ညီလာခံပြီးပြီ
Vol. 9 Ch. 105
ဧကရာဇ် အမိန့်တော် စာချွန်လွာရေးပြီး တံဆိပ်တုံး ထုလိုက်သည်နှင့် တစ်ပြိုင်နက် ယဲ့အိမ်တော်အား စစ်ဆေးရန် ရာဇသံသည် အသက်ဝင်သွားပြီဖြစ်သည်။
ရွှေတံဆိပ်တော်အမတ်မင်း ထပ်ပြီး လျှောက်တင်လိုက်ပြန်သည်။
"အရှင်မင်းကြီး ဒီကိစ္စမှာ ချိုးအိမ်တော်လည်း ပါဝင်နေနိုင်ပါတယ်"
ချိုးယီ၏ အမွေးများ ထောင်ကနဲဖြစ်သွားလေသည်။ ချိုးယီရွှေတံဆိပ်တော် အမတ်မင်းအားကြည့်၍ ပြောလိုက်သည်။
"အမတ်မင်း မှာသက်သေရှိပါသလား"
ချိုးယိ၏ ဝင်ရောက်ပြောဆိုမှုကြောင့် အားလုံးက ချိုးယီအား အံ့ဩတကြီး ကြည့်နေကြလေသည်။ ကြည့်ရသည်မှာ ၎င်းတို့သိထားသော ယီချိုး နှင့် ချိုးအိမ်တော်မှာ ပတ်သက် ဆက်နွယ်မှုတစ်ခုခု ရှိသည့်ပုံပင်။ ရွှေတံဆိပ်တော် အမတ်မင်း ချိုးယီအား အေးစက်စက်ပြုံးကာ မေးခွန်းထုတ်လိုက်သည်။
"အို..သခင်လေးယီက ချိုးအိမ်တော်ကို ဆက်ဆက်ထိမခံ ဖြစ်နေပါလား"
ချိုးယီ၏ စကားကြောင့် ဘေးမှ ဟယ်ရှီးယွင်ပင် အနည်းငယ် အံ့အားသင့်သွား၏။ သူမသိထားသလောက် ယီချိုးသည် သိုင်းလောကတစ်ခွင် အပူပင်ကင်းမဲ့စွာ ရွက်လွင့်လျှက်ရှိသော လူတစ်ယောက်ဖြစ်သည်။ ကိုယ့်ကိစ္စကိုယ်မှလွဲလျှင် အခြားလူကိစ္စအား သိပ်ဂရုမစိုက်တတ်ပေ။ သို့သော် ယခု ယီချိုးမှာ ချိုးအိမ်တော်အတွက် ဆက်ဆက်ထိမခံ ဖြစ်နေခဲ့သည်။ ကြည့်ရသည်မှာ ချိုးအိမ်တော်နှင့် အတော်ရင်းနှီးသည့်ပုံပင်။
ဧကရာဇ်ရွယ်မင် မျက်ခုံးပင့်သွား၏။ ချိုးယီ၏ စကားအသွားအလာကြောင့် ချိုးအိမ်တော်နှင့် အတော်ရင်းနှီးမှန်း သူသိသွားလေပြီ။ ဧကရာဇ်ရွယ်မင် လက်ထောက်၍ မေးလိုက်သည်။
"မောင်မင်း နဲ့ ချိုးအိမ်တော်နဲ့ ဘယ်လို ပတ်သက်မှုရှိလို့လဲ"
ချိုးယီချက်ချင်း လက်နှစ်ဖက်ယှက်၍ အရိုသေပေးကာ ပြန်ဖြေလိုက်သည်။
"စိတ်တော့မရှိပါနဲ့ အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ ကိုယ်ရေး ကိုယ်တာမို့ မဖြေပေးနိုင်ပါဘူး"
ခန်းမတစ်ခုလုံး ချက်ချင်း ငြိမ်ကျသွား၏။ ဧကရာဇ်ရွယ်မင်အား ယခုလို ပက်ကနဲ ပြန်ပြောရဲသောသူသည် ချိုးယီတစ်ယောက်သာ ရှိပေလိမ့်မည်။ ဧကရာဇ်ရွယ်မင် ပင်ချိုးယီ၏ အကြောက်အလန့်ကင်းမဲ့မှုကြောင့် အံ့အားသင့်သွားလေသည်။ အမှန်ပင် လောကနံပတ်တစ် သခင်လေးဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်လေသည်။ ဧကရာဇ် ရွယ်မင် သက်ပျင်းချ၍ ပြောလိုက်သည်။
"ဟုတ်သား ကိုယ်တော် ရိုင်းပြသွားမိတယ်"
ချိုးယီ၏ စိတ်ထဲတွင် ဧကရာဇ်မင်းအား ဧကရာဇ်တစ်ပါးအနေနှင့် လေးစားမှုအပြည့်ရှိသော်လည်း ကြောက်ရွံ့မှုတော့မရှိပေ။ ဤသည်မှာ သူ၏သိုင်းပညာကပေးသော သတ္တိပင်ဖြစ်လေသည်။ ရွယ်ဝူဟန်မှာတော့ ချိုးယီအား အတော်လေး သဘောကျနေသည်။
'သိုင်းထိပ်သီး တစ်ယောက်ရဲ့ မာနဆိုတာ ဒါမျိုး'
ချိုးယီ ရွှေတံဆိပ်တော် အမတ်မင်းအား အေးစက်စက် ကြည့်လိုက်သည်။ ရွှေတံဆိပ်တော် အမတ်မင်းမှာ ချိုးယီအား အလေးအနက်သိပ်မထားသည့်ပုံဖြင့်..
"အမတ်ကြီးဝမ်ရဲ့ ရင်ဘတ်မှာ ချိုးအိမ်တော်ရဲ့ ကိုယ်ပိုင်သိုင်းဖြစ်တဲ့ ပဲ့တင်ထပ်ခြင်းလက်ဝါးသိုင်းကိုးကွက်ထဲကတစ်ကွက် ကိုတွေ့တယ် စစ်သည်တွေယူယူလာပြီးချင်း စစ်ဆေးတာမို့ ဘာအမှားမှမရှိနိုင်ဘူး"
ချိုးယီမျက်မှောင်ကြုတ်လိုက်သည် အမှန်ပင် သူလည်း နှစ်ထပ်ထပ်ထား သဏ္ဍာန်ရှိသော လက်ဝါးရာတစ်ခုအား အမတ်ကြီးဝမ်၏ ရင်ဘတ်တွင်တွေ့လိုက်သည်။ သို့သော် အရောင်အနည်းငယ်မျှသာ ထင်သောကြောင့် သာမန်လူကိုရိုက်လျှင်တောင် နှစ်ရက်အတွင်း ချက်ချင်းသက်သာ ပျောက်ကင်းသွားနိုင်သည်။ ချိုးအိမ်တော်၏ ပဲ့တင်ထပ်ခြင်း လက်ဝါးသိုင်းကိုးကွက်မှာ ချိုးအိမ်တော်၏ ထိပ်တန်း သိုင်းသမားများသာ သင်ခွင့်ရသော အဆင့်မြင့်သိုင်းကျမ်း တစ်ခုဖြစ်လေသည်။
ချိုးယီမှာ ချိုးအိမ်တော် စာကြည့်တိုက်အတွင်းမှ သိုင်းကျမ်းအများစုကို ဖက်ရှုခဲ့သော်လည်း အဆင့်မြင့်သိုင်းကျမ်းဆိုလို့ ကျောက်စိမ်းလက်တီးသိုင်း နှင့် လှိုင်းကိုးလွာ ဓားသိုင်းကိုသာတွေ့ရှိခဲ့တာဖြစ်သည်။ အေးခဲတိမ်တိုက် အတွင်းအားကျမ်းမှာမူ ပြိုင်ဘက်ကင်းသိုင်းကျမ်း တစ်ခုဖြစ်သော်လည်း ထိုသိုင်းကျင့်ရန် အခြားအတွင်းအားကျမ်းများ၏ သက်ရောက်မှုကင်းစင်သော သန့်စင်သည့်အတွင်းအားခြည်းသက်သက် ထိပ်တန်အတွင်းအား သိုင်းအဆင့်ကို လိုအပ်သည်။ ထို့ကြောင့် အေးခဲတိမ်တိုက် အတွင်းအားသိုင်းကျမ်းသည် သိုင်းလောကတွင် ကျင့်ရန်အခတ်ခဲဆုံး အတွင်းအားကျမ်း တစ်ခုဖြစ်လေသည်။
သို့သော် အေးခဲတိမ်တိုက်အတွင်းအား ကျင့်နိုင်ခဲ့သည်ရှိသော် ထိုသူသည် တိုးတက်မှု အလွန်မြန်ဆန်ပြီး အဆင့်လွန်ထိပ်သီးဖြစ်ရန် အချိန်ခဏသာယူရပေသည်။ ထို့အပြင်အေးခဲတိမ်တိုက် အတွင်းအားသည် အတွင်းအားချင်း ယှဉ်လျှင်တောင် တစ်ပန်းသာ၏။ ချိုးအိမ်တော်တွင် ချိုးယီမသင်ခဲ့ရသော သိုင်းကျမ်းသည် ပဲ့တင်ထပ်ခြင်းလက်ဝါးသိုင်း ကိုးကွက်ပင်ဖြစ်ပေတော့သည်။ ချိုးယီမျက်လုံးမှိတ်လျှက် ပြောလိုက်သည်။
"ချိုးအိမ်တော်မှာ သစ္စာဖောက်ရှိနေနိုင်တယ်အရှင်မင်းကြီး ချိုးအိမ်တော် ကိစ္စကျွန်တော်မျိုး ဖြေရှင်းပေးပါ့မယ်"
ဧကရာဇ်ရွယ်မင် ချိုးယီအား ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ ချိုးအိမ်တော်ဒီကိစ္စမှာ ပါဝင်မှုရှိမရှိ မောင်မင်း ကိုယ်တိုင်ဖော်ထုတ်ပါ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ချိုးယီ စိတ်သက်သာသွာ သက်ပျင်းချလိုက်မိသည်။ ချိုးယီ၏ စိတ်ထဲတွင် ချိုးဝူယဲ့၏ အေးစက်နေသော မျက်နှာသေနှင့် လက်ဖျောက်တစ်ချက်တီးရုံဖြင့် ကောင်းကင်တစ်ခွင်လုံး ကိုမှောက်လှန်ပစ်နိုင်သော နတ်သမီးမမ၏ ပုံရိပ်များ ပြန်လည် မြင်ယောင်လာခဲ့သည်။ ချိုးယီ ရွှေတံဆိပ်တော် အမတ်မင်းအား စိတ်ထဲတွင် ကျိန်ဆဲလိုက်လေသည်။
'သောက်အဖိုးကြီး ခင်ဗျားရဲ့ ခွေးအသက်ကို ကျုပ်ကယ် ပေးလိုက်တာ ခင်ဗျားဘာသိလဲ'
ချိုးအိမ်တော်အား ပြဿနာ သွားရှာလျှင် သေချာပေါက် ချိုးဝူယဲ့ဖြင့် ညှိပေလိမ့်မည်။ ထိုအချိန် ဆရာကြီးကျန်းထိုက်ရှန်းနှင့် ဆရာကြီးချင်းဖုန်းတို့ ပေါင်းလျှင်တောင် ထိုအမတ်အိုကြီးကို ကယ်တင်နိုင်မည်မဟုတ်ပေ။ ထိုအပြင် နန်းတော်တစ်ခုလုံးပါ ထိုအရေးကိစ္စထဲပါသွားနိုင်သည်။ ထိုအချိန် အခြေအနေအား အခြား ပြည်ထောင်များက အခွင့်ရေး ယူကြပေလိမ့်မည်။
ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်၍ပြည်ထောင်တစ်ခုလုံးကို ရှုပ်ထွေးစေမည့်အရေး ချိုးယီအားမပေးချင်ပေ။ ထို့ကြောင့် ချိုးအိမ်တော်၏ ပါဝင်ပက်သက်နေမှုအား သူကိုယ်တိုင်ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဧကရာဇ်ရွယ်မင်၏ အမိန့်အား ရွှေတံဆိပ်တော်အမတ်မင်း သဘောမကျသော်လည်း ချိုးယီ၏ သိုင်းပညာမြင့်မားပုံကို တွေးကြည့်လိုက်သောအခါ မသက်သာဘဲ ဘာမှဝင်မပြောရန်သာ ဆုံးဖြတ်လိုက်တော့သည်။
"ကောင်းပြီ စစ်သူကြီးယွမ် တာ့ယွမ် အင်ပါယာရဲ့နယ်စပ်အခြေအနေ ဘယ်လိုရှိလဲ"
စစ်သူကြီးယွမ်ဦးညွတ်၍ ပြောလိုက်သည်။
"ပုံမှန်ပါဘဲအရှင်မင်းကြီး ဒါပေမယ့် လွန်ခဲ့တဲ့တစ်လတုန်းက တာ့ဟွမ်အင်ပါယာနယ်စပ်က စစ်သည်နှစ်ထောင် ဟာရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ် ကျွန်တော်မျိုး လိုက်စစ်ဆေး ကြည့်ခဲ့ပေမယ့် မူမမှန်တာ ဘာမှမတွေ့ခဲ့ရပါဘူး"
"ကောင်းပြီ အခြေအနေကို ဆက်ပြီး စောင့်ကြည့်ထားပါ နဲနဲလေး မူမမှန်တာနဲ့ ကိုယ့်ဘက်က အရင်ဦးအောင် လှုပ်ရှားပါ"
"ကောင်းပါပြီ အရှင်မင်းကြီး ကျွန်တော်မျိုးမှတ်ထားပါမယ်"
စစ်သူကြီးယွမ်ဦးညွတ်၍ သူ့နေရာနှင့်သူ ပြန်သွားလိုက်သည်။ ဧကရာဇ်ရွယ်မင် စစ်သူကြီးဟူကိုလည်း နည်းတူ မေးမြန်းလိုက်သည်။
"စစ်သူကြီးဟူ တောင်ပိုင်းဘက်ကရော အခြေအနေဘယ်လိုရှိလဲ"
"အားလုံးပုံမှန်အတိုင်းပါဘဲ အရှင်မင်းကြီး မူမမှန်တာမျိုးမရှိပါဘူး"
စစ်သူကြီးဟူ ပြန်ဖြေလိုက်သည်။ ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်ပြီး
"ကောင်းလေစွ ကောင်းလေစွ"
"စစ်သူကြီးချီ တောနက်ထဲက အခြေအနေကအဆင်ပြေရဲ့လား"
"ဓားပြတွေရဲ့ ခြေရာလက်ရာတွေ အတော်လေးနည်းပါးသွားပါတယ် အကုန်အဆင်ပြေကြောင်းပါ အရှင်မင်းကြီး"
စစ်သူကြီးယွမ်လည်း ရိုသေလေးစားစွာ ပြန်လည် ဖြေကြားလိုက်သည်။ အားလုံးကို မေးမြန်းပြီးနောက် ဧကရာဇ်ရွယ်မင် သူ၏ဝတ်ရုံစအား ဝေ့ရမ်း၍ ပြောလိုက်သည်။
"ကောင်းပြီ ဒီနေ့ညီလာခံ ပြီးပြီ"
............................
ပြီး...