အောင်နိုင်သူ
Vol. 102 Ch. 1332
ဆေးဆရာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားနေသည်။ ယခုတွင် ချင်မူ့အကူအညီအဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်၊ ကျောနှင့် ဦးခေါင်းပေါ်ရှိ ဒဏ်ရာများကိုပင် မြင်ရချေပြီ။ တာအိုဒဏ်ရာများအပေါ်ရှိ တာအိုသင်္ကေတတို့ကိုလည်း ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။ ဤအခိုက်အတန့်တွင် သူ့တွင် မရေမတွက်နိုင်သော မျက်လုံးများ ရှိနေသကဲ့သို့ သင်္ကေတတစ်ခုချင်းစီ၏ အရှေ့အနောက်အပြင် အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံတို့ကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများကို ကုသရန် အမှန်တကယ် လွယ်ကူသွားပြီဖြစ်သည်။
“ငါ့မှာ ဒီလိုစွမ်းဆောင်ရည်မျိုးသာ ရှိရင်… တစ်လောကလုံးက လူတွေ အဆိပ်မိပြီး သေကုန်လောက်ပြီ” ဆေးဆရာမှာ ပျော်ရွှင်၀မ်းမြောက်နေမိသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည်လည်း ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ရောက်နေသည်။ ဤတခဏတွင် သူမ၏ နေရာဟင်းလင်းပြင်တာအိုမှာ မမျှော်လင့်ဖွယ်ကောင်းစွာဖြင့် ချောမွေ့လာပြီး ကောင်းကင်နတ်သိုင်းများလည်း အံ့အားသင့်ဖွယ်ရာ လျင်မြန်လာကြောင်း သူမ သတိထားမိသွားသည်။
သူမသည် ဆန်းကြယ်သော အခြေအနေသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမက ဗျပ်စောင်းကြိုးများကို တီးခတ်ရင်း နေရာဟင်းလင်းပြင်တာအိုတွင် မစဉ်းစားခဲ့ဖူးသော အစွမ်းအစတို့အား ထုတ်ဖော်နိုင်လာသည်။
‘ဒီလို အံ့ဩစရာကောင်းကင်နတ်သိုင်းက ငါ့ရဲ့နေရာဟင်းလင်းပြင်လမ်းစဉ်ကို အထွတ်အထိပ်အထိ ထုတ်လွှတ်နိုင်စေတာပဲ’
သူမ ဗျပ်စောင်းကြိုးများကို တီးခတ်နေသည်နှင့်အမျှ မက်မွန်တောအုပ်ထဲရှိ အလင်းတန်းကြိုးမျှင်များလည်း တဖျတ်ဖျတ် တုန်ခါလာသည်။ ချက်ချင်းဆိုသလို အလင်းတန်းကြိုးမျှင်များသည် တဆတ်ဆတ် လှုပ်ယမ်းကုန်ကြကာ နေရာဟင်းလင်းပြင်များစွာ မျောလွင့်ဖွဲ့တည်လာစေသည်။ ၎င်းတို့က ပါးလွှာနေပြီး နေရာဟင်းလင်းပြင်ကြိုးမျှင်များပမာ ရှိနေသည်။
ထိုနေရာဟင်းလင်းပြင်ကြိုးမျှင်များ မတူညီသော စည်းချက်တို့ဖြင့် ပေါ်ထွက်လာသည့်အခါ မက်မွန်တောအုပ်တစ်ခုလုံးသည် ကမ္ဘာလောကတစ်သောင်းထဲ၌ တစ်ပြိုင်နက်တည်း တည်ရှိနေသကဲ့သို့ ဖြစ်လာသည်။ နေရာဟင်းလင်းပြင်ကြိုးမျှင်များက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့်အတူ ပါလာသည့် ထူးဆန်းသော လေပြင်းကို ဖောက်ထွင်းသွားပြီး ကောင်းကင်ထက်မှ ကြယ်တာရာများကို ကာဆီးလိုက်ကာ ကမ္ဘာဦးသစ်ပင်၏ အမြစ်များ မက်မွန်တောအုပ်ထဲ တိုး၀င်မလာနိုင်ရန်လည်း တားဆီးလိုက်သည်။ အမြစ်များမှာ တစ်ခုပြီးတစ်ခု ဖြတ်တောက်ခံနေရချေပြီ။
ဤသည်တို့ကား ချင်မူ့ကောင်းကင်ရတနာနယ်ပယ်၏ သက်ရောက်မှုပင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ‘နယ်ပယ်’များကို ဖွဲ့တည်ဖြန့်ခင်းနိုင်သော ပုဂ္ဂိုလ်များများစားစား မရှိပေ။ ကောင်းကင်နတ်ဘုံတွင် နယ်ပယ်ဖွဲ့တည်နိုင်သူ တချို့ရှိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တချို့ရှိ၏။ သူတို့အပြင် ရွှင်ပျော်ပျော်ကျေးရွာနှင့် မဟာဧကရာဇ်သာ ရှိတော့သည်။
သို့သော် နယ်ပယ်ဖွဲ့တည်နိုင်သူတိုင်းကား အံ့မခန်းလိလိ အောင်မြင်မှုများ ရှိကြချေသည်။
ဥပမာအနေဖြင့် ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်အား ဖျက်ဆီး၍မရနိုင်ပေ။
မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်နယ်ပယ်သည် အရာအားလုံးကို ဖန်တီးနိုင်သည်။
ထို့အပြင် လော့ဝူရွှမ်၏ ဓားမနယ်ပယ်၊ သားသတ်သမား၏ ကောင်ကင်ဓားမနယ်ပယ်တို့ကလည်း အလွန်အမင်း အင်အားကြီးမားကြသည်။
နယ်ပယ်ဖွဲ့တည်နိုင်လိုလျှင် မဟာတာအိုတွင် သာမန်ထက် ထူးကဲသော အောင်မြင်မှုများ ရှိနေရန် လိုအပ်သည်။ နယ်ပယ်ဆိုသည်မှာာ တာအိုကျင့်စဉ်စနစ်မှ ကိုင်းခွဲတစ်ခု ဖြစ်လေသည်။
ချင်မူ၏ကျင့်စဉ်စနစ်က အခြားသူများနှင့် မတူပေ။ အခြားသူတို့သည် ဝိညာဥ်သန္ဓေသားကို ဖွင့်လှစ်၍ ဓာတ်ကြီးငါးပါးနှင့် ခုနစ်စဉ်ကြယ်ကို တည်ဆောက်ရသည်။ တခြားတစ်ဖက်တွင် သူက ဝိညာဉ်သန္ဓေသားကို သုံးလျက် စကြဝဠာကို တိုးတက်ပြောင်းလဲစေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဖွင့်ခဲ့သည်။ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ ဝင်ရိုးစွန်းလေးခုနှင့် ဘိုးဘေးနန်းတော်ကိုပင် ဖြစ်တည်လာစေခဲ့၏။
သူ့တွင် အခြားကောင်းကင်ရတနာများ မရှိပေ။ သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် သူသည် စကြဝဠာမဟာပေါက်ကွဲပြီးမှ မူလကနဦးဖြစ်တည်မှုတစ်ခုနှင့် ညီမျှ၏။
မူလကနဦးဖြစ်စဉ်တွင် အချိန်နှင့် နေရာဟင်းလင်းပြင် မရှိသလို အထက်၊ အောက်၊ ဘယ်၊ ညာလည်း မရှိပေ။ မူလကနဦးဖြစ်စဉ်ထဲ၌ ရပ်နေပါက စကြဝဠာရှိ အရှေ့အနောက်မဆို အရာများအားလုံးကို မြင်ရနိုင်သည်။
ထို့ကြောင့် သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲရှိ အချိန်နှင့် နေရာဟင်းလင်းပြင်မှာ သူ့လက်ဖဝါး၏ လက္ခဏာများ အလားဖြစ်နေလိမ့်မည်။ အခြားသူများ သူ့ကိုကြည့်ပါက သူ၏နောက်ကျောကို မြင်ရမည်မဟုတ်ဘဲ အရှေ့ကိုသာ မြင်ရလိမ့်မည်။ ချင်မူ့ ခေါင်းထိပ်နှင့် ခြေထောက်အောက်သို့ ပျံသွားပါကလည်း အရှေ့ခြမ်းကိုသာ မြင်ရပေလိမ့်မည်။
ယခုတွင် ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့နှင့် ဆေးဆရာကို သူ၏လက်ဖဝါးထဲ ထည့်ထားလေရာ သူတို့၏လမ်းစဉ်တို့လည်း သူ၏ကောင်းကင်ရတနာနယ်ပယ်မှ သက်ရောက်ခြင်းခံလိုက်ရသည်။ ရလဒ်အနေဖြင့် ဆေးဆရာနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သည် စိတ်ကူးကြည့်၍ မရနိုင်သော ဤအစွမ်းအစကို ယာယီပိုင်ဆိုင်နိုင်သွား၏။
ကြယ်တာရာ ၄၉ စင်းက ကောင်းကင်ထက်မှ တဖွဲဖွဲ ကျလာကာ ကခုန်နေသည့် ဗျပ်စောင်းကြိုးများကို တိမ်းရှောင်သွားသည်။ ထို့နောက် ပြင်းထန်စွာ တုန်ရီလာပြီး ကောင်းကင်တာအို ၄၉ ခု၊ ကြယ်တာရာနတ်ဘုရား ၄၉ပါး အသွင်ယူသွားသည်။ နတ်ဘုရားတစ်ပါး၏ အနောက်တွင် ကောင်းကင်ပိုက်ကွန်တစ်ခု လွင့်မျောနေသည်။ တစ်ပါး၏အနောက်၌မူ မဟာစစ်ရထားကြီးကဲ့သို့ ကောင်းကင်ရတနာတစ်ပါး ဖွဲ့တည်နေ၏။ ကောင်းကင်ချောက်နက်၊ ကောင်းကင်ရေတွင်း အစရှိသော တာအိုရတနာကိုယ်စီဖြင့် ရှေးဟောင်းနတ်ဘုရားများ ပေါ်လွင်လာကြသည်။
နတ်ဘုရားတို့သည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြရင်း ဗျပ်စောင်းသံအား ခုခံကြ၏။
အခြားတစ်ဖက်တွင် ထူးဆန်းသော လေပြင်းက မက်မွန်သစ်ကိုင်းများ၊ သစ်ရွက်များ၊ ပန်းပွင့်များကို တိုးဝှေ့တိုက်ခတ်သွားရင်း လှိုင်းတစ်လုံးအသွင် ဖြစ်တည်လာသည်။ ဗျပ်စောင်းတေးသံ လွင့်မြောပျံ့လွင့်နေစဉ် ပန်းပွင့်များ၊ သစ်ကိုင်းများနှင့် သစ်ရွက်များက နန်းဆောင်အပျက်အစီးများအရှေ့သို့ ရောက်သွားကြ၏။ သစ်ကိုင်းများနှင့် သစ်ရွက်များက လွင့်မြောကခုန်လျက် နတ်ဧကရာဇ်လန်ရွှမ်၏ အသွင်သဏ္ဍာန်အား ဖော်ဆောင်လိုက်သည်။
ဗျပ်စောင်းသံက အရပ်လေးမျက်နှာမှ မြည်ဟည်းလာကာ နတ်ဧကရာဇ်လန်ရွှမ်ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်လိုက်သည်။ သို့သော် တစ်စစီဖြစ်သွားသည့် လန်ရွှမ်သည် ပြန်လည်စုစည်းသွား၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပွင့်ချပ်များ၊ သစ်ကိုင်းများနှင် သစ်ရွက်တို့က ပြန့်ကျဲလိုက်၊ ပြန်စုစည်းသွားလိုက် ဖြစ်နေသည်။
သူကား ခန္ဓာကိုယ်အစစ်အမှန်ဖြင့် လာရောက်ခြင်းမဟုတ်ဘဲ သူ၏အသိစိတ်အလျဉ်ဖြင့် ရောက်လာခြင်း ဖြစ်ပေသည်။
သူ၏အစစ်အမှန်ခန္ဓာကိုယ်မှာ မဟာဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရထားသဖြင့် ကောင်းကင်နတ်ဘုံသို့ ပြန်သွား၍ ကုသနေရသည်။ မဟာဧကရာဇ်က သူ့ကို အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သဖြင့် အချိန်တိုအတွင်း အထွတ်အထိပ်အခြေအနေသို့ ပြန်လည်သက်သာလာနိုင်မည် မဟုတ်ပေ။
သူက ကောင်းကင်နတ်အရှင်ယွဲ့နှင့် တိုက်ခိုက်ရာတွင် အတော်ဆုံးဖြစ်၏။ ယခင်တစ်ခေါက်တုန်းက သူ ကောင်းကင်နတ်အရှင်ယွဲ့ကို ပထမဆုံး ဦးဆောင်တိုက်ခိုက်ခဲ့ပြီးနောက်မှ ကျန်ကောင်းကင်နတ်အရှင်များသည် သူမကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ အသိစိတ်အလျဉ်က နေရာဟင်းလင်းပြင်တာအို၏ ရန်သူတော်ဟုပင် ပြောနိုင်သည်။
“ကောင်းကင်နတ်အရှင်ယွဲ့၊ ခင်ဗျားက နှစ်လေးသောင်းကျော် နေလာခဲ့ပြီးပြီမလား”
နတ်ဧကရာဇ်လန်ရွှမ်က ရှေ့သို့ လျှောက်သွားရင်း ကြည်လင်ပြတ်သားစွာ ပြောသည်။ “အရင်ကတည်းက ကောင်းကင်နတ်အရှင်လင်နဲ့အတူ သေသွားခဲ့ရမှာ… ဒါပေမဲ့ ခင်ဗျားက ကံကောင်းပြီး ဒုက္ခိတ ဖြစ်နေလို့ အသက်ရှင်သွားခဲ့တယ်... ခင်ဗျား ဒုက္ခိတဖြစ်နေမှ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေ စိတ်အေးလက်အေးနေနိုင်မှာ မဟုတ်လား …အခု ခင်ဗျားက ပြန်သက်သာလာချင်ပြီဆိုတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာဖြစ်မယ်”
သူ မည်သို့ပင် ကြိုးစားသော်လည်း နန်းဆောင်အပျက်အစီးများဆီ မချဥ်းကပ်နိုင်ပေ။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်ထက်တွင် နတ်ဘုရား ၄၉ ပါးက အော်ဟစ်လိုက်သည်။ ကောင်းကင်တာအို ၄၉ ခုသည် အလင်းတန်းကြိုးမျှင်များကို သက်တံ့ရှည်ကြီးများအလား ဖြတ်ချလိုက်၏။ ဗျပ်စောင်းတေးသံ၏ စွမ်းအားမှာ သိသိသာသာ လျော့ကျသွားလေသည်။
သို့ထိတိုင် နတ်ဧကရာဇ်လန်ရွှမ်မှာ အနားမကပ်နိုင်သေးပေ။
နတ်ဘုရား ၄၉ ဦးက ကောင်းကင်ထက်မှ ဆင်းသက်လာသော သက်တံ့ရှည်များအသွင် ပြောင်းလဲသွားကြသည်။ သူတို့က မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီးနောက် ကောင်းကင်နတ်အရှင်အသွင် ဖြစ်သွားကြ၏။ ထို ကောင်းကင်နတ်အရှင်များ၏ မျက်နှာများကား တူညီနေကြပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာကို ပိုင်ဆိုင်ထားကြလေသည်။
သူတို့ကား ရှေးဟောင်းနတ်ဘုရားဘုရင်၏ မဟာတာအိုပုံရိပ်ယောင်များ ဖြစ်ကြ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာလည်း မဟာဧကရာဇ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သဖြင့် ကောင်းကင်နတ်ဘုံတွင် ကုသနေရသည်။ ခန္ဓာကိုယ်အစစ်အမှန်ကို အသုံးပြု၍ မရပေ။
“ကောင်းကင်နတ်အရှင်ယွဲ့”
“ဒဏ်ရာတွေ ကုနေတာ ရပ်တန်းက ရပ်ပြီး ဒုက္ခိတအနေနဲ့ ပြန်နေလိုက်ပါ… အဲဒီလိုဆို အသက်ရှင်နိုင်ဦးမယ်… မဟုတ်ရင်တော့ ကျုပ်တို့တာအိုမိတ်ဆွေတွေကို နှလုံးသားမရှိဘူး ဆိုပြီး အပြစ်မတင်ပါနဲ့”
ကောင်းကင်နတ်အရှင်ယွဲ့က မကြားချင်ယောင် ဆောင်ထားသည်။
ရုတ်တရက် ကောင်းကင်နတ်အရှင်များသည် ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ အလျင်အမြန် ပြန်လည်သက်သာလာနေကြောင်း အာရုံခံမိလိုက်ကြသည်။ သူတို့က ပြိုင်တူ မျက်လုံးဖွင့်လိုက်ကြကာ ချင်မူ့လက်ဖဝါးပေါ်တွင် ကောင်းကင်နတ်အရှင်ယွဲ့ကို လှည့်ပတ်လျက် ပျံသန်းနေသော ဆေးဆရာဆီသို့ ကြည့်လိုက်ကြသည်။
“မင်း ငါ့ရဲ့ ကောင်းကင်တာအိုကို ချိုးဖျက်ခဲ့တယ်… တစ်သက်လုံး ဒုက္ခရောက်လိမ့်မယ်” နတ်ဘုရား ၄၉ ပါးက ပြိုင်တူပြောလိုက်ကြသည်။
ဆေးဆရာမှာ တုန်လှုပ်သွားပြီး သူ့မျက်နှာရှိ ကြေးမျက်နှာဖုံးကို အလျင်အမြန် ကိုင်လိုက်၏။ မျက်နှာဖုံး ရှိနေသေးကြောင်း စမ်းမိမှ သက်ပြင်းချလိုက်မိသည်။ “မူအာ၊ အားငယ်မှာစိုးလို့ မျက်နှာဖုံးကို မချွတ်ခဲ့တာ ကံကောင်းတာပဲ… မဟုတ်ရင် အဲဒီပုဂ္ဂိုလ်တွေ ငါ့မျက်နှာအစစ်ကို မြင်သွားလောက်တယ်”
“ကောင်းကင်နတ်အရှင်ရှောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်”
နတ်ဧကရာဇ်လန်ရွှမ်က ရုတ်တရက် ပြော၏။ “ဒီနေ့ ဒီမှာ ကျုပ်တို့သုံးယောက်ပဲ ရှိပေမယ့် အဲဒီတုန်းက အဖြစ်အပျက်ကို မေ့သွားလို့ မဖြစ်ဘူးမလား”
“ဟုတ်တယ်” နတ်ဘုရား ၄၉ ပါးက ခေါင်းညိတ်လိုက်သည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း ဝင်ပြောသည်။ “အဲဒီတုန်းက ကောင်းကင်နတ်အရှင်ဟွေ့က ပထမဆုံး တိုက်ခိုက်ခဲ့ပေမယ့် ကောင်းကင်နတ်အရှင်ယွဲ့က သူ့ရဲ့တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့တယ်…အဲဒီအစား ခင်ဗျားက ပထမဆုံး အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တဲ့သူပဲ”
နတ်ဧကရာဇ်လန်ရွှမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ရှေ့သို့ပြေးတက်သွားကာ အော်ဟစ်လိုက်သည်။ “တိုက်တော့”
ဝှစ်…
သူ၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ လွင့်ပျယ်သွားပြီး မရေမတွက်နိုင်သော မက်မွန်ပန်းပွင့်များ၊ သစ်ရွက်များနှင့် သစ်ကိုင်းများက ကောင်းကင်ထက်သို့ မြောက်တက်သွားကြသည်။ ၎င်းပန်းပွင့်များ၊ သစ်ရွက်များ၊ သစ်ကိုင်းများမှာ ဗျပ်စောင်းသံကြောင့် ကြေမွသွားကြသော်လည်း နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားချေပြီ။
တစ်ချိန်တည်းမှာပင် နတ်ဘုရား ၄၉ ပါးက ပြိုင်တူ လှုပ်ရှားလိုက်ကြပြီး တခဏအတွင်း ရွှမ်တုကမ္ဘာကို ဖွဲ့တည်လျက် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အား လွှမ်းခြုံလိုက်တော့သည်။