← Chapters

တော်ဝင်နန်းတော်  

Vol. 9 Ch. 98

တော်ဝင်နန်းတော်  

Vol. 9 Ch. 98

"သူရဲကောင်းယီ ဒါကတော်ဝင်ပြဿဒ်ခုနှစ်ဆင့်လေ ကျုပ်တို့ရဲ့ကောင်းကင်ဘုံကဘိုးဘေးတွေကို ပူဇော်ပသရတဲ့အခါ ပြဿဒ်ရှေ့ကစင်မြင့်ပေါ်မှာပူဇော်ပွဲကျင်းပကြရတယ်"

နန်းတော်ထဲတွင် ဒုတိယမင်းသားရွယ်ကန်းတုသည် ချိုးယီအားနေရာအနှံ့လိုက်ပြရင်း နေရာတစ်ခုချင်းစီရဲ့သမိုင်းဇာတ်ကြောင်းအားရှင်းပြလျှက်ရှိသည်။ ချိုးယီအနေနှင့်လည်း တော်ဝင်နန်းတော်မှာအမှန်တကယ်ခမ်းနားတင့်တယ်ကြောင်းဝန်ခံရပေမည်။

"နန်းတော်ထဲကနေရာတွေက တကယ့်ကိုသာမန်မဟုတ်ဘူးဘဲ လှပလွန်းတယ်"

ရွယ်ကန်းတုခေါင်းငြိမ့်ကာပြောလိုက်သည်။

"ပြဿဒ်ခုနှစ်ဆင့်ရဲ့နောက်မှာ ပန်းတစ်ထောင်ကြာကန်ရှိသေးတယ် လာကျုပ်လိုက်ပြပေးမယ်"

"ကောင်းပါပြီအရှင်မင်းသား"

ချိုးယီတို့ခမ်းနားတင့်တကယ်သောပြဿဒ်ခုနှစ်ဆင့်ကြီးအားဖြတ်ကျော်လာကြပြီးနောက် အတန်ငယ်ကြီးမားသောရေကန်ကြီးတစ်ကန်အားတွေ့လိုက်ရသည်။ ကန်ထဲရှိရေများမှာသန့်ရှင်းစင်ကြယ်နေပြီး လှပသော ကြာဖြူ၊ကြာနီ၊ရွှေရောက်အဆင်းရှိသည့်ကြာပန်း စသည့်ကြာပေါင်းစုံသည်ရေကန်တစ်ခုတည်းတွင်အတူတည်ရှိနေကြပြီး လူကိုမှင်သက်သွားစေနိုင်သည်အထိမျက်စိအားဖမ်းစားထားနိုင်လေသည်။

ကြာကန်ကြီး​၏ဘေးပတ်ပတ်လည်တွင်လည်း ပန်းပင်ပေါင်းစုံအားစိုက်ပျိုးထားပြီး ပန်းများစွာပွင့်လန်းနေကြပုံမှာ မျက်စိပဒေသာရှိလှပေသည်။ ပန်းပင်များထက်တွင် ခိုဖြူနှင့်စာငှက်ကလေးများကလည်း မှီခိုနေပြီး လှပသောသံစဉ်များဖြင့်သီကျူးနေကြလေသည်။ ဤသည်မှာတော်ဝင်နန်းတော်​၏ နတ်သမီးရေကန်ဟုပင်တင်စားရလောက်ပေသည်။

"ပန်းတစ်ထောင်ကြာကန်ဆိုတာ ဒါကိုပြောတာပေါ့"

"ဒါကတကယ့်ကိုကျွန်တော်မျိုးဘဝမှာ မြင်ဖူးခဲ့သမျှနေရာတွေထဲ အလှပဆုံးနေရာတစ်ခုဘဲ"

ချိုးယီ​၏မျက်လုံးများသည် ပန်းတစ်ထောင်ကြာကန်ကိုကြည့်ရင်းတစ်လတ်လတ်တောက်ပနေခဲ့သည်။ အမှန်တကယ်ပင် ဤနေရာသည်ချိုးယီမြင်ဖူးခဲ့သမျှနေရာများထဲတွင် အလှပဆုံးနေရာဖြစ်လေသည်။

ဤနေရာမျိုးမှာသာ ချစ်ခင်နှစ်သက်ရသူနှင့်အတူရှိရလျှင်မည်မျှကောင်းလိုက်မည်နည်း။ ချိုးယီ​၏စိတ်ထဲတွင်အတွေးပေါင်းစုံတို့ဖြတ်ပြေးနေခဲ့သည်။ ဘေးမှရွယ်ကန်းတုသည် ချိုးယီအတွေးကမ္ဘာထဲသို့ရောက်ရှိနေသည်ကို နားလည်သဖြင့် ဘေးမှမနှောင့်ယှက်ဘဲရပ်နေလေသည်။ အချိန်အနည်းငယ်ကြာပြီးမှ ချိုးယီပြန်လည်နိုးထလာခဲ့လေသည်။ ထိုအချိန်ဘေးမှရွယ်ကန်းတု​၏အသံထွက်ပေါ်လာသည်။

"ဘယ်လိုလဲသူရဲကောင်းယီ စိတ်ကူးနဲ့ရွက်လွင့်လို့ကောင်းတယ်မဟုတ်လား"

"အဟမ်း"

ရွယ်ကန်းတု​၏ စကားကြောင့်ချိုးယီအနည်းငယ်ရှက်ရွံ့သွားသလိုခံစားလိုက်ရသည်။ ချိုးယီပြုံးလျှက်သူ​၏ခေါင်းကိုခါရမ်းလိုက်ပြီး...

"လှပတဲ့နေရာမှာ လှပတဲ့စိတ်ကူးတွေနဲ့ပြည့်နေတာ မကောင်းဘူးလား"

"ဟားဟားဟား မှန်တာပေါ့ သိပ်မှန်တာပေါ့ ဒါသဘာဝဘဲလေ"

.................................

တော်ဝင်ညီလာခံခန်းမအတွင်းတွင်.....

"အမတ်ကြီးမုလဲ့ ရောက်ရှိပါပြီ"

"အမတ်မင်းလျန်ပုယဲ့ ရောက်ရှိပါပြီ"

အဆင့်နှစ် နှင့် အဆင့်တစ်ရာထူးဘွဲ့ရအရာရှိကြီးများတစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြပြီးနောက် နာမည်ကြိုအရာရှိငယ်လေး​၏အသံနောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။

"မြောက်ပိုင်းစစ်သူကြီးဟူ ရောက်ရှိပါပြီ"

မြောက်ပိုင်းစစ်သူကြီးဆိုသည့် အသံကြားသည်နှင့် တော်ဝင်ရုံးတော်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ မြောက်ပိုင်းစစ်သူကြီးမှာ ဖုန်းထင်းပြည်နယ်အစွန်းဆုံးအင်ပါယာနယ်စပ်တွင် တပ်စခန်းချပြီး နယ်စပ်တွင်သုံးနှစ်ကျော်အောင် တိုက်ခိုက်နေခဲ့သော ထိပ်တန်းစစ်သူကြီးဖြစ်လေသည်။ ထိုမျှမအားလပ်နိုင်အောင် အလုပ်ရှုပ်နေသောစစ်သူကြီးကိုပင် ပြန်ဆင့်ခေါ်ထားသည့်အတွက် အရေးကြီးကိစ္စတစ်ခုခုဖြစ်တော့မည်မှန်း အားလုံးသတိထားမိလိုက်ကြသည်။

"တောင်ပိုင်းစစ်သူကြီးယွမ် ရောက်ရှိပါပြီ"

"တောင်ပိုင်းစစ်သူကြီးယွမ်ပါရောက်လာတာလား"

ညီလာခံကြီးတစ်ဖန် လှုပ်လှုပ်ရှားရှားဖြစ်သွားပြန်သည်။ မကြာပေအရာရှိငယ်လေး​၏အသံထွက်ပေါ်လာပြန်သည်။

"နယ်စပ်ဂိတ်မှစစ်သူကြီးချီ ရောက်ရှိပါပြီ"

"ကြည့်ရတာညီလာခံမှာ ငါတို့တာ့ယွမ်ကအသန်မာဆုံးစစ်သူကြီးတွေအကုန်ရောက်လာကြပြီဘဲ"

"ဘုရား ဘုရား စစ်သူကြီးဟူ စစ်သူကြီးယွမ် စစ်သူကြီးချီတို့ အကုန်ရောက်လာကြတာဘဲ ညီလာခံမှာတစ်ခုခုဖြစ်တော့မယ်ထင်တယ်"

"ရွှေတံဆိပ်တော်အမတ်မင်း ရောက်ရှိပါပြီ"

တင့်တယ်သော ရွှေရောင်အနားကွပ် အမတ်မင်းဝတ်စုံနှင့်တည်ကြည်သောမုတ်ဆိတ်မွေးတို့ဖြင့် ရွှေတံဆိပ်တော်အမတ်မင်းသည် ညီလာခံထဲသို့တစ်လှမ်းချင်းဝင်ရောက်လာခဲ့သည်။ညီလာခံထဲသို့ရွှေတံဆိပ်တော်အမတ်မင်းဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားလေသည်။ စစ်သူကြီးသုံးယောက်နှင့် အဆင့်တစ်အရာရှိအမတ်မင်းအချို့မှလွဲလျှင်မည်သူမှ ရွှေတံဆိပ်တော်အမတ်မင်းအားစေ့စေ့စပ်စပ်ပင်မကြည့်ရဲကြပေ။

ဤသည်မှာ တော်ဝင်နန်းတော်အတွင်း ရွှေတံဆိပ်တော်အမတ်မင်း​၏ အဆင့်အတန်းနှင့် အာဏာသက်ရောက်မှုကိုပြသနေတာဖြစ်သည်။အဆင့်တစ်အမတ်မင်းများမှာ ရွှေတံဆိပ်တော်အမတ်မင်းအားမကြောက်ဟုဆိုသော်လည်း နောက်ဆုံးစည်းကိုမထိသရွေ့သည်းခံကြရမည်ဖြစ်သည်။ စစ်သူကြီးများလည်းအတူတူပင် မည်သူမှအကြောင်းအရင်းမရှိဘဲရွှေတံဆိပ်တော်အမတ်မင်းအား ရန်မစရဲကြပေ။

သို့သော်ချီရှန်းကျောက်မှာ မတူပေ။သူသည်နယ်စပ်တောမှဓားပြသူပုန်များ ပုန်ကန်သည့်အရေးတွင် ရွှေတံဆိပ်တော်အမတ်မင်း​၏လက်ချက်မကင်းမှန်းသိရှိပြီးနောက် ရွှေတံဆိပ်တော်အမတ်မင်းအားမုန်းတီးနေခဲ့သည်။ အများကရွှေတံဆိပ်တော်အမတ်မင်းအား ကြောက်တိုင်းသူကြောက်မည်ဟုမဆိုလိုပေ။မည်သို့ပင်ဖြစ်စေ ထိုလူကြောင့် သူ​၏မိသားစုအိုးအိမ်ပင်ပျက်စီးလုနီးပါးဖြစ်သွားခဲ့ရသည်မဟုတ်လော။

"ဟမ့်"

ထိုနှာခေါင်းရှုံ့သံကြောင့် မြောက်ပိုင်းနှင့်တောင်ပိုင်းစစ်သူကြီးတို့ပင်လျှင် ချီရှန်းကျောက်​၏မကျေမနပ်ဖြစ်နေသောအငွေ့အသက်အားခံစားလိုက်ကြရသည်။ ထိုအချိန်အရာရှိငယ်လေး​၏ ကျယ်လောင်သောအသံထွက်ပေါ်လာပြန်သည်။

"အရှင်ဧကရာဇ်မင်းကြီး ကြွချီလာပါပြီ"

........................

ပြီး...

All Chapters