ထူးဆန်းသောအပြုံး
Vol. 8 Ch. 95
ဟယ်ရှီးယွင် ချိုးယီ၏ ဘေးတိုက်မျက်နှာအားစိုက်ကြည့်နေမိသည်။ ဤလူငယ်လေးသည်ငယ်ငယ်ရွယ်နှင့်အဘယ်ကြောင့် ၎င်းတို့နှင့်တန်းတူနီးပါးရင့်ကျက်နေရသနည်း။ စကားအပြောအဆိုမှတစ်ဆင့် ချိုးယီ၏ထက်မြမှုကိုသိရှိနိုင်လေသည်။ချိုးယီ ဘေးသို့ကြည့်လိုက်သောအခါဟယ်ရှီးယွင်သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ချိုးယီ မျက်ခုံးတွန့်၍ပြောလိုက်သည်။
"ဘာလို့လဲ ကျွန်တော့်မျက်နှာမှာတစ်ခုခုရှိလို့လား"
ဟယ်ရှီးယွင် ညင်သာစွာရယ်မော၍ပြောလိုက်သည်။
"ဘာမှမရှိပါဘူး"
"ရွစ်..."
"သတိထား"
လေထုတုန်ခါမှုကိုခံစားမိသည့်ချိုးယီက ဟယ်ရှီးယွင်အားသတိပေးလိုက်သည်။ ဟယ်ရှီးယွင်လျင်မြန်စွာလှုပ်ရှား၍ လေထုထဲမှလျင်မြန်စွာပျံဝဲလာသော လက်နက်ပုန်းအား ရှောင်ရှားလိုက်သည်။မကြာပေ ထိုလက်နက်ပုန်းအားရှောင်ရှားပြီးသည်နှင့်တစ်ပြိုင်နက် သေးငယ်သောမြှားတံပေါင်းမြောက်များစွာသည် ချိုးယီတို့ဆီပျံဝဲလာခဲ့သည်။ ချိုးယီ ဟယ်ရှီးယွင်နားလျင်မြန်စွာသွားလိုက်သည်။ ထို့နောက် နှစ်ယောက်လုံး လက်ဖဝါးအတွင်း အတွင်းအားစုစည်း၍ ပျံဝဲလာသော မြှားတံများအား အတွင်းအားလှိုင်းများနှင့်ရိုက်ထုတ်လိုက်သည်။
"ဘန်း.......ဝုန်း"
မြောက်များစွာသော မြှားတံများသည် ချိုးယီနှင့် ဟယ်ရှီးယွင်တို့ အတွင်းအားလှိုင်းနှစ်ခုကြောင့် နောက်သို့ပြန်ကန်ထွက်သွားလေသည်။ အတွင်းအားလှိုင်းနှစ်ခု၏ပြင်းထန်မှုကြောင့် လေထုပင်တုန်ခါလျှက်ရှိသေးသည်။ ချိုးယီ သူ၏ဘေးတစ်ဖက်သို့ချထားသော ညာဖက်လက်ဖဝါးအား မှောက်ခုံလှန်လိုက်သောအခါ ချိုးယီ၏ အတွင်းအားသည် မြေထုအားရိုက်ခတ်သွားပြီး ပတ်ပတ်လည်ရှိမြောက်များစွာသောကျောက်တုံးကျောက်ခဲများကို လေပေါ်ပျံတက်လာစေခဲ့သည်။ ထို့နောက် ညာဖက်လက်အားအတွင်းအားအနည်းငယ်စုစည်း၍ အရှေ့တည့်တည့်သို့ လေထုအားရိုက်ချလိုက်သည်။
"ဖုန်း....ဖုန်း"
လေထုသည် လှိုင်းဂရက်ထသွားပြီးနောက် ကျောက်တုံးကျောက်ခဲများစွာသည် ချိုးယီတို့အားချောင်းတိုက်လာသော သစ်ပင်များစွာကြားမှနေရာများဆီသို့ပျံသန်းသွားလေသည်။
"အား...အား...အား"
သစ်ပင်များကြားမှနာကျင်နေသော အသံပေါင်းများစွာထွက်ပေါ်လာလေသည်။ ချိုးယီလက်နှစ်ဖက်အားနောက်သို့ပစ်၍ အခြေအနေအားစောင့်ကြည့်နေလိုက်သည်။ ချိုးယီမှာ ၎င်းတို့နှစ်ယောက်အားတိုက်ခိုက်ရလောက်အောင်ရူးမိုက်သောသူများအားကြည့်ချင်မိသေးသည်။ သိုင်းလောကတွင် ချိုးယီဖြစ်စေ ဟယ်ရှီးယွင်ဖြစ်စေ အဆင့်လွန်ထိပ်သီးသိုင်းသခင်များအနက်မှ အဆင့်မြင့်မားသော နေရာတွင်ရှိသောသူများဖြစ်လေသည်။ သိုင်းလောကတစ်ခုလုံးတွင် သိုင်းအရှင်ဟုခေါ်ဆိုသည့် ဆရာကြီးချင်ဖုန်း နှင့် ထိုက်ကျိဓားအရှင်ဟုခေါ်သည့် ဆရာကြီး ကျန်းထိုက်ရှန်းမှလွဲလျှင် ၎င်းတို့ နှစ်ယောက်အားတစ်ပြိုင်တည်းတိုက်ခိုက် နိုင်သောသူမှာ အလွန့်အလွန်ရှားပါးလေသည်။ ဟယ်ရှီးယွင်မှာသူမ၏ ဓားအားထုတ်သုံးဖို့ရန်စိတ်ကူးမရှိပေ။
ဤအမှိုက်များကို တိုက်ခိုက်ရန် ဓားပင်သုံးရန်မလိုဟု သူမခံစားရသည်။ ဤသည်မှာစိတ်ကြီးဝင်မှုမဟုတ်ပေ ယုံကြည်ချက်ဖြစ်သည်။ ခုနက ရန်သူ၏ တိုက်ခိုက်မှုများကိုကြည့်ရလျှင် ရန်သူများမှာ အလွန်အားနည်းသည်ဟုဆုံးဖြတ်နိုင်သည်။ မကြာပေ ချိုးယီတို့အနား အနက်ရောင်ဝတ်စုံနှင့်ဘီလူးမျက်နှာဖုံးအားဝတ်ဆင်ထားသော လူဆယ်ယောက်ခန့်သည် ဝန်းရံလာလေသည်။ ချိုးယီရန်သူများ၏ အတွင်းထုတ်လွတ်ပုံနှင့်အရှိန်အဝါကိုကြည့်၍ ပြောလိုက်သည်။
"အဆင့်မြင့်သိုင်းပညာရှင်တွေ"
"အားနည်းတဲ့အမှိုက်လိုကောင်တွေ ရှင်ငါးယောက် ကျွန်မ ငါးယောက်ပေါ့ရှင်"
"ကောင်းပါပြီဗျာ"
ဟယ်ရှီးယွင်၏ စကားအားချိုးယီ ပြုံး၍ပြန်ဖြေလိုက်သည်။ ထို့နောက် ချိုးယီ လှုပ်ရှားလိုက်သည်။ ချိုးယီ သူ့အရှေ့ရှိရန်သူနှစ်ယောက်ဆီသို့ မြေကြီးအားလျှောတိုက်၍ အရှိန်ပြည့်ဖြင့်တိုးဝင်သွားသည်။ သူ့အရှေ့မှရန်သူနှစ်ယောက် မှာဘာဖြစ်သွားမှန်းမသိခင်မှာတင် ချိုးယီ၏ လမ်းကြောင်းမှ ဘေးတစ်ဖက်ဆီသို့ အတွင်းအားဖြင့်ရိုက်ခတ်ခြင်းခံလိုက်ရလေသည်။၎င်းတို့ နှစ်ယောက် ဘာမှမလုက်နိုင်ခင်မှာတင် ချိုးယီ၏ သမခြင်းခံလိုက်ရပြီးချိုးယီ၏ ပြင်းထန်လှသောအတွင်းအားများကြောင့် ကိုယ်တွင်းကလီစာများပျက်စီးကုန်ပြီးသွေးများအန်ကာ မြေပြင်ပေါ်မှမထနိုင်ကြတော့ပေ။
ထိုနှစ်ယောက်အား အနိုင်ယူပြီးနောက်ချိုးယီ အရှိန်သတ်လိုက်ပြီး ခန္ဓာကိုယ်အား ပတ်ပတ်လည်ကာ ကိုယ်ဖော့သိုင်းဖြင့်လေပေါ်ခုန်တက်လိုက်သည် ထိုအချိန် ကျန်ရန်သူ သုံးယောက်မှာလည်း တစ်ပြိုင်နက်လှုပ်ရှားလိုက်ပြီး ချိုးယီအား သိုင်းပညာရပ်များ လက်နက်ပုန်းများဖြင့်တိုက်ခိုက်လိုက်ကြသည်။ ချိုးယီမှာ ဝင်လာသော လက်နက်ပုန်းများကို တကူးတကပင်ပြန်ခုခံစရာမလိုဘဲ ခန္ဓာကိုယ်ပတ်ပတ်လည်အားအတွင်းအားအကာအကွယ်ဖြင့်သာကာလိုက်ပြီး လက်နက်ပုန်းများမှာ အဝေးသို့ပြန်ကန်ထွက်သွားကြသည်။ချိုးယီ ဘယ်ကရောက်လာမှန်းမသိသော တောင်နဲ့မြစ်ယပ်တောင်အား သူ့အားလက်နက်ပုန်းဖြင့်တိုက်ခိုက်သော လူဘက်သို့ညွန်းကာ ယပ်တောင်အားဖြန့်ထုတ်လိုက်သည်။
"ဝုန်း...."
ကြီးမားသောအတွင်းအား လှိုင်းဂရပ်ကြီးသည် ထိုလူဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝေ့သွားပြီး ထိုသိုင်းသမားအားရထားနှင့်အတိုက်ခံရသကဲ့သို့ ပေနှစ်ဆယ်လောက်ကိုလွင့်ထွက်သွားစေခဲ့သည်။ ထိုလူမြေပြင်ပေါ်သို့ပြန်ကျလာသောအခါ သေနေပြီဖြစ်သည်။ ချိုးယီ ရန်သူ၏ ဓားချက်အား ခေါင်းစောင်းကာရှောင်ရှားလိုက်ပြီးထိုလူ၏ နောက်ကျောဆီသို့ရွေ့လျားလိုက်သည်။ ထိုသိုင်းသမားမှာကြောင်တောင်တောင်ဖြစ်သွားပြီး သူ့အရှေ့မှရုတ်တရက်ပျောက်သွား သဖြင့်လိုက်ရှာနေခဲ့သည်။ ထိုအချိန်သူ့ပုခုံးအား လက်တစ်ဖက်ကပုတ်လာသည်ကိုခံစားလိုက်ရသည်။ကျန်နေသော အနက်ရောင်ဝတ်သိုင်းသမားတစ်ယောက်မှာ ချိုးယီ၏ ကန်ကျောက်ခြင်းကိုခံထားရသဖြင့် နောက်သို့ဆုတ်ခွာသွားရပြီး သူ့ဘက်ကလူ၏နောက်တွင် ချိုးယီ ရောက်ရှိနေတာကိုမြင်လိုက်ရသည့်အချိန်အော်ပြောလိုက်သည်။
"မင်းအနောက်မှာ"
"ဟေး ဘာတွေရှာနေတာလဲ"
"ရွမ်း"
ထိုလူမှာ ချိုးယီ၏ အသံကြားတာနဲ့အနောက်သို့ချက်ချင်းလှည့်လိုက်ပြီးဓားဖြင့်လှန်းခုတ်လိုက်သည်။ သို့သော်လည်းချိုးယီမှာ ရန်သူ၏ ဓားထိပ်ဖျားအား လက်နှစ်ချောင်းဖြင့် ညပ်ကာတားဆီးလိုက်သည်။
"အားနည်းတယ်"
ချိုးယီ အေးစက်စွာပြောလိုက်ပြီးနောက် အတွင်းအားကိုအသုံးပြုလိုက်သည်။ ဓားတစ်လျှောက်အတွင်းအားစီးဝင်သွားသောအခါ ဓားသည်တုန်ခါသွားပြီး ထိန်း၍မရတော့ပေ။ အနက်ဝတ်သိုင်းသမားမှာ လက်များထုံထိုင်းသွားပြီး သူ့ဓားအားလက်လွတ်လိုက်ရပြီး လက်အားခါထုတ်လိုက်ရသည်။ ထိုအချိန် ချိုးယီမှာ ဓားထိပ်ချွန်အားတောက်ချလိုက်သည်။
"ရွစ်...ဖောင်း"
ချိုယီတောက်ချလိုက်သောဓားသည် ထိုအနက်ဝတ်သိုင်းသမားဆီသို့ရောက်ရှိသွားပြီး နဖူးအား ဓားရိုးထိပ်ဖျားဖြင့်ထိုးဖောက်ခြင်းခံလိုက်ရလေသည်။ ထို့နောက် မြေပြင်ပေါ်သို့ဘုတ်ကနဲ နောက်ပြန်လဲကျသွားလေသည်။ ချိုးယီကျန်တစ်ယောက်အားလှန်းကြည့်လိုက်သည်။ ထိုလူမှာချက်ချင်းထွက်ပြေးလေတော့သည်။ ချိုးယီပြုံး၍ပြောလိုက်သည်။
"ပြေးချင်တာလား"
ချိုးယီ ခြေတစ်ချက်ဆောင့်ချလိုက်သောအခါ ကျောက်ခဲများလေပေါ်ပျံတက်လာလေသည်။ ချိုးယီ ကျောက်ခဲနှစ်လုံးအား ပြေးသွားသော ရန်သူဆီသို့ကန်လွတ်လိုက်သည်။
"ဖောက်...ဖောက်"
"အား"
ကျောက်ခဲနှစ်လုံးသည် အနက်ဝတ်သိုင်းသမား၏ ကွေးဆန့်နိုင်သော ခြေထောက်အကြာကိုထိမှန်သွားပြီး လဲကျသွားစေခဲ့သည်။ချိုးယီယပ်တောင်အား ခေါက်လိုက်ပြီး လက်နှစ်ဖက်အားနောက်ပစ်လိုက်သည်။ ထို့နောက် ဟယ်ရှီးယွင်ဆီသို့ကြည့်လိုက်သည်။ ဟယ်ရှီးယွင်မှာ သူမဘက်မှ နောက်ဆုံးလက်ကျန်ရန်သူတစ်ယောက်၏ ရင်ဘတ်အားပင့်ကန်လိုက်သည်။ ထိုလူမြောက်တက်သွားသော အခါ သူမပါလိုက်ပြီး ပျံတက်လိုက်သည်။ ထို့နောက် လေပေါ်တွင်ခြေထောက်တစ်ဖက်အားမြောက်၍ ထိုလူ၏ ဦးခေါင်းနောက်စေ့အား ဆောင့်ချလိုက်သည်။
"ဘန်း..."
ထိုလူမှာ အော်ဟစ်ချိန်ပင်မရလိုက်ပဲ နောက်စေ့ကွဲ၍သေဆုံးသွားသေလေသည်။ ချိုးယီထိတ်လန့်သွား၏။
'ကြမ်းတမ်းလှချေလားဟ'
ဟယ်ရှီးယွင်မှာ ချိုးယီအကြည့်အားခံစားမိသည့်နှယ် မြေပေါ်သို့ဆင်းသက်လာပြီးနောက် ချိုးယီအား ညင်သာစွာပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးမှာ ချိုးယီအတွက်ထူးဆန်းနေခဲ့သည်။ ချိုးယီမှာ သူမဘေးနားတွင် ရိုက်နှက်ခံရကာအသေဆိုးဖြင့်သေနေသော သူများကိုတစ်လှည့်သူမကိုတစ်လှည့်ကြည့်လိုက်သည်။
ချိုးယီ ".................."
.........................
"ပြီး..."