွာကိုပင် သတ်ပစ်နိုင်သည်။ ထို့ကြောင့် မည်သူကမျှ သူတောင်းစားများကို ဖျော်ဖြေရန် ခံစားချက်မျိုး မရှိကြပေ။
မုန့်ချီ၏ စိတ်ဝိညာဉ်သိစိတ်ကတော့ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လမ်းများအားလုံးကို လွှမ်းခြုံထားပြီး တပည့်တိုင်း၏ စကားလုံးတိုင်းကို ခိုးနားထောင်နေခဲ့သည်။ သူက အလွန်အသုံးဝင်သော အချက်အလက် တချို့ကိုလည်း ရရှိခဲ့၏။
သတိပေးချက်များ ပါဝင်နေသော စကားဝိုင်းတစ်ခုတွင်တော့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်တွင် ရှိနေသော လူငယ်တချို့က ကာမဆက်ဆံရန် မဟုတ်ဘဲ သူတို့က လောကသခင်ပျက်သုဉ်းခြင်းဓားကို နားလည်ခွင့်ရနိုင်ကြသည်။
ဥပမာအနေနှင့်ပြောရလျှင် ရှန့်မြစ်နတ်သမီးက ပါရမီအနည်းအကျဉ်းရှိသော လူငယ်တစ်ယောက်နှင့် ကလေးငယ်တစ်ယောက်ကို ခေါ်ထားခဲ့သည်။ ပထမဆုံး သူမက သူတို့ကို လောကသခင်၏ အမွေအနှစ်များ နားလည်မှုရရန် ပို့ဆောင်ပြီး သူတို့၏အောင်မြင်မှုကို တွက်ချက်ကြည့်ခဲ့သည်။ ဒုတိယတစ်မျိုးကတော့ သူမက သူမ၏တပည့်များအတွက် နှစ်မွှာကျင့်စဉ်လေ့ကျင့်ရန် သင့်တော်သော လူငယ်များကို ရွေးချယ်တတ်သည်။
"ကြည့်ရတာတော့ ရှန့်မြစ်သမီးရဲ့စံအိမ်ထဲကို ခိုးဝင်တာက ပိုပြီးလုံခြုံမယ်ထင်တယ်။ အခွင့်အရေးကလည်း အရမ်းမြင့်တယ်။ ငါသာ သတိထားပြီးနေမယ်ဆိုရင် ရွေးချယ်ခံရမှာလည်း မဟုတ်ဘူး…"
ခေါင်းထဲတွင် ထိုအရာကို စဉ်းစားမိသည့်အတွက် မုန့်ချီက ရှန့်မြစ်နတ်သမီး၏ ယောကျ်ားလေး တပည့်တစ်ယောက်ကို ခေါင်းခေါက်လိုက်ပြီး သူ့ကို သတိလစ်သွားအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် တောင်တန်းမြစ်မြေပုံထဲသို့ ပစ်ထည့်လိုက်၏။ သူက တံခါး (၆) ပေါက်အဆင့်သာ ရှိနေသည့်အတွက် ရတနာကို မသုံးဘဲ ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်ပေ။
မုန့်ချီက အသက် (၂၀) ဝန်းကျင် မထင်မရှား လူငယ်အဖြစ် ဟန်ဆောင်နေခဲ့၏။ ပိန်ပိန်ပါးပါးနှင့် အားနည်းသော သူ့ပုံစံက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်ထဲတွင် ဝယ်ထားသော ပစ္စည်းများကိုကိုင်ပြီး သူက ရှန့်ရွှေတောင်ထိပ်သို့ ပြန်တက်လာခဲ့၏။
ရက်ပေါင်းများစွာ ခိုးနားထောင်ခဲ့ပြီးနောက် ထိုလူငယ်၏နေအိမ်က မည်သည့်နေရာတွင် ရှိနေကြောင်း သူက အကြမ်းဖျင်း သိနေခဲ့သည်။ သူက တောင်တစ်ဝက်သို့ ရောက်သည့်အချိန်တွင် ပြန်လှည့်လာပြီး အစိမ်းရောင်အုတ်နှင့် အနက်ရောင်အမိုးများ မိုးထားသည့် စံအိမ်တစ်ခုထဲကို ဝင်လာခဲ့သည်။
ခြံဝန်းထဲတွင်တော့ ယောကျ်ားလေးနှင့် မိန်းကလေးစုံတွဲပေါင်းများစွာ လေ့ကျင့်နေကြသည်။ သူတို့ကတော့ အတွဲမရှိသော ယောကျ်ားလေး တပည့်များ၏ အားကျမှုကို ခံကြရသည်။ သူတို့က တစ်ဖက်လူ၏ နေရာတွင် အစားထိုး ဝင်ချင်နေကြ၏။ မကြာခဏဆိုသလို သူတို့က အဖော်ရှိနေသော လူငယ်များကို တိတ်တဆိတ် ကျိန်ဆဲနေမိကြသည်။
မုန့်ချီ ဝင်လာသည်ကို မြင်သည့်အခါ လူတစ်ယောက်က ရယ်လိုက်၏။
"အစ်ကိုရှီ…
အစ်ကိုရှီ မြို့ထဲကိုသွားတဲ့အချိန် ဗောဓိတဗ္ပမိန်းကလေးတစ်ယောက်ကို သူတို့နဲ့ ပျော်ပါးခွင့်ရဖို့အတွက် မတောင်းဆိုခဲ့ဘူးလား…"
"ဒီနေ့ သူတို့ဆီမှာ ဘာခံစားချက်မှ မရှိကြဘူး…"
မုန့်ချီက သက်ပြင်းချပြီး ခေါင်းခါလိုက်မိသည်။
မူလစကားများအရ သူ ဟန်ဆောင်ထားသော လက်ရှိခန္ဓာပိုင်ရှင်က ကောရှီဟုခေါ်သည်။ သူက ရံဖန်ရံခါ မြို့ငယ်လေးထဲသို့သွားပြီး မိန်းမပျိုတစ်ယောက်ကို ပျော်ပါးပေးရန် တောင်းဆိုတတ်၏။ သို့သော် ထိုအရာက သူ့လို ငကြောက်တစ်ယောက်အတွက်တော့ အပေါ်ယံ စကားပြောဆိုရုံ သက်သက်သာ ဖြစ်သည်။ သူက အမြဲတမ်း ဆင်ခြေတစ်ခုသာ ပေးတတ်၏။
ခြံဝန်းထဲတွင်တော့ သူ့စကားကြောင့် ရယ်သံများသာ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ဆိုးရွားသော ခံစားချက်များက သူ့ကို စနောက်ကြရန်သာ ဖြစ်သည်။ လူတစ်ယောက်၏ပျော်ရွှင်မှုက တစ်ဖက်လူနှင့် နှိုင်းယှဉ်၍ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
မုန့်ချီက နီရဲနေသော မျက်နှာနှင့် နှာခေါင်းကို အနံ့ခံကြည့်လိုက်သည်။ ထို့နောက် သူတစ်ယောက်တည်းသာ ပိုင်ဆိုင်သော အနံ့ကို ခွဲခြားကြည့်လိုက်၏။ သူ၏အနံ့ အပြင်းဆုံးဖြစ်သော အခန်းရှိရာကို လျှောက်သွားခဲ့သည်။ သူက သော့တစ်ချောင်း ထုတ်လိုက်ပြီး အခန်းတံခါးကိုဖွင့်၍ အတွင်းထဲကို ဝင်သွားခဲ့သည်။
သူ့စိတ်ထဲတွင် မည်သည့်ခံစားချက်မျှ ပေါ်မလာခဲ့ပေ။ သူက ဤနေရာတွင် ရှိနေသော အခြေအနေကို ခံစားကြည့်ရန် မျက်လုံးမှိတ်တော့မည့်အချိန်၌ အပြင်ဘက်တွင် တိတ်ဆိတ်သွားခဲ့သည်။
"ထွက်လာခဲ့...။ အဖော်မရှိသေးတဲ့ ယောကျ်ားလေးတပည့်တွေအားလုံး အကုန်ထွက်လာခဲ့ကြ..."
မိန်းမပျိုတစ်ယောက်၏အသံက အခန်းတိုင်းတွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။
မုန့်ချီက အပြင်ဘက်တွင် ရှန့်မြစ်နတ်သမီး၏ အငွေ့အသက်ကို ခံစားမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက အနည်းငယ် စိုးရိမ်သွားပြီး တံခါးကိုဖွင့်၍ အခန်းထဲမှ တဖြည်းဖြည်း ထွက်လာခဲ့သည်။
ထိုအချိန်တွင် ယောကျ်ားလေး တပည့်ပေါင်းများစွာက သူ့ကို ဖြတ်ကျော်သွားပြီး အချင်းချင်း အံ့အားသင့်ဖွယ် ဆွေးနွေးနေကြ၏။
"နတ်သမီး ကိုယ်တိုင်ရောက်လာတာဆိုတော့ ဖြစ်နိုင်တာက …”
“သူက မကြာသေးခင်ကမှ စော်ကားခံခဲ့ရတယ်လေ။ ကြည့်ရတာ နှစ်မွှာကျင့်စဉ် လေ့ကျင့်ဖို့ အဖော်အသစ်တစ်ယောက် လိုအပ်နေတာဖြစ်မယ်…"
"ဂလု … နတ်သမီးက တော်တော်လေး လှသလို တော်တော်လေးလည်း အစွမ်းထက်တယ်။ သူ့မှာ မိန်းမဆန်တဲ့ ဆွဲဆောင်မှုတွေလည်း အပြည့်ပဲ။ ငါ့သာ သူ့ယောကျ်ား ဖြစ်ခွင့်ရမယ်ဆိုရင် ဆယ်ဘဝစာလောက် ကံကောင်းမှုတွေရနေမှာ...။ တစ်ကြိမ်တည်းနဲ့ အထွဋ်အထိပ်ကိုတောင် ရောက်သွားနိုင်တယ် ဟား ဟား ဟား...။ နှစ်မွှာကျင့်စဉ် အဖော်ရှိတဲ့သူတွေကတော့ အခုအချိန် နောင်တရနေလောက်ပြီ…"
မုန့်ချီကတော့ ထိုတပည့်များ၏အတွေးကို နားထောင်နေရင်း နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်မိသည်။ ရှန့်မြစ်သမီးက ပြိုင်ဘက်သိုင်း ပညာရှင်တစ်ယောက် ဖြစ်သည်။ အကယ်၍ သူမက နှစ်မွှာကျင့်ကြံရန်အတွက် ယောကျ်ားတစ်ယောက် ရှာမည်ဆိုလျှင်ပင် အနည်းဆုံးတော့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သင့်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပဲ ကျင့်စဉ်အဆင့်ကို အသစ်စတင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ခြံဝန်းထဲသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက တန်းစီနေသော လူငယ်များကို တွေ့လိုက်ရသည်။ ရှေ့တွင် ရပ်နေသည်မှာ မိန်းမပျို (၃) ယောက် ဖြစ်၏။ ဆွဲဆောင်မှု အရှိဆုံးကတော့ အလယ်တွင် ရပ်နေသော တစ်ယောက်ဖြစ်၏။ ဘဲဥပုံမျက်နှာနှင့် မိန်းမပျိုက အသက် (၂၀)ခန့်သာ ရှိသေးပုံရသည်။
သူမ၏အသားအရေက ချောမွေ့ပြီး နူးညံ့သိမ်မွေ့၏။ နှာခေါင်းက မချွန်သော်လည်း အတော်လေးကို ကြည့်ပျော်ရှုပျော် ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါင်းစပ်လိုက်မည်ဆိုလျှင် သူမဆီမှ သန့်စင်ပြီး အေးစက်သည့် ခံစားမှုတစ်ခု ပေးနိုင်သည်။
အသက်ဝင်နေသော မျက်လုံးလေးများကလည်း ကြည်လဲ့နေပြီး ရင်သားများကလည်း ပြည့်ပြည့်တင်းတင်း ရှိနေသည်။ သူမ၏အဖြူရောင် ဝတ်စုံလေးကို လှပစွာ လှုပ်ရှားလိုက်သည့်အချိန်တိုင်း သူမက ဆွဲဆောင်မှုရှိသော မိန်းမလှလေးတစ်ယောက်ဟု သတ်မှတ်နိုင်၏။
ယောကျ်ားလေး တပည့်များက ခေါင်းကို မော့ထားကြပြီး သူတို့၏ရင်ထဲမှ စကားလုံးများ ပွင့်ထွက်လာတော့မလို ထင်ရသည်။ သူတို့၏မျက်လုံးထဲတွင်လည်း စိတ်ဝင်စားမှုများ ပြည့်နှက်နေခဲ့၏။
ရှန့်မြစ်နတ်သမီး၏ မျက်လုံးက ထိုလူငယ်များကို စိုက်ကြည့်လိုက်ပြီး ရေစီးကြောင်းကဲ့သို့ အသံတစ်သံ ထွက်လာခဲ့သည်။
"ကောရှီ ဒီမှာနေခဲ့...။ တခြားလူတွေက ထွက်သွားနိုင်ပြီ…"
"ငါလား..."
မုန့်ချီက အိပ်မက်မက်နေသလို ခံစားနေရ၏။ သူက အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားခဲ့သည်။ ရှန့်မြစ်နတ်သမီးက ဘာကြောင့် သူ့ကို ရွေးချယ်ခဲ့ရသနည်း။
"ကောရှီလား…"
အာမေဋိသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရှန့်မြစ်နတ်သမီးက ကောရှီကို ရွေးချယ်လိုက်သည့်အတွက် မည်သူကမျှ မယုံကြည်နိုင်ကြပေ။
ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်၏ နတ်ဆိုးဆန်သော သင်ကြားမှုများက နတ်သမီးကို အဆိပ်သင့်စေခဲ့ပြီး ယခုလို သနားစရာကောင်းသော လူငယ်ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်ခြင်းပေလော။ သူတို့က မယုံကြည်နိုင်ကြသော်လည်း နတ်သမီး၏အမိန့်ကို မလွန်ဆန်ရဲသည့်အတွက် နောက်ဆုတ်သွားခဲ့ကြသည်။
"နင့်ရဲ့အခန်းကို သွားကြစို့…"
ရှန့်မြစ်နတ်သမီး၏ မျက်လုံးများက ပျော့ပျောင်းပြီး အရည်ရွှန်းလဲ့လာခဲ့သည်။ သူမ၏အေးစက်မှုက အနည်းငယ် ထူးခြားနေခဲ့၏။
"ကောင်းပါပြီ…”
‘ငါက ဒီလိုကမ္ဘာကြီးထဲမှာ ထူးဆန်းတဲ့ခံစားမှုတစ်ခု ရှိနေတာများလား။ ငါက အခန်းထဲကို ရောက်သွားပြီးရင် တိုက်ခိုက်သင့်တာလား။ ငါက ဒီစုန်းမနဲ့ တကယ်ပဲ မအိပ်ချင်ဘူး…"
မုန့်ချီက အခန်းထဲသို့ ခေါ်သွားရင်း စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး သူမကို အထဲသို့ အရင်ဝင်ခိုင်းလိုက်၏။ ထို့နောက် သူမ၏နောက်မှနေ၍ ဝင်လာပြီး အခန်းတံခါးကို ပိတ်လိုက်သည်။
သူက ပြန်မလှည့်ရသေးခင် ရှန့်မြစ်နတ်သမီး၏ အေးစက်စက်အသံက နားထဲတွင် ကြားလိုက်ရသည်။
"စုမုန့်…"
"ဘယ်လို..."
မုန့်ချီက တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့သည်။ သူက လိပ်ပြာလွင့်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မလို ဖြစ်သွားခဲ့၏။
ရှန့်မြစ်နတ်သမီး၏အသံက တဖြည်းဖြည်း ရင်းနှီးသည့်အသံကို ပြောင်းလဲသွားခဲ့သည်။
"ယောကျ်ား …
ကျွန်မတို့က တွေ့ရဖို့ကံပါနေတာပဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အရာအားလုံးကို အိပ်မက်တစ်ခုသဖွယ် ခံစားနေရသေး၏။ ထိုအရာက နတ်ဆိုးမကူရှောင်စန်း ဖြစ်သည်။
Translated by Hein Htet.