ချုပ်နှောင်ခြင်း
Vol. 102 Ch. 1335
တစ်ခါမှ မခံစားခဲ့ဖူးသော အကြောက်တရားသည် ကောင်းကင်နတ်အရှင်ရှောင်၏ နှလုံးသားထဲတွင် ရုတ်တရက် မွေးဖွားလာချေပြီ။ ချင်မူ၏ လျှပ်တစ်ပြက်တိုက်ခိုက်မှုအား သူ မျှော်လင့်မထားခဲ့မိပေ။
ကောင်းကင်နတ်အရှင်ရုံအနေဖြင့် ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်နတ်အရှင်ယွဲ့ကို နှိမ်နင်းပြီး ကောင်းကင်နတ်အရှင်ရုံကိုလည်း အနိုင်ယူချင်ခဲ့သည်။ ထိုသို့လုပ်လိုက်ခြင်းအားဖြင့် မြေအောက်ဘုံအရှင်သခင်သည်လည်း အန္တရာယ်ကို မြင်ကာ ဆုတ်ခွာသွားလိမ့်မည်။ ယင်းက သူ့ခေါင်းထဲတွင် ပေါ်လာသော တစ်ခုတည်းသော အတွေးပင်။ သူ၏ လက်ရှိအစွမ်းအစများဖြင့် ထိုသို့လုပ်နိုင်မည်ဟုလည်း တထစ်ချ ယုံကြည်ထားသည်။
သူသာ ကောင်းကင်နတ်အရှင်ယွဲ့အား နှိမ်နင်း၍ ကောင်းကင်နတ်အရှင်ရုံအပေါ် အနိုင်ယူလိုက်ပြီးနောက် ထိုကောင်းကင်နတ်အရှင်နှစ်ဦးအား သူ၏လက်အောက်တွင် ချုပ်ကိုင်ထားနိုင်ပါက ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် သရုပ်မှန် ဖုံးကွယ်နေစရာ မလိုတော့ပေ။
အင်အားကို အားကိုးလျက် ကောင်းကင်နတ်အရှင်ဟွေ့အား သူ့လက်အောက်၌ အညံ့ခံစေနိုင်ပြီး တိတ်တိတ်ပုန်းသား လန်ရွှမ်ကို အညံ့ခံအောင် အမိန့်ပေးရန်မှာလည်း ခက်ခဲသည့်အရာမဟုတ်ချေ။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်လည်း သူ့အား ပြိုင်ဆိုင်ရဲသူများ မဟုတ်၊ လိပ်နက်၊ နဂါးစိမ်း၊ ကျားဖြူတို့ကိုလည်း အလွယ်တကူ သိမ်းသွင်းနိုင်မည်။ အခြားမည်သူက သူ့ကို အာခံရဲလိမ့်မည်နည်း။
မဟာဧကရာဇ်ကား အားနည်းနေသော အခြေအနေကြောင့် ဆက်ပုန်းနေရလိမ့်။ သူ ထွက်လာပါက သေရလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟောင်ကမူ သားလိမ္မာလေးအဖြစ်သာ နေရလိမ့်မည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ သူ့အဖေအပေါ်သာ အပြစ်တင်ကြိမ်းမောင်းမည်ဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်ရဲမည်မဟုတ်ပေ။ သူ့အား ကောင်းကယ်နယ်စားမင်းကို အကြပ်ကိုင်ပေးမည့် ဓားသွားအဖြစ် အသုံးချနိုင်ပြီး ကောင်းကင်နတ်အရှင်ရှုကိုတော့ မြေအောက်ဘုံအရှင်သခင်အား ချုပ်ကိုင်ရာတွင် သုံးနိုင်သည်။
ခိုင်ဧကရာဇ်ချင်ယဲ့သည် ရွှင်ပျော်ပျော်ကျေးရွာ၌သာ ပုန်းခိုနေကာ ထွက်လာရဲမည်မဟုတ်ပေ။
ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုတို့ကတော့ သူ၏မိဖုရားများသာ ဖြစ်လာရလိမ့်မည်။
သူ၏အတွေးအတိုင်းဆိုလျှင် အခြေအနေသည် အဆင်ပြေချောမွေ့နေ၏။ သူ ဤကောင်းကင်နတ်အရှင်နှစ်ပါးကို အနိုင်ယူနိုင်သရွေ့ ပလ္လင်ကို ပြန်သိမ်းပိုက်နိုင်မည်။
သို့သော် ချင်မူ၏ တိုက်ကွက်က သူ့ကို ကြောက်ရွံ့သွားစေ၏။ ချင်မူ ၎င်းကို အသက်သွင်းလိုက်သည့်အခါ သူ၏ မူလဝိညာဉ်သည် တလှပ်လှပ် ခုန်သွားပြီး မဟာတာအိုလည်း တဝီဝီ မြည်သွားသလို ခံစားလိုက်ရသည်။ သူ့မှာ ဥခွံထဲပင် ပြန်တိုးဝင်ချင်စိတ် ပေါက်သွားလေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဒြပ်ထုများမှာလည်း ထိန်းချုပ်၍ မရနိုင်အောင် ပြောင်းလဲနေသည်။
သူ၏ရုပ်ခန္ဓာသည် မူလခန္ဓာကိုယ်မဟုတ်ဘဲ လူ၀င်စားတစ်ယောက်သာ ဖြစ်၏။ သို့သော် သူ၏ မူလ၀ိညာဉ်ကတော့ ရုပ်ခန္ဓာနှင့် တစ်သားတည်း ပေါင်းစည်းနေခဲ့သည်။ ယခုတွင် သူ၏ မူလဝိညာဉ်နှင့် မဟာတာအိုမှာ ချင်မူ၏မျက်လုံးထဲသို့ ဆွဲယူခံလိုက်ရပြီး သူသည်လည်း ၎င်းထံသို့ ပျံသန်းသွားရသည်။
ပို၍ အရေးကြီးသည်မှာ ချင်မူကား သူ၏မှော်စွမ်းအင်နှင့် အသိစိတ်အလျဉ်တို့ကို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီမှ တစ်ချက်တည်းဖြင့် နှုတ်ယူလိုက်ရင်း သူ၏ထိန်းချုပ်မှုအား လွတ်ထွက်သွားစေခဲ့ခြင်းပင်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် လောလောဆယ်တွင် သူ၏အင်အားအကြီးဆုံး လက်နက်ဖြစ်ပြီး သူ့ရုပ်ခန္ဓာထက်ပင် ပို၍သန်မာ၏။ ဤကောင်းကင်လက်နက်ကို ဆုံးရှုံးလိုက်ရခြင်းက သူ့အား ခံစစ်အနေအထားသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။
“မူအာ… တော်လိုက်တာကွာ” ဆေးဆရာမှာ ပျော်ရွှင်၀မ်းမြောက်နေသည်။
ထိုစဉ်မှာပဲ ချင်မူ့ခေါင်းကား ဘန်းခနဲ ပေါက်ကွဲသွားပြီး သူ့လည်ပင်းအထက်ရှိ အသားမှန်သမျှ လွင့်စင်ထွက်သွားသည်။ သွေးတို့က ဆေးဆရာ၏ မျက်နှာပေါ်သို့ ကျလာသဖြင့် သူ့မှာ ကြောင်အသွား၏။
ချင်မူ့ခေါင်းနှင့်အတူ ဒေါင်လိုက်မျက်လုံးနှင့် မျက်ခုံးနှစ်ဖက်ကြားတွင် တည်ရှိနေသော ဝိညာဉ်သန္ဓေသားရတနာပါ လွင့်ထွက်သွားလေသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသည် သိုင်းပညာရှင်များနှင့် နတ်ဘုရားတို့၏ မျက်ခုံးနှစ်ဖက်ကြားတွင် တည်ရှိ၏။ ကောင်းကင်နတ်အရှင်ရှောင်က ချင်မူ့၏ ဒေါင်လိုက်မျက်လုံးနှင့် ဦးခေါင်းကို လက်ဖြင့် တို့ထိလိုက်သည့်အခါ သူ့တိုက်ကွက်၏ စွမ်းအားမှာ ပြင်းထန်လွန်းသောကြောင့် ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာပင်လျှင် မခံနိုင်ဘဲ ပေါက်ကွဲသွားချေပြီ။
ဒေါင်လိုက်မျက်လုံးနှင့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ပေါက်ကွဲထွက်သွားသည်နှင့် မရေမတွက်နိုင်သော ရတနာတို့က ကောင်းကင်ထက်သို့ မြင့်တက်လွင့်ထွက်ကုန်ကြသည်။ ထိုက်စုနတ်ကျောက်တုံးများ၊ ထိုက်ချီနတ်ကျောက်တုံးများ၊ ထိုက်ရှီနတ်ကျောက်တုံးတို့လည်း ပါဝင်သည်။
ဘိုးဘေးနန်းတော်၏ တောင်တန်းများ၊ ရွှေသတ္တုကြော၊ နတ်လေး၊ ထိုက်ချူဥခွံတစ်၀က်၊ ထိုက်ယီဥခွံနှစ်ခုနှင့် ဖရိုဖရဲချီတို့လည်း တွေ့မြင်ရသည်။
ထိုက်ချူနတ်ကျောက်တုံးများလည်း ပျံထွက်လာကြ၏။
ထို့အပြင် ထိုက်ရှီကျောက်တုံးရိုင်းများ၊ ကြေမွနေသော ချင်စာလုံးမြေနှင့် အရှင်မယွမ်မု၏ ခေါင်းတလားလည်း လွင့်ထွက်လာသည်။ ခေါင်းတလား ပျက်စီးသွားသည်နှင့် အရှင်မယွမ်မု၏ အလောင်းလည်း ထွက်ပေါ်လာချေသည်။
အရှင်မယွမ်မု၏ အလောင်းမှာ ဖုတ်ဝင်နေပြီဖြစ်သောကြောင့် အလောင်းမိစ္ဆာတစ်ကောင် မွေးဖွားလာခဲ့၏။ ဝေစွေ့ဖုန်းက ချိတ်တံဆိပ်ဖြင့် ၎င်းအား ချုပ်ထားခဲ့သော်လည်း ယခုတွင် ပေါက်ကွဲမှုကြောင့် လွတ်မြောက်လာကာ အလောင်းမိစ္ဆာကား ဝမ်းသာအားရ ထွက်ပြေးသွားတော့သည်။
တခြားရတနာများလည်း မရေမတွက်နိုင်အောင် ရှိနေပြီး မျက်စိကျိန်းနေစေသည်။
ကောင်းကင်နတ်အရှင်ရှောင်မှာ လက်တစ်ချောင်းဖြင့် ချင်မူ့ခေါင်းအား ဖောက်ခွဲပြီးမှသာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်၏။ သူက မှော်စွမ်းအင်ကို ရုတ်သိမ်းလိုက်ရင်း သူ့ဥခွံကို ယူရန် လက်ဆန့်တန်းလိုက်သည်။ ‘ဘာပဲဖြစ်ဖြစ် ငါ့ဥခွံကို ယူမှဖြစ်မယ်… ကောင်းကင်နတ်အရှင်မူရဲ့ တခြားရတနာတွေကလည်း မဆိုးပါဘူး… ဒီကောင်စုတ်လေး ရတနာတွေအများကြီး စုဆောင်းခဲ့တာပဲ… နတ်ဘုရားဥထဲက တာအိုမိတ်ဆွေကလည်း သူနဲ့အတူ ရှိနေတယ်’
သူ၏ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအင်သည် သူ့အနောက်သို့ ပြုတ်ကျလာခဲ့သော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီ ပြေးဝင်သွားပြီး သူ၏လက်ဖဝါးကမူ ချင်မူ့ဦးခေါင်းမှ လွင့်ထွက်သွားသော ရတနာတို့အား ဆုပ်ကိုင်ထား၏။
သူ အောင်မြင်တော့မည့်အချိန်၌ပင် ကောင်းကင်နှင့်မြေပြင်မှာ ချာလပတ် လည်သွားသည်။ ချင်မူ့ရတနာများအား ကောင်းကင်နတ်အရှင်ယွဲ့က ရွှေ့ပေးလိုက်ပြီး ဟင်းလင်းပြင်အတွင်းထဲတွင် သိမ်းဆည်းလိုက်၏။ အတန်ကြာသည်အထိ ကောင်းကင်နတ်အရှင်ရှောင်မှာ ရတနာများ မည်သည့်နေရာတွင် ဖွက်ခံလိုက်ရမှန်း မရှာနိုင်တော့ပေ။
သူ၏ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအင်တို့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီထံ ဝင်ရောက်တော့မည့်အချိန် .... ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပခုံး၌ ရပ်နေခဲ့သည့် ကောင်းကင်နတ်အရှင်ရုံက လက်နက်၏ကျောနောက်၌ အဝါရောင်စာရွက်တစ်ရွက် ကပ်လိုက်သည်။
ထို့နောက် ကောင်းကင်နတ်အရှင်ရုံက မတိုးမကျယ် အော်ဟစ်လိုက်သည့်ခါ အဝါရောင်စာရွက်သည် နှစ်ပိုင်းပြတ်သွား၏။ ထို့နောက် နှစ်ပိုင်းမှ လေးပိုင်း၊ လေးပိုင်းမှရှစ်ပိုင်းအထိ ဖြစ်လာသည်။ တခဏအတွင်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး အဝါရောင်စာရွက်များဖြင့် လွှမ်းခြုံခံလိုက်ရချေပြီ။
ကောင်းကင်နတ်အရှင်ရှောင်မှာ သူ၏ အသိစိတ်အလျဉ်နှင့် မှော်စွမ်းအင်တို့ အဝါရောင်စာရွက်များအား မထိုးဖောက်နိုင်မှန်း ခံစားရသည့်အခါ ရင်ဒိန်းခနဲ ခုန်သွားသည်။ ချင်မူ သူ့အား ထောက်ချောက်ဆင်လိုက်ပြီဖြစ်ကြောင်း တန်းသိလိုက်သော်လည်း အရေးနိမ့်သွားချေပြီ။
ဝှစ်…
မြေအောက်ဘုံအရှင်သခင်၏ ကျိုးပဲ့နေသော လက်များက အောက်သို့ လှမ်းရိုက်လိုက်ပြီး ပြုတ်ကျနေခဲ့သော လက်ချောင်းပြတ်တို့က လက်ဖဝါးဆီ ပြန်ပြေးဝင်သွားကြသည်။
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကြီး သုန်မှုန်လာပြီး သူက ခေါင်းမော့လျက် ဟိန်းဟောက်လိုက်ရင်း မြေအောက်ဘုံအရှင်သခင်၏ လက်ဖဝါးကို ရင်ဆိုင်လိုက်၏။
ကောင်းကင်နန်းဆောင်များသည် သူ့ဦးခေါင်းအနောက်တွင် တစ်ခုပြီးတစ်ခု ပေါ်လွင်လာကာ အချင်းချင်း ဆက်နွယ်၍ ကောင်းကင်နတ်ဘုံအဖြစ် ဖော်ဆောင်လိုက်သည်။
ကောင်းကင်နတ်ဘုံထဲတွင် ကောင်းကင်နန်းဆောင် ၃၅ ဆောင် ရှိနေသဖြင့် သူ၏မှော်စွမ်းအင်ကို တစ်ဟုန်ထိုး မြင့်တက်သွားစေ၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလောက် အစွမ်းမထက်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ မဟာဧကရာဇ်နှင့် တိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ဟောင် ပြသခဲ့သည့် ခွန်အားထက် နိမ့်ကျမနေသည်မှာတော့ အမှန်ပင်။
သို့သော် သူ မြေအောက်ဘုံအရှင်သခင်၏ လက်ဖဝါးအား ခုခံလိုက်လျှင်ချင်း ပြိုင်ဘက်ကင်းသော ခွန်အားကြီးကို ခံစားလိုက်ရသဖြင့် နောက်သို့ နှစ်လှမ်း ဆုတ်လိုက်ရသည်။
သူက ဆုတ်လိုက်ရသော အရှိန်ကို အသုံးချရင်း ကမ္ဘာဦးသစ်ပင်ဆီသို့ ပြေးသွား၏။ သူ့လက်ထဲတွင် ကမ္ဘာဦးသစ်ပင် ရှိနေသရွေ့ အင်အားအကြီးမားဆုံးအခြေအနေ၌ ရှိသည့် အမိကမ္ဘာမြေကို ကောင်းကင်လက်နက်သဖွယ် အသုံးပြုခြင်းနှင့် ညီမျှလေသည်။
အမိကမ္ဘာမြေကိုယ်တိုင်ပင်လျှင် သူမ ထုတ်ဖော်နိုင်သည့် ခွန်အားအစစ်အား ကောင်းကောင်းမသိသော်လည်း ကောင်းကင်နတ်အရှင်ရှောင်က သေချာသိထား၏။
အမိကမ္ဘာမြေဆိုသည်မှာ ဘိုးဘေးနန်းတော်ထဲတွင် မွေးဖွားခဲ့သည့် ဧရာမသစ်ပင်ကြီးတစ်ပင် မဟုတ်လော။ ဖန်ဆင်းရှင်တို့သည် ရှေးဟောင်းနဂါးသွဲ့ရေကန်မှ ကမ္ဘာဦးရေကြည်တို့ဖြင့် သစ်မြစ်အပေါ် သွန်းလောင်းခဲ့ကြ၏။ ဤသို့ဖြင့် သစ်ပင်ကား ဘိုးဘေးနန်းတော်မှ စွမ်းအင်တို့အား စုပ်ယူရင်း အသက်ဓာတ် ဖြစ်တည်လာကာ အမိကမ္ဘာမြေအား မွေးဖွားလာစေခဲ့သည်။
သူမသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခဲ့သော အသန်မာဆုံး နတ်ဘုရားမတစ်ပါးဟု ဆိုရပေမည်။
သို့သော်လည်း ကမ္ဘာဦးသစ်ပင်ကြီးက ရှည်လျားကြီးမားလွန်းသဖြင့် ကမ္ဘာဦးခေတ်ဖန်ဆင်းရှင်တို့သည် ယဇ်ပူဇော်လေ့ရှိကြသည်။ ထို့ကြောင့် ဖန်ဆင်းရှင် သန်းပေါင်းများစွာ၏ ပူဇော်ပသခြင်းစွမ်းအင်များက အမိကမ္ဘာမြေခန္ဓာကိုယ်ထဲ၌ ကိန်းဝပ်လာခဲ့ချေသည်။
သို့နှင့် အမိကမ္ဘာမြေမှာ ကောင်းကင်နှင့် မြေကြီးမှ စင်ကြယ်စွာ မွေးဖွားလာခဲ့သော်လည်း ဖန်ဆင်းရှင်တို့၏ ပူဇော်စွမ်းအင်များ စုပ်ယူကာ ညစ်ညမ်းလာခဲ့သည်။ ၎င်းက အမိကမ္ဘာမြေကို ကန့်သတ်ထားသည့် အဓိကအကြောင်းအရင်းပင် ဖြစ်ချေသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည်လည်း အတိတ်တုန်းက သူမနည်းတူ ကန့်သတ်ခံခဲ့ရသည်။ ယဇ်ပူဇော်ခြင်းစွမ်းအင်က လက်ခံရရှိသူကို အလျင်အမြန် တိုးတက်စေပြီး ကြီးမားထည်ဝါသော စွမ်းအားမျိုး ရရှိစေနိုင်သော်လည်း မဟာတာအိုအား ညစ်ညမ်းစေသောကြောင့် ကိုယ်ပိုင်အသိစိတ်အလျဉ်နှင့် ဆုံးဖြတ်နိုင်စွမ်းတို့ကို သက်ရောက်နိုင်၏။
ဥပမာအားဖြင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် ယခင်က အမျှော်အမြင် ကြီးမားပြီး မြင့်မြတ်တည်ကြည်ခဲ့သည်။ ယဇ်ပူဇော်စွမ်းအားကို လက်ခံရရှိပြီးနောက်၌မူ သူ့မျိုးနွယ်ကိုသူ ပြန်သတ်ခဲ့လေသည်။
သို့သော် ဥမှ ပေါက်ဖွားလာသော ရှေးဟောင်းနတ်ဘုရား ၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကား ထိုက်ချူကျောက်တုံးတွင်းအတွင်းရှိ ထိုက်ချူမူလကျောက်တုံးနှင့် ထိုက်ချူနတ်ကျောက်တုံးများဆီမှ စွမ်းအင်တို့လည်း ရရှိခဲ့သည်။ ကမ္ဘာဦးသစ်ပင်သာ သူ့လက်ထဲတွင် ရှိနေလျှင် စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး အမိကမ္ဘာမြေ၏ ကိုယ်ပိုင်ခွန်အားထက်ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
အမိကမ္ဘာမြေ၏ ခွန်အားသာ အပြည့်အဝ ထုတ်လွှတ်ခံရပါက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်များအောက် အားနည်းနေမည်မဟုတ်ပေ။
သူ၏လက်ဖဝါး ကမ္ဘာဦးသစ်ပင်ကို ဆွဲယူတော့မည့်အချိန် မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နတ်အရှင်ရုံတို့၏ တိုက်ကွက်များက အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ခြေထောက်အောက်ရှိ အရိပ်ထဲတွင် ကောင်းကင်နတ်အရှင်ရုံသည် သူ၏မှန်ပုံရိပ်အလား သူနှင့်အတူ ကပ်လာ၏။
သူတို့နှစ်ယောက် တစ်ပြိုင်နက် ခြေလှမ်းလှမ်းလိုက်စဉ် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ဖဝါးက ကမ္ဘာဦးသစ်ပင်ကို ထိတွေ့လိုက်ပြီဖြစ်သည်။ သို့သော် နောက်တစ်ခဏတွင် သူ၏မူလဝိညာဉ်မှာ ယိုတုထဲသို့ ကျသွားပြီး ကောင်းကင်နတ်အရှင်ရုံဘေးသို့ ရောက်သွားကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နတ်အရှင်ရုံက လက်ထဲတွင် မီးအိမ်တစ်လုံး ကိုင်ထားသည်။ မီးအိမ်မှ အလင်းသည် ထွန်းလင်းတောက်ပနေပြီး အလင်းတန်းတစ်တန်းက ကောင်းကင်နတ်အရှင်ရှောင်၏ မူလဝိညာဉ်ကို ဝင်တိုက်လိုက်၏။
ဝုန်း….
နှိုင်းယှဉ်မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးကား ယိုတုမှ ပျံ့နှံ့လာချေပြီ။ ယိုတုရှိ မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများမှာ ကြောက်ရွံတုန်လှုပ်ကုန်သဖြင့် အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြ၏။ လှိုင်းလုံးကြီး၏ အလယ်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ မူလဝိညာဉ်က ဟိန်းဟောက်အော်ဟစ်ရင်း ကောင်းကင်နတ်အရှင်ရုံ၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်နေသည်။ သူက ယိုတုမှ အတင်းအကြပ် ရုန်းထွက်ကာ ရုပ်ခန္ဓာကိုယ်ဆီ ပြန်သွားနေသည်။
သို့သော် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးများက သူ့ကို စောင့်ကြိုနေလေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးများသည် သစ်ပင်၏ ပင်စည်ကို ရစ်ပတ်ထားပြီးဖြစ်၏။ ဗျပ်စောင်းကြိုးတစ်ကြိုး၏ အဆုံးက ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ချောင်းဆယ်ချောင်းနှင့် ဆက်နွယ်နေကြသည်။ ပထမဗျပ်စောင်းကြိုးက တီးခတ်ခံလိုက်ရသည့်အခါ ကောင်းကင်နတ်အရှင်ရှောင် မလှုပ်ရှားနိုင်ခင်မှာပင် ဗျပ်စောင်းကြိုးက သူ့လည်ပင်းကို တိခနဲ ဖြတ်ပစ်လိုက်၏။
မည်သည့်နာကျင်မှုကိုမှ မခံစားလိုက်ရပေ။