လူဝင်စား
Vol. 102 Ch. 1337
ကောင်းကင်နတ်အရှင်ယွဲ့လည်း ချင်မူ့အား လှမ်းကြည့်လိုက်သည့်အခါ ခေါင်းပြတ်နေပြီး လည်ပင်းငုတ်တိုသာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ရှောင်၏ တိုက်ကွက်မှ တာအိုသင်္ကေတများသည်လည်းလည်း ဒဏ်ရာပေါ်တွင် ကျန်ခဲ့၏။ ယင်းတို့က သူ၏ ဇီ၀ကမ္မဖြစ်စဉ်များကို အဆက်မပြတ် ဖျက်ဆီးနေသောကြောင့် သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်လေသည်။
သူ၏မူလဝိညာဉ်ပင်လျှင် ခေါင်းပြတ်နေပြီး လည်ပင်းတွင်လည်း တာအိုဒဏ်ရာများ ပြည့်နေသည်။
ဆေးဆရာသည် ချင်မူ၏ တာအိုဒဏ်ရာများကို ချုပ်ပေးထားသည်။ လက်ရှိချင်မူမှာ အပြင်ပန်းတွင်သာ မာသယောင် ထင်ရပြီး အတွင်း၌ အားနည်း၏။ ဝိညာဉ်သန္ဓေသား ပေါက်ကွဲသွားသည့်အပြင် ကောင်းကင်နတ်အရှင်ရှောင်၏ တာအိုဒဏ်ရာများကြောင့် သူ့အနေဖြင့် ကောင်းကင်နတ်သိုင်းများပင် အသုံးမပြုနိုင်ပေ။
ကောင်းကင်နတ်အရှင်ရှောင် စောစောက ခြောက်လှန့်လိုက်ခြင်းမှာ ဟန်ပြသာ ဖြစ်သည်။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို အသုံးပြုလိုက်လျှင် ဤတာအိုဒဏ်ရာများကြောင့် ခေါင်းထပ်ကွဲရလိမ့်မည်။
သို့ဖြစ်၍ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို အသုံးမပြုခင် တာအိုဒဏ်ရာများအား ဖယ်ရှား၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ကုသရမည်။ သို့မဟုတ် ဖန်ဆင်းကျင့်စဉ်ဖြင့် ခေါင်းပေါက်လာအောင် လုပ်ရလိမ့်မည်။
“နတ်ဆေးဘုရင်၊ ကောင်းကင်နတ်အရှင်မူရဲ့ ဒဏ်ရာတွေက အန္တရာယ်များလား…” ကောင်းကင်နတ်အရှင်ယွဲ့က ခပ်တိုးတိုး မေးသည်။
“ဒီကောင် မသေပါဘူး...”
ဆေးဆရာက ချင်မူ့လည်ပင်းရှိ ဒဏ်ရာကို အသေအချာ စစ်ဆေးနေရင်း ပြောသည်။ “ကျုပ် ကောင်းကင်နတ်အရှင်ရှောင် ထားခဲ့တဲ့ တာအိုဒဏ်ရာတွေကို နားမလည်ဘူး… ဒါကြောင့် ကောင်းကင်နတ်အရှင်ရဲ့ ညွှန်ကြားပြသမှုကို လိုအပ်ပါတယ်…”
ကောင်းကင်နတ်အရှင်ရုံကလည်း သူတို့ဆီ လျှောက်လာကာ မီးအိမ်ကို ချင်မူ့လည်ပင်းပေါ်သို့ ထွန်းလိုက်သည်။ ချင်မူ့လည်ပင်းဆီမှ အသက်ရှူနေသေးကြောင်း တွေ့လိုက်ရသည့်အခါ စိတ်သက်သာရာရသွား၏။ “ဒီကောင်လေး မသေသေးဘူး… ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရှောင်ကို ဘယ်ဆီ နှင်ထုတ်လိုက်တာလဲ”
ကောင်းကင်နတ်အရှင်ယွဲ့သည် ချင်မူ့တာအိုဒဏ်ရာပေါ်ရှိ တာအိုသင်္ကေတများအား အကဲခတ်လိုက်၏။ “ငါ သိုင်းကျင့်ရင်းနဲ့ အောင်မြင်မှုအနည်းငယ် ရလာတော့ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းကို စမ်းသပ်ချင်ခဲ့တယ်… ဒါကြောင့် ဘယ်နေရာကိုမဆို လျှောက်သွားခဲ့တာပေါ့လေ . တစ်ခါတုန်းကဆို နေရာဟင်းလင်းပြင်တစ်ခုကို မတော်တဆ ဖွင့်ခဲ့မိပြီး ၀င်္ကပါလို နေရာတစ်ခုကိုတောင် ရှာတွေ့ခဲ့တယ်… အဲ့ဒီနေရာမှာ နှစ်တစ်ရာတောင် ပိတ်မိနေခဲ့ပြီးတော့မှ အမှတ်မထင် လွတ်လာခဲ့တာ…. အဲ့နေရာက ဖရိုဖရဲဟင်းလင်းပြင်လို့ ခေါ်တယ်… ကောင်းကင်နတ်အရှင်ရှောင်ကို ပို့လိုက်တာ အဲ့ဒီနေရာပဲ…”
သူမမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး ဆက်ပြောပြ၏။ “ငါ နေရာဟင်းလင်းပြင်ပညာနဲ့ လမ်းစဉ်ဝင်ရောက်ခဲ့ပေမယ့် အဲ့ဒီနေရာရဲ့ ထူးဆန်းမှုက ငါ တွေးထားတာထက်တောင် ကျော်လွန်သေးတယ်… ငါ့အတွက် လွတ်မြောက်ဖို့ အတော် ခက်ခဲခဲ့တာ…. ကောင်းကင်နတ်အရှင်ရှောင်ရဲ့ လက်ရှိအစွမ်းအစက ငါ့ထက် အဆပေါင်းများစွာ သာလွန်တယ်…. သူ့မှာ အမိကမ္ဘာမြေရဲ့ ရုပ်ခန္ဓာလည်း ရှိသေးတော့ အမြစ်နဲ့ သစ်ကိုင်းတွေကို သုံးပြီး ၀င်္ကပါကို ထိုးဖောက်ဖို့ မခက်ဘူး…. ဒါပေမဲ့ သူ အဲ့ဒီကနေ ထွက်လာချင်ရင်တောင် အနည်းဆုံး နှစ်နှစ်ဆယ် ကြာလိမ့်မယ်”
“အဲ့လိုနေရာမျိုး ရှိတယ်လား…” ချင်မူ့လည်ပင်းငုတ်တိုက တအံ့တဩ ရေရွတ်လိုက်သည်။
“စကြ၀ဠာကြီးက ခမ်းနားပြီး ထူးဆန်းတယ်လေကွယ်….. ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တွေလည်း အများကြီး ပုန်းအောင်းနေတယ်…. အဲ့ဒီနေရာမှာ အပျက်အစီးတွေ အများကြီးရှိခဲ့တာ... ငါ အဲ့ဒီဖရိုဖရဲဟင်းလင်းပြင်ဆီ ရောက်သွားခဲ့တုန်းက စစချင်း အတော်လေး ဇဝေဇဝါဖြစ်သွားသေးတယ်…”
သူမမှာ ပြောရင်း စိတ်တိုသွားသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ဒီလိုဖြစ်နေတာတောင် အန္တရာယ်များတဲ့ နေရာကို စပ်စုချင်သေးတာလား…. သေရမှာ မကြောက်ဘူးလား...”
ချင်မူက ခေါင်းကုတ်ရန် လက်မြှောက်လိုက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့က ရိုက်ချ၏။ “နင့်မှာ ခေါင်းမရှိတာတောင် မေ့သွားပြီလား”
ချင်မူမှာ ကုတ်စရာခေါင်းမရှိသဖြင့် ခါးတွင် လက်ထောက်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့အဖြစ်ကို မြင်လျှင် ခပ်တိုးတိုး ရယ်လေသည်။
ကောင်းကင်နတ်အရှင်ရုံက သူမကို တစ်ချက်ကြည့်၍ ချောင်းဟန့်သည်။ “ယွဲ့၊ သူ့တာအိုဒဏ်ရာက တာအိုသင်္ကေတတွေကို မြန်မြန်ရှင်းလင်းသင့်တယ်… အချိန်ဆွဲလေလေ သူ့အတွက် အန္တရာယ်များလေလေပဲ”
ကောင်းကင်နတ်အရှင်ယွဲ့က စိတ်ကို တည်ငြိမ်စေလိုက်ရင်း တည်ကြည်လေးနက်စွာ ပြော၏။ “ငါ့ကို အပြစ်မတင်နဲ့…. ကောင်းကင်နတ်အရှင်မူကိုပဲ အပြစ်တင်… သူက အမြဲတမ်း ငါ့ကို ရယ်မိအောင်လုပ်နေကျလေ...”
ကောင်းကင်နတ်အရှင်ရုံက တစ္ဆေမျက်နှာဖုံးအား နောက်စေ့တွင် ပြန်တပ်ပြီးနောက် စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးဝေ့လိုက်သည်။
ကောင်းကင်နတ်အရှင်နှစ်ပါးသည် အစွမ်းထက်သောအမြင်အာရုံကို ပိုင်ဆိုင်ထားသည့်အလျောက် ကောင်းကင်နတ်အရှင်ရှောင် ထားခဲ့သော တာအိုဒဏ်ရာမှ တာအိုသင်္ကေတများအား လျင်မြန်စွာ ဆန်းစစ်နိုင်ကြ၏။ သို့သော် သူတို့လည်း ၎င်းတို့တွင် ပါ၀င်သော မဟာတာအိုသင်္ကေတများအနက် အနည်းငယ်သာ သိကြလေသည်။
သူတို့နှစ်ယောက်က ချင်မူနှင့်လည်း အသေးစိတ် ဆွေးနွေးတိုင်ပင်ကြသည်။ ချင်မူက သူတို့စကားမှတစ်ဆင့် တာအိုသင်္ကေတများအား ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့အသံသည် မကြည်မသာ ထွက်လာ၏။ “ကောင်းကင်နတ်အရှင်ရှောင်လည်း အဏုမြူသင်္ချာကို သင်ယူထားတာပဲ..”
ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံတို့မှာ သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် အာရုံမရှိပေ။
ချင်မူ တိတ်ဆိတ်သွားသည်။ ကောင်းကင်နတ်အရှင်ရှောင်သည် အဏုမြူသင်္ချာကို လေ့လာသင်ယူထားပြီး သူ၏ မဟာတာအိုသင်္ကေတများကို ပြန်လည်တည်ဆောက်ခြင်းဖြင့် သိုင်းအခြေခံအား မြှင့်တင်လိုက်ကာ အမိကမ္ဘာမြေ၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံတို့ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည်အထိ အင်မတန် အစွမ်းထက်လာခဲ့၏။
ဤသည်ကား ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုဆီမှ ရလဒ်များပင် ဖြစ်ချေသည်။
'ကောင်းကင်နတ်အရှင်ရှောင် အဏုမြူသင်္ချာကို အချိန်တိုအတွင်း နားလည်နိုင်တာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နေပြီး ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို စိတ်ပါလက်ပါ သင်ယူနေခဲ့လို့ ဖြစ်လိမ့်မယ်…. ဒါပေမဲ့ သူ့အနေနဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ တစ်သက်လုံး နေလို့မရဘူး…. ဘိုးဘေးနန်းတော် ဒါမှမဟုတ် မဟာလေဟာနယ်ကို မကြာခဏ သွားဖို့လည်း သူ့မှာ တာဝန်ရှိသေးတယ်..”
ချင်မူက တခဏ စဉ်းစားပြီးနောက် သုံးသပ်လိုက်သည်။ ‘သူ့ဝိညာဉ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ လူဝင်စားပြီး ပြုပြင်ပြောင်းလဲမှုကို တိတ်တဆိတ် သင်ယူနေခဲ့တာပဲ…”
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ကောင်းကင်နတ်အရှင်ရှောင် သင်ယူနေသည်မှာ မျှော်လင့်မထားသည့်အရာတော့ မဟုတ်ပေ။ အမှန်ပြောရလျှင် ကောင်းကင်နတ်အရှင်များကိုလည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များအား သင်ယူစေချင်၏။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များက အသုံး၀င်နေသရွေ့ ကောင်းကင်နတ်အရှင်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာမည်မဟုတ်သလို၊ ကပ်ဘေးတို့လည်း ကျရောက်စေမည်မဟုတ်ပေ။
သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတွင် ကောင်းကင်နတ်အရှင်ရှောင်၏ လူဝင်စား ရှိနေခြင်းက ချင်မူ့ကို စိုးရိမ်စေမိသည်။ ထို့အပြင် ထိုလူဝင်စားသည် ပြီးခဲ့သည့်ဆယ်နှစ်ကျော်အတွင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အုပ်ချုပ်ရေးပိုင်းတွင် အလယ်အလတ်အဆင့် သို့မဟုတ် အထက်ပိုင်းအဆင့်များသို့ပင် ရောက်နေနိုင်၏။
ထိုသူကား အချိန်ကြာလာသည်နှင့်အမျှ ကပ်ပါးကောင်တစ်ကောင်လို ကုပ်တွယ်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာအပေါ် ထိန်းချုပ်လာလိမ့်မည်။ သူ၏ဧကရာဇ်အတိုင်ပင်ခံရာထူးကိုပင် သိမ်းပိုက်သွားနိုင်သည်။
'သူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို ခိုးကြောင်ခိုးဝှက် ခိုးယူနေခဲ့တာပဲ…. အတိတ်တုန်းက နတ်ဘုရားတစ်ပိုင်းတွေ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အာဏာကို လုယူခဲ့သလို ၊ ကောင်းကင်နတ်အရှင်ဆယ်ပါး ကောင်းကင်နတ်ဧကရာဇ်ရဲ့ အာဏာကို လုယူခဲ့သလိုပေါ့…. လောကကြီး ဘယ်လောက်ပဲ ပြောင်းလဲပါစေ အတိတ်က အာဏာရှင်တွေရဲ့ အင်အားက ဘယ်တော့မှ ဘေးရောက်သွားမှာမဟုတ်ဘူး…’
ချင်မူက စိတ်ထဲမှ တွေးနေမိသည်။ ‘ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ အာဏာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူတွေလက်ထဲမှာ မရှိဘဲ ကောင်းကင်နတ်အရှင်ရှောင်လို ကပ်ပါးကောင် လက်ထဲ ရောက်သွားရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ကျရှုံးလိမ့်မယ်…အဲ့ဒီလိုသာဆို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက နဂါးဟန်တော်လှန်ရေးနောက်တစ်ခု ဖြစ်လာမှာပဲ’
ဆေးဆရာက ချောင်းဟန့်လိုက်ရင်း သတိပေး၏။ “မူအာ၊ တာအိုသင်္ကေတတွေကို ဆက်လေ့လာဦး”
ချင်မူလည်း စိတ်ထိန်း၍ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံတို့ သင်္ကေတတစ်ခုချင်းစီ၏ ဖွဲ့စည်းပုံအား ရှင်းပြနေသည်ကို နားထောင်ရင်း ထိုမဟာတာအိုသင်္ကေတတို့၏ ဆန်းကြယ်လေးနက်မှုများကို အဖြေရှာနေသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ရှောင် ထားခဲ့သည့် ဒဏ်ရာများမှာ ထင်ထားသလောက် မဆိုးရွားပေ။ သူ့မှာ ချင်မူ့ဦးခေါင်းကို အလောတကြီး ဖောက်ခွဲခဲ့ရသောကြောင့် ခွန်အားအပြည့်အဝ ထုတ်ရန် အချိန်မရခဲ့ချေ။
ဆေးဆရာသည် တွက်ချက်ပြီးသည်နှင့် ချက်ချင်း ဆေးဖော်တော့၏။
သူက စွမ်းအင်ဆေးလုံးများ ဖော်ပြီးနောက် ချင်မူ့ဒဏ်ရာများကို ကုသပေးသည်။ ချင်မူ့ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချေပြီ။ အချိန်အတော်ကြာပြီးနောက် ချင်မူမှာ ဒဏ်ရာတွင် ယားယံမှုကို ခံစားလိုက်ရသဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ရာ လည်ပင်း ပြန်ပေါက်လာ၏။ မကြာမီ ခေါင်းတစ်ခေါင်း ပေါက်လာကာ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးလည်း ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ဒေါင်လိုက်မျက်လုံးထဲ၌ ချင်စာလုံးမြေ၊ ထိုက်ချူဥခွံ၊ ထိုက်ကျိကျောက်တုံးရိုင်းနှင့် အခြားအရာများ မရှိတော့ပေ။
ကံကောင်းထောက်မ၍ ကောင်းကင်နတ်အရှင်ယွဲ့က သူ့ထံမှ လွင့်ထွက်သွားခဲ့သော ရတနာများကို ပြန်ပေးသည်။ ကောင်းကင်နတ်အရှင်ရှောင် ခွဲပစ်ခဲ့သော ချင်စာလုံးမြေနှင့် အရှင်မယွမ်မု၏ အလောင်းမှလွဲ၍ တခြားအရာအားလုံး ရှိသည်။
ထိုအချိန်တုန်းက အဖြစ်အပျက်များမှာ အလျင်လိုနေခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ ချင်မူ့ထံမှ ကျလာခဲ့သော ရတနာများသာ အခြားနေရာဟင်းလင်းပြင်ဆီသို့သာ ရွှေ့ပြောင်းခဲ့ပြီး မချုပ်နှောင်ခဲ့မိပေ။ နတ်အရှင်မယွမ်မု၏ အလောင်းမှ မွေးဖွားလာသော အလောင်းမိစ္ဆာက အခွင့်အရေးမြင်သဖြင့် ချင်မူ့ရတနာများကို ခိုးယူကာ ထွက်ပြေးရန် ပြင်ခဲ့သည်။ သို့သော် ထိုက်ရှီဥက ခြောက်လှန့်ခဲ့၏။
ချင်မူမှာ သူ၏ဒေါင်လိုက်မျက်လုံးထဲတွင် ချင်စာလုံးမြေ မရှိတော့သဖြင့် ရတနာတို့အား ဘိုးဘေးနန်းတော်ထဲသို့သာ ပစ်ထားလိုက်ရသည်။
ထိုက်ရှီဥက သူ့ဘိုးဘေးနန်းတော်ထဲရှိ ထိုက်ရှီကျောက်တုံးတွင်းထဲ ဝင်ပြီး အေးဆေးစွာ နေရာယူလိုက်သည်။
ချင်မူက ထရပ်၍ တခဏ စဉ်းစားနေသည်။ ထို့နောက် တည်ကြည်လေးနက်စွာ မေး၏။ “ကောင်းကင်နတ်အရှင်ရုံ၊ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မွေးဖွားခဲ့တဲ့လူ တစ်ယောက်ကို ရှာပေးနိုင်မလား… သူ့နာမည်မှာ ရှောင်ဆိုတဲ့ စကားလုံး ပါပြီး သိုင်းအဆင့်က နတ်ဘုရားအဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်ကို ရောက်နေလောက်ပြီ”
ကောင်းကင်နတ်အရှင်ရုံမှာ ရင်ထဲ လှုပ်ခတ်သွားပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်လိုက်၏။ “ငါ ရှာပေးမယ်”
မကြာမီ ကောင်းကင်နတ်အရှင်ရုံက ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်ဘုရားနှစ်ပါး ရှာတွေ့ခဲ့တယ်…. တစ်ယောက်ကတော့ ရှောင်တျန်းကျိ... နောက်တစ်ယောက်ကတော့ ရှောင်ချူကျွဲလို့ ခေါ်တယ်…”
ချင်မူလည်း သေခြင်းရှင်ခြင်းစာအုပ်ထဲရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားနှစ်ပါးကို ကြည့်ကာ ဝိညာဉ်များအား အနံ့ခံကြည့်လိုက်သည်။ ထို့နောက် စကြဝဠာအဟောင်းမှ သိုင်းပညာရှင်၏ နတ်လေးကို ထုတ်ကာ အားကုန်ဆွဲလိုက်ရင်း အရှေ့အရပ်သို့ မြားချိန်ရွယ်လိုက်သည်။
အရှေ့အရပ်တွင် နေလုံးကြီး ထွက်ပေါ်လာပြီး ကောင်းကင်မှာ တောက်ပလာချေသည်။