မင်းတော့ကွိုင်(ပြဿနာ)တက်ပြီချိုးယီ
Vol. 8 Ch. 93
"ရွှမ်း...."
ဓားတစ်ချောင်းသည်ချိုးယီ၏ ဘေးတစ်ဖက်မှဝင်ရောက်လာခဲ့သည်။ ချိုးယီလည်းရုတ်တရက်မို့ထိတ်လန့်သွားပြီး အတွင်းအားထုတ်သုံးချိန်မရဘဲ ဘေးတစ်ဖက်သို့ ခန္ဓာကိုယ်အား သုံးပတ်ခန့်လှည့်ကာရှောင်ရှားလိုက်သည်။ ထို့နောက် သူ၏ယပ်တောင်အား အတွင်းအားအသုံးပြု၍ သူ့အားတိုက်ခိုက်လာသူ၏ ဦးတည်ဖက်သို့ဖြန့်ထုတ်လိုက်သည်။
"ဝုန်း...အုန်း"
အတွင်းအားလှိုင်းလုံးကြီးသည် တစ်ဖက်ရန်သူဆီသို့အရှိန်အဟုန်ဖြင့်တိုးဝင်သွား၏။ တစ်ဖက်ရှိအဖြူရောင်ပုံရိပ်တစ်ခုသည် လည်း ခန္ဓာကိုယ်အားလေထဲတွင်တစ်ပတ်လှည့်လိုက်ပြီး လက်ဝါးတစ်ချက်အသုံးပြုကာ အတွင်းအားလှိုင်းအားဖော်ထုတ်လိုက်သည်။
"အုန်း....ဘန်း"
အတွင်းအားနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားပြီး အတွင်းအားလှိုင်း၏ ပြင်းထန်မှုကြောင့် ပတ်ပတ်လည်ရှိသစ်ပင်များပင် ယိမ်းထိုးသွားလေသည်။ အတွင်းအားနှစ်ခု၏ ထိတ်တိုက်တွေ့ရာနေရာဆိူလျှင် သစ်ရွက်များ ကျောက်ခဲများပင် ပတ်ပတ်လည်သို့လွင့်စင်ကုန်ကြလေသည်။ချိုးယီ လေထဲတွင် နောက်သို့အနည်းငယ်လွင့်ထွက်သွားပြီး ခန္ဓာကိုယ်အားလေထဲတွင်လှည့်ပတ်ကာ လေ၏အဟုန်အားထိန်းချုပ်၍ မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ တစ်ဖက်ရှိပုံရိပ်သည်လည်း လေထဲတွင်လွင့်စင်သွားပြီး အနောက်ဖက်ရှိသစ်ပင်အား အားပြုကာ တစ်ဆင့်ခုန်၍ မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်လိုက်သည်။
ချိုးယီသူ၏ယပ်တောင်အား ခေါက်ကာ သက်ပျင်းချ၍ စိတ်ပျက်လက်ပျက်ဖြင့်အနောက်သို့လှည့်ကာစကားပြောလိုက်သည်။
"ခင်ဗျားကဘယ်သူတုန်း ဘာကိစ္စကျုပ်ကိုတိုက်...."
ချိုးယီစကားပြောရင်းနောက်သို့လှည့်ကြည့်လိုက်သောအခါ သူစကားပြော၍ပင်မဆုံးသေးချေ စကားတစ်ဝက်ခန့်တွင်ရပ်လိုက်ရသည်။ ချိုးယီအလွန်အံ့အားသင့်သွားပြီး စကားပင်ဆက်မပြောနိုင်တော့ချေ။ အလွန်လှပသော မျက်နှာလေးတစ်ခုသည် ချိုးယီအားဆီးကြိုနေပြီး ချိုးယီ၏ စကားများကိုရပ်တန့်သွားစေခဲ့သည်။ ယောက်ျားတိုင်းစွဲမက်စေနိုင်သောခန္ဓာကိုယ်အချိုးအစားနှင့် အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားသော ဟယ်ရှီးယွင်ပင်ဖြစ်လေသည်။ ဟယ်ရှီးယွင်သည် ချိုးယီအားညို့ယူနိုင်သောပင်လယ်နက်ပြာကဲ့သို့မျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့ပြီး ချိုးယီလည်း သူ၏စိတ်သည် လောကကြီးနှင့်အဆက်အသွယ်ပျက်နေသည့်အတိုင်းပင်။ တစ်ယောက်နှင့်တစ်ယောက်အချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ ချိုးယီသတိပြန်ဝင်လာပြီး မျက်နှာအမူအရာအား ရေကဲ့သို့ကြည်လင်နေအောင်ပြန်ထိန်းသိမ်းလိုက်သည်။ ထို့နောက် ချိုးယီ လက်နှစ်ဖက်အားစုလိုက်ပြီး တည်ငြိမ်သောအသံဖြင့်မေးလိုက်သည်။
"ဒီကမိန်းကလေး ဘာလို့ကျုပ်ကိုတိုက်ခိုက်ရတာလဲကျုပ်တို့ရန်ငြိုးရန်စများရှိခဲ့သလားဆိုတာ သိခွင့်ရှိမလား"
ဟယ်ရှီးယွင် အပြုံးလေးတစ်ခုဆင်မြန်းလိုက်ပြီး လက်တီးစုကာ ပေါ့ပါးသောအသံဖြင့်ပြောလိုက်သည်။
"ရှင်ကသူများတွေပြောသလိုဘဲ ငယ်ရွယ်ပေမဲ့ သိုင်းပညာကတော့ ဩချရလောက်အောင်မြင့်မားတာပဲ ကျွန်မနာမည်က ဟယ်ရှီးယွင်ပါ ရှင့်ကိုဒီမှာတွေ့ရမယ်မထင်ထားဘူး"
"ချီးကျူးပေးလို့ကျေးဇူးပါမိန်းကလေး ဟယ်ရှီးယွင် ကျွန်တော်က သူများတွေပြောသလောက်မတော်ပါဘူး အကုန်လုံးကချဲ့ကားပြောကြတာပါ"
ချိုးယီလက်နှစ်ဖက်အားနောက်ပစ်၍ နှိမ့်ချစွာပြုံး၍ပြောလိုက်သည်။ထို့နောက်ချိုးယီ ဟယ်ရှီးယွင်အား ကြည့်ကာချီးကျူးလိုက်သည်။
"မိန်းကလေး ဟယ်ရှီးယွင်ရဲ့ သိုင်းပညာက သူများတွေပြောသလိုဘဲ တကယ်ကို ဖောက်မမြင်နိုင်လောက်အောင်မြင့်မားလွန်းလှပါတယ်ကျွန်တော်တကယ်လေးစားမိပါတယ်"
ချိုးယီ၏ ချီးကျူးစကားကြောင့်ဟယ်ရှီးယွင် ၏ မျက်နှာရှိအပြုံးအားပိုမိုထင်ပေါ်သွားစေပြီး ပါးချိုင့်လေးများကိုပင်မြင်သာစေခဲ့သည်။ ဟယ်ရှီးယွင်၏ အပြုံးသည်ကြာဖူးလေးများဖူးပွင့်သကဲ့သို့လှပလွန်းသောကြောင့်ချိုးယီပင်လျှင် နစ်မျှောသွားပြီး မနည်းပြန်ထိန်းချုပ်လိုက်ရလေသည်။ သို့သော် သူ၏ ရင်ထဲတွင်တော့ထိုအပြုံးမှာထာဝရစွဲထင်သွားလေသည်။
'တကယ်ကိုလှတာဘဲ'
"ကျွန်မကို အဲ့လောက်ကြီးလဲ ချီးကျူးမနေပါနဲ့ အမှန်အတိုင်းပြောရရင် တခြားဘယ်သူ့ကိုမဆိုနိုင်ဖို့ယုံကြည်ချက်ရှိပေမဲ့ ရှင့်ကိုနိုင်မယ်လို့တော့ ကျွန်မယုံကြည်ချက်မရှိဘူးဖြစ်နေတယ်"
ဟယ်ရှီးယွင်၏ စကားကြောင့် ချိုးယီရယ်မောလိုက်ပြီး ရယ်မောမောဖြင့်ပြောလိုက်သည်။
"ကျွန်တော်ဘက်ကလဲ မိန်းကလေးဟယ်ကိုနိုင်ဖို့မသေချာပါဘူး မိန်းကလေး ဟယ်ရဲ့သိုင်းပညာက ကျုပ်မြင်ဖူးသမျှလူတွေထဲမှာ အဖိုးချင်ဖုန်း ပြီးရင်အစွမ်းအထက်ဆုံးပါပဲဗျာ အကြီးအကဲဟိုင်ချန်းလွေ့နဲ့ အကြီးအကဲကွေယွေ့ ထက်တောင်ပိုပြီးအဆင့်မြင့်သေးတယ် မိန်းကလေးဟယ်အဲ့လောက်နိမ့်ချစရာမလိုပါဘူး"
အမှန်ပင် ချိုးယီပင်လျှင် ဟယ်ရှီးယွင်အား လွယ်လွယ်နှင့်အနိုင်မယူနိုင်ပေ။ ပေးဆပ်မှုမရှိပဲနဲ့တော့ ဟယ်ရှီးယွင်အားသူလုံးဝအနိုင်မယူနိုင်ပေ။ သူတွေ့သမျှထဲတွင် သိုင်းပညာမြင့်မား၍ အချိတ်အဆက်မိမိတိုက်ခိုက်နိုင်သော အရိပ်ပညာရှင်သုံးပါးပင်လျှင် ဟယ်ရှီးယွင်အားအနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။ခုနကသိုင်းတစ်ကွက်သာဖလှယ်ခဲ့ကြသော်လည်း နှစ်ယောက်လုံးသိုင်းပညာအလွန်မြင့်မားလှသည်မို့ တစ်ယောက်သိုင်းပညာနှင့်တစ်ယောက်အတွင်းအားအကြောင်းအလွယ်တကူပင်နားလည်နိုင်သည်။ ဟယ်ရှီးယွင်၏ သိုင်းပညာသည် ပြိုင်စံရှားပညာရှင်များလောက်ကို အစွမ်းထက်ပြီး အကယ်၍ပြိုင်စံရှားပညာရှင်ဆယ်ယောက်ရွေးချယ်ပွဲသာထပ်လုပ်ပါက သူမသေချာပေါက် ပြိုင်စံရှားပညာရှင်တစ်ယောက်ဖြစ်လာပေလိမ့်မည်။ ဟယ်ရှီးယွင်၏ စိတ်ထဲတွင်လည်း ချိုးယီနည်းတူ တွက်ဆမိသည်။ ချိုးယီ၏ အတွင်းအားသည်သူမထက်ပိုမိုနက်ရှိုင်းသည်ကိုခံစားလိုက်ရသည်။ ထို့အပြင်ချိုးယီမှာ ဓားကိုပင်အသုံးမပြုရသေးချေ။ အကယ်၍ချိုးယီသာဓားကိုအသုံးပြုခဲ့လျှင် သူမချိုးယီအားအနိုင်ယူနိုင်မည်မဟုတ်ချေ။သို့သော် သူတို့နှစ်ယောက်၏ သိုင်းပညာသည် သိပ်မကွာခြားလှပေ။ ချိုးယီကောင်းကင်သို့မော့ကြည့်လိုက်ပြီး မိုးချုပ်လာသည်ကိုမြင်ရသောအခါ နှုတ်ဆက်စကားပြောလိုက်သည်။
"မိန်းကလေးဟယ် ကျွန်တော်လုပ်စရာရှိသေးလို့ အရင်သွားပါဦးမယ် ခွင့်ပြုပါဦး"
ဟယ်ရှီးယွင် သူမ၏ မျက်လုံးများအားမှေးကျဉ်းလိုက်ပြီးစိတ်ထဲတွင်တွေးလိုက်သည်။
'ကောင်စုတ်လေး ငါ့ကိုတမင်ရှောင်ချင်နေတာပဲ ဒီအမကြီးက မင်းကိုစားမှာကျနေတာဘဲ အဟမ်းဒါပေမဲ့လည်း မင်းကစိတ်ဝင်စားစရာကောင်းလို့လွတ်ပေးလိုက်ပါမယ် နောက်တစ်ခေါက်ဆိုရင်တော့လွယ်လွယ်နဲ့ရမယ်မထင်နဲ့'
ဟယ်ရှီးယွင်၏ မဲနက်နေသော နှလုံးသားသည် တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူမသည် သိုင်းလောကတွင်လွတ်လွတ်လပ်လပ်သာနေပြီး လုပ်ချင်သည့်အရာများရှိလျှင် ထိုအရာကိုသေချာပေါက်ကိုပြုလုပ်တတ်သည်။ သို့သော်လည်း ဟယ်ရှီးယွင် ချိုးယီအားနူးနူးညံ့ညံ့လေးသာပြုံးပြ၍နှုတ်ဆက်လိုက်သည်။
"ဒါဆိုနှုတ်ဆက်ပါတယ် သူရဲကောင်းယီ နောက်တစ်ခါထပ်တွေ့ကြတာပေါ့"
ချိုးယီပြုံး၍ခေါင်းငြိမ့်ပြလိုက်ပြီး နောက် ကိုယ်ဖော့သိုင်းအားအသုံးပြုကာ တည်းခိုခန်းဆီသို့လျင်မြန်စွာဦးတည်လိုက်သည်။အချိန်အနည်းငယ်ကြာပြီးနောက် တည်းခိုခန်းဆီသို့ရောက်ရှိလာခဲ့သည်။ ချိုးယီ နှစ်ခန်းပါခြံဝင်းထဲသို့သွားလိုက်သောအခါ ခြံဝင်းအလယ်ရှိ သစ်ပင်အောက်တွင် သေရည်သောက်နေသော ရှီဖုန်းအားတွေ့လိုက်ရသည်။ ချိုးယီ ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်ပြီး သေရည်ဗူးအားယူကာ ခွက်ထဲသို့ငဲ့လိုက်သည်။ ထို့နောက်တစ်ကြိုက်တည်းသောက်ချလိုက်ပြီး သက်ပျင်းချလိုက်သည်။
"ညီအကို ခင်ဗျားပြောတာတကယ်မှန်တယ် အဲ့ဒီဟယ်ရှီးယွင်ဆိုတဲ့ မိန်းကလေးက တကယ်အန္တရာယ်များတဲ့ မိန်းမပျိုဘဲ ပြီးတော့ ကျုပ်မြင်ဖူးသမျှထဲမှာ အလှပဆုံးနဲ့ အထူးဆန်းဆုံးအမျိုးသမီးဘဲ"
"မင်းသူနဲ့တွေ့ခဲ့တာလား"
ရှီဖုန်း သေရည်ခွက်အားကိုင်ကာတစ်ကြိုက်ဇိမ်ခံသောက်ရင်းမေးလိုက်သည်။ ချိုးယီလည်းကူရာမဲ့စွာပြောလိုက်သည်။
"ကျုပ်ကသွားတွေ့တာမဟုတ်ဘူး သူက ကျုပ်ကိုတမင်ရှာပြီးပညာတောင်စမ်းလိုက်သေးတယ် တော်သေးတယ် ကျုပ်လဲအားနည်းချက်ကိုမထုတ်ပြမိလို့"
ချိုးယီ ၏စကားကြားသောအခါ ရှီဖုန်း၏မျက်နှာသည်ရှုံ့မဲ့သွားလေသည်။ ထို့နောက်ချိုးယီအားသနားသောလေသံဖြင့်ပြောလိုက်သည်။
"မင်းတော့ပြဿနာတက်ပြီ ချိုးယီ..."
.............................
ပြီး...