မမွေးခင်တုန်းက အခြေအနေ
Vol. 102 Ch. 1334
ကောင်းကင်နတ်အရှင်ရှောင်သည် ဉာဏ်အမြော်အမြင် ကြီးမားသူတစ်ဦး ဖြစ်သည့်အလျောက် ဖြစ်လာမည့်အနာဂတ်ကို ကောင်းကင်နတ်အရှင်ယွီမှတစ်ဆင့် မြင်ခဲ့၏။ ကမ္ဘာခေတ်နှောင်းမျိုးနွယ်များနှင့် နတ်ဘုရားတစ်ပိုင်းများ၏ အင်အားကြီးလာမှုကို တားဆီး၍မရနိုင်မည့်အပြင် ရှေးဟောင်းနတ်ဘုရားများ အင်အားချိနဲ့လာမည်ကိုလည်း ကြိုတင်မြင်နိုင်ခဲ့သည်။
သူ့အနေဖြင့် ၎င်းကို မတားဆီးနိုင်သော်လည်း သူ၏ အာဏာတည်မြဲရန်၊ ရှေးဟောင်းနတ်ဘုရားများ အာဏာတည်မြဲရန် ကောင်းကင်နတ်အရှင်ယွီကို သတ်ရလိမ့်မည်။
ကောင်းကင်နတ်အရှင်ယွီ မရှိသရွေ့ သူကား တစ်လောကလုံး၏ အရှင်ဘုရင် ဖြစ်နိုင်သေး၏။
ချင်မူ စဉ်းစားနေမိသည်။ ကောင်းကင်နတ်အရှင်များ၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေကဲ့သို့ ပုဂ္ဂိုလ်များ၏ ကျင့်စဉ်တို့မှာ ကောင်းကင်နတ်အရှင်ယွီအောက် နိမ့်ကျကြောင်း တွေ့မြင်နိုင်သည်။
ချင်မူ ယခုလျှောက်လှမ်းနေသည့် လမ်းစဉ်မှာလည်း ကောင်းကင်နတ်အရှင်ယွီအောက် နိမ့်ကျပေသည်။
သူ၏လမ်းစဉ်တွင် အကြံအစည်များ၊ နှိုက်ကွက်များ ရှိသည်သာမက မာယာများ၊ ပရိယာယ်များလည်း ပါဝင်သည်။ ကောင်းကင်နတ်အရှင်ယွီကဲ့သို့ ဖြောင့်မတ်မတည်ကြည်ပေ။
ကောင်းကင်နတ်ကရာဇ် လျှောက်လှမ်းခဲ့သည့် လမ်းကမူ ဘုရင်၊ ဧကရာဇ်တို့၏ လမ်းဖြစ်သည်။ ရှေးဟောင်း ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွီ၏ အားသာချက်ကို သတိထားမိသည့် ပထမဦးဆုံး အကြိမ်မှာပင် သတ်ပစ်ခဲ့သည်က နှမြောစရာကောင်းလှ၏။
ကောင်းကင်နတ်အရှင်ယွီမှာ ထူးချွန်လွန်းပြီး သူ၏စွမ်းဆောင်ရည်များကို မည်သူမျှ လိုက်မမှီနိုင်သောကြောင့် အသတ်ခံခဲ့ရခြင်းပင်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် စိတ်သဘောထားကြီးစွာဖြင့် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များကို သည်းခံပေးနိုင်ခဲ့၏။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ယွမ်မုတို့ကိုပင် သည်းခံပေးထားခဲ့သည်။ သူ့ကို အကြိမ်ကြိမ် လှည့်စားသော ချင်မူ့ကိုလည်း သည်းခံနိုင်ပေသည်။
သို့သော် သူ၏အာဏာနှင့် ပလ္လင်ကို ခြိမ်းခြောက်လာသည်နှင့် သည်းခံနိုင်မည်မဟုတ်။
သူ့အာဏာကို ခြိမ်းခြောက်လာပါက မည်သူကိုမဆို သတ်ဖြတ်ရန် ဝန်လေးမနေပေ။ သူ၏သားပင်လျှင် ချမ်းသာရာရမည်မဟုတ်။
“နတ်ဧကရာဇ်လန်ရွှမ်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေလည်း သက်သာသွားပြီ” ဆေးဆရာက ရုတ်တရက် အားရဝမ်းသာပြောလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အတော်လေး အားတက်သွားပြီး သူမ၏ကျင့်စဉ်ကို အစွမ်းကုန် အသက်သွင်းလိုက်သည်။ ကျင့်စဉ်လှည့်ပတ်မှုသည် ချောမွေ့နေပြီး အနှောင့်အယှက်မရှိကြောင်း ခံစားလိုက်ရသဖြင့် အရဲစွန့်ရန်ပင် ယုံကြည်ချက်ရှိလာတော့သည်။
ကောင်းကင်နတ်အရှင်ရှောင်က သူမကို ကြည့်ကာ ခေါင်းရမ်းသည်။ “မင်း မလွတ်မြောက်နိုင်တော့ဘူး… ကောင်းကင်နတ်အရှင်မူရဲ့ နယ်ပယ်ထဲမှာ ရပ်နေရင်တောင်မှ ငါ့ရဲ့ထိန်းချုပ်မှုအောက်က မလွတ်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ယွဲ့က အသက်ပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ သူမ၏ အင်္ကျီလက်အိုများမှာ အသာအယာ လှုပ်ခါသွားပြီ ဖဲကြိုးစများက လေထဲတွင် ပျံဝဲကခုန်သွား၏။ ဖဲကြိုးများနှင့်အတူ မျက်စိကျိန်းမတတ် တောက်ပနေသော နတ်အလင်းတန်းတို့လည်း ထွက်ပေါ်လာသည်။
ကောင်းကင်နတ်အရှင်ရှောင်က မျက်ခုံးပင့်လိုက်သည်။ သူအနောက်ရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးသစ်ပင်ကို ကိုင်လျက် အသာအယာ လှည့်လိုက်သည်။ ချက်ချင်းဆိုသလို ကမ္ဘာဦးဘုံရှိ အနန္တကမ္ဘာလောကများမှာ ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းများ၊ သစ်ရွက်များနှင့် သစ်ပင်ထိပ်ဖျားတို့၏ လှုပ်ရှားမှုနှင့်အတူ ရွေ့လျားသွားချေပြီ။
အမိကမ္ဘာမြေပင်လျှင် ဤသို့အင်အားမျိုးကို စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်သော်လည်း ကောင်းကင်နတ်အရှင်ရှောင်ကတော့ လုပ်နိုင်သည်။
ကမ္ဘာဦးဘုံရှိ ကမ္ဘာလောကများ၏ ရွေ့လျားမှုက နေရာဟင်းလင်းပြင်ကို ပြောင်းလဲသွားစေ၏။ ကောင်းကင်နတ်အရှင်ရှောင်၏ ရည်ရွယ်ချက်က နေရာဟင်းလင်းပြင်ကို ပုံပျက်စေရင်း ကောင်းကင်နတ်အရှင်ယွဲ့ မလွတ်မြောက်နိုင်အောင် တားဆီးရန် ဖြစ်သည်။
ချင်မူက လက်ချောင်းများကို ဆန့်တန်းကာ လက်ဖဝါး ဖြန့်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့က သူ၏လက်ဖဝါးထဲတွင် ကခုန်နေလေသည်။ သူမ၏ အသွင်အပြင်မှာ ကျက်သရေရှိလှပြီး နေရာဟင်းလင်းပြင် ကြိုးမျှင်များက တစ်ကြိုးပြီး တစ်ကြိုး ပေါ်လာကြ၏။ ထိုနေရာဟင်းလင်းပြင် ကြိုးမျှင်များမှာ ကမ္ဘာလောကများ၏ ရွေ့လျားနေမှုကြောင့် ဖရိုဖရဲဖြစ်နေသည့် ဗျပ်စောင်းတေးသံကိုသာ ထုတ်လွှတ်နိုင်လေသည်။
ကောင်းကင်နတ်အရှင်ယွဲ့ ၏ ခန္ဓာကိုယ်က ကြိုးမျှင်များပေါ်တွင် ကခုန်နေသော်လည်း သူမ မည်မျှပင် ခုန်ပါစေ ကမ္ဘာလောကများအပြင်သို့ ခုန်မထွက်နိုင်ပေ။ သူမမှာ ကမ္ဘာဦးဘုံမှ မထွက်ခွာနိုင်သလို မက်မွန်တောအုပ်ဆီမှပင် မထွက်နိုင်ရှာချေ။
သူမ လှုပ်ရှားနိုင်သည့် နေရာသည် ပိုပို၍ သေးငယ်လာနေကြောင်း ခံစားနေရပြီး နောက်ဆုံးတွင် သူမကိုယ်တိုင်ကသာ ချင်မူ့လက်ဖဝါးပေါ်တွင် ကျန်ရှိတော့သည့် နေရာဟင်းလင်းပြင် ဖြစ်လာ၏။
ဒင်... ဒင်.. ဒင်
နေရာဟင်းလင်းပြင် ကြိုးမျှင်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည့်အခါ မရေမတွက်နိုင်သော တိုက်ကွက်များက ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီသို့ အရပ်လေးမျက်နှာမှ ရုတ်တရက် ပြေးဝင်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်က မလှုပ်ရှားဘဲ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကသာ ခပ်အုပ်အုပ် အော်လိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် လှုပ်ခါသွားပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါ်လာ၏။ သူ၏ လက်သီးများက အရပ်လေးမျက်နှာသို့ ထိုးခွင်းကာ ကောင်းကင်နတ်အရှင်ယွဲ့၏ တိုက်ကွက်များကို ချေမှုန်းလိုက်သည်။
သူက ရှေ့သို့ တစ်လှမ်းတက်၍ ခမ်းနားတင့်တယ်သော အရှိန်အဝါဖြင့် ထိုးချလိုက်သည်။ ၎င်းက ချင်မူ၏ကောင်းကင်ရတနာနယ်ပယ်ကို ထိုးဖောက်၍ ချင်မူ့မူလဝိညာဉ် လက်ဖဝါးအလယ်ရှိ ကောင်းကင်နတ်အရှင်ယွဲ့ဆီ တန်းတန်းမတ်မတ် ဦးတည်လာချေပြီ။
သူ၏လက်သီးက ချင်မူ့ကို ချိန်ရွယ်ခြင်းမဟုတ်ဘဲ ကောင်းကင်နတ်အရှင်ယွဲ့အတွက် ဖြစ်သည်။ သို့သော် အံ့မခန်းလိလိ အရှိန်အဝါက ချင်မူ၏ ကောင်းကင်ရတနာပေါ်သို့ ကျရောက်လာသောကြောင့် ချင်မူ့ကောင်းကင်ရတနာနယ်ပယ်မှာ အက်ကွဲလာတော့၏။
နယ်ပယ်ထဲတွင် ကြယ်တာရာများ ဖျက်ဆီးခံလိုက်ရပြီး ရွှမ်တုလည်း လွင့်ပြယ်ပျောက်ကွယ်သွားသည်။ ယိုတုဆိုလျှင် ရှိပင် မရှိတော့ပေ။ ဘိုးဘေးနန်းတော်မှာ မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ဓာတ်ကြီးငါးပါးလည်း ငြိမ်းသတ်ခံရပေတော့မည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား အစွမ်းထက်လွန်း၏။ သူသည် ကမ္ဘာဦးသစ်ပင်ဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ချုပ်နှောင်ကာ သူ၏ပြိုင်ဘက်ကင်း ရုပ်ခန္ဓာဖြင့် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ဝင်လာခဲ့လေသည်။ ထိုသို့စွမ်းအားမျိုးက အခြားသူများကို တုန်လှုပ်ချောက်ခြားသွားစေနိုင်သည်။
ထိုအခိုက်အတန့်တွင် ချင်မူ့ခန္ဓာကိုယ်က တုန်ရီသွားပြီး သူ့အနောက်တွင် တံခါးတစ်ချပ် ဖွဲ့တည်လာသည်။ ကောင်းကင်က မြေကြီးနှင့် ထိစပ်နေပြီး တံခါးအနောက်တွင်တော့ ယိုတု ရှိနေ၏။
ကောင်းကင်နတ်အရှင်ရှောင်က မျက်ခုံးပင့်သွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။
ကောင်းကင်တံခါးသည် ပွင့်သွားပြီး တံခါးအနောက်ရှိ အမှောင်ထုထဲ၌ မီးအိမ်များ ချိတ်ဆွဲထားသည့် စက္ကူလှေငယ်များ ပေါ်လာကြသည်။ စက္ကူလှေအရေအတွက်က များပြားလာပြီးနောက် ယိုတုမှ ရွက်လွှင့်လာသည့် လှေငယ်တစ်စင်းအသွင် ပြောင်းလဲသွားသည်။ ၎င်းက ကောင်းကင်တံခါးမှ ဖြတ်လာသည်။
လှေငယ်ပေါ်ရှိ ခပ်ပိန်ပိန် အဘိုးအိုတစ်ဦးက ခေါင်းမော့လိုက်ပြီး သူ၏ အရိုးပေါ် အရေတင်လက်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ဖဝါးနှင့် ထိတွေ့ရန် ဆန့်ထွက်သွား၏။
ဝုန်း…
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အနောက်တွင် ကောင်းကင်နန်းဆောင် အလွှာအထပ်ထပ် ပေါ်လာကာ အံ့မခန်းလိလိ ကောင်းကင်နတ်ဘုံတစ်ဘုံအား ဖော်ဆောင်လိုက်သည်။ ကောင်းကင်လက်နက်၏ စွမ်းအားသည် တစ်ဟုန်ထိုး မြင့်တက်သွားပြီး အဘိုးအိုကို ကောင်းကင်တံခါးအနောက်သို့ ပြန်တွန်းထုတ်လိုက်၏။
“ကောင်းကင်နတ်အရှင်ရုံ၊ မင်းကလည်း ကောင်းကင်နတ်အရှင်တစ်ပါးဆိုပေမယ့် ကောင်းကင်နတ်ဘုံမှာ အင်အားကြီးတဲ့သူ မဟုတ်တော့ဘူး… မင်းက ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေမျိုးစုံနဲ့ အလှမ်းဝေးသွားခဲ့ပြီ”
ကောင်းကင်နတ်အရှင်ရှောင်က တစ်စက်ကလေးမှ မလှုပ်ဘဲ ထိုနေရာ၌သာ ရပ်နေသည်။ သူက ပြုံးလျက် ပြော၏။ “မင်း ခေတ်နောက်ကျကျန်ခဲ့ပြီ”
အဘိုးအိုသည် ကောင်းကင်နတ်အရှင်ရုံ ဖြစ်၏။ သူ ယိုတုသို့ ပြန်သွားတော့မည့်အချိန် အင်မတန် ကြီးမားသော လက်ဖဝါးကြီးတစ်ဖက်က သူ့အနောက်တွင် ပေါ်လာပြီး သူ့ကို မြှောက်တင်လိုက်သည်။
ထိုလက်ဖဝါးကြီး၏ အနောက်တွင် ယိုတုမိစ္ဆာမီးတောက်များကဲ့သို့ တောက်လောင်နေသည့် မျက်လုံးတစ်စုံ ရှိနေ၏။ ထို့နောက် တတိယမျက်လုံးက ပေါ်လာပြီး ယိုတုမှတစ်ဆင့် ကမ္ဘာဦးဘုံဆီသို့ ကြည့်နေလေသည်။
ထိုလက်ဖဝါးကြီးသည် ကောင်းကင်နတ်အရှင်ရုံအား မြှောက်တင်ပြီးနောက် ကောင်းကင်နတ်ဘုံ၏ မုခ်ဝများကို ကျော်ဖြတ်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့လက်ဖဝါးထဲမှ ပျံထွက်လိုက်သည်။ အလင်းတန်းကြိုးမျှင်များက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ ကမ္ဘာဦးသစ်ပင်ထိပ်တွင် ချည်နှောင်လိုက်သည်။ သူမ၏ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်ပေါ်လာ၏။
ကောင်းကင်နတ်အရှင်ရှောင်က မျက်ခုံးပင့်လိုက်ပြီး ပြုံးသည်။ သူ၏ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် မြောက်တက်သွားပြီး အနောက်သို့ ဆုတ်နေသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပုခုံးပေါ်သို့ ဆင်းသက်လိုက်လေသည်။
သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်ရာ ကောင်းကင်နန်းဆောင်တစ်ဆောင်က သူ၏ဦးခေါင်းနောက်၌ ဖွဲ့တည်လာပြီး ကောင်းကင်နတ်အရှင်ယွီ၏ ကောင်းကင်နတ်ဘုံထဲတွင် နေရာယူလိုက်သည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းနောက်ရှိ ကောင်းကင်နတ်ဘုံထဲတွင် ကောင်းကင်နန်းဆောင် ၃၅ ဆောင် ရှိ၏။ သူ၏ကောင်းကင်နန်းဆောင်ကိုပါ ထပ်ပေါင်းလိုက်သည့်အခါ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့်အတူ ပြီးပြည့်စုံသည့် ကောင်းကင်နတ်ဘုံတစ်ဘုံကို ဖော်ဆောင်လိုက်ချေပြီ။
ကောင်းကင်နတ်အရှင်ရှောင်အနေဖြင့် ကောင်းကင်နန်းဆောင်တစ်ဆောင် လိုအပ်နေသေးသည့်အတွက် ကောင်းကင်နတ်ဘုံအဆင့်အထိ မကျင့်ကြံနိုင်သေးပေ။ ထို့ကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ကို ငှားယူပြီး သူ၏မွေးရာပါ ကောင်းကင်နန်းဆောင်ဖြင့် ဖြည့်စွက်ပေးလိုက်ပါက ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်ရုံလေး ရောက်နိုင်ပေသည်။
ထိုသို့လုပ်ခြင်းဖြင့် သူ၏ ခွန်အားသည် အထွတ်အထိပ်အခြေအနေကဲ့သို့ အမြင့်ဆုံးအဆင့်သို့ ချက်ချင်း ရောက်သွားမည်ဖြစ်သော်လည်း အန္တရာယ်တစ်ခုက ကိန်းအောင်းနေသေး၏။ သူ၏ ရုပ်ခန္ဓာမှာ ခံနိုင်ရည်မရှိပေ။
သို့သော် ကောင်းကင်နတ်ဘုံကို အသက်သွင်းနေသည်မှာ သူ၏ရုပ်ခန္ဓာ မဟုတ်ဘဲ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဖြစ်၏။
ဤကောင်းကင်နန်းဆောင်က ကောင်းကင်နတ်ဘုံတစ်ဘုံလုံးအား ပြည့်စုံသွားစေသည်။ တခဏအတွင်း နတ်အလင်းတန်းများ ထွက်ပေါ်လာ၏။ အလင်းတန်းတစ်သောင်းက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသဖြင့် မျက်စိများပင် ကျိန်းစပ်သွားစေသည်။
ဆေးဆရာမှာ မျက်လုံးနှစ်ဖက်လုံးတွင် နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်း ကန်းသွားတော့သည်။ သူ့မှာ ရုတ်တရက် ပျာယာခတ်သွားသော်လည်း တစ်စုံတစ်ယောက် သူ့အား ပွေ့ချီလိုက်သလို ခံစားလိုက်ရသည်။
“ငါ့မျက်လုံးတွေ…” ဆေးဆရာ ထိတ်လန့်နေသည်။ သို့သော် ချင်မူ့အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် ချင်မူ သူ့အား ဦးဆုံးကယ်တင်ခဲ့သကြောင်း သိလိုက်ရ၏။
သို့သော် သူ၏မျက်လုံးများ ကန်းသွားသေကြောင့် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ ချင်မူ အဆက်မပြတ် ခုန်နေသည်ကိုသာ ခံစားနေရသည်။
ဆေးဆရာအနေဖြင့် ဖန်ဆင်းခြင်းလမ်းစဉ်ကိုကျင့်ကြံထားသော်လည်း ထိုမျှ အစွမ်းမထက်လှပေ။ ဖန်ဆင်းခြင်းလမ်းစဉ်ကို များသောအားဖြင့် ဆေးပင်များ အလျင်အမြန် ကြီးထွားလာစေရန်နှင့် သူ၏မျက်နှာကို ပြီးပြည့်စုံအောင် ပြုပြင်ရန်တွင်သာ အသုံးပြုတတ်ပေ။
သူ၏ကိုယ်ပိုင်မျက်လုံးများကို ပြုပြင်ဖန်ဆင်းနိုင်အောင် မကြိုးစားရသေးပေ။
သူက သိထားသေ အစွမ်းအစတို့အား အသက်သွင်းကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် အနည်းငယ် အမြင်အာရုံ ပြန်ရလာသလို ခံစားလိုက်ရသည်။ ယိုတုမှ ထွက်လာသည့် မြေအောက်ဘုံအရှင်သခင်၏ ဧရာမလက်ဖဝါးကြီးမှ အရိုးများသည် ကျိုးပဲ့နေသည်ကို ခပ်ရေးရေး မြင်နေရ၏။ လက်ချောင်းများက တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ တိုက်ခိုက်မှုအောက်တွင် ပျံသန်းနေကြသော ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းများကိုလည်း တွေ့မြင်လိုက်ရ၏။ သစ်ကိုင်းများနှင့် သစ်ရွက်တို့မှာ လှုပ်ခတ်နေကြသည်။
ဆေးဆရာလည်း ကြိုးစား၍ မျက်လုံးများကို ဟိုဟိုသည်သည် ကစားကြည့်လိုက်ရာ ကောင်းကင်နတ်အရှင်ရုံသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပခုံးပေါ်တွင် ရပ်၍ ကောင်းကင်နတ်အရှင်ရှောင်နှင့် တိုက်ခိုက်နေပြီး တစ်လှမ်းချင်း ဆုတ်ခွာနေရကြောင်း တွေ့လိုက်ရ၏။
ဆေးဆရာ၏ နှလုံးသားမှာ အေးခဲသွားတော့သည်။ ကောင်းကင်နတ်အရှင်ရှောင်၏ မဟာကောင်းကင်နတ်ဘုံသည် ရုပ်လုံးပေါ်နေသဖြင့် အလွန်တရာ စွမ်းအားကြီးလှ၏။
ဤအခိုက်အတန့်တွင် ဆေးဆရာမှာ သူ့အရှေ့တွင် ကာရပ်နေသည့် ချင်မူ့ကို ပြန်ကြည့်လိုက်မိသည်။ ချင်မူက သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ကလော်ထုတ်နေသည်။
“မူအာ၊ ဘာလုပ်နေတာလဲ” ဆေးဆရာက မေးလိုက်သော်လည်း တုံ့ပြန်သံမကြားရချေ။
ချင်မူ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ လေထဲတွင် ယဇ်ပူဇော်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ ဒေါင်လိုက်မျက်လုံးက ရုတ်ခြည်းဆိုသလို ကြီးမားလာကာ ဧရာမ ဥခွံတစ်ခြမ်းကို ဖွဲ့တည်လိုက်သည်။
ချင်မူက ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို ကိုင်၍ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းရင်း ဆံထိုးကို ဥခွံနောက်တွင် တင်လိုက်၏။
ကောင်းကင်နတ်အရှင်ရှောင်သည် ကောင်းကင်နတ်အရှင်ရုံအပေါ် အသာစီးရနေပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း ယိုတုထဲသို့ ဝင်ရောက်ပေတော့မည်။ ဤအချိန်မှာပဲ ချင်မူ့မျက်လုံးအနောက်ရှိ ဥခွံက တောက်ပလင်းလက်လာ၏။
ဥခွံကား မြောက်တက်နေပြီး မရေမတွက်နိုင်သော ကမ္ဘာဦးသင်္ကေတများက ချင်မူ၏ ဒေါင်လိုက်မျက်လုံးမှ ထွက်လာကြသည်။ တဝှမ်ဝှမ် မြည်သံများနှင့်အတူ ၎င်းတို့က မိုင်တစ်သောင်း မက်မွန်တောအုပ်အပေါ်သို့ ခတ်နှိပ်လိုက်ကြ၏။ ထို့နောက် မရေမတွက်နိုင်သော သင်္ကေတများမှာ ဝဲကဲ့သို့ လှည့်ပတ်လိုက်ရင်း ဝှစ်ခနဲ အသံနှင့်အတူ ချင်မူ့ဒေါင်လိုက်မျက်လုံးထဲ ဝင်သွားကြသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာည် မြေပေါ်လဲကျသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသိစိတ်အလျဉ်စွမ်းအားမှာ ကွယ်ပျောက်၍ မျက်လုံးထဲသို့ စုပ်ယူခံနေရသောကြောင့် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်အရှင်ရှောင်က ပျံတက်၍ ဒေါင်လိုက်မျက်လုံးဆီသို့ ပျံသန်းလာသည်။
“ထိုက်ချူ၊ ခင်ဗျား ကျုပ်ကို ဒေါသလာဆွရင် ခင်ဗျား မမွေးခင်တုန်းက အခြေအနေကို ပြန်ပို့ပေးလိုက်မယ်” ချင်မူက အော်ဟစ်လိုက်၏။