← Chapters

သဘာဝတရားထက်ပိုသောအလှတရား

Vol. 8 Ch. 94

သဘာဝတရားထက်ပိုသောအလှတရား

Vol. 8 Ch. 94

"ဟမ်"

"ကျုပ်ကဘယ်လိုပြဿနာတက်မှာတုန်း ကျုပ်ကသူနဲ့ရန်ငြိုးရန်စမှမရှိတာ"

"အဲ့ဒီရန်ငြိုးရန်စအကြောင်းကိုဘေးဖယ်ထားလိုက် ငါပြောပြမယ် အဲ့ဒီမိန်းမကသူတစ်ခုခုကိုစိတ်ဝင်စားရင် လေနဲ့မိုးကိုတောင်ကြောက်တာမဟုတ်ဘူး ဇွတ်လုပ်တာ အခုအဲ့မိန်းမက မင်းအကြောင်းစိတ်ဝင်စားနေတာသေချာတယ် မင်းသတိနဲ့သာနေပေတော့"

ရှီဖုန်းပြောစကားကိုနားထောင်ပြီးနောက်ချိုးယီ ​၏နောက်ကျောတွင် ချွေးစေးများပါပြန်သွားသည်

'ထူးဆန်းတဲ့အမျိုးသမီးတွေ ထူးဆန်းတဲ့ဝါသနာတွေရှိရတာကြိုက်တာပဲ ငါတော့ဒီတစ်ခါတကယ်ပြဿနာတက်ပြီ'

"ထားပါလေ ဒါနဲ့မနက်ဖြန်တော်ဝင်ညီလာခံထဲဝင်ပြီးရင်ကျုပ်တို့ တော်ဝင်အင်ပါယာမြို့တော်ကနေတန်းပြီးထွက်ခွာရမယ်"

"ဘာကိစ္စရှိလို့လဲ တစ်ခုခုဖြစ်လို့လား"

ရှီဖုန်းမျက်ခုံးပင့်ကာမေးလိုက်သည်။ချိုးယီ ဟောက်နေသော သူ​၏မျက်လုံးနှစ်လုံးကြားကိုလက်ဖြင့်နှိပ်၍ပြောလိုက်သည်။

"အကိုဝူယဲ့ ကကျုပ်ကို ရွက်ကြွေသင်တန်းကျောင်းကိုသွားစေချင်နေတယ် အဓိကအချက်ကတော့ ဘာကိစ္စလဲဆိုတာကျုပ်ကိုမပြောပြသွားဘူး ဟိုရောက်မှသိမယ်တဲ့"

"ရွက်ကြွေသင်တန်းကျောင်းလား အဖိုးကြီးစစ်ထူယန်ထောင်ထားတဲ့သင်တန်းမို့လား"

ရှီဖုန်း စစ်ထူယန်အားသတိရသွားသည့်ပုံဖြင့်ပြောလိုက်သည်။ ရှီဖုန်းမှာ ချိုးဝူယဲ့ မည်သူမှန်းသိသဖြင့် ချိုးယီအား သွားစေချင်သည်မှာသေချာပေါက်အကြောင်းတစ်ခုခုရှိရမည်ကိုနားလည်ထားသည်။ချိုးယီ ရှီဖုန်းအားအံံ့ဩစွာကြည့်၍ပြောလိုက်လေသည်။

"ရွက်ကြွေဓားသမားစစ်ထူယန်အကြောင်းသိတာလား"

"သိတာပေါ့ ငါလွန်ခဲ့တဲ့ ၂ နှစ်ကသူနဲ့တိုက်ဖူးတယ် ငါ့ဘဝမှာ ထိပ်တန်းသိုင်းသမားအဆင့်တူခြင်းသရေကျဖူးတာဆိုလို့ အဲ့ဒီအဖိုးကြီးစစ်ထူယန်ဘဲရှိတယ် အခုတော့ အဲ့အဖိုးကြီးက အဆင့်လွန်ထိပ်သီးသိုင်းပညာရှင်အဆင့်တောင်ရောက်နေပြီလို့သတင်းကြားတယ် ဟိုတလောတုန်းကတောင် လက်နက်ပုန်းအရှင် နဲ့တိုက်ခိုက်လိုက်သေးတယ်"

ရှီဖုန်း ချိုးယီအားအချက်အလက်များကိုပြောပြလိုက်သည်။ ချိုးယီလည်း မျက်ခုံးတွန့်လိုက်ပြီးပြောလိုက်သည်။

"ပြိုင်စံရှားပညာရှင်တစ်ယောက်နဲ့တောင်တိုက်ခိုက်ဖူးတယ်လား ဒါဆိုရင်တော့ ရွက်ကြွေဓားသမားကတော်ရုံသိုင်းပညာရှင်မဟုတ်ဘူးပဲ"

ရှီဖုန်းလဲခေါင်းငြိမ့်၍ထောက်ခံလိုက်သည်။ ထို့နောက် ၎င်းတို့နှစ်ယောက် တိတ်ဆိတ်သွားကြပြီး သေရည်သောက်ကာ ကိုယ်ပိုင်အာရုံကိုယ်စီနှင့်တွေးတောနေကြလေသည်။

..........................

နောက်တစ်နေ့ နံနက်နေထွက်ချိန်တွင် ချိုးယီ စောစောနိုးနေပြီး အခန်းထဲတွင်တစ်ယောက်တည်းအတွင်းအားကျင့်နေခဲ့သည်။ ချိုးယီ တင်ပလ္လင်ခွေထိုင်ကာ သူ​၏ လက်နှစ်ဖက်အားဘေးသို့တစ်ဖက်စီဆန့်ထုတ်၍ အပေါ်အောက်လှည့်လိုက်သည်။ သူ​၏ လှုပ်ရှားမှုများသည် ဘေးနားရှိလေထုအားအတွင်းအားဖြင့်ရိုက်ခတ်မိသွားပြီး လေထုပင် ပေါက်ကွဲသံများထွက်ပေါ်လာလေသည်။ ချိုးယီ​၏ ဘေးပတ်ပတ်လည်တစ်ဝိုက်တွင် နှင်းမှုန်ကဲ့သို့ အဖြူရောင်အမှုန်အမွားလေးတွေ လွင့်ပျံနေပြီး အတွင်းအားသည် အဟုန်ကြီးစွာဖြာထွက်နေခဲ့သည်။ 

"ဝုန်း...ဝုန်း...ဝုန်း"

ချိုးယီ​၏ အတွင်းအားပြင်းထန်မှုကြောင့် တစ်ခန်းလုံးရှိပရိဘောဂပစ္စည်းများတုန်လှုပ်နေပြီး လေထုကြီးတစ်ခုလုံးပင်လှုပ်ခါလျှက်ရှိသည်။ ချိုးယီအတွင်းအားဖြန့်ထုတ်ခြင်းကိုရပ်တန့်လိုက်ပြီး သူ​၏ လက်ဖဝါးအား အောက်သို့လှန်ကာ ချလိုက်သည်။ ထို့နောက်အသက်ဝဝတစ်ချက်ရှုလိုက်သည်။ ချိုးယီ​၏ ဘေးပတ်ပတ်လည်မှ နှင်းမှုန်များနှင့် အတွင်းအား ဖြာထွက်မှုသည် ပျောက်ကွယ်သွားလေသည်။ ချိုးယီမျက်လုံးဖွင့်၍တီးတိုးပြောလိုက်သည်။

"အတွင်းအားပိုမြင့်လာခဲ့ပြီ"

ချိုးယီ ထရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ ထို့နောက်ပြတင်းပေါက်အားဖွင့်၍ နေရောင်ခြည်အားခံစားလိုက်သည်။ ချိုးယီ မှာပုပ်သိုးနေအောင်အိပ်နေသော ရှီဖုန်းအားသွားမနိုးတော့ပဲ တစ်ယောက်တည်းမြို့ထဲထွက်ခွာလာခဲ့လေသည်။ ချိုးယီသည်မြို့ထဲဆက်လက်လည်ပတ်နေပြီးနောက်ခြေဦးတည့်ရာသွားလာရင်းဖြင့် မြို့အစွန်ရှိ ချောင်းကမ်းနံဘေးအား ထပ်ရောက်လာခဲ့လေသည်။ ချိုးယီသည်တောင်တန်းများနှင့် တိမ်ပြာပြာများကိုနောက်ခံထား၍ အေးချမ်းစွာ တသွင်သွင်စီးဆင်းနေသော ချောင်းအားကြည့်၍ ယမနေ့က ဟယ်ရှီးယွင်​၏မျက်နှာလေးအားသတိရသွားလေသည်။ ချိုးယီ​၏စိတ်ထဲတွင် ​ဤနေရာအား အနည်းငယ်စွဲလမ်းနေသည်မှာသိသာလှသည်။ ချိုးယီ လက်နှစ်ဖက်နောက်ပစ်၍ ကောင်းကင်ပြာပြာအားကြည့်၍ တိုးညင်းသောအသံဖြင့် ကဗျာတစ်ပုဒ်ရွတ်လိုက်သည်။

"ကောင်ကင်ပင်လယ် ပြင်ကျယ်လှစွာ

တောင်တန်းကမ္ဘာ သွယ်တန်းလှစွာ

တောတောင်ရေမှာ ကြည်လင်လှစွာ

ချောင်းရည်သွင်သွင် စီးဆင်းပေကား 

ငြိမ်းချမ်းခြင်း​၏ ပုံရိပ်ပေတကား"

ချိုးယီကဗျာအားရွတ်လိုက်ပြီးနောက် လေညင်းအားခံစား၍ သဘာဝအသံအားနားထောင်နေခဲ့သည်။ လေတစ်ဖြူးဖြူးနှင့်ချောင်းရေများစီးကျသံသည် ချိုးယီ​၏ အာရုံအားဟိုးအတွေးနက်ထဲထိရောက်ရှိသွားစေခဲ့သည်။ ချိုးယီ သဘာဝ​၏ အသံအားနားစွင့်နေချိန် နောက်မှမထင်ထားသည့်အသံတစ်သံထွက်ပေါ်လာလေသည်။

" ရှင့်ရဲ့ ကဗျာစပ်နိုင်စွမ်းကမဆိုးဘူးပဲ အဲ့ဒီ စာအုပ်သမားတွေရဲ့ ကဗျာထက်အများကြီးပိုသာတယ်"

ချိုးယီထိုအသံအားကြားလိုက်သောအခါ မည်သူဆိုတာတန်းသိသွားပြီး ပျော်ရွင်သွားခဲ့သည်။ ချိုးယီမှာ ဟယ်ရှီးယွင်အားစစတွေ့ချင်းတည်းက သူ​၏ မျက်စိထဲတွင် ဟယ်ရှီးယွင်​၏ ပုံရိပ်သည် စွဲထင်နေပြီး မေ့လို့မရပေ။ ချိုးယီ အနည်းငယ်တွေးတောလိုက်သည်။

'ဟယ်ရှီးယွင် သူမ ဒီကိုဘယ်လိုရောက်လာပြန်တာလဲ'

ချိုးယီ နောက်သို့ဖြည်းညင်းစွာလှည့်လိုက်သည်။သူလှည့်လှည့်ခြင်းမှာပင် သူ​၏ မျက်လုံးသည်အနည်းငယ်လှုပ်ခတ်သွား​၏။ ဟယ်ရှီးယွင် သူမသည် မနေ့ကနှင့်မတူဘဲ တိမ်ဆိုင်များထက်မှမိုးသားများကဲ့သို့ မိုးပြာနုရောင် ဝတ်စုံအားဝတ်ဆင်ထားလေသည်။ ထိုဝတ်စုံသည် မနေ့ကထက်သူမ​၏ အချိုးကျသော ခန္ဓာကိုယ်အချိုးအစားနှင့် မို့မောက်နေသောရင်သားများကိုပိုမို ထင်ပေါ်စေသည်။ သူမ​၏ဆံနွယ်များကို ဆံထိုးတစ်ခုဖြင့်ထုံးချည်ထားပြီး ရှည်လျားသောဆံနွယ်အားလုံးကိုကျောထိလျှောကျစေသည်။ ဘေးအစွန်းနှစ်ဖက်မှ ဆံနွယ်အနည်းငယ်သည် သူမ​၏လှပသော မျက်နှာအပေါ်ဝဲကျလျှက်ရှိသည်။  ထိုမျှဆွဲဆောင်မှုက ယောက်ျားတိုင်းအားရူးသွားစေလောက်သည်။ ချိုးယီ ဟယ်ရှီးယွင်အားအကြည့်မလွဲနိုင်တော့ပဲ သူ​၏မျက်လုံးကဟယ်ရှီးယွင်ဆီမှာသာ တဝဲဝဲတလယ်လယ်ဖြစ်နေတော့သည်။ 

ဟယ်ရှီးယွင် ချိုးယီ​၏ တဝဲဝဲတလယ်လယ်ဖြစ်နေသောအကြည့်ကြောင့် အနည်းငယ်ရှက်သွားပြီး...

"ရှင်ဘာကြည့်နေတာလဲ ခုနကဘဲသဘာဝရဲ့အလှကိုဖွဲ့ဆိုနေတာမဟုတ်ဘူးလား"

ဟယ်ရှီးယွင်​၏ စကားအားကြားသောအခါ ချိုးယီပြုံး၍သူ​၏အကြည့်အားရုပ်သိမ်းကာ တောင်းတန်းအသွယ်သွယ်နှင့် စမ်းချောင်းလေးအားတစ်ချက်ကြည့်လိုက်ပြီး ဟယ်ရှီးယွင် ဘက်သို့လှည့်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။

"သဘာဝတရားရဲ့အလှတရားထက် ပိုလှတဲ့အလှတရားရှိနေတာကို ဘာကိစ္စသဘာဝတရားကိုဆက်ကြည့်နေတော့မှာလဲ"

ချိုးယီ​၏ စကားကြောင့် ဟယ်ရှီးယွင်ပါးချိုင့်လေးများပေါ်လာသည်အထိပြုံးလိုက်ပြီး ရယ်မောကာ ချိုးယီအားမျက်စောင်းလေးထိုး၍ ပြောလိုက်သည်။

"ရှင်အတော်စကားတတ်သားပဲ ရှင့်အပြောအောက်မှာ မိန်းမပျိုလေးတွေဘယ်နှစ်ယောက်တောင်ကျဆုံးပြီးပြီလဲမသိဘူး"

ချိုးယီရယ်မောလိုက်ပြီး ရယ်တစ်ဝက်ပြောတစ်ဝက်ဖြင့်ပြောလိုက်သည်။

"ဘယ်ကသာဗျာ ကျွန်တော်က သိုင်းလောကမှာကျင်လည်နေတဲ့သူပါ မိတ်ဆွေထက်ရန်သူတွေကပိုများတယ် ကျွန်တော်နဲ့အတူဒုက္ခအမျိုးမျိုးကို ဘယ်မိန်းကလေးကခံစားချင်မှာတဲ့လဲ အခန့်မသင့်၍ အသက်တောင်ဆုံးနိုင်တယ်လေ လူတိုင်းက သူများအသက်ထက်ကိုယ့်အသက်ကိုပိုတန်ဖိုးထားတဲ့သူတွေကြီးပါပဲဗျာ"

ချိုးယီ အဝေးမှ မိုးသားတိမ်စိုင်များအား စိုက်ကြည့်၍ ပြောလိုက်သည်။ အမှန်ပင်ချိုးယီပြောသည့်အရာများအားလုံးမှာအမှန်တရားချည်းသာဖြစ်လေသည်။ သူသိုင်းလောကမှာကျင်လည်နေသမျှကာလပတ်လုံး ရန်သူပေါင်းမြောက်များစွာနှင့် သူ့ဘဝထဲကို သူ့အားနည်းချက်ဖြစ်လာမည့်အရာအားမခေါ်ထားချင်ပေ။ထို့ကြောင့် ချိုးယီမှာ အချစ်ရေးရာကိစ္စများနှင့်ကင်းကွာနေခဲ့ပြီး မိန်းမအများစုကို လျှစ်ရှုတတ်သော အကျင့်စရိုက်ကိုဖြစ်ပေါ်လာစေခဲ့သည်။ သို့သော် ဟယ်ရှီးယွင်အား သူမည်သို့မှ လျှစ်ရှု၍မရခဲ့ပေ။ ချိုးယီ​၏ အသံတိတ်ဆိတ်သွားသည်နှင့် အရာအားလုံးသည်တိတ်ဆိတ်သွားဟန်ပင်။ ဟယ်ရှီးယွင် ချိုးယီဘေးနားသို့သွား၍ပြောလိုက်သည်။

"ဆိုတော့ ရှင်ကငယ်ငယ်ရွယ်ရွယ်လေးနဲ့အထီးကျန်နေတဲ့ဝေဒနာကိုခံစားနေရတယ်ပေါ့"

ချိုးယီ သူ့ဘေးသို့ရောက်ရှိလာသော ဟယ်ရှီးယွင်အားမကြည့်ဘဲကောင်းကင်ထက်ရှိရွေ့လျားနေသောတိမ်ဆိုင်များကိုသာကြည့်၍ပြောလိုက်သည်။

"လူတွေပြောကြတဲ့အထီးကျန်တယ်ဆိုတာ တကယ်တော့ ပျော်စရာကောင်းပါသေးတယ် တစ်ချို့လူတွေကတော့ ဘဝမှာတစ်ချိန်ချိန်အထီးကျန်ခြင်းရဲ့အစစ်အမှန်အဓိပ္ပာယ်ကိုဖွင့်ဆိုနိုင်ကြလိမ့်မယ် နှေးတာနဲ့မြန်တာဘဲကွာလိမ့်မယ်"

ဟယ်ရှီးယွင်မှာ ချိုးယီ​၏ စကားကိုကြားပြီးနောကိတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်သူမ အရွယ်နှင့်မလိုက်အောင်ကိုရင့်ကျက်တည်ငြိမ်သည့်ချိုးယီ​၏ အမူရာမဲ့နေသော မျက်နှာအား ပျော့ပြောင်းစွာစိုက်ကြည့်လိုက်​၏။ လေညင်းလေးများသည် ချိုးယီ​၏ အရှေ့ဘက်သို့လျောကျနေသောဆံနွယ်များကိုအနောက်သို့တစ်ဖျပ်ဖျပ်လွင့်လူးသွားစေသည်။ နေထွက်ရာအရပ်သို့မျက်နှာမူထားပြီး အလင်းပြန်နေသော ချိုးယီ​၏ မျက်နှာသည် ထူးခြားစွာ ချောမောခန့်ညားနေခဲ့သည်။ 

...........................

ပြီး...

All Chapters