သိုင်းပညာတော်တော်မြင့်တယ်
Vol. 8 Ch. 89
ချိုးယီ တို့ခရီးဆက်ရင်း ဆက်ရင်းဖြင့် ချင်ဖုန်းဖြင့်ပိုမိုနီးစပ်လာပြီး ချင်ဖုန်းလည်း အနှီလူငယ်လေး ချိုးယီအား ကြာလေသဘောတွေ့လေပင်။ လမ်းတစ်လျှောက်သိုင်းပညာအကြောင်းဆွေးနွေးပြောဆိုခဲ့ရပြီး ချိုးယီမှာ သိုင်းလောကအကြောင်းပိုမိုနားလည်လာခဲ့သည်။ ချိုးယီမှာ ကိုယ့်ကိုယ်ကိုအလွန်အထင်ကြီးတတ်သောသူတစ်ယောက်မဟုတ်သော်လည်း ငါးပြည်ထောင်၏သိုင်းလောကတစ်ခုလုံးတွင် သူ့အားယှဉ်ပြိုင်နိုင်သောသူများမှာ အနည်းငယ်သာရှိသည်ဟုယုံကြည်ထားသည်။
သို့သော် ချင်ဖုန်း၏ပြောပြချက်များအရ သိုင်းလောကတွင် သိုင်းပညာအမှန်တကယ်မြင့်မားသောသူများစွာ ငုပ်လျှိုးနေသေးကြောင်းသိလိုက်ရသည်။ ယခင်နှစ်ပေါင်း သုံးဆယ်လောက်က ချင်ဖုန်း တို့ ကျန်းထိုက်ရှန်းတို့ နှင့်အပြိုင်ကျော်ကြားခဲ့သော ရှောင်လင်၏ ဓမ္မကြေးကိုယ်တော် သုံးပါး နှင့် ကျောင်းထိုင်ကိုယ်တော်ကြီးစွယ်စုံဓမ္မရှင်တုံးဟွမ် ၊ အော်မေ့ဂိုဏ်း၏ ဘိုးဘွားတစ်ဦးဖြစ်သည့် ယခင်ဂိုဏ်းချုပ်ကြီး ကျီယင် ၊ ငါးပြည်ထောင်၏နံပတ်တစ် တစ်ကိုယ်တော်သိုင်းသခင်ကြီး ဟေးဖုန်းမင် ၊ မင်ဟိုင်ကျွန်း၏ သူတော်စင်ကျန်းရှန် နှင့် တိမ်လွာဆေးတောင်ကြားသခင်ကြီးကျိုးချင်ဟီ ကဲ့သို့ထိပ်တန်းအဆင့်လွန်ပုဂ္ဂိုလ်ကြီးများ၏တည်ရှိမှုများသည် ချိုးယီနှင့် ချင်ဖန် အားထိတ်လန့်သွားစေခဲ့သည်။
'သိုင်းလောကမှာ ကျားတွေနဂါးတွေတကယ်ကိုငုပ်လျှိုးနေကြတာဘဲ ရှေ့လျှောက်သတိထားမှဖြစ်မယ် သူတို့ထဲကဘယ်တစ်ယောက်နဲ့ဘဲ ရန်သူဖြစ်ဖြစ် ငါ့အတွက်သိပ်လွယ်မှာတော့မဟုတ်ဘူး'
ချိုးယီတို့စကားပြောရင်းဖြင့် မွန်းတည့်လာသည့်အချိန်တွင် တော်ဝင်မြို့တော်သို့ရောက်ရှိလာခဲ့သည်။ ဂိတ်တံခါးမှ ချိုးယီတို့သုံးယောက်ဖြတ်ကျော်လာခဲ့ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်။ ချင်ဖုန်းနှင့် ချင်ဖန်မှာ လာရင်းကိစ္စကြောင့် ချိုးယီနှင့်အတူမထိုင်တော့ဘဲ နှုတ်ဆက်ကာ အရင်ထွက်ခွာသွားကြလေသည်။
ချိုးယီမှာ အထက်တန်းလွာ အင်္ကျီဖြင့်သေသေချာချာဝတ်စားထားသောကြောင့် ဘယ်နေရာရောက်ရောက်ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းခံရလေသည်။ ချိုးယီ ဟင်းများမှာထားလိုက်ပြီး ပတ်ဝန်းကျင်အားစူးစမ်းလိုက်သည်။ချိုးယီသူ၏ ကျောမှဓားအား ခါးမှာပြောင်းချိတ်လိုက်ပြီး ချင်ဖန်လက်ဆောင်ပေးထားသော တောင်နှင့်မြစ် ယပ်တောင်အား ဖြန့်ကြည့်လိုက်သည်။ လမ်းမခွဲခင်မှာတင် ချင်ဖန်သူ့အား မြောက်ထိုးပင့်ကော်လုပ်သွားသေးသည်။
"သူရဲကောင်းယီ ဒီယပ်တောင်နဲ့အရမ်းလိုက်တယ်ဗျာ မသိရင် နန်းတွင်းပညာရှိလိုလိုပဲ"
ချိုးယီကူရာမဲ့စွာပြုံးလိုက်သည်။
'အဟမ်း အင်ပါယာမြို့တော်ကိုရောက်တုန်းရောက်ခိုက် ငါလဲ ပေါကြောင်ကြောင်သခင်လေးတွေလိုလုပ်ကြည့်ရမယ်ထင်တယ်'
ချိုးယီ တောင်နှင့်မြစ်ယပ်တောင်အားခေါက်၍ စားပွဲပေါ်တွင်တင်ထားလိုက်သည်။ထိုအချိန် တံခါးထောင့်စွန်းမှ ချိုးယီ ရင်းနှီးနေသည့်ပုံရိပ်တစ်ခုဝင်လာခဲ့သည်။
'အော်မေ့ဂိုဏ်းကတပည့်ကြီး ယွဲ့ချူးမေ့'
ချိုးယီ လက်ဖက်ရည်အားငှဲ့၍တစ်ကြိုက်သောက်လိုက်သည်။ယွဲ့ချူးမေ့လည်း တော်ဝင်မြို့တော်သို့ရောက်ရောက်ခြင်း သူစိတ်ဝင်စားခဲ့သော လူတစ်ယောက်နှင့်ဆုံမည်ဟုမထင်ထားခဲ့ချေ။ သို့သော်၎င်းတို့နှစ်ယောက်မှာ သိပ်မရင်းနှီး၍မည်သူမှအရင်တကူးတကနှုတ်ဆက်မနေတော့ပေ။ ယွဲ့ချူးမေ့မှာ အဖြူရောင်ဝတ်စုံနှင့် ပန်းလေးတစ်ပွင့်လိုအစွမ်းကုန်ပွင့်လန်းလှပနေသဖြင့် ဘယ်နေရာရောက်ရောက် လူပျိုများသခင်လေးများထံမှပြေးမလွတ်ချေ။ ပတ်ပတ်လည်မျက်နှာလိုမျက်နှာရလုပ်ချင်သောသူများနှင့် သူမအထင်ကြီးစေရန်လုပ်ရပ်အမျိုးမျိုးပြသချင်သူများစွာလည်းရှိသေးသည်။
"ဒီကမိန်းကလေး ကျုပ်ခင်လို့ရမလားမသိဘူး"
စားသောက်ဆိုင်အပေါ်ထပ်မှ လူတစ်စုဆင်းလာပြီး အရှေ့ဆုံးမှ ရွှေကွတ်ထားသောတန်ဖိုးကြီးအဝတ်အစားနှင့် ယပ်တောင်တစ်ဖျပ်ဖျပ်ခတ်နေသောသူကပြောလိုက်သည်။
ချိုးယီ ထိုလူအားကြည့်လိုက်သည်။
'တော်တော်သိုင်းပညာနိမ့်တဲ့သူဘဲ ဘေးနားကလူတွေကထိပ်တန်းသိုင်းပညာရှင်အရှိန်အဝါတွေ ကြည့်ရတာ သခင်လေးတစ်ယောက်ထင်တယ်'
ထိုလူမှာ ယွဲ့ချူးမေ့ကိုသွားစလျှင် နောက်နေ့နေထွက်သည်ကိုမမြင်နိုင်ဖြစ်သွားပေလိမ့်မည်။ ယွဲ့ချူးမေ့မှာ ယခုမှအသက် ၁၇ သာရှိသေးသော်လည်း ထိပ်တန်းသိုင်းပညာရှင်တစ်ဝက်ဖြစ်နေပြီဖြစ်သည်။ သူမ အသက် ၂၀ မပြည့်ခင်သေချာပေါက် ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်လာပေလိမ့်မည်။ အော်မေ့ဂိုဏ်း၏နံပတ်တစ်ပါရမီရှင်ဟူသောဂုဏ်ပုဒ်မှာအလကားမဟုတ်ပေ။ ယွဲ့ချူးမေ့ ထိုလူတစ်စုအားမော့ကြည့်လိုက်ပြီး သာယာချိုမြသောလေသံဖြင့်ပြုံးကာ...
"ခင်လို့ရတာပေါ့ ဒါနဲ့ရှင်က..."
"အော် ကျွန်တော်က ဒုတိယမြောက်မင်းသားရွယ်ကန်းတု ပါ"
"နှုတ်ဆက်ပါတယ်အရှင့်သား"
ယွဲ့ချူးမေ့ပြုံး၍ထလိုက်ပြီး အစဉ်အလာအတိုင်းခန္ဓာကိုယ်အားတိမ်းညွတ်ကာနှုတ်ဆက်လိုက်သည်။ရွယ်ကန်းတု သည်အသက် ၁၉ ခန့်ရှိနေပြီဖြစ်ပြီး မင်းသား လေးပါးထဲတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ဆိုင်ထဲရှိအခြားလူများအားလုံးမင်းသားဆိုသည့်အသံကြားရုံဖြင့်ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး ထိတ်လန့်ကုန်ကြလေသည်။ ချိုးယီတစ်ယောက်တည်းသာ ထိုအရာများအားလုံး၏သက်ရောက်ခြင်းကိုမခံရသည့်အတိုင်း ပြတင်းပေါက်အားကြည့်၍ အကြမ်းရည်ဆက်သောက်နေခဲ့သည်။ ယွဲ့ချူးမေကိုယ့်ကိုယ်ကိုမမိတ်ဆက်ရသေးသည်ကိုမြင်တော့ ရွယ်ကန်းတုစကားစလိုက်သည်။ ယနေ့သေချာပေါက် ထိုမိန်းမလှလေး၏နာမည်ကိုသိရမှဖြစ်ပေလိမ့်မည်။
"ဒါနဲ့အမိနာမည်က..."
"ဒီအရပ်သူကဘာဂုဏ်မှမရှိပါဘူးရှင့် အရှင်မင်းသားရဲ့စိတ်ဝင်စားမှုကိုရယူနိုင်လောက်အောင်မထိုက်တန်ပါဘူး"
ယွဲ့ချူးမေ သူမ၏ စင်ယော်မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာချိုသာသောအပြုံးလေးဖြင့်ပြောလိုက်သည်။ ရွယ်ကန်းတုမှာ ယွဲ့ချူးမေ့၏ အပြုံးတစ်ပွင့်တွင်နစ်မြုပ်သွားပြီးစကားပင်မဆိုနိုင်တော့ချေ။
ထိုအချိန် ရွယ်ကန်းတု၏အာရုံကိုပျက်သွားစေသည့်အသံတစ်သံနားထဲလာရောက်ရိုက်ခတ်သွားလေသည်။
"ညီအကို ဒီမှာ ဒီမှာ"
အမှန်ပင် ချိုးယီ၏အသံဖြစ်သည်။ အားလုံးလှည့်ကြည့်လိုက်သောအခါ ပြတင်းပေါက်နားမှ ချိုးယီ လမ်းတစ်ဖက်မှဝတ်ရုံနက်နှင့်လူအား လက်ရမ်းပြကာခေါ်နေကြောင်းတွေ့လိုက်ရသည်။အားလုံးတိတ်ဆိတ်သွားခဲ့သည်။
".............."
'မင်းသားရဲ့စကားဝိုင်းကိုဖြတ်ရလောက်တဲ့အထိဒီလူတော်တော်အတင့်ရဲတာဘဲ ကြည့်ရတာသူ့အသက်သူတောင်မလိုချင်တော့ဘူးထင်တယ်'
'ကောင်လေးဘဝတော့သနားစရာပဲ'
"အတင့်ရဲလိုက်တာ အရှင်မင်းသားစကားပြောနေတာကိုနောက်ယှက်ရဲတယ် သေချင်နေတာလား"
ရွယ်ကန်းတုဘေးနားမှ လူနှစ်ယောက်ထွက်လာပြီး ချိုးယီ ၏စားပွဲခုံအားကန်လိုက်သည်။ ချိုးယီလည်း ထိုလူများ စရိုက်ဆန်မည်ဟုမထင်ထားသောကြောင့် ကြောင်အသွားခဲ့သည်။
"ဒီမှာရောင်းရင်း တစ်ခုခုတော့မှားနေပြီထင်တယ် ကျုပ်ကမင်းသားကို အနှောက်အယှက်ပေးဖို့မရည်ရွယ်ပါဘူး ကျုပ်ဘာသာ လမ်းတစ်ဖက်က ကျုပ်ညီအကိုကိုခေါ်နေတာလေ ဒီအတိုင်းလေးကိုယ့်အလုပ်သူ့အလုပ်ဆက်လုပ်လို့မရဘူးလား"
ရွယ်တုကန်းလည်း ရုပ်ဆိုးသွားပြီး ချိုးယီအား မကျေနပ်သော မျက်နှာထားဖြင့်ကြည့်လိုက်သည်။
'ဒီမင်းသားရဲ့အချိန်ကောင်းကိုလာဖျက်ရဲတယ်လား'
ယွဲ့ချူးမေ့လည်း ချိုးယီအား တောက်ပနေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ ထိုလူငယ်အားသူမစိတ်ဝင်စားနေတာကြာပြီဖြစ်သည်။ သမိုင်းရဲ့အသက်အငယ်ဆုံးထိပ်သီးပုဂ္ဂိုလ် ဓားတစ်လက်လူတစ်ယောက်ဖြင့် ထောင်ပေါင်းများစွာသော ရန်သူများကိုရင်ဆိုင်နိုင်သူစသည့်ဂုဏ်ပုဒ်များသည်သူမ၏စိတ်ဝင်စားမှုအားဖမ်းစားနိုင်ခဲ့သည်။ ယခုတော်ဝင်မင်းသားနှင့်ပြဿနာအားမည်သို့ရှင်းမည်ကိုသူမမြင်ချင်မိသေးသည်။
"ဒီမှာကောင်လေး ငါတစ်ခုပြောပြမယ် မင်းဒီလိုအော်ကြီးဟစ်ကျယ်အော်ခေါ်နေမဲ့အစားတိတ်တိတ်လေးထွက်သွားပြီးသွားခေါ်သင့်တယ် ဒါဆို မင်းသားကိုလဲအနှောက်အယှက်မဖြစ်စေဘူး မင်းလဲမင်းကိစ္စပြီးသွားမယ်"
"မဟုတ်သေးပါဘူးခင်ဗျားဟာက တစ်ဦးတစ်ယောက်ကောင်းစားဖို့ကျုပ်က ရှောင်ဖယ်ရှောင်ဖယ်လုပ်ပေးရဦးမှာလား ကျုပ်ဒဲ့ဘဲပြောမယ်ဗျာ ဒီစားသောက်ဆိုင်က မင်းသားပိုင်တာမှမဟုတ်တာ ကျုပ်ကဘာကိစ္စအပြင်ထွက်ပေးရမှာတုန်း"
"ရိုင်းစိုင်းလိုက်တာ"
လူနှစ်ယောက်ထဲမှ တစ်ယောက်က ချိုးယီ၏ရင်ဘတ်အားဆောင့်ကန်လိုက်သည်။သို့သော်ချိုးယီမှာ ယပ်တောင်ဖြင့် ထိုလူ၏ခြေထောက်အားအသာအယာပင်ရိုက်ထုတ်လိုက်သည်။ချိုးယီ မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
"ခင်ဗျားတို့တော်တော်ရိုင်းစိုင်းတဲ့သူတွေဘဲ တော်ဝင်နန်းတော်က ခင်ဗျားတို့ကို ဒီလိုဘဲသင်ထားပေးတာလား"
ခြေထောက်ဘေးတစ်ဖက်သို့ရိုက်ထုတ်ခံလိုက်ရသော သူမှာကြောင်သွားပြီး ချိုးယီအား ခြေထောက်ဖြင့်နောက်တစ်ကြိမ်ထပ်ကန်လိုက်သည်။ ချိုးယီလည်း ယပ်တောင်ဖြင့်သူ့ခြေထောက်အားနောက်တစ်ကြိမ်ထပ်ရိုက်ချလိုက်သည်။
"ဖက်"
ထိုလူချက်ချင်းနောက်ဆုတ်သွားပြီးဘေးမှလူအားပြောလိုက်သည်။
"ဒီကောင်မလွယ်ဘူးသိုင်းပညာတော်တော်မြင့်တယ်"
.........................
ပြီး...