အမတ်ကြီးဝမ်သေဆုံးသွားပါပြီ
Vol. 9 Ch. 103
"တာ့ယွမ်အင်ပါယာရဲ့ သိုင်းထိပ်သီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟယ်ရှီးယွင်လား"
"ဘယ်လိုဖြစ်တာလဲ ပန်ချီဓားအရှင်ရဲ့ တပည့်က ဟယ်ရှီးယွင်တဲ့လား"
ဟယ်ရှီးယွင်ဟုသည့် နာမည်အားကြားသည်နှင့် တသ်ပြိုင်နက် အမတ်မင်းများနှင့် အမတ်ကြီးများပင် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ ထန်ရှောင်းပင် ဟယ်ရှီးယွင်အား ရှိန်ရသည်။ အကြောင်းမှာ ဟယ်ရှီးယွင်သည် ပြိုင်စံရှားအဆင့်ရှစ်နေရာမှ ပိုင်ကျင့်သိုင်းသခင်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက် နိုင်ခဲ့သောကြောင့်ပင်။
ဟယ်ရှီးယွင်၏ ရောက်ရှိလာမှုသည် ချိုးယီကိုပင် အနည်းငယ် ပဟေဠိ ဖြစ်သွားစေခဲ့သည်။ ဟယ်ရှီးယွင် တစ်လှမ်းချင်း လမ်းလျှောက်လာပြီးနောက် ချိုးယီနံဘေးသို့ ရောက်သောအခါ ရပ်လိုက်ပြီး..
"အရှင်မင်းကြီး နဲ့ ဆရာ့ကို ဂါရဝပြုပါတယ်"
ဟယ်ရှီးယွင် အရိုအသေပြုလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ ဧကရာဇ် ရွယ်မင် ပြောစရာ စကား ပျောက်သွားလေသည်။
"ဒုတိယ..."
"အရှင်မင်းကြီး ကျွန်တော်မျိုးမရှိတဲ့ အချိန်တိုအတွင်း ဟယ်ရှီးယွင်က အရှင်မင်းကြီးကို ကာကွယ်ပါလိမ့်မယ်"
ဧကရာဇ်ရွယ်မင် ပါးစပ်မှ ဒုတိယသမီးတော်ဟု ထွက်ခါနီး ရွယ်ဝူဟန်က အမြန်အဆန်ဘဲ စကားကိုပိတ်၍ ပြောလိုက်သည်။ ဧကရာဇ်ရွယ်မင်လည်း ချက်ချင်းသတိရသွားပြီး ချောင်းဟမ့်လိုက်သည်။
"အဟမ့်...ကောင်းပြီ"
အောက်မှ မင်းသားကြီးနန်ရှီလည်း ဟယ်ရှီးယွင်အား ထူးဆန်းသလိုကြည့်လိုက်ပြီး လိုက်မဖော်တော့ဘဲ အဟုန်အတိုင်း လိုက်ရောချရန်သာ ကြိုးစားလိုက်သည်။
"ကျုပ်ရွယ်ယန်ဟောက်က မိန်းကလေးဟယ်နဲ့ တွေ့ချင်နေတာကြာပါပြီ အခုမှတွေ့ရတော့တယ်"
မင်းသားကြီးနန်ရှီ၏ စကားကိုကြားသောအခါ ဟယ်ရှီးယွင်၏ မျက်နှာသည် အနည်းငယ် ရယ်ချင်နေတဲ့ပုံ ဖြစ်သွားပြီး...
"ကျွန်တော်မျိုးမလဲ မင်းသားကြီးကို တွေ့ရတာ ဝမ်းသာမိပါတယ်ရှင့်"
ထို့နောက် သူမခေါင်းငြိမ့်ပြလိုက်ပြီး စစ်သူကြီးယွမ် စစ်သူကြီးချီနှင့် စစ်သူကြီးဟူ တို့အားနှုတ်ဆက်လိုက်သည်။ သို့သော် အမတ်တစ်ယောက်တစ်လေကိုမျှ နှုတ်ဆက်ခြင်းမပြုပေ။ ဤသည်မှာ သူမ၏ သန်မာမှုကို နှစ်သက်ကြောင်း ပေါ်လွင်စေသည့် အချက်တစ်ချင်ပင်။
အားလုံးကိုတစ်လှည့်စီ နှုတ်ဆက်ပြီးနောက် ဟယ်ရှီးယွင် ချိုးယီဘက်သို့ လှည့်လိုက်ပြီး သူမ၏ အိတ်ကပ်ထဲမှ ငွေတစ်စအား ထုတ်၍လှမ်းပေးလိုက်သည်။
ချိုးယီ ကြောင်သွားလေသည်။ သူနားမလည်နိုင်သော မျက်နှာဖြင့် ဟယ်ရှီးယွင်အား မေးလိုက်သည်။
"မိန်းကလေးဟယ် ဒါက...."
"ရှင်ကျွန်မကို ဝယ်ကျွေးထားတဲ့ အချိုသီး တုတ်ထိုးဖိုးလေ"
ချိုးယီ အေးခဲသွားပြီး လှုပ်ရှားမှုများပင် ရပ်တန့်သွားလေသည်။ ညီလာခံတစ်ခုလုံးရှိ အမတ်များအားလုံး ခေါင်းစောင်းလျှက် ပဟေဠိ ဖြစ်နေကြပုံပင်။ ဧကရာဇ်ရွယ်မင် ကိုယ်တိုင်ပင် ချိုးယီနှင့် သူ၏ချစ်သမီးတော် ဟယ်ရှီးယွင်နှင့် အလွန်ရင်နှီးကြမည်ဟု မထင်ထားခဲ့ချေ။ ထိုအချိန် သူ့စိတ်ထဲတွင် ရွယ်ဝူဟန်ပြောခဲ့သော ဒုတိယမင်းသမီးကို မေးကြည့်ပါဟူသော စကားလုံးများ ပြန်လည်ကြားယောင်လာသည်။
ငါးပြည်ထောင်၏ သိုင်းလောကတွင် နံပတ်တစ်မိန်းမပျိုဟု ထင်ရှားကျော်ကြားလှသော အကျော်အမော် ဟယ်ရှီးယွင်သည် သူ၏သမီးတော် ဖြစ်နေသည်ကိုပင် အံ့ဩ၍ မဆုံးဖြစ်နေချေပြီ။ ချိုးယီနှင့်ပါ ခင်မင်နေသည်ဟု သိလိုက်ရသောအခါ ဧကရာဇ်ရွယ်မင်ခဗျာ ပျော်ရမလိုလို စိတ်ပူရမလိုလို ဖြစ်နေတော့သည်။ အကျိုးအမြတ်အရ ကြည့်မည်ဆိုလျှင် ချိုးယီကိုသူတို့ဘက်ပါအောင် သေချာပေါက် ဆွဲခေါ်နိုင်လိမ့်မည်။ အဆိုးဘက်ကကြည့်လျှင် ချိုးယီလက်ထဲ သူ့သမီးပါသွားမည်ကို စိုးရိမ်နေမိသည်။
ချိုးယီ နေရအခတ်သားဖြစ်သွားလေသည်။ ထိုငွေစအား မယူလျှင် အားလုံး၏ရှေ့တွင် ဟယ်ရှီးယွင်အား ခင်မင်သည်ဟု မသတ်မှတ်ကြောင်း ယူဆကြပေလိမ့်မည်။ ယူပြန်လျှင်လည်း သူချိုးယီသည် ဟယ်ရှီးယွင်နှင့် ဆန့်ကျင်ဖက်လူများအား ရန်သူလုပ်မည်ဟူသော သဘောသက်ရောက်နေခဲ့သည်။ ချိုးယီမှာ စားလည်းဆူး ဆုပ်လည်းရူး ဟူသောအနေအထားသို့ ရောက်ရှိနေခဲ့ချေပြီ။
သို့သော် သေချာတွေးကြည့် ပြန်လျှင်လည်း ဟယ်ရှီးယွင်မှာ သူအားကူညီနေသယောင်ပင်။ ယခု ချိုးယီ၏ရန်သူမှာ ရွှေတံဆိပ်တော် အမတ်မင်းပင်။ ဆိုလိုသည်မှာ ချိုးယီကိုထိလျှင် သူမနှင့်ညှိမည်ဟုသော အပြုအမူပင်။ အခြေအနေမှာ မထူးတော့ချေ။ မီးစင်ကြည့်ကရန်သာ လုပ်ရပေတော့မည်။ ချိုးယီ ထိုငွေစအား ပေါ့ပေါ့ပါးပါး လှမ်းယူလိုက်ပြီး လေပေါ်သို့တစ်ချက်မြောက်ကာ ပြုံး၍ပြောလိုက်သည်။
"ကျွန်တော်တို့က မိတ်ဆွေတွေမို့ အားမနာတော့ဘူးနော်"
ချိုးယီ၏ အပြုအမူကြောင့် ဟယ်ရှီးယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးစလေးတစ်ခု တွဲခိုနေခဲ့သည်။ ရွယ်ဝူဟန်ပင်လျှင် ဟယ်ရှီးယွင်၏ ဉာဏ်ထက်မြတ်မှုကြောင့် ဂုဏ်ယူစွာ ပြုံးနေလေသည်။ ကြည့်ရတာ ချိုးယီသည် ရွှေတံဆိပ်တော်အမတ်မင်း၏ ဆန့်ကျင်ဖက်တွင် လုံးဝရပ်တည်လိုက်ပုံပင်။
ဤနေရာတွင် ရှိနေသောသူများမှာ ပညာတတ် အမတ်များ တိုင်ပြည်ကိုအုပ်ချုပ် ကိုင်တွယ်နေသော သူများဖြစ်သဖြင့် ချိုးယီသည် သူ့လူဖြစ်ကြောင်း ထုတ်ဖော်ပြသသော ဟယ်ရှီးယွင်၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ ဤနေရာတွင် မျက်နှာတစ်ခုလုံး သုန်မှုန်နေသူမှာ ရွှေတံဆိပ်တော်အမတ်မင်းနှင့် သူလူများပင်။ အခြေအနေအရ သိုင်းလောကရှိ ဒိတ်ဒိတ်ကျဲ သိုင်းထိပ်သီး သုံးဦးမှာ တစ်ဖက်တည်းရှိနေပြီး ၎င်းတို့နှင့် ရန်သူဖြစ်လာမည့်ပုံပင်။
ထိုသိုင်းထိပ်သီး တစ်ဦးချင်းစီတိုင်းက စစ်သားထောင်ချီအား တိုက်ခိုက်နိုင်သော အင်အားရှိကြလေသည်။ ၎င်းတို့ကို သမားရိုးကျ ဖြေရှင်းရန် မဖြစ်နိုင်တော့ပေ။ ဟယ်ရှီးယွင်ပါလာတည်းက ၎င်းတို့၏ အစီအစဉ်များအောက်မှ ချော်ထွက်နေပြီဖြစ်သည်။ ယခု သက်သက်ဖြစ်နေသော ချိုးယီပါ ဧကရာဇ်မင်းတို့နှင့် ပူးပေါင်းသွားလျှင် မည်သို့ဖြစ်မည်နည်း....။
ရွှေတံဆိပ်တော် အမတ်မင်းဘေးမှ ထန်ရှောင်းသည် ယပ်တောင်အား ဖြည်းညင်းစွာ ခပ်လိုက်ပြီး ဟယ်ရှီးယွင်များ ကျဉ်းမြောင်းစွာ စိုက်ကြည့်နေလေသည်။ ထို့နောက် ထန်ရှောင်း ရွှေတံဆိပ်တော် အမတ်မင်းနားသို့ကပ်ကာ...
"အမတ်မင်း အဲ့ဒီကောင်မလေးရဲ့ အတွင်းအားအရှိန်အဝါက ကျွန်တော်မျိုးအောက် မလျော့ဘူး သူအရမ်းသန်မာတယ်"
ရွှေတံဆိပ်တော်အမတ်မင်း လေးနက်စွာကြည့်၍ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ရွှေတံဆိပ်တော် အမတ်မင်း တီးတိုးရေရွတ်လိုက်သည်။
"သိုင်းလောကရဲ့ နံပတ်တစ် ဘွဲ့ခံနှစ်ယောက်ပါ ဒီကိစ္စထဲ ပါဝင်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
ပလ္လင်ပေါ်မှ ဧကရာဇ်ရွယ်မင်သည် ရွယ်ဝူဟန်အား မျက်စောင်းဖြင့် ကြည့်လိုက်သည်။ 'ဒီကိစ္စပြီးရင် မင်းငါ့ကိုရှင်းပြရင်ရှင်းမ မရှင်းပြရင်သေမယ်' ဟူသောအကြည့်ပင်။ အမှန်ပင် စာပေကိုသာစိတ်ဝင်စားပြီး တစ်နှစ်လုံးနေမှ အခန်းပြင်တစ်ခါ ထွက်ခဲသော သူ့သမီးတော်မှာ သိုင်းတတ်နေသည့်အပြင် သိုင်းလောက၏ ထိပ်ခေါင် ကြီးပါဖြစ်နေသည်မဟုတ်လော။ ရွယ်ဝူဟန်ကူရာမဲ့စွာ ပြုံးလိုက်ပြီး...
"ညီလာခံပြီးရင် ကျွန်တော်မျိုး ရှင်းပြပါ့မယ်"
ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်ပြီးရေလိုက်ငါးလိုက် စီးမျှောရန်သာ ပြုလုပ်နိုင်လေသည်။
"ကောင်းပြီလေ...ကိုယ်တော့်ညီအကိုရဲ့ တပည့်ဆိုတော့ မယ်မင်းရဲ့စွမ်းပကားကို ကိုယ်တော်ယုံပြီးသားပါ"
ဟယ်ရှိးယွင် အနည်းငယ်ဦးညွတ်၍ သိမ်မွေ့စွာပြောလိုက်သည်။
"ကောင်းပါပြီ အရှင်မင်းကြီး စိတ်မပူပါနဲ့ ကျွန်တော်မျိုးမ အသက်နဲ့ရင်းပြီး ကြိုးစားကာကွယ်မှာပါ"
ထို့နောက် ဟယ်ရှီးယွင် ချိုးယီဘက်သို့လှည့်၍ ပြောလိုက်သည်။
"သခင်လေးယီက ကျွန်မတို့က မိတ်ဆွေဆိုမှတော့ အကူညီလေး တစ်ခုလောက်တောင်းလို့ရမလား"
"မိန်းကလေးဟယ် ပြောပါ ကျွန်တော်ကူညီနိုင်တာရှိရင် ကူညီပေးမှာပါ"
"ရှင်ဒီလ အားပါသလား"
ချိုးယီ ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"အားပါတယ် ဒါပေမယ့် ဒီတစ်ပတ်အတွင်းတော့ မဟုတ်ဘူး"
"ကောင်းပါပြီ ညီလာခံပြီးမှ ဆွေးနွေးကြတာပေါ့"
ဟယ်ရှီးယွင် ခေါင်းငြိမ့်လိုက်သည်။ ဧကရာဇ်ရွယ်မင်နှင့် ရွယ်ဝူဟန်မှာ ဟယ်ရှီးယွင် အကူညီတောင်းမည့်ကိစ္စအား သိနေသည့်အလား ပြုံး၍နေလိုက်သည်။ ထို့နောက် မကြာပေ တိုင်းပြည်အတွင်းအစီရင် ခံစာတစ်ခုပြီးတစ်ခု တင်ပြ အမိန့်ချမှတ်လိုက်လေသည်။
ချိုးယီမှာ အိပ်ချင်လာသလိုပင် ခံစားလိုက်ရသည်။ အချိန်အနည်းငယ် ကြာပြီးနောက် တင်ပြစရာများအားလုံး ပြီးစီးသွားလေပြီ။ ချိုးယီ သမ်းဝေလိုက်သည်။ ဧကရာဇ်မင်းကလဲ ဝတ်ရုံအား ဝေ့ရမ်းလိုက်ပြီး....
"ကဲအစီရင်ခံစာ တွေအကုန်လုံးကို အမိန့်ချမှတ်ပြီးပြီဆိုတော့ ညီလာခံ...."
ဧကရာဇ် ရွယ်မင်၏ စကားပင် မဆုံးသေးချေ။ ရွှေတံဆိပ်တော် အမတ်မင်း၏ စကားဖြတ်ပြောသံအား ကြားလိုက်ရသည်။
"ခနလေးပါအရှင်မင်းကြီး ကျွန်တော်မျိုး အတင့်ရဲပြီး လျှောက်တင်ပါရစေ"
ဧကရာဇ်ရွယ်မင် မျက်ခုံးပင့်လိုက်ပြီး..
"ဘာကိစ္စမို့လို့ ဒီလောက်အရေးကြီးသလို ပြုမူနေရတာလဲ အမတ်မင်း"
ရွှေတံဆိပ်တော် အမတ်မင်း လက်နှစ်ဖက်ယှက်ကာ ဦးညွတ်၍ ပြောလိုက်သည်။
"မှန်လှပါ အမတ်ကြီးဝမ် သေဆုံးသွားပါပြီ အရှင်မင်းကြီး"
..........................
ပြီး...