#ဘာလို့ငြင်းရမှာလဲ#
Vol. 45 Ch. 643
သူမြေအောက်ကမ္ဘာ၏ သေခြင်းစွမ်းအင်ကို ပိုင်ဆိုင်နေသရွေ့ ကျင့်ကြံခြင်းနယ်ပယ်၌ ကွာဟချက်က အရမ်းကြီးမကြီးမားပါက ထိုလူ၏ကိုယ်ခန္ဓာလုပ်ဆောင်ချက်များက သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။
ဒါက ကိုယ်ခန္ဓာကျင့်ကြံသူတစ်ယောက်အတွက် သေစေလောက်သည့်ရိုက်ချက်ပေတည်း။
ကွေ့ကောရင်ကို ပို၍ပဟေဠိဖြစ်စေတာက ဒီလှုပ်ရှားမှုက ဘာကြောင့် ရှောင်ဟိုင်အား မသက်ရောက်ရသည့်အချက်ပင်။
သူ့ကိုယ်ထဲက အဲဒီထိန်းချုပ်မရနိုင်တဲ့ အော်ရာကဘာလဲ!
ဘာလို့အဲဒါက နည်းနည်းရင်းနှီးနေသလို ခံစားနေရတာလဲ!
သို့စေကာမူ သူဆက်လက်မတွေးတောနိုင်ခင်မှာပင် ကွေ့ကောရင်း အားနည်းသွားရသည်။
နတ်ဆိုးဘုရင်သွေးကြော၏ ဖိနှိပ်မှုအောက်တွင် သူ့စိတ်အခြေအနေ၊ သွေးကြော သို့မဟုတ် ရုပ်ခန္ဓာအားလုံးက မခံမရပ်နိုင်သည့်ရိုက်ခတ်မှုတခုကို ခံစားခဲ့ရသည်။
ဒီရိုက်ချက်သုံးခုကနေ ကွေးကောရင် အားမနည်းသွားဘူးဆိုပါက ထူးဆန်းနေပေလိမ့်မည်။
တခြားတဘက်တွင် ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန် သူ့ရှေ့က မြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။
"စီနီယာအစ်ကိုကု၊ ဒီလူကိုနိုင်ဖို့အတွက် ခင်ဗျားမှာယုံကြည်ချက်ရှိလား"
ကုရှီမျက်မှောင်ကြုတ်လိုက်သည်။
သူဒါကို၀န်မခံချင်သော်လည်း ခေါင်းခါယမ်းသည်။
"သူသာအနားတိုးကပ်လာရင် အနိုင်ရမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို အနားကပ်လာအောင် လုပ်ဖို့အတွက် နည်းလမ်းတစ်ခုကို ငါမတွေးတောနိုင်ဘူး...."
တစ်နည်းအားဖြင့် သူရှုံးမှာကျိန်းသေသည်။
လင်းကျိနန်ခါးသီးစွာပြုံးသည်။
"ကြည့်ရတာ ဒီတကြိမ် ငါတို့လိုလျှို့ဝှက်ဂိုဏ်းတွေ ပေါ်ပေါက်လာရုံတင်မကဘဲ တချို့ဂိုဏ်းတွေက ပါရမီရှင်တွေကိုလည်း မွေးထုတ်ပေးခဲ့ကြတာပဲ"
ဥပမာအားဖြင့် ယဲ့ချိုးပိုင်ပေတည်း။
နောက်ထပ်ဥပမာတခုက မြင့်မြတ်အဆောင်ဂိုဏ်းမှ မုဖူရှန်းဖြစ်သည်။
သူ့တွင် ရှုထောင့်အားလုံး၌ ယခုလို ကြောက်မက်ဖွယ်ရာ ခွန်အားရှိသည်။
စုမိသားစုဘက်တွင် စုလင်တုက ပြန်ပြေးလာပြီး သူ့အော်ရာပင်လျှင် အနည်းငယ် မတည်ငြိမ်ဖြစ်နေသည်။
စုလင်တု ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့အကြား ဆက်ဆံရေးကို မေးမြန်းရင်း အမြန်သွားရန်အတွက် ခွန်အားအပြည့်ကို အသုံးပြုလာခဲ့သည်မှာ သိသာထင်ရှားနေသည်။
စုမုယောင် လှည့်ကြည့်လိုက်သည်။
"ဘယ်လိုလဲ"
စုလင်တု တာအိုဆွေးနွေးစင်မြင့်ပေါ်က ရှောင်ဟိုင်ကို လေးနက်စွာကြည့်ပြီး နက်ရှိုင်းစွာပြောသည်။
"သူတို့သုံးယောက်က ဂိုဏ်းတစ်ဂိုဏ်းတည်းက ဆရာတူတပည့်တွေပဲ"
သူတို့ကဂိုဏ်းတစ်ဂိုဏ်းတည်းကလား!
စုမုယောင်၏တင့်တယ်မွန်မြတ်သည့် မျက်နှာလေးပေါ်၌ ရှားပါးသည့်အံ့ဩဖွယ် အကြည့်တခုပေါ်ပေါက်လာသည်။
ယဲ့ချိုးပိုင်၏ နယ်ပယ်များဖြတ်ကျော်ကာ တိုက်ခိုက်နိုင်သော ကြောက်မက်ဖွယ်ရာစွမ်းရည်!
သူ့တွင် ဓားတာအို၌ ခိုင်မာသည့်အခြေခံအုတ်မြစ်နှင့် ကြောက်ခမန်းလိလိပါရမီရှိသည်။
တခြားတဘက်တွင် မုဖူရှန်းက အဆောင်တာအို၌ ပါရမီရှင်တစ်ဦးဖြစ်သည်။
ရှောင်ဟိုင်တွင် အလွန်အမင်းအစွမ်းထက်သည့် သွေးကြောနှင့် အစွမ်းထက်ရုပ်ခွန်အားရှိသည်။ ဒီသုံးယောက်လုံးက ဂိုဏ်းတစ်ဂိုဏ်းကဖြစ်နေသည်။
ဒီလိုဆိုပါက သူတို့နောက်ကွယ်က ဆရာက အတိအကျဘယ်သူများ ဖြစ်လေသနည်း။
စုမုယောင်၏ သံသယကိုမြင်နေရသည့်အလား စုလင်တုကရှင်းပြသည်။
"အချိန်ကအရမ်းတိုလွန်းတော့ ဒီသတင်းကိုပဲရှာနိုင်ခဲ့တယ်၊ သူတို့ဘယ်ကလာကြတယ်၊ သူတို့ဆရာကဘယ်သူလဲဆိုတာ ရှာလို့မရခဲ့ပါဘူး"
သို့စေကာမူ စုမုယောင် ဒီအကြောင်းကို တွေးလိုက်ပြီးနောက် ခေါင်းခါယမ်းသည်။
"ထပ်ပြီးစုံစမ်းနေစရာမလိုတော့ဘူး၊ ဒီလိုမွန်းစတားတွေကို လေ့ကျင့်ပေးနိုင်တဲ့သူက ပြိုင်ဘက်ကင်းတန်ခိုးရှင်တယောက်ပဲ"
"တကယ်လို့ ငါတို့မဆင်မခြင်စုံစမ်းရင် တဘက်ကလည်း သေချာပေါက်မကြိုက်လောက်ဘူး၊ ယဲ့ချိုးပိုင်နဲ့ ကျန်နဲ့သူတွေက ဂိုဏ်းတစ်ဂိုဏ်းတည်းကဆိုတာ သိထားသရွေ့ ကောင်းတယ်"
ထိုစကားကိုကြားသောအခါ စုလင်တု ခေါင်းညိတ်သည်။
"သူ့ကို ဆက်ချည်ထားကြဦးမလား"
"ဒါပေါ့၊ သူ့ကိုချည်ထားရမှာပေါ့"
စုမုယောင် စင်ပေါ်က ရှောင်ဟိုင်အား ကြည့်ရင်း သူမ၏မျက်လုံးများက အမြော်အမြင်ဖြင့် ပြည့်နှက်နေသည်။
"ငါတို့သူ့ကို အောင်မြင်စွာ ချည်နှောင်ထားနိုင်မလားဆိုတာ မသိပေမယ့် အနည်းဆုံးတော့ သူနဲ့ ငါတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြသရမှာပေါ့"
တခါတရံ တစ်ယောက်ယောက်ကို ဆွဲဆောင်ရန်အတွက် အောင်မြင်ရန်မလိုပေ။
သူတို့ကို အကျိုးခံစားခွင့်ပေးပြီး ချည်နှောင်ထားရုံမျှသာ။
အတိုင်းအတာတခုအထိ ဒါက တဘက်လူ၏ အတ္တကို ကျေနပ်စေလိမ့်မည်။
သူတို့ တင်းကျပ်သည့်သဘောထားမျိုးကို မပြသဘဲ ဒီအချက်ကို ကျေနပ်အောင် လုပ်ပေးသရွေ့ ကောင်းမွန်သော ခင်မင်ရင်းနှီးမှု အခြေခံတခုကို စတင်နိုင်ပေလိမ့်မည်။
စုမုယောင်ကို ဆရာသခင်ဟောင်းစုက စုမိသားစု၏ နောက်ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တာက အကြောင်းပြချက်မရှိတာတော့မဟုတ်ပါ။
သူမ၏အကြည့်က အတော်လေးထူးခြားပြီး ဝေးကွာသည်။
ဒါက မိသားစုခေါင်းဆောင်တစ်ဦးအဖို့ အင်မတန်အရေးပါပါသည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ဒါကိုမြင်သောအခါ ယွမ်ချောင်မပျော်တော့ဘဲ ယင်းအစား လေးနက်နေသည့် အမူအရာတခုရှိနေသည်။
နတ်ဆိုးသခင်က နတ်ဆိုးဘုရင်ဆင်းသက်မှုကို ထပ်မံထုတ်လွှတ်ကာ နတ်ဆိုးဘုရင်သွေးကြောဖြင့် ပေါက်ကွဲစေခဲ့သည်။
ယခုလိုမကြာခဏသုံးပါက ဒါကိုသူဖုံးကွယ်ထား၍ ရမည်မဟုတ်တော့။
သူတို့ကအရမ်းအဝေးကြီးတွင် ရှိသေးပြီး နတ်ဆိုးသခင်၏ သွေးကြောစွမ်းအားက အပြည့်အ၀မကောင်းလာသေးပေ။
နေရာအတိအကျကို ရှာမတွေ့နိုင်သေးသော်လည်း တဘက်ကသာ နတ်ဆိုးသခင် အသက်ရှင်နေသေးတာကို အာရုံခံမိပါက သူတို့က ဘယ်လောက်ပဲကုန်ကျရ၊ ကုန်ကျရ ရှာဖွေမည်ဖြစ်ကာ သူ့ကိုသတ်ပစ်ကြပေလိမ့်မည်။
ထိုအခိုက်အတန့်၌ တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ရှောင်ဟိုင်မှာ မြေအောက်ကမ္ဘာက လူများကိုအေးစက်စွာကြည့်နေပြီး သူ့တွင် ဆင်းလာရန်ရည်ရွယ်ချက် မရှိပုံရသည်။
ဒါကိုမြင်သောအခါ ယွမ်ချောင် အသံပို့လွှတ်လိုက်ရသည်။
"နတ်ဆိုးအရှင်၊ ကျေးဇူးပြုပြီး သွေးကြောစွမ်းအားကို အရင်သိမ်းဆည်းလိုက်ပါဦး၊ အရှင့်ရဲ့ လက်ရှိအခြေအနေကို ထောက်ဆရမယ်ဆိုရင် ဆက်လက်ထုတ်ထားဖို့ဆိုတာက မသင့်တော့ပါဘူး"
ရှောင်ဟိုင်ဒီစကားကိုကြားသောအခါ မငြင်းဆန်ခဲ့ပေ။ သူညင်သာစွာခေါင်းညိတ်ပြီးနောက် သူ့ကိုယ်ပတ်လည်၌ လွင့်မြောနေသည့် နတ်ဆိုးချီက သူ့ကိုယ်ကနေ စတင်ပြန်ဆုတ်သွားသည်။
နတ်ဆိုးဘုရင်ချပ်၀တ်ကလည်း သူ့ကိုယ်ထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွား၏။
ဒါကိုမြင်သောအခါ စစ်ဆေးရေးမှူးကမေးသည်။
"မင်းဆက်ချင်သေးလား"
ရှောင်ဟိုင်ခေါင်းခါယမ်းရင်း ခုန်ဆင်းလိုက်သည်။
လူတိုင်းဒါကိုမြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ကြည့်ရသည်မှာ တခြားဘက်က ကြာရှည်ခံနိုင်တော့မည်မဟုတ်။ ဒါကသတင်းကောင်းပေတည်း။
သို့စေကာမူ အင်မော်တယ်မျောက်ဝံကျေးရွာက လူများတိုက်ခိုက်လာသောအခါ လူတိုင်း နောက်ထပ်မရယ်နိုင်ကြတော့ပါ။
ကောင်းကင်ပြာမြစ်ဝါနန်းတော်မှ ကျန်သောအဖွဲ့၀င်သုံးယောက်ကလည်း တုန်လှုပ်ချောက်ချားသွားရသည်။
ယွမ်ဟန်က မျောက်ဝံနတ်ဆိုးပုံရပ်ယောင်ကို သိပ်သည်းစေခဲ့သည်။
လက်ထဲ၌ တိုက်ပွဲအားနှင့်အတူ သူ့ရုပ်ခွန်အားက ယှဉ်၍မရလောက်အောင် အားကောင်းလာခဲ့သည်။
အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်တစ်ဦးက သူ့ပြိုင်ဘက်မဟုတ်ပေ။
မြေအောက်ကမ္ဘာ၏ သေခြင်းစွမ်းအင်သိပ်သည်းမှာရှိလျှင်ပင် ကျန်သောသုံးယောက်က ကွေ့ကောရင်ထက် အများကြီးပိုအားနည်းသည်။
အစွမ်းထက်မျောက်ဝံနတ်ဆိုးသွေးကြောနှင့် ရုပ်ခွန်အားက တဘက်လူကိုဖိနှိပ်ကာ တရစပ်ထိုးနှက်ပစ်သည်။
အင်မော်တယ်မျောက်ဝံကျေးရွာက တတိယလူကို စေလွှတ်သောအခါ ကောင်းကင်ပြာမြစ်ဝါနန်းတော်က ရှုံးနိမ့်နေပြီဖြစ်သည်။
မုဖူရှန်းဘေးတွင် လန်ယင်ချူရေရွတ်သည်။
"ဒီအင်မော်တယ်မျောက်ဝံကျေးရွာရဲ့ ရုပ်ခွန်အားက နည်းနည်းကြောက်စရာမကောင်းလွန်းဘူးလား"
သူခေါင်းညိတ်ရင်းပြောလိုက်ပြန်သည်။
"အဆင်ပြေပါတယ်၊ ဒါကငါတို့နဲ့ ဘယ်လိုမှ မကိုက်ညီဘူးလေ၊ အခုကနေစပြီး ငါတို့က စုမိသားစုနဲ့ ငရဲဂိုဏ်းကိုပဲ အာရုံစိုက်ထားရတော့မယ်"
တတိယအကြိမ်မဲနှိုက်မှုက ပြီးဆုံးသွားလေပြီ။
ထိပ်ဆုံးသုံးနေရာတွင် ဝင်နိုင်ရန် အခွင့်အလမ်းရှိသည့် ဂိုဏ်းငါးဂိုဏ်းရှိပါသေးသည်။
ရလဒ်များက
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း: ၈၀!
မြင့်မြတ်အဆောင်ဂိုဏ်း: ၉၀!
အင်မော်တယ်မျောက်ဝံကျေးရွာ: ၉၀!
ငရဲဂိုဏ်း: ၉၀!
စုမိသားစု: ၉၀!
အက္ခရာလေးလုံးဂိုဏ်း၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်တို့က ဖယ်ရှားခံရသည်။
သို့စေကာမူ အက္ခရာလေးလုံးဂိုဏ်းနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်တို့၏ မကျေမနပ်ဖြစ်နေသည့် အမူအရာများနှင့် ယှဉ်ပါက ကောင်းကင်ပြာမြစ်ဝါနန်းတော်တွင် တည်ငြိမ်သည့် အမူအရာတခုရှိသည်။
သူတို့က ဒါကိုလေးနက်သည်ဟု မှတ်ယူထားပုံမရပေ။
သေမင်းဝိဉာဉ်မြို့သို့ ၀င်ရမည့်အခွင့်အလမ်းကို ဆုံးရှုံးသွားခြင်းကလည်း အရေးမပါသည့်အလား။
ထို့နောက် စိန်ခေါ်ရန်အချိန်ကျလာလေပြီ။
ဂိုဏ်းတိုင်းတွင် စိန်ခေါ်ရန် အခွင့်အလမ်းတခုရှိပြီး တချိန်တည်းမှာပင် ငြင်းဆန်ရန်အတွက် အခွင့်အလမ်းတခုရှိသည်။
ဂိုဏ်းငါးဂိုဏ်းစိန်ခေါ်မှုအပြီးတွင် နောက်ဆုံးသုံးဂိုဏ်းကို ဆုံးဖြတ်မည်ဖြစ်သည်။
ထို့နောက်တွင်သာ သေမင်းဝိဉာဉ်မြို့ကို ၀င်ရန်အတွက် လက်မှတ်ကိုရပေလိမ့်မည်။
ထိုအချိန်တွင် ငရဲဂိုဏ်းကလူများက စင်မြင့်ပေါ်သို့ ပထမဆုံးတက်လာကြသည်။
သူတို့က စစ်ဆေးရေးမှူး စည်းမျဉ်းများကို ကြေညာသည်ကိုပင် မစောင့်ကြတော့။
ပန်ရှီက မြင့်မြတ်အဆောင်ဂိုဏ်းက မုဖူရှန်းနှင့် ကျန်သောသုံးယောက်ကိုကြည့်ပြီး မိစ္ဆာဆန်စွာပြုံးသည်။
"တက်လာခဲ့၊ ဒါမှမဟုတ် မင်းတို့ငြင်းမှာလား"
ငရဲဂိုဏ်းက ပဏာမခြေလှမ်းလှမ်းကာ မြင့်မြတ်အဆောင်ဂိုဏ်းကို စိန်ခေါ်ခဲ့သည်။
ငရဲဂိုဏ်းအတွက် မြင့်မြတ်အဆောင်ဂိုဏ်း၏ ဝိဉာဉ်ကပိုအားကောင်းပြီး နှုတ်ယူထားသည့် ဝိဉာဉ်အရည်အသွေးကလည်း ပိုကောင်းမည်သာ။
မုဖူရှန်း တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ လှမ်းကြည့်ပြီး တခုခုကို တွေးတောနေပုံရကာ ရုတ်တရက်ပြုံးလိုက်လေသည်။
"ဘာလို့ကျုပ်တို့ငြင်းရမှာလဲ"
အပိုင်း(644) coming။