ကောင်းကင်နတ်အရှင်ယွီ သေကိုသေမှ ဖြစ်မှာ
Vol. 102 Ch. 1333
“ဘာ”
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကြီး မည်းမှောင်သွားသည်။ “တယ် ရိုင်းစိုင်းလှချည်လား…ကောင်းကင်နတ်အရှင်မူ မင်းက ဒေါသထွက်လွန်းလို့ ဆဲတောင် ဆဲနေပြီပေါ့လေ .. ငါ စိတ်ပျက်မိတယ်… ကြည့်ရတာ မင်းအပေါ် ဖိအားပေးတာ များသွားပြီထင်တယ်… ဒါပေမဲ့ ငါ ကောင်းကင်နတ်အရှင်ယွဲ့ကို ရှင်းလင်းဖို့လာတာ… မင်းဆီ လာတာမဟုတ်ဘူး… ပြောရရင် ငါတို့က မဟာမိတ်တွေ ဖြစ်တဲ့အတွက် မင်းကို တစ်နည်းနည်းနဲ့ အသုံးချလို့ရသေးတယ်… ကောင်းကင်နတ်အရှင်ယွဲ့ကတော့ အဲ့ဒီလုပ်မဟုတ်ဘူး”
သူ၏အကြည့်က ကောင်းကင်နတ်အရှင်ယွဲ့ထံသို့ ကျရောက်သွားပြီး သူက လက်ဆန့်လိုက်သည်။ ထို့နောက် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်ယွဲ့ အညံ့ခံသရွေ့ အတိတ်တုန်းက ငါ့ကို သတ်ခဲ့တာကို သင်ပုန်းချေပေးလို့ရတယ်…”
သူက မှင်သေသေ ဆက်ပြောသည်။ “ငါက သဘောထားမကြီးဘူးလို့ မပြောနဲ့…. ငါက သိပ်ကို သဘောထားကြီးမြတ်တာ… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ဥပဒေမဲ့နေကြတယ်.. ဒါပေမဲ့ ငါ သူတို့ကို သည်းခံနိုင်သလို ကောင်းကင်နတ်အရှင်ယွီ၊ ဟောင်၊ လင် ၊ယွဲ့၊ ဟွေ့တို့ မွေးဖွားလာပြီးနောက် ကျင့်စဉ်စနစ်တွေကို ဖန်တီးခဲ့ကြတာကိုလည်း သည်းခံပေးနိုင်တယ်….. ကမ္ဘာခေတ်နှောင်း သတ္တဝါတစ်ကောင် နတ်ဘုရားတစ်ပါး ဖြစ်လာတာကိုလည်း သည်းခံပေးနိုင်သေးတယ်…. မင်းတို့ ကောင်းကင်ဟန်နဲ့ နဂါးဟန် ကောင်းကင်နတ်ဘုံတွေ တည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်နေတာကိုလည်း ခွင့်ပြုပေးခဲ့တယ်…. ကောင်းကင်နတ်အရှင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်လည်း ငါ မသိချင်ယောင်ဆောင်ပေးထားမှာပဲ…. မျိုးဆက်တစ်ဆက်ရဲ့ ကောင်းကင်နတ်ဧကရာဇ်အနေနဲ့ ငါ့ရဲ့သဘောထားက မဆိုးဘူးမလား”
သူ့အကြည့်က အမှန်ကို ပြောပြနေသကဲ့သို့ ကောင်းကင်နတ်အရှင်ယွဲ့ပေါ်သို့ ကျရောက်လာသည်။ “တခြား ကောင်းကင်နတ်အရှင်တွေထဲက ဘယ်သူကများ လက်ရှိ ကောင်းကင်နတ်အရှင်ဆယ်ပါးကို သည်းခံထားနိုင်မယ်ထင်လဲ… ကောင်းကင်နတ်အရှင်ဟောင်လား… သူ မလုပ်နိုင်ဘူး… သူသာ ငါ့နေရာမှာဆိုရင် မင်းတို့အားလုံးကို တစ်ခါတည်း အကုန်သတ်ပစ်ပြီး ပြုပြင်ပြောင်းလဲမှုကို တားဆီးပစ်မှာ သေချာတယ်”
“နတ်ဧကရာဇ်လန်ရွှမ်လား…. သူလည်း အတူတူပဲ… သူက သတ္တိနည်းတာပဲ ရှိတာ”
“ကောင်းကင်နတ်အရှင်ဟွေ့လား... သူကတော့ အဆင့်နိမ့်တယ်… အင်အားကြီးတဲ့ ဘယ်သူ့ကိုမဆို ခယနေမှာပဲ”
“ကောင်းကင်နတ်အရှင်ဟုန်က အားနည်းလွန်းတယ်… နတ်အရှင်မယန်က ကိုယ်အားကိုယ် မကိုးရဲဘဲ ယောက်ျားတွေကိုပဲ အားကိုးနေတာ… နတ်အရှင်မချန်းကတော့ မဟာဧကရာဇ်ပေါ့…. သူကတော့ မင်းတို့မပြောနဲ့ သူ့ရဲ့ကိုယ်ပိုင်မျိုးနွယ်ကိုတောင် ဖျက်ဆီးပစ်ရဲတယ်”
“ကောင်းကင်နတ်အရှင်ကုန်းက မာနကြီးလွန်းတယ်…. ကောင်းကင်နတ်အရှင်ရှုက ဝမ်းတွင်းပုပ်လွန်းတယ်… ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ စိတ်ကြီးတယ်… ကောင်းကင်နတ်ဧကရာဇ် ဖြစ်သင့်တဲ့သူမျိုး မဟုတ်ဘူး”
သူက အေးအေးလူလူ ဆက်ပြောသည်။ “နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်ကိုးပါးနဲ့ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့တို့အပြင် ကောင်းကင်နတ်အရှင်ယွင်ကလည်း အတော်လေး ထူးချွန်ထက်မြက်တယ်… ဒါပေမယ့် သူက လွှမ်းမိုးနိုင်စွမ်း မရှိဘူး….ကောင်းကင်နတ်အရှင်ရုံကလည်း သိုသိုသိပ်သိပ် နေတတ်တဲ့သူဆိုတော့ အံ့မခန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး…. ကောင်းကင်နတ်အရှင်ယွဲ့၊ မင်းကတော့ ဘေးကနေ အကူအညီပေးတာလောက်အတွက်ပဲ အသုံးဝင်တယ်… ကောင်းကင်နတ်အရှင်လင်ကတော့ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်… ကောင်းကင်နတ်အရှင်ချင်က အမြင်ကျယ်ပေမယ့် အမြဲတမ်း သတိထားတတ်တဲ့အတွက် ကောင်းကင်နတ်အရှင်ဟောင်နဲ့ ယှဉ်ပြိုင်ဖို့လောက်ပဲ အသုံးဝင်တယ်… ကောင်းကင်နတ်အရှင်မူကတော့…”
သူက ချင်မူ့ဆီသို့ တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။ “တဇွတ်ထိုးဆန်လွန်းတယ်… သူက ဉာဏ်များပေမယ့် စပ်စုလွန်းလို့ ကိုယ့်သေတွင်းကိုယ် တူးမိလိမ့်မယ်”
ချင်မူ့မျက်နှာကြီးမှာ မီးသွေးတုံးအလား မည်းနက်နေတော့သည်။
ကောင်းကင်နတ်အရှင်ရှောင်က ပြုံး၏။ “ရှေးခေတ်ကနေ ဒီနေ့အထိ အမြင်ကျယ်တဲ့သူ၊ သဘောထားကြီးတဲ့သူ၊ တာဝန်ယူနိုင်တဲ့သူနဲ့ နည်းလမ်းရှာဖွေနိုင်တဲ့သူပဲ ကောင်းကင်နတ်ဧကရာဇ်ဖြစ်လာဖို့ ထိုက်တန်တာ… အဲဒီလိုလူမျိုးကို မင်းတို့ ရှာကြည့်လို့ရတယ်… ဒါပေမဲ့ အစကနေ အဆုံးအထိ ပြည့်စုံတဲ့သူက ငါတစ်ယောက်ပဲ… ငါက စကြ၀ဠာကို အုပ်စိုးပြီး ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာခဲ့တာမဟုတ်ဘူး… စကြ၀ဠာက ငါ့ကို ကောင်းကင်နတ်ဧကရာဇ်ဖြစ်ဖို့ ရွေးချယ်ပေးခဲ့တာ”
ကောင်းကင်နတ်အရှင်ယွဲ့၏ သိုင်းအဆင့်သည် မြင့်တက်လာပြီး သူမ၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်။ သူမက မှင်သေသေ တုံ့ပြန်သည်။ “အရင်ကောင်းကင်နတ်အရှင်ကိုးပါးနဲ့ အခု ကောင်းကင်နတ်အရှင် ဆယ်ပါးအကြောင်း ရှင်ပြောခဲ့တယ်နော်… ဒါဆို ကောင်းကင်နတ်အရှင်ယွီကရော.. ဘာလို့ သူ့ကို ထည့်မပြောတာလဲ”
“ကောင်းကင်နတ်အရှင်ယွီလား” ကောင်းကင်နတ်အရှင်ရှောင် မျက်နှာပျက်သွားသည်။
“ဟုတ်တယ်… ကောင်းကင်နတ်အရှင်ယွီပဲ”
ကောင်းကင်နတ်အရှင်ယွဲက ချင်မူ့မူလဝိညာဉ်၏ လက်ဖဝါးထက်၌ ရပ်နေသည်။ သူမက တောက်ပလင်းလက်နေသော မျက်လုံးဖြင့် ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကို ကြည့်နေပြီး တစ်လုံးချင်း ပြောသည်။ “ရှင်က သဘောထားကြီးတယ်ဆိုပြီး ဘာဖြစ်လို့ ကောင်းကင်နတ်အရှင်ယွီကိုကျ ထည့်မပြောခဲ့ရတာလဲ… သူက ရှင့်ထက် ကောင်းကင်နတ်ဧကရာဇ်ဖြစ်ဖို့ ထိုက်တန်တဲ့သူမလို့ သည်းမခံနိုင်ဘဲ သတ်ပစ်ခဲ့တာလား”
ကောင်းကင်နတ်အရှင်ရှောင်က ခပ်ဟဟ ရယ်သည်။ “ကောင်းကင်နတ်အရှင်ယွီလား… သူ့ကို ငါ မသတ်ခဲ့ဘူး… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်ယင်သားတော် သတ်ခဲ့တာ”
ကောင်းကင်နတ်အရှင်ယွဲ့က မျက်ခုံးပင့်၍ ဆက်ပြောတော့မည့်အချိန် ကောင်းကင်နတ်အရှင်ရှောင်က ပြုံးနေသည်။ “ဒါပေမယ့် ဟောင်အာနဲ့ ကောင်းကင်ယင်သားတော်က ငါ အမိန့်ပေးလို့ လှုပ်ရှားရဲခဲ့ကြတာပဲ… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့ ကောင်းကင်နတ်အရှင်ယွီ သေရတဲ့အကြောင်းအရင်းကို မသိအောင် မန့်လန်အဆောင်ကို ဟောင်အာ ချိတ်ပိတ်နိုင်ဖို့တောင် ငါ ကူညီပေးခဲ့သေးတယ်”
သူက ပြုံးနေဆဲပင်“အဲ့ဒါက ပထမဦးဆုံး ကောင်းကင်နတ်ဘုံအစည်းအဝေးမှာပေါ့…. အစည်းအဝေးမှာ နဂါးဟန်ကောင်းကင်နတ်ဘုံ တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အင်အားကြီးပုဂ္ဂိုလ်တွေ စုဝေးခဲ့ကြတယ်… သူတို့က တစ်လောကလုံးရဲ့ ဧကရာဇ်ဖြစ်တဲ့ ငါ့ကို လေးစားကြတယ်လေ… ငါက အင်အားကြီးမြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်… အဲဒီတုန်းက လူသားမျိုးနွယ်က ဘာမှအရေးမပါတဲ့ မျိုးနွယ်သေးသေးလေးတစ်စုပဲ…. နဂါးသွဲ့ရေကန် အစည်းအဝေးက ကောင်းကင်နတ်ဘုံအတွက် မဖြစ်စလောက် အရာဆိုတော့ ခုနစ်ယောက်မြောက် ကောင်းကင်နတ်အရှင်ကလည်း အရေးပါတဲ့သူ မဟုတ်ခဲ့ဘူး… ကောင်းကင်နတ်အရှင်ယွီကတော့ အကောင်နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ်တွေထဲမှာ ပါခဲ့တာပေါ့… ဒါပေမဲ့ ငါ ကြောက်ခဲ့မိတယ်”
ကောင်းကင်နတ်အရှင်ယွဲ့မှာ လက်သီးဆုပ်လိုက်မိသည်။
ကောင်းကင်နတ်အရှင်ရှောင်က ဆက်ပြော၏။ “ငါ့မှာ ပြိုင်ဘက်မရှိတော့ဘူး… မဟာဧကရာဇ်ကလည်း ရှုံးနိမ့်သွားခဲ့တယ်လေ… ကမ္ဘာဦးအစ မူလကျောက်တုံး အက်ကွဲသွားတော သူက ခွေးလေခွေးလွင့်တစ်ကောင်လို ဖြစ်သွားတယ်… ကုန်းယွင်ကလည်း သေသွားတဲ့အတွက် ငါ သူ့ကို ဘိုးဘေးနန်းတော်မှာ မြှုပ်နှံပေးခဲ့ရတယ်… ကောင်းကင်နယ်စားမင်းက ငါ့အပေါ် အကြွေးတင်နေတဲ့အပြင် အမိကမ္ဘာမြေကလည်း ငါ့ကို တစ်ယောက်တည်း မရင်ဆိုင်နိုင်ဘူး… မြေအောက်ဘုံအရှင်သခင်ကတော့ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး… ရှေးဟောင်းနတ်ဘုရားလေးပါးဖြစ်တဲ့ သူတို့ကတော့ လေးယောက်ပေါင်းတောင် ငါ့မနိုင်ဘူး… ဒါပေမဲ့ ငါ ကောင်းကင်နတ်အရှင်ယွီကို တွေ့ခဲ့တုန်းက ကြောက်ရွံ့ခဲ့မိတယ်”
သူက အနောက်ရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး အတိတ်ကို ပြန်တွေးနေ၏။ တခဏကြာသော် သူက ပြန်လှည့်လာ၍ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီမှာ ပါရမီရှိတယ်…ပါရမီကလည်း အတုမဲ့ပြိုင်ဘက်ကင်းတဲ့ ပါရမီပဲ… သူက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်ခဲ့ပြီး သက်ရှိသတ္တဝါမန်သမျှ ကျင့်ကြံ စေနိုင်ခဲ့တယ်…. မျိုးနွယ်စုအားလုံး သူ့ရဲ့စေတနာကို မှတ်မိကြတယ်… သူ့မှာ ရည်ရွယ်ချက်လည်း ရှိတဲ့အပြင် မိတ်ဆွေကောင်းတွေလည်း ပေါများတယ်… နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ပဲဖြစ်ဖြစ်... ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေပဲဖြစ်ဖြစ် သူတို့အားလုံး သူ့ကို အထူးဧည့်သည်တော်တစ်ယောက်လို ဆက်ဆံကြတယ်… နတ်ဘုရားအဆင့် တက်နိုင်မယ့် ကျင့်စဉ်ကိုလည်း ဖန်တီးခဲ့၇င်း နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေ ရှေးဟောင်းနတ်ဘုရားတွေနဲ့ တန်းတူဖြစ်နိုင်ဖို့ ဒါမှမဟုတ် ကျော်လွန်နိုင်ဖို့ မျှော်လင့်ချက်တွေလည်း ပေးနိုင်ခဲ့တယ်
“အစတုန်းက ငါ သူ့ကို သတိထားမိရုံပဲ သတိထားမိခဲ့ပြီး သူ လုပ်သမျှတွေကို လျစ်လျူရှုနိုင်ခဲ့တယ်… သူက ငါ့အတွက် ပါရမီရှိတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ခဲ့တာပေါ့… နောက်ပိုင်း သူ့ရဲ့ နတ်ဘုရားအဆင့်တက်နိုင်မယ့် ကျင့်စဉ်အကြောင်း ဟောင်အာ လာပြောကတည်းက ငါ အင်မတန်ကို စိုးထိတ်ကြောက်လန့်သွားခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ရှောင်က သက်ပြင်းချ၏။ “သူ အဲဒီကျင့်စဉ်ကို ဖြန့်ဝေနိုင်သွားရင် မဟာအင်အားကြီးတစ်စု စုဆောင်းမိလိမ့်မယ်.. ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ မင်းတို့က ကောင်းကင်နတ်ဧကရာဇ်တွေ မဟုတ်တော့ ဒီလိုအင်အားမျိုးကို နားလည်နိုင်ဖို့ ခက်ကြလိမ့်မယ်… မင်းတို့အနေနဲ့ မင်းဆက်တွေ ထီးနန်းအာဏာအတွက် တိုက်ခိုက်ရင်း ကျဆုံးခဲ့တာတွေကို မြင်ဖူးခဲ့ကြမှာပါ … ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အင်အားက အမြင့်အဆုံးအထိ ရောက်သွားပြီး တစ်လောကလုံး တစ်စုတစ်စည်းတည်း ဖြစ်သွားစေတာမျိုး မြင်ဖူးကြလား…. ကောင်းကင်နတ်အရှင်ယွီ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က အဲဒီလိုလမ်းစဉ်မျိုးပဲ”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် ကြောင်အသွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ နောက်ဆုံးဒဏ်ရာများကို ကုသနေသည့် ဆေးဆရာကလည်း အာရုံစိုက်၍ နားထောင်နေ၏။
ကောင်းကင်နတ်အရှင်ရှောင်က ဆက်ပြောသည်။ “အဲဒီ နဂါးသွဲ့ရေကန်အစည်းအဝေးမှာတုန်းက ဒီလမ်းစဉ်အတွက် သူ့မှာ အကုန်ရှိခဲ့ပြီးပြီ… ဂုဏ်သိက္ခာ၊ ထောက်ခံသူတွေနဲ့ အနာဂတ်… သူ့မှာ အားလုံး ပြီးပြည့်စုံခဲ့တယ်… မရှိတာ တစ်ခုက လုပ်နိုင်စွမ်းပဲ… စဉ်းစားကြည့်လိုက်… နှစ်ထောင်သောင်းပေါင်းများစွာ ကြာပြီးရင် နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေ ပိုပြီး အင်အားကြီးမားလာကြလိမ့်မယ်....
“ပေါ်ထွန်းလာတဲ့ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တွေက ဘယ်သူ့ကို ခေါင်းဆောင်တင်ကြမလဲ…ကောင်းကင်နတ်အရှင်ယွီကိုပေါ့ မဟုတ်ဘူးလား…. အဲဒါကြောင့် သူ စုစည်းနိုင်မယ့် အင်အားက ဖြောင့်မတ်မျှတပြီး ကြောက်စရာကောင်းတယ်”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့လည်း အသေအချာ တွေးနေကြသည်။ ကောင်းကင်နတ်အရှင်ယွီသာ ထိုအချိန်တုန်းက မသေခဲ့လျှင် နတ်ဘုရားတစ်ပိုင်းများနှင့် လူသားများသည် ငြိမ်းချမ်းရေးရသွားပြီး အားလုံးသည် သူ့ကို ခေါင်းဆောင်အဖြစ် လေးစားကြလိမ့်မည်။ ကောင်းကင်နတ်အရှင်ရှောင် ပြောပြနေသည့် အခြေအနေကား နှစ်ထောင်ပေါင်းများစွာ ကြာပြီးလျှင် အမှန်တကယ် ဖြစ်ပေါ်လာလိမ့်မည်။
ထိုခေတ်က အင်မတန် ကြီးပွားတိုးတက်မည့် ခေတ်တစ်ခေတ် ဖြစ်လာပြီး ရှေးဟောင်းနတ်ဘုရားများမှာမူ အရန်ဇာတ်ပို့အဆင့်သာ ရှိသွားလိမ့်မည်။
“အဲဒီလိုဖြစ်လာရင် ကောင်းကင်နတ်အရှင်ယွီအနေနဲ့ လှုပ်ရှားစရာတောင် မလိုဘူး… ကောင်းကင်နတ်ဘုံရဲ့ ပလ္လင်ကို လက်ညှိုးထိုးပြီး ‘ငါ အဲဒီ့ပလ္လင်ပေါ်မှာ ထိုင်ချင်တယ်' ပြောလိုက်ရုံပဲ’
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာအမူအရာတွင် ခံစားချက်များ ကင်းမဲ့နေသည်။ “ငါက ငြိမ်ခံပြီး ထိုင်ခွင့်ပေးရမှာလား... မဖြစ်နိုင်ဘူး” သူက ခပ်အေးအေး ပြော၏။ “ငါသာ မတုံ့ပြန်ဘဲ သူ့ကို လွှတ်ပေးလိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေက သူ လက်လေးတစ်ချောင်းတောင် လှုပ်စရာမလိုဘဲ ငါ့ကို လာသတ်ကြလိမ့်မယ်…. ငါ မြင်ခဲ့ရတဲ့ အနာဂတ်က အဲဒါပဲ... ဒါကြောင့်”
ချင်မူက ကြားဖြတ်ပြောလိုက်၏။ “အဲ့ဒါကြောင့် ကောင်းကင်နတ်အရှင်ယွီ သေကိုသေမှ ဖြစ်ခဲ့တာ”
ကောင်းကင်နတ်အရှင်ရှောင်က ခေါင်းညိတ်သည်။ “ကောင်းကင်နတ်အရှင်ယွီဟာ မုချသေရမယ့်လူပဲ ”
ဤသည်ကား အာဏာဖမ်းဆုပ်သည့် နည်းတစ်နည်းဟု ဆိုရမည်။ ဧကရာဇ်တစ်ပါး၏ မဟာဗျူဟာတစ်ခုပင်။ ။
ကောင်းကင်နတ်အရှင်ယွီကို အချိန်ပေးထားလိုက်လျှင် သူကား အင်အားအကြီးမားဆုံးအခြေအနေသို့ ရောက်သွားလိမ့်မည်ဖြစ်သည်။ သူ့ကို တားဆီးရဲသူ မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်ရှင်းလင်းပစ်နိုင်၏။
ဤအခြေအနေမျိုးကား လက်ခံနိုင်စရာအကြောင်းမရှိပေ။