တစ်ခါတည်း နှစ်ယောက်လုံး သတ်ပစ်ခြင်း
Vol. 102 Ch. 1338
ကောင်းကင်နှင့် မြေပြင်၏ ချီစွမ်းအင်တို့ကား အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ချင်မူ ဆွဲလိုက်သည့် နတ်လေးကြိုးဆီတွင် စုဝေးလာကာ အားလုံး၏ ဦးခေါင်းအထက်တွင် တဝီဝီ မြည်လျက် လှည့်ပတ်မြောလွင့်နေသော ဝဲဂယက်ကြီးအသွင် ဖွဲ့တည်သွား၏။
၀ဲဂယက်သည် ကြီးမားသထက် ကြီးမားလာပြီး တဝေါဝေါ လည်ပတ်နေသည်။ လေကို ပွတ်တိုက်နေသောကြောင့် ချက်ချင်းဆိုသလို လျှပ်စီးများ တဝင်းဝင်း လက်၍ မိုးထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။
ဝဲကြီးသည် မိုင်တစ်ရာကို ဖုံးအုပ်ထားသည့် အနက်ရောင်တိမ်တိုက်ကြီးအလားပင်။ လေဒလက်ကဲ့သို့ လျင်မြန်စွာ လှည့်ပတ်နေရင်း မိုင်တစ်ထောင်အကျယ်အဝန်းထိတိုင်အောင် ပြည့်နှက်လာသည်။ အမှောင်ထုထဲ၌ မိုးကြိုးလျှပ်စီးတို့က တဖျတ်ဖျတ် လင်းထိန်သွားတတ်၏။
အရှေ့အရပ်မှ ထွက်ပေါ်လာသော နေလုံးကြီးဆီမှ အလင်းရောင်တို့ ဖြာထွက်လာသည့်အခါ အမှောင်တိမ်တိုက်ကြီးမှာ မီးခိုးရောင်ဖြစ်လာသည်။
ရုတ်တရက် ဂျိန်းခနဲ ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားပြီး အလုံးတုတ်တုတ် အလင်းတိုင်ကြီးက ချင်မူ့နတ်လေးအပေါ် ဖြာကျလာသည်။ အလင်းမြားကား ဖွဲ့တည်လာချေပြီ။
ချင်မူက လေးကို ဆွဲလိုက်သဖြင့် မြားသည် ပိုပို၍ တောက်ပလာ၏။ ထို့နောက် မျက်စိကျိန်းစပ်နေသော အလင်းရောင်နှင့်အတူ ဝှစ်ခနဲ ပြေးထွက်သွားသည်။
မြားအလင်းသည် ကောင်းကင်ကို ထိုးခွင်းလျက် အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အရှေ့အရပ်တွင် မရေမတွက်နိုင်သော လူများနှင့် အခြားမျိုးနွယ်စုများသည် ကောင်းကင်တစ်လျှောက် ထိုးခွင်းလာနေသော အလင်းတန်းကို တွေ့မြင်လိုက်ကြရ၏။
ချင်မူက မြားပစ်လိုက်သော်လည်း စွမ်းအင်ဝဲဂယက်ကား လွင့်ပျယ်မသွားသေးပေ။ သူက လေးကို ထပ်ဆွဲလိုက်ကာ မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။
ရွှစ်
ရွှစ်
ရွှစ်
မြားရောင်တို့သည် သက်တံ့များပမာ ဖြတ်သန်းသွားပြီး လေထုထဲတွင် အလင်းတန်းများ ချန်ရစ်ခဲ့၏။
ချင်မူမှာ မြားဆယ်စင်း တစ်ပြိုင်နက် ပစ်ပြီးနောက် လဲကျသွားသည်။ ဒူးများ ချွေကျသွား၍ နတ်လေးဖြင့် အလျင်အမြန် ထောက်လိုက်သော်လည်း ဒူးတစ်ချောင်းတော့ ထောက်လျက်သား ကျသွားသေးသည်။
ဆေးဆရာက စွမ်းအင်ဆေးလုံးတစ်လုံး ထုတ်ကာ သူ့အား ကျွေးသည်။ “မင်းရဲ့ သိုင်းအခြေခံက အရင်ကထက် ပိုခိုင်မာလာတာပဲ”
ချင်မူက ခေါင်းရမ်းပြီး ဆေးစွမ်းအင်ကို ချေဖျက်လိုက်ရင်း အက်ကွဲနေသော အသံဖြင့် ပြော၏။ “ကျွန်တော့်ဒဏ်ရာတွေက အပြည့်အဝ မသက်သာလာသေးဘူး…. ဘိုးဘိုးတို့လည်း ဒဏ်ရာရထားကြတာ… ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး… ယိုတုမှာ သွားပုန်းကြစို့”
ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းညိတ်သည်။ “မနေ့ညက တိုက်ပွဲက ပြင်းထန်လွန်းတော့ တခြားကောင်းကင်နတ်အရှင်တွေ သတိထားမိသွားလောက်တယ်… ယိုတုဆီအရင်သွားပြီး မုန်တိုင်းရှောင်ကြတာပေါ့”
သူမက ဗျပ်စောင်းတစ်လက် ထုတ်လိုက်ကာ ၎င်းသည် ကြီးမားလာပြီး နန်းဆောင်တစ်ဆောင်၏ အပျက်အစီးပုံ ဖြစ်လာသည်။ မိန်းကလေးတချို့က နန်းဆောင်၏ လျှို့ဝှက်အခန်းများထဲမှ ထွက်လာကြကာ သူမကိုနှုတ်ဆက်ကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့ကား သနားကြင်နာတတ်သူပီမီ ယမန့်နေ့ညက တိုက်ပွဲပြင်းထန်ခဲ့သော်လည်း သူမ၏လူများကို အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့၏။
ကောင်းကင်နတ်အရှင်ရုံမှာလည်း ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး မသက်သာသေးပေ။ သူက ရုတ်တရက် ရပ်လိုက်ရာ လောကများ လည်သွားပြီး နောက်တစ်ခဏတွင် ယိုတုသို့ ရောက်သွားကြသည်။
ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလည်း ပါလာ၏။ သူ့ခန္ဓာကိုယ်မှာ အဝါရောင်စက္ကူစများဖြင့် ဖုံးလွှမ်းခံထားရပြီး သူတို့အနောက်မှ တစ်လှမ်းချင်း လိုက်လာသည်။
ကောင်းကင်နတ်အရှင်ရုံက စက္ကူလှေကို ထုတ်ကာ ယိုတု၏ မြေအောက်ဘုံအရှင်သခင်ဆီသို့ လှော်ခတ်သွား၏။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ဟိုဟိုသည်သည် ကြည့်လိုက်ရာ ယိုတုထဲရှိ ကမ္ဘာလောကများစွာတွင် ဖြတ်သန်းသွားလာနေသော စက္ကူလှေလေးများအား တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်သွားသည်။ သူမက ကောင်းကင်နတ်အရှင်ရုံဆီသို့ တချက်ကြည့်၍ ခပ်တိုးတိုး မေးလေသည်။ “ရုံ၊ ဘာဖြစ်လို့ နင့်ကိုယ်ပွားတွေအကုန်လုံး မခေါ်လာတာလဲ”
“ငါက မြေအောက်ဘုံအရှင်သခင်အတွက် ယိုတုကို ထိန်းချုပ်ပေးတာ... ကမ္ဘာလောကတွေမှာ တစ်နေ့တစ်နေ့ သေဆုံးနေကြတာ အများကြီးရှိတယ်… ငါ့ရဲ့တာဝန်က မရဏတမန်တော်မလို့ ကိုယ်ပွားတွေ လွှတ်ပြီး သေဆုံးသူတွေကို သွားခေါ်မှ ဖြစ်တာ”
ကောင်းကင်နတ်အရှင်ရုံက ခေါင်းရမ်းသည်။ “ပြီးတော့ ကောင်းကင်နတ်အရှင်ရှောင် ဖြစ်နေမယ်ဆိုတာရော အဲ့လောက် အစွမ်းထက်လိမ့်မယ်ဆိုတာရော ကြိုမသိခဲ့ဘူး”
ကောင်းကင်နတ်အရှင်ရုံက သူမကို တစ်ချက်ပြန်ကြည့်သည်။ “မင်းရော တူတူပဲမလား… မက်မွန်တောအုပ်ထဲ တစ်သီးတစ်သန့် နေပြီး ဒီနှစ်တွေအတွင်း ဘယ်သူနဲ့ အဆက်အသွယ် လုပ်ခဲ့လို့လဲ”
ချင်မူသည် ဆေးလုံးများ အလျင်အမြန် ဖော်စပ်နေရာမှ ထိုစကားကြားလျှင် ပြုံးလိုက်၏။ “ခင်ဗျားတို့နှစ်ယောက်လုံး နှလုံးသားထဲက အနှောင်အဖွဲ့တွေ ရှင်းထုတ်ပြီးပြီဆိုတော့ နောင်ကျ ဟိုလျှောက်သွား သည်လျှောက်သွား လုပ်သင့်တယ် ... ဥပမာအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မကြာခဏ သွားလည်ပြီး မိတ်ဆွေတွေ ဖွဲ့၊ ပညာရပ်တွေ သင်ယူတာမျိုးပေါ့”
ကောင်းကင်နတ်အရှင်ရုံက ပြန်မပြောပေ။
ကောင်းကင်နတ်အရှင်ယွဲ့က စိုးရိမ်နေသောအသံလေးဖြင့် တုံ့ပြန်သည်။ “ငါသွားချင်ပါတယ်… ဒါပေမဲ့ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်ရင် ဒုက္ခပေးမိသလိုပဲ ဖြစ်မှာလေ… အခု ကောင်းကင်နတ်အရှင်ဆယ်ပါးက ငါ့ကို သည်းခံနေမှာမဟုတ်ဘူး”
သူတို့ ထွက်သွားပြီးနောက် တာအိုခေါင်းလောင်းသံ မြည်ဟည်းလာသည်။ တာအိုဂိုဏ်းမှ တာအိုရသေ့များသည် တောင်အောက်သို့ ဆင်းလာ၍ ပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။ မိုင်တစ်သောင်း မက်မွန်တောအုပ်မှာ လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားကြောင်း တွေ့ကြရလေသည်။။ မက်မွန်တောအုပ်ထဲရှိ နန်းဆောင်များမှာလည်း အစအနပင်မကျန် ပျောက်ကွယ်နေသည်။
ထူးဆန်းသည်က မက်မွန်တောအုပ်တစ်အုပ်တည်းသာ ဖျက်ဆီးခံခဲ့ရခြင်းပင်။ မက်မွန်တောအုပ်အပြင်တွင် မည်သည့်အပျက်အစီးမှ မရှိပေ။
“မနေ့ညက နေရာဟင်းလင်းပြင်အကာအကွယ်တွေ အလင်းကာကြီးလို ထွက်ပေါ်လာပြီး မက်မွန်တောအုပ်ရဲ့ ပတ်ဝန်းကျင်ကို လုံးဝ ချိပ်ပိတ်လိုက်တာ မြင်ခဲ့ရတယ်”
တာအိုရသေ့အိုတစ်ဦးက ပြောသည်။ “မက်မွန်တောအုပ်ရဲ့ ပိုင်ရှင်က အတော်လေး စိတ်ထားကောင်းတာပဲ… ဒီလောက် တိုက်ပွဲပြင်းထန်တာတောင် အပြင်က လူတွေကို ကာကွယ်ပေးဖို့ မေ့မသွားဘူး”
“ဒီအကြောင်း မပြောကြနဲ့”
တာအိုဂိုဏ်း၏ အကြီးကဲတစ်ဦးက ရုတ်တရက် ထပြော၏။ “ကောင်းကင်နတ်ဘုံက အင်အားကြီးပုဂ္ဂိုလ်တွေ မနေ့ညကအကြောင်း လာစုံစမ်းကြလိမ့်မယ်… ငါတို့ကို မေးရင် မြင်ခဲ့တာတွေကို ပြန်ပြောကြ… လာမယ့်သူက ကောင်းကင်နတ်ဘုံ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ လူယုံတွေ ဖြစ်ဖို့များတယ်…. ကောင်းကင်နတ်အရှင်တစ်ပါးတောင် ကိုယ်တိုင်ရောက်လာနိုင်တယ်…. ကိုယ်ထင်တာတွေကို ဇွတ်မပြောကြနဲ့… နားလည်လား”
တာအိုရသေ့အားလုံး ခေါင်းညိတ်ကြသည်။
တာအိုရသေ့ငယ်တစ်ဦးက တုံ့ဆိုင်းနေသော်လည်း မနေနိုင်သဖြင့် မေးလိုက်လေသည်။ “အကြီးအကဲယန်၊ အခုလေးတင် ဖြတ်သွားတဲ့ အလင်းတန်းဆယ်တန်းက ဘာတွေလဲဗျ”
တာအိုရသေ့ကြီးမှာ အနည်းငယ် ချိတုံချတုံဖြစ်နေပြီးနောက် ခေါင်းရမ်းလိုက်သည်။ “ဘာမှလျှောက်မတွေးနဲ့… အပြောအဆို၊ အနေအထိုင် ဂရုစိုက်ကြ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်။
ဧကရာဇ်ယန်ရှို့သည် ညီလာခံကျင်းပနေပြီး စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများက ကိစ္စကြီးငယ် အသွယ်သွယ်ကို အစီရင်ခံနေကြ၏။ လင်ယွိရှို့က ဂရုတစိုက် နားထောင်ရင်း တစ်ခုချင်း ဖြေရှင်းပေးနေသည်။ သူမက တာဝန်မကျေသည့် အရာရှိများကိုလည်း ပြစ်ဒဏ်ပေးနေသည်။
ထိုအခိုက်အတန့်တွင် အရာရှိတစ်ဦးက တိုင်တန်းစာတစ်ခု တင်ပြသည်။ “ကျွန်တော်မျိုး ရှောင်တျန်းကျိ၊ တိုင်ကြားလိုတာတစ်ခု ရှိပါတယ်”
လင်ယွိရှို့က ညီလာခံထဲရှိ နတ်ဘုရားငယ်ဆီသို့ ကြည့်ကာ ပြုံးလိုက်သည်။ “ကျင့်ဇီနန်းရင်းဝန်ကြီး၊ ရိုကျိုးနေစရာမလိုပါဘူး… ဘာကိုများ တိုင်ကြားချင်တာလဲ”
ဧကရာဇ်ခုံရုံးထဲရှိ အရာရှိအားလုံး လေးစားအားကျသည့် မျက်နှာအမူအရာများ ဖြစ်သွားကြ၏။ ဤရှောင်တျန်းကျိသည် မျိုးဆက်သစ်တွင် အထူးချွန်ဆုံးလူငယ် တစ်ယောက် ဖြစ်သည်။ ဆယ့်ကိုးနှစ်သာ ရှိသေးသော်လည်း နတ်ဘုရားတစ်ပါးအဖြစ်သို့ စောစီးစွာ ကျင့်ကြံနိုင်ခဲ့လေသည်။
ထိုမျှသာမက ပါရမီမှာလည်း ချီးကျူးဖွယ်ရာ ကောင်းသည့်အလျောက် အရာအားလုံးတွင် နှံ့စပ်၏။ လင်ယွိရှို့က သူ၏ပါရမီကို သိရှိခဲ့ပြီးနောက် တဖြည်းဖြည်း အလေးပေးလာခဲ့သည်။ ယခုတွင် ကျင့်ဇီနန်းရေးဝန်ကြီးအဖြစ်ပင် ခန့်အပ်ခံထားရကာ တတိယအဆင့် အရာရှိတစ်ဦး ဖြစ်လာခဲ့ချေပြီ။ အာဏာမရှိသည့် အရာရှိတစ်ဦး ဖြစ်သော်လည်း ရာထူးကတော့ အတော်လေး မြင့်မားသည်။
ရှောင်တျန်းကျိက တိုင်တန်းစာကို ထုတ်၍ ခပ်ဩဩ လျှောက်တင်သည်။ “ကျန်းလင်ဘုရင်ခံရဲ့ အကျင့်ပျက်ခြစားမှုကို တိုင်ကြားချင်လို့ပါ.... ကျန်းလင်ဘုရင်ခံစက်ရုံပိုင်ရှင် ဝေ့ယုံဟာ နယ်စားဝေ့ရဲ့ သားတော်ဖြစ်မှု၊ ဧကရာဇ်အတိုင်ပင်ခံ ကောင်းကင်နတ်အရှင်မူနဲ့ ဧကရာဇ်အတိုင်းပင်ခံဟောင်း ကျန်းပိုင်ကွေ့တို့နဲ့ ရင်းနှီးမှုကို အသုံးချပြီး လာဘ်စားနေပါတယ်… သူက အရည်အသွေးမြင့်တဲ့ နတ်ရွှေတွေနဲ့ နတ်ပစ္စည်းတွေမှာ အရည်အသွေးနိမ့်တာတွေ အစားထိုးပစ်ပြီး ကိုယ်ကျိုးအတွက် လိမ်လည်နေပါတယ်… ကျန်းလင်စက်ရုံဟာ အရည်အသွေးနိမ့်တဲ့ ကောင်းကင်လက်နက်တွေ သွန်းလုပ်ပြီး ကောင်းကင်နတ်ဘုံဆီ ပို့ခဲ့ပါတယ်… ဖန်ဆင်းဂိုဏ်းချုပ်နန်းတော် သိသွားတဲ့အခါမှာတော့ ဒေါသထွက်ပြီး ပြန်ပြုပြင်ပေးဖို့အတွက် လက်နက်တွေ ပြန်ပို့ပေးခဲ့ပါတယ်”
လင်ယွိရှို့က အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောသည်။ “ဒီကို ပေး”
ထိုအခိုက်အတန့်တွင် မြားအလင်းရောင်တစ်ချက်သည် နန်းစိုက်မြို့တော်ထဲသို့ ဝင်ရောက်လာကာ ရှောင်တျန်းကျိ၏ နောက်စေ့အား ထိုးစိုက်ပစ်လိုက်၏။
ဝုန်း….
ရှောင်တျန်းကျိ၏ ဦးခေါင်းထဲ၌ နှိုင်းမရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ပေါက်ကွဲသွားသဖြင့် ရှောင်တျန်းကျိမှာ အစိတ်စိတ်အမွှာမွာ ကွဲထွက်သွားတော့သည်။
ညီလာခံတက်ရောက်နေသော အရာရှိအားလုံး အလန့်တကြားဖြင့် တစ်ယောက်ပြီးတစ်ယောက် ပျံတက်ကုန်ကြသည်။ ကောင်းကင်နန်းဆောင်များက လင်ယွိရှို့ကို ကာကွယ်ရန် ဖွဲ့တည်လာ၏။
မြားရောင်က ရှောင်တျန်းကျိကို ဖောက်ခွဲပစ်လိုက်သော်လည်း အံ့သြဖွယ်ကောင်းစွာနှင့် ရှောင်တျန်းကျိ၏ မူလဝိညာဥ်မှာ ရှိနေသေးလေသည်။ မြားက သူ့မူလဝိညာဉ်၏ နောက်စေ့ကို ထိုးစိုက်သွားသော်လည်း ဖောက်ထွက်မသွားနိုင်ပေ။
နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော တဒုတ်ဒုတ် မြည်သံကြီးက ညီလာခံခန်းမထဲတွင် ဟိန်းထွက်လာသည်။ ရှောင်တျန်းကျိ၏ မူလဝိညာဉ်ကား ပိုပို၍ ကြီးမားလာပြီး ခမ်းနားသထက် ခမ်းနားလာကာ ခန်းမအား ပေါက်ကွဲပျက်စီးသွားစေတော့သည်။
ဤသည်က ဧကရာဇ်၏ အင်အားပင်။
အရာရှိများက လင်ယွိရှို့ကို ကာကွယ်ပေးရင်း အလျင်အမြန် ထွက်ခွာနေကြသည်။
“ကောင်းကင်နတ်အရှင်မူ”
ရှောင်တျန်းကျိ၏ မူလဝိညာဉ်က အံတင်းတင်းကြိတ်၍ ဒေါသတကြီး ရယ်မောလိုက်သည်။ ထိုစည် ဒုတိယမြောက် သက်တံ့မြားက လေကို ခွင်းလျက် ပထမမြားပေါ်သို့ ထိုးစိုက်လိုက်ကာ ပထမမြား၏ စွမ်းအားကို အသက်သွင်းလိုက်သည်။
ရှောင်တျန်းကျိမှာ မြားနှစ်စင်းအရှိန်ကြောင့် မြို့တော်အပြင်သို့ လွင့်ထွက်သွား၏။
ထို့နောက် တတိယမြား၊ စတုတ္ထမြားနှင့် ပဉ္စမမြားတို့လည်း လိုက်ပါလာကြသည်။
အလင်းတန်းမြားငါးစင်းကား သူ၏နောက်စေ့ တစ်နေရာတည်းသို့ စိုက်ဝင်သွားကြချေပြီ။
အရာရှိများက လင်ယွိရှို့အား မိဖုရားဆောင်ဘက်သို့ ခေါ်သွားနေကြစဉ် မြောက်ဘက်ကောင်းကင်သည် ရုတ်တရက် လင်းထိန်တောက်ပသွားကြောင်း တွေ့လိုက်ကြရသည်။ ထောင်ချီသော နေလုံးကြီးများ လေလယ်တွင် တစ်ပြိုင်နက် ပေါက်ကွဲနေကြသည့်အလားပင်။
လေပြင်းတစ်ချက်က ဝေါခနဲ မြည်လျက် ကောင်းကင်အား ထိုးခွင်းသွားသည်။ တိမ်တိုက်များမှာ ပြင်းထန်လာသော ပုံပျက်လှိုင်းကြောင့် ပြားကပ်ကုန်ကြလေသည်။
လင်ယွိရှို့ အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူမက အရာရှိများကို တွန်းထုတ်ရင်း အော်ဟစ်လိုက်၏။ “လှိုင်းဂယက်တွေကို ဟန့်တားဖို့ နန်းစိုက်မြို့တော်ရဲ့ အကာအကွယ်ဝင်္ကပါကို ချက်ချင်း ဖြန်ခင်းကြ”
ထိုစဉ်
ရှောင်ကျူချွဲသည် စာအုပ်များကို တပွေ့တပိုက် သယ်ရင်း ရွာလူကြီးစုမူကျဲအား သွားရှာကာ ပြုံးပြနေ၏။ “ပါမောက္ခ၊ ကျွန်တော် နားမလည်တာလေးတွေ မေးချင်လို့… ဒီစာအုပ်ထဲမှာ ပါတဲ့ ဓားတာအိုနယ်ပယ်နဲ့ ဓားသိုင်းကွက် အကွက် ၂၀ ကို ကျွန်တော် အခုထိ နားမလည်သေးဘူး”