← Chapters

ကောင်းကင်နတ်အရှင်ရှောင်ကို မောင်းထုတ်ခြင်း

Vol. 102 Ch. 1336

ကောင်းကင်နတ်အရှင်ရှောင်ကို မောင်းထုတ်ခြင်း

Vol. 102 Ch. 1336

ပထမဆုံးဗျပ်စောင်းကြိုးက သူ၏လည်ပင်းနောက်မှ ပျံထွက်လာပြီး ဒုတိယ၊ တတိယနှင့် စတုတ္ထတို့ကလည်း လိုက်ပါလာကြသည်။

ဗျပ်စောင်းကြိုးဆယ်ကြိုးသည် ကောင်းကင်နတ်အရှင်ရှောင်၏ လည်ပင်း၊ နဖူး၊ လည်ပင်းအောက်ခြေ၊ မျက်လုံး၊ ရင်အုံ၊ ခါး၊ တင်ပဆုံရိုး၊ ဒူးဆစ်နှင့် ‌ခြေကျင်း၀တ်တို့ကို လှီးဖြတ်သွားကြသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ ဦးခေါင်းမှာ မြောက်တက်သွားပြီး ကျန်ရှိသည့် ခန္ဓာကိုယ်မှာ ဗြောင်းဆန်သွားသော ချီနှင့် သွေးကြောင့် ပေါက်ကွဲသွား၏။

မြေအောက်ဘုံအရှင်သခင်၏ လက်ဖဝါးကလည်း သူ့အား ပြင်းထန်စွာ ရိုက်ချလိုက်သောကြောင့် ပေါက်ကွဲထားသည့် အသားစတို့ စိစိညက်ညက် ကြေသွားစေသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ဟင်းခနဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယိုတုထဲရှိ ‌မြေအောက်ဘုံအရှင်သခင်လည်း သက်ပြင်းချလိုက်သည်။ ကောင်းကင်နတ်အရှင်ရုံကလည်း ယိုတုမှ သစ်ပင်ဆီသို့ ရောက်လာပြီး ဤအခြင်းအရာကို မြင်လျှင် သက်ပြင်းချလိုက်၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ အသွေးအသားတို့က လူးလွန့်လျက် ပြန်ပေါက်လာသည်။ သူ့လက်က ကမ္ဘာဦးသစ်ပင်ကို ဆွဲယူကာ မြှောက်တင်လိုက်သည်။ ဤအချိန်တွင် နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကမ္ဘာဦးသစ်ပင်ဆီမှ ပေါက်ကွဲထွက်လာပြီး တစ်လောကလုံးအား တသိမ့်သိမ့် လှုပ်ခတ်သွားစေတော့သည်။

ကမ္ဘာဦးဘုံထဲတွင် ကမ္ဘာလောက တစ်သောင်းကျော် ရှိသည်။ ထိုလောကရှိ သက်ရှိများမှာ မည်မျှပင် တုံးအနေစေကာမူ ညကောင်းကင်မှာ သာမန်မဟုတ်‌တော့ကြောင်း သတိထားမိလိုက်ကြ၏။

သူတို့ ရှိနေကြသည့် ကောင်းကင်ဘုံများကား လျင်မြန်စွာ ရွေ့နေကြချေသည်။ ကြယ်တာရာများ ဖရိုဖရဲဖြစ်ကုန်ပြီး မြေကြီးတို့အား တဘုန်းဘုန်း တုန်ရီနေ၏။ မီးတောင်များ ပေါက်ကွဲကုန်ကာ လေဆင်နှာမောင်းများ တိုက်ခတ်လာကြသည်။ ပင်လယ်များ လှိုင်းထန်ပြီး ဆူနာမီလှိုင်းလုံးကြီးများ ပေါ်ထွက်လာကြချေပြီ။

ဤအခြေအနေမှာ ကောင်းကင်နတ်အရှင်တစ်ပါး မှော်စွမ်းအင်ဖြင့် ကမ္ဘာဦးသစ်ပင်အပေါ် ထိန်းချုပ်နေခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ပျက်စီးမှုကြီး ဖြစ်သည်ကိုတော့ သူတို့ မသိကြပေ။ ကမ္ဘာဦးသစ်ပင်၏ ရွေ့လျားမှုကား ကောင်းကင်ဘုံများကို ဖရိုဖရဲ ဖြစ်စေလေသည်။

ဝုန်း…

ကမ္ဘာဦးသစ်ပင်၏ ရိုက်ခတ်မှုက ကောင်းကင်နတ်အရှင်ရုံကို လွင့်ထွက်သွားစေ၏။ သူ့မှာ လေထဲတွင် သွေးများ အဆက်မပြတ် အန်နေရသည်။

ကောင်းကင်နတ်အရှင်ရှောင်က အောင်အောင်မြင်မြင် တိုက်ခိုက်ပြီးနောက်၌ ကမ္ဘာဦးသစ်ပင်ကို ဓားတစ်လက်သဖွယ် အသုံးပြု၍ ကောင်းကင်နတ်အရှင်ယွဲ့ကို ထိုးလိုက်သည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ကပျာကယာ နောက်ဆုတ်လိုက်ရင်း နေရာဟင်းလင်းပြင် တစ်လွှာပြီးတစ်လွှာအား ခုန်သွားလေသည်။ ချက်ချင်းဆိုသလို ကမ္ဘာဦးသစ်ပင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် ကောင်းကင်ဘုံအလွှာများစွာ ဖြတ်သန်းပြီးသွား၏။ သို့သော် ကမ္ဘာလောကများ၏ နေရာဟင်းလင်းပြင်မှာ ဖရိုဖရဲ ဖြစ်နေသည့်အတွက် သူမ မည်မျှထွက်ပြေးစေကာမူ ကမ္ဘာဦးသစ်ပင်ထိပ်ဖျားသည် သူမရှေ့တွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။

ရွှမ်း…. ရွှမ်း… ရွှမ်း

ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းသစ်ခက်များက ဓားများကဲ့သို့ ဝရုန်းသုန်းကား ဆန့်ထွက်လာကြပြီး သူမဆီသို့ ထိုးစိုက်လိုက်ကြ၏။ ကောင်းကင်နတ်အရှင်ယွဲ့က နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို အသက်သွင်းလျက် အလောကြီးနေသော ဗျပ်စောင်းတေးသံ ထုတ်လွှတ်လိုက်ကာ ကမ္ဘာဦးသစ်ပင်ထိပ်ဖျားနှင့် ဝင်တိုက်သွားစေသည်။

သို့သော် ကောင်းကင်နတ်အရှင်ရှောင် အသုံးပြုနေသည့် ဓားသိုင်းကွက်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ချင်မူ ပြုပြင်ပြောင်းလဲထားသော ဓားသိုင်းကွက်ဟု ဆိုရမည်။ ၁၄ ခုမြောက် ဓားသိုင်းကွက်မှ ၁၉ ခုမြောက် ဓားသိုင်းကွက်အထိ အရာအားလုံး ပါဝင်လေသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ နေရာဟင်းလင်းပြင်လမ်းစဉ်တွင် ကျွမ်းကျင်လင့်ကစား လျင်မြန်သွက်လက်ပြီး ပြောင်းလဲနိုင်သော ဓားသိုင်းကွက်များအား ရှောင်တိမ်းရန် ခက်နေတော့သည်။

ဝုန်း…

သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံများအား တလှစ်လှစ် ဖြတ်သန်းနေပြီး သူမအနောက်တွင်မူ ဓားရောင်တို့က အစိမ်းရောင်နဂါးများပမာ ကခုန်လျက် ထပ်ကြပ်မကွာ လိုက်လာသည်။

ကောင်းကင်နတ်အရှင်ယွဲ့ လှည့်ကြည့်လိုက်၏။ ချွင်ခနဲ အသံနှင့်အတူ ကမ္ဘာဦးသစ်ကိုင်းတစ်ကိုင်းက သူမ၏ ပါးပြင်ကို ဖောက်ထွက်သွားကာ ဒဏ်ရာရာသွားစေသည်။

သူမ မခံနိုင်တော့ကြောင်း မြင်ရသဖြင့် မြေအောက်ဘုံအရှင်သခင်၏ တိုက်ကွက်က ကောင်းကင်နတ်‌အရှင်ရှောင်အနောက်မှ ထွက်လာ၏။ ဧရာမလက်ကြီးက လက်သီးဆုပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ရှောင်ကို အစိတ်စိတ်အမွှာမွှာ ထုချေရန် ရွယ်လိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်က ကမ္ဘာဦးသစ်ပင်ကို ပြန်ဆွဲယူလိုက်၏။ ကမ္ဘာဦးသစ်ပင်၏ အမြစ်များကား ဧရာမ အနက်ရောင်တူကြီးအသွင် ပြောင်းသွားကာ မြေအောက်ဘုံအရှင်သခင်၏ လက်သီးအား ရင်ဆိုင်လိုက်သည်။

တိုက်ကွက်နှစ်ကွက်စလုံးဆီမှ စွမ်းအားတို့ လိမ့်ထွက်လာသည်။ အဝေးရှိ ယိုတုထဲ၌ ရပ်နေသော မြေအောက်ဘုံအရှင်သခင် မျက်မှောင်ကြုတ်သွားသည်။ သူ၏လက်သီးကြီးမှာ အက်ကွဲသွားသော မြေကြီးဖြစ်သွားချေပြီ။

“နောင်တော်မင်းရဲ့ ကိုယ်အစစ်နဲ့ မလာရင် မင်းက ငါနဲ့ အမိကမ္ဘာမြေအတွက် ပြိုင်ဘက်မဟုတ်ဘူး…. မင်းနဲ့ကြားထဲမှာ စည်းခြားပြီး တိုက်ခိုက်နေရတာ ပျင်းဖို့ကောင်းတယ်… တိုက်ပွဲအစစ်လေး တိုက်ကြရအောင်လား”

ကောင်းကင်နတ်အရှင်ရှောင်က ဟိန်းဟောက်လိုက်သည်။ ကမ္ဘာဦးသစ်ပင်၏ အမြစ်များသည် တူတစ်လက်အသွင်ဖြင့် ကောင်းကင်အလိုတော်မုခ်ဝအား ဖောက်ဝင်သွားကာ မြေအောက်ဘုံအရှင်သခင်ကို အားအရှိန်ဖြင့် ထုချလိုက်သည်။

မြေအောက်ဘုံအရှင်သခင်မှာ အလွန်အမင်း ‌ဒေါကန်သွားကာ မျက်ခုံးနှစ်ဖက်အကြားရှိ တတိယမျက်လုံးအား ဖွင့်လိုက်သည်။ စောစောက အက်ကွဲသွားခဲ့သည့် သူ၏လက်သီးဆီမှ အပိုင်းအစများသည် ပြန်လည်ပျံသန်းလာကာ လက်ဝါးအဖြစ် ပြန်ဖွဲ့တည်သွား၏။ သူက လက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်ရာ ငရဲမြစ်ကြာပွတ် ပေါ်လွင်လာသည်။

မြေအောက်ဘုံအရှင်သခင်က ကြာပွတ်ကို လွှဲယမ်း၍ တိုက်ခိုက်တော့မည့်အချိန်တွင် ယိုတု၌ မျောလွင့်နေသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနောက်တစ်ပါးက မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်သည်။

မြေအောက်ဘုံအရှင်သခင် အံ့အားသင့်သွား၏။ “ငါ့ရဲ့သမီးတော် ဒါကို သတိထားမိသွားပြီ”

သူ့မှာ ကောင်းကင်နတ်အရှင်ရှု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ် အာရုံရောက်သွားလေသည်။ ထိုအချိန်တွင် ကမ္ဘာဦးသစ်ပင်တူက ပြင်းထန်စွာ ပြေးဝင်လာနေပြီဖြစ်သည်။

ကောင်းကင်နတ်အရှင်ရှောင် အောင်မြင်တော့မည့်ဆဲဆဲ ကောင်းကင်နတ်အရှင်ယွဲ့က သူ့အထက်၌ ဖျတ်ခနဲ ပေါ်လာ၏။ သူမသည် ပျံသန်းနေသော နတ်ဘုရားမလေးပမာ အင်္ကျီစများ လေထဲတွင် မြောလွင့်နေပြီး သူမ၏လက်ချောင်းဆယ်ချောင်းက သွက်လက်စွာ လှုပ်ခါသွားသည်။ အလင်းကြိုးမျှင်များကား ပိုက်ကွန်သဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး ဤဧရိယာအား လုံးလုံးလျားလျား ပိတ်လှောင်ပစ်လိုက်၏။

ပို၍များပြားသော အလင်းကြိုးမျှင်များက ရစ်ပတ်လိုက်ရင်း မရေမတွက်နိုင်သော နေရာဟင်းလင်းပြင် အစိတ်အပိုင်းများကို ၀င်္ကပါတစ်ခုပမာ ဖွဲ့တည်လိုက်သည်။

“ကောင်းကင်နတ်အရှင်ရှောင်၊ ကျွန်မ ဒီနေ့ ရှင့်ကို ချေမှုန်းပစ်မယ်”

ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ဖဝါး ပထမဦးဆုံးကြိုးပေါ်သို့ ရောက်သွားသည်နှင့် ဗျပ်စောင်းသံတစ်ချက် ထွက်လာသည်။ ရုတ်တရက် အလင်းကြိုးမျှင်အားလုံး ပြိုင်တူ တုန်ခါသွားကြကာ သံစဉ်ငါးခုနှင့် တေးသွားဆယ့်နှစ်ခု တစ်ပြိုင်တည်း ပေါက်ကွဲထွက်လာသည်။

မရေမတွက်နိုင်သော နေရာဟင်းလင်းပြင် အစိတ်အပိုင်းများ ဖရိုဖရဲ ဖြစ်သွားကြ၏။ အားကောင်းရုန်းကြွနေသော နေရာဟင်းလင်းပြင် လှိုင်းလုံးကြီးက မြောက်တက်လာပြီး ကောင်းကင်နတ်အရှင်ရှောင်နှင့်အတူ ကမ္ဘာဦးသစ်ပင်ကို သယ်လျက် နေရာဟင်းလင်းပြင်အတွင်းပိုင်းအထဲသို့ ပစ်လွှတ်လိုက်သည်။

ဝှစ်… ဝှစ်… ဝှစ်

ဗြောင်းဆန်နေသည့် ဟင်းလင်းပြင်ထဲမှ အမြစ်တုတ်တုတ်ကြီးများ ဆန့်ထွက်လာကာ အပြင်ရှိ မြေကြီး၌ ခြေကုပ်ယူလိုက်သည်။ နေရာဟင်းလင်ပြင်ထဲ၌ လှိုင်းဂယက်ပုံပျက်မှုတို့ကြောင့် ဗျပ်စောင်းသံမှာ ဖရိုဖရဲ ဖြစ်နေ၍ ကမ္ဘာဦးသစ်ပင်အား အပြည့်အဝဝင်သွားအောင် မတွန်းထည့်နိုင်ပေ။

ကောင်းကင်နတ်အရှင်ရှောင်က ကမ္ဘာဦးသစ်ပင်ပေါ်တွင် ရပ်၍ အမြစ်များအတိုင်း ပြေးလာနေသည်။ သူ ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲမှ ခုန်ထွက်တော့မည်အချိန် ကောင်းကင်နတ်အရှင်ရုံသည် ဖရိုဖရဲနေရာဟင်းလင်းပြင် အဝင်ဝတွင် မီးအိမ်တစ်လုံး ကိုင်လျက် ပေါ်လာ၏။ မီးအိမ်အလင်းရောင်က ကောင်းကင်နတ်အရှင်ရှောင်ပေါ်သို့ ဖြာကျသွားသည်။

ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်က ကောင်းကင်နတ်အရှင်ရှောင်၏ မူလဝိညာဥ်ကို ရိုက်နှက်ကာ သူ၏ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် တွုန်းထုတ်လိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်က မာန်သွင်းဟိန်းဟောက်ရင်း သူ၏မူလဝိညာဉ်ကို အားကုန်ပြန်ဆွဲယူ၏။

ကောင်းကင်နတ်အရှင်ရုံကလည်း အံကြိတ်၍ ကျန်ရှိသမျှ အားအင်ဖြင့် မီးအိမ်ကို ဆွဲယူလိုက်သည်။ အလင်းရောင်မှာ ပိုပို၍ တောက်ပလာသော်လည်း ကောင်းကင်နတ်အရှင်ရှောင်၏ မူလဝိညာဉ်က တောင့်ခံထားပြီး သူ၏ခန္ဓာကိုယ်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားနေချေသည်။

အမြစ်များပေါ်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်ကလည်း တစ်လှမ်းချင်း လှမ်းလာနေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ဖရိုဖရဲနေရာဟင်းလင်းပြင်အဝသို့ ဆင်းသက်လိုက်သည်။ သူမက အင်္ကျီစကို ဖြန့်လျက် မြေပေါ်တွင် ထိုင်ချလိုက်သည်။ နန်းဆောင်၏ အပျက်အစီးများက ပျံသန်းလာကာ ဗျပ်စောင်းသဏ္ဍာန် ကျုံ့သွားချေသည်။ မရေမတွက်နိုင်သော တိုက်ကွက်များက ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ပေါ်သို့ ရွာကျသွားသည်။

ကောင်းကင်နတ်အရှင်ရှောင်က စူးရှစွာ အော်ဟစ်လိုက်ရင်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အား ထုတ်လိုက်ည်။ သူ၏မူလဝိညာဥ်မှာလည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ပေါ်လာသည်။ စုတ်ပြတ်သွားတိုင်း သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကား ပြန်လည်ကောင်းမွန်လာချေသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံ နှစ်ယောက်လုံးမှာ အံ့အားသင့်သွားကြသည်။

‘ချိဧကရာဇ်နဲ့ မင်ဧကရာဇ်တို့ကို ပေါင်းလိုက်ရင်တောင် ဒီလိုမလုပ်နိုင်ဘူး’ နှစ်ယောက်သား စိတ်ထဲမှ တွေးမိလိုက်ကြ၏။

ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်အရှင်နှစ်ပါး၏ တိုက်ကွက်များကို ခုခံရင်း တစ်လှမ်းချင်း လျှောက်နေသည်။

“မြေအောက်ဘုံအရှင်သခင်ရော” ကောင်းကင်နတ်အရှင်ယွဲ့က ကျယ်လောင်စွာ မေးလိုက်၏။

ကောင်းကင်နတ်အရှင်ရုံက အံတင်းတင်းကြိတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရှု တားတာ ခံနေရတယ်””

ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ပျက်သွားသည်။ မြေအောက်ဘုံအရှင်သခင်မှာ အစစ်အမှန်ခန္ဓာကိုယ်နှင့် ဆင်းမလာနိုင်သောကြောင့် သူတို့ကို မကူညီနိုင်ပေ။ သူတို့နှစ်ယောက်တည်းဖြင့် ကောင်းကင်နတ်အရှင်ရှောင်ကို နှိမ်နင်းနိုင်မည်မဟုတ်။ ကောင်းကင်နတ်အရှင်ရှောင် ဖရိုဖရဲ နေရာဟင်းလင်းပြင်မှ ထွက်လာနိုင်လျှင် သူတို့အတွက် စိုးရိမ်ရလိမ့်မည်။

“မူအာ၊ မသွားနဲ့”

ဆေးဆရာ၏အသံ ထွက်လာ၍ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံ အံ့ဩသွားသည်။ သူတို့ လှမ်းကြည့်လိုက်သည့်အခါ ခေါင်းပြတ်နေသော ချင်မူက ပျံသန်းလာနေပြီး သူ့လက်ထဲရှိ မက်မွန်ဆံထိုးသည် ဖရိုဖရဲ နေရာဟင်းလင်းပြင်မှ ထွက်လာတော့မည့် ကောင်းကင်နတ်အရှင်ရှောင်ဆီသို့ ညွှန်ပြထား၏။

ကောင်းကင်နတ်အရှင်ရှောင်မှာ ထိတ်လန့်သွားပြီး ကမန်းကတန်း နောက်ဆုတ်လိုက်သည်။ ကမ္ဘာဦးဘုံမှ ကမ္ဘာဦးသစ်ပင်အမြစ်များ လျင်မြန်စွာ ဆုတ်ခွာသွားချေပြီ။

သူသည် ဖရိုဖရဲဖြစ်နေသော နေရာဟင်းလင်းပြင်ထဲသို့ မူလဝိညာဉ်၊ ကမ္ဘာဦးသစ်ပင်နှင့်အတူ ရောက်သွားပြီး အရိပ်အယောင်ပင် မမြင်ရတော့ပေ။

ကောင်းကင်နတ်အရှင်ယွဲ့က သက်ပြင်းချလိုက်ပြီး ရှေးဟောင်းဗျပ်စောင်းကို ဘေးသို့ ဖယ်လိုက်သည်။ သူမ အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်သည့်အခါ ဖရိုဖရဲနေရာဟင်းလင်းပြင်၏ အပေါက်မှာ ဖျတ်ခနံ ပျောက်ကွယ်သွားကာ နေရာဟင်းလင်းပြင်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်သွားတော့သည်။

ချင်မူက မက်မွန်သစ်သားဆံထိုးဖြင့် ဖရိုဖရဲနေရာဟင်းလင်းပြင်၏ အပေါက်ဆီ ချိန်ရွယ်ထားဆဲ ဖြစ်သည်။ သူ့လည်ပင်းတွင် ခေါင်းမရှိသေးပေ။

ဆေးဆရာက ချင်မူ့လည်ပင်းနားသို့ ကမန်းကတန်း ‌ရောက်ချလာပြီး ဆူပူကြိမ်းမောင်းတော့သည်။ “မင့်လည်ပင်းမှာ ကောင်းကင်နတ်အရှ‌င်ရှောင်ကြောင့် ရခဲ့တဲ့ တာအိုဒဏ်ရာတွေ အပြည့်ပဲကွ.. ဒါတောင်မှ လျှောက်သွားနေသေးတယ်”

“ကျွန်တော် ဘာမှမဖြစ်ပါဘူး”

ချင်မူ့လည်ပင်းက ဆန့်လိုက်ပြီး အသံတစ်သံသည် သူ၏ရင်အုံမှ ထွက်လာ၏။ “မမကြီးယွဲ့၊ ကျွန်တော့်ရဲ့ ဥခွံရော… ကျွန်တော့်ကို ဥခွံပေး… ကောင်းကင်နတ်အရှင်ရှောင်ကို ဥထဲ ပြန်ထည့်လိုက်မယ်”

“ကောင်းကင်နတ်အရှင်ရှောင်ကို ကောင်းကင်နတ်အရှင်ယွဲ့ နှင်ထုတ်ပြီးသွားပြီ”

ဆေးဆရာမှာ ကူကယ်ရာမဲ့စွာ‌ ပြောလေသည်။ “ပြီးတော့ ဘယ်နေရာကို ကြည့်ပြီး စကားပြောနေတာတုန်း… ငါက ဒီမှာ… ကောင်းကင်နတ်အရှင်ယွဲ့က မင်းအနောက်မှာ… မင်းရဲ့ ဒီဒဏ်ရာက ကုသဖို့ အတော်လေး ခက်တယ်ကွာ…”

All Chapters