ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်
Vol. 102 Ch. 1339
တာအိုဒဿနတက္ကသိုလ်၊ ကောင်းမှုတော်မြေကမ္ဘာနန်းဆောင်ထဲတွင်
ရှောင်ချူကျွဲသည် ရွာလူကြီးစုမူကျဲအား ရှာနေ၏။
တာအိုဒဿနတက္ကသိုလ်သည် ဧကရာဇ်ယန်ရှို့ ဦးဆောင်တည်ထောင်ထားသည့် ကျောင်းတော်ဖြစ်ကာ ပါရမီရှင်များစွာ စုဝေးနေကြ၏။ အမိကမ္ဘာမြေ ကုန်းစွန်းယန်၊ အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၊ ရွာလူကြီး စုမူကျဲ၊ ယွင်ကျန်းလီ၊ ယွီချိန်ကျစ်နှင့် ရှားမှရှားသော ဉာဏ်ကြီးရှင်များ ရှိနေကြသည်။
ရွာလူကြီးက မင်းသားယိုမင်းနှင့် စစ်တုရင်ကစားနေပြီး ဓားကျင့်စဉ်များလည်း လေ့လာနေသည်။ ယွီချိန်ကျစ်က ဘေးမှထိုင်၍ ကြည့်နေသည်။
ရှောင်ချူကျွဲ ဝင်လာသည့်အခါ ရွာလူကြီးက မတ်တပ်ထရပ်ကာ စစ်တုရင်ရုပ်များ ဗြောက်သောက်လဲကျသွားစေသည်။ သူက ပြုံးလျက် မိတ်ဆက်ပေး၏။ “အားလုံးပဲ… ဒါက ရှောင်ကျူချွဲတဲ့… သူက ကျုပ် တလောကမှ ရှာတွေ့ထားတဲ့ ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်ပေါ့…. သူ ဓားသိုင်းကွက်တွေက ဩချလောက်တယ်..”
မင်းသားယိုမင်းမှာ မျက်နှာကြီးဆူပုပ်နေပြီး ခပ်တိုးတိုး ညည်းညူနေ၏။ “ခင်ဗျားက ကျုပ်ကို စစ်တုရင်မှာ အနိုင်မယူနိုင်တော့ လှည့်ကွက်တွေ ထုတ်သုံးလာပြီးပေါ့…. ယွီချိန်ကျစ်၊ ဒီပွဲကို ဘယ်သူနိုင်သွားလဲ ပြောစမ်းပါ..”
ယွီချိန်ကျစ်က ရိုကျိုးစွာ ပြောသည်။ “ကျွန်တော်က စစ်တုရင်မှာ ညံ့လို့ မပြောတတ်ဘူးဗျာ”
ရှောင်ကျူချွဲသည် ဓားသိုင်းတွင် အမှန်တကယ်ပင် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်၏။ တာအိုသခင်လင်းရွှမ်ဆီ တစ်ခါ သွားလည်သွားခဲ့ဖူးပြီး တာအိုဓား၏ အနှစ်သာရကိုလည်း နှစ်၀က်မျှ အချိန်ပေးသင်ယူခဲ့သည်။
“တာအိုသခင်လင်းရွှမ်ကလည်း သူ့ကို သိပ်ချီးကျူးတာ..”
မင်းသားယိုမင်းက ရှောင်ကျူချွဲကို ခေါင်းအစခြေအဆုံး တစ်ချက် ကြည့်လိုက်သည်။ “စွမ်းအားကြီးတယ်ပေါ့လေ..”
“ကျန်းပိုင်ကွေ့ရဲ့ အရင်တုန်းက အစွမ်းအစတွေနဲ့ ဆင်တူတယ်…”
ရွာလူကြီးမှာ ရှောင်ကျူချွဲအပေါ် အတော်လေး စိတ်ကျေနပ်နေပြီး သူ့လက်ထဲမှ စာအုပ်များကို လွှဲယူလိုက်သည်။ “ကျူချွဲရဲ့ ပင်ကိုပါရမီနဲ့ နားလည်သိမြင်နိုင်စွမ်းက တကယ်ကို ထိပ်တန်းပဲ… အရင်တုန်းက ကျန်းပိုင်ကွေ့ ဓားတာအိုနဲ့ ဗုဒ္ဓဝါဒကို သင်ယူခဲ့တုန်းကလည်း အလွယ်တကူပဲ တတ်မြောက်ခဲ့တယ်… အဲဒါကြောင့်မို့လို့ ဓားနတ်ဘုရား ဖြစ်လာခဲ့တာ”
မင်းသားယိုမင်းက ချင်မူ့အကြောင်း တွေးမိသွားသဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ကျန်းပိုင်ကွေ့နဲ့ အနှိုင်းခံရတာက နှစ်ငါးရာမှ တစ်ခါပေါ်လာတဲ့ တန်ခိုးရှင်တစ်ဦးရဲ့ ပါရမီနဲ့ နှိုင်းခံရသလိုပဲ... ဒါဆိုရင် ကျူချွဲရဲ့ နားလည်သိမြင်နိုင်စွမ်းနဲ့ ပါရမီက ကောင်းကင်နတ်အရှင်မူနဲ့ ယှဉ်ရင်ရော… ကောင်းကင်နတ်အရှင်မူကလည်း ဓားလမ်းစဉ်မှာ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ မဟုတ်လား … သူ့ရဲ့ဓားသိုင်းကွက်တွေကို ကျုပ်အရင်က မြင်ဖူးတယ်.. သိပ်ကို စွမ်းအားကြီးတာ… သူက ၁၈ ချက်မြောက် ဓားချက်နဲ့ ၁၉ ချက်မြောက် ဓားချက်ကို တီထွင်ခဲ့တာလို့ ကြားဖူးတယ်..”
“မူအာရဲ့ ပါရမီနဲ့ နားလည်သိမြင်နိုင်စွမ်းက ထိပ်တန်း မဟုတ်ဘူး... သူက ကျန်းပိုင်ကွေ့နဲ့ ကျူချွဲအောက် နည်းနည်းနိမ့်ကျတယ်”
ရွာလူကြီးက ပြောလေသည်။ “သိပ်ကို စပ်စုလွန်းလို့သာ စွမ်းအားကြီးနေတာ … မသိတာမှန်သမျှ သင်ယူနေတော့ အဲ့ဒီလို ထင်ရတာပေါ့”
သူက စာအုပ်များ ဖွင့်ဖတ်လိုက်ရာ သူ၏လက်ရေးစာများ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ၎င်းတို့က အခြေခံဓားချက် ၂၀ ချက်၏ မှတ်သားစရာများနှင့် ဓားလမ်းစဉ်နယ်ပယ်အကြောင်း ရေးသားထားခြင်း ဖြစ်လေသည်။
ရှောင်ကျူချွဲသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မျိုးဆက်သစ်များတွင် ထိပ်တန်းဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သော်လည်း အချိန်အတော်ကြာပြီးမှ မွေးဖွားလာခဲ့သူ ဖြစ်၏။ တခြားတစ်ဖက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားသိုင်းကွက်များနှင့် လမ်းစဉ်များမှာ နေ့စဉ်နေ့တိုင်း ပြောင်းလဲနေသည်။ အဟောင်းများကို သင်ယူပြီးလျှင် အသစ်များ ထွက်ပေါ်လာတတ်သဖြင့် အရာအားလုံးကို တပြိုင်နက်တည်း သင်ယူရန် ခက်ခဲနေ၏။
အထူးသဖြင့် ဓားလမ်းစဉ်ပင်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ဓားသိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများ ကုဋေချီ၍ ရှိသည်။ ဓားလမ်းစဉ်အောင်မြင်မှုများမှာ နှိုင်းယှဉ်မရနိုင်အောင် အံ့သြလေးစားဖွယ်ကောင်း၏။ သူတို့အထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးက ကောင်းကင်နတ်အရှင်မူကို ဓားလမ်းစဉ်သို့ တက်ရောက်စေနိုင်ခဲ့သော တာအိုဒဿနာတက္ကသိုလ်မှ ပါမောက္ခ စုမူကျဲပင် ဖြစ်သည်။
ရွာလူကြီးစုမူကျဲ၏ ဓားလမ်းစဉ်သည် ခိုင်ဧကရာဇ် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခွင် လျှောက်သွားရင်း အခြေခံဓားချက်နှစ်ဆယ်ချက်အား လွှဲပြောင်းသင်ကြားပေးခြင်းမှတစ်ဆင့် မရောက်ဖူးသော အတိုင်းအတာများအထိ ရောက်သွားခဲ့၏။ အထူးသဖြင့် ခိုင်ဧကရာဇ် တာအိုနယ်ပယ်နှင့်ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာထံ အသိပညာများ လွှဲပြောင်းပေးခဲ့စဉ်က သူ့ကို အတော်လေး တိုးတက်စေခဲ့သည်။
သူသည် တာအိုအကြောင်း စာအုပ်များ ရေး၍ သင်ကြားပြသပေးခဲ့သောကြောင့် တာအိုဒဿနတက္ကသိုလ်၏ ပါမောက္ခ ဖြစ်လာခဲ့၏။ “အခြေခံအကျဆုံး ဓားချက်များအား နားလည်သိမြင်ခြင်း” ဟူသော အခန်းတစ်ခန်းက ပထမဆုံး ဓားချက်မှ ၂၀ ချက်မြောက် ဓားချက်အထိ အသေးစိတ် ရှင်းပြပေးထားလေသည်။
ထို့အပြင် ဓားကျမ်း၊ ဓားနယ်ပယ်၊ တာအိုအဆင့်၊ တာအိုနယ်ပယ်စသော စာအုပ်တို့အပြင် သားသတ်သမား၊ နားကန်းတို့ဖြင့် တွဲဖက်ရေးခဲ့သော စာအုပ်များစွာလည်း ရှိသေးသည်။ ထိုစာအုပ်များသည် လွန်ခဲ့သော နှစ်ဆယ်ပေါင်းများစွာက တစ်လောကလုံးအား ဖရိုဖရဲဖြစ်သွားစေရန် လုံလောက်၏။
လက်ရှိ ကောင်းကင်နတ်ဘုံဆီ ရောက်ရှိသွားပါက သွေးချောင်းစီးပေလိမ့်မည်။
အခြားကမ္ဘာလောကများဆီ ပျံ့နှံ့သွားလျှင်လည်း ဖြစ်ပေါ်လာမည့် သတ်ဖြတ်ပွဲကြီးများကို မည်သူမှ မမှန်းဆနိုင်ပေ။
သို့သော် ရွာလူကြီးနှင့် အခြားသူများက ဖြန့်ဝေပေးခဲ့ပြီး ဖတ်ရှုခွင့်အား ပိတ်ပင်မထားချေ။ တက္ကသိုလ်တွင် လာရောက်သင်ကြားသရွေ့ စာကြည့်တိုက်သို့ သွားရောက်ကာ ဖတ်ရှုလေ့လာနိုင်ပေလိမ့်မည်။
သင်ယူနိုင်ခြင်း၊ မသင်ယူနိုင်ခြင်း၊ တာအိုအဆင့်သို့ ရောက်ခြင်း၊ မရောက်ခြင်း၊ ဓားလမ်းစဉ်သို့ ၀င်ရောက်နိုင်ခြင်းနှင့် တာအိုနယ်ပယ် သို့မဟုတ် ဓားနယ်ပယ်အား ဖော်ဆောင်နိုင်ခြင်းတို့သည်ကား တစ်ဦးတစ်ယောက်စီ၏ အစွမ်းအစအပေါ်၌သာ မူတည်လိမ့်မည်။
ဤရှောင်ကျူချွဲဟုခေါ်သည့် နတ်ဘုရားပေါက်စလေး တက္ကသိုလ်သို့ ရောက်လာခဲ့သည်မှာ တစ်နှစ်ကျော် ကြာပြီးဖြစ်ပြီး သူ၏ ဓားတာအိုပါရမီမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသည်။ သို့ထိတိုင် အခြေံဓားသိုင်းချက် ၂၀ ချက်ကို မသင်ယူရသေးသလို ဓားနယ်ပယ်ကိုလည်း နားမလည်သေးပေ။ ထို့ကြောင့် ရွာလူကြီးဆီ လာရောက်အကြံတောင်းခြင်း ဖြစ်၏။
ရွာလူကြီးက စာအုပ်များကို လှန်လှောဖတ်ရင်း ၂၀ ချက်မြောက် ဓားချက်ကို တွေ့ရှိသွားသည်။ “၂၀ ချက်မြောက် ဓားချက်ကို ခိုင်ဧကရာဇ်ချင်ယဲ့ ဖန်တီးခဲ့တာ… ၁၈ ချက်မြောက်နဲ့ ၁၉ ချက်မြောက် ဓားချက်တွေကနေ နားလည်သိမြင်ခဲ့တာပေါ့.. မင်း ၁၉ ချက်မြောက် ဓားချက်ကို သင်ယူနိုင်ရင် ၁၉ ချက်မြောက်ကို နားလည်တာနဲ့ ဓားလမ်းစဉ် ဝင်ရောက်နိုင်မယ်မှန်း သိလာလိမ့်မယ်… ဒီလောကရဲ့ သိုင်းပညာရှင် သန်းပေါင်းများစွာထဲမှာ ၁၉ ချက်မြောက် ဓားချက်ကို သင်ယူနိုင်တဲ့သူက ရာဂဏန်းပဲ ရှိတယ်.. ဒါပေမယ့် ၂၀ ချက်မြောက် ဓားချက်ကို သင်ယူနိုင်ဖို့ လိုအပ်ချက်တွေက ပိုလို့တောင် မြင့်မားသေးတယ်… ပထမဦးဆုံး ဓားလမ်းစဉ် ဝင်ရောက်ရမယ်... အဲဒီတော့မှ ၂၀ ချက်မြောက် ဓားချက်ကို သင်ယူနိုင်မှာ”
သူ ထိုသို့ရှင်းပြသည့်အခါ ယွီချိန်ကျစ်၊ မင်းသားယိုမင်းနှင့် အခြားသူများမှာ ငေးကြောင်သွားမိကြသည်။ မင်းသားယိုမင်းက ရေရွတ်လိုက်သည်။ “နောင်တော်စု၊ ဒီ အခြေခံအကျဆုံး ဓားချက်များအား နားလည်သိမြင်ခြင်းက အခြေခံအကျဆုံး စာအုပ်မလား… ဓားလမ်းစဉ် ဝင်ရောက်ပြီးတော့မှ ဘာလို့ ဓားချက်ကို ကျွမ်းကျင်တတ်မြောက်နိုင်ရတာလဲ”
“မှားတယ်”
ရွာလူကြီးက ပြုံးလိုက်ရင်း ရှင်းပြသည်။ “အခြေခံအကျဆုံး ဓားချက်များအား နားလည်သိမြင်ခြင်းကို သင်ယူချင်တယ်ဆို ပထမဦးဆုံး ဓားနယ်ပယ်ဆိုတဲ့ စာအုပ်ကို ကျင့်ကြံရတယ်.. ဓားနယ်ပယ်ကို ဖော်ဆောင်ချင်ရင် အရင်ဆုံး ဓားကျမ်းကို လေ့လာရတယ်… အေး ဓားကျမ်းကို လေ့လာချင်ရင်တော့ ဓားသိုင်းစာအုပ်တွဲ ၁၂၈၂တွဲကို လေ့လာရလိမ့်မယ်”
သူတို့မှာ တုန်လှုပ်သွားကြတော့သည်။
ရွာလူကြီးက ပြော၏။ “ဒါပေမဲ့ ကျူချွဲက ဓားလမ်းစဉ်ကို အောင်မြင်ပြီးသွားပြီ… သူ့ရဲ့အခြေခံက အတော်လေး ခိုင်မာတယ်… သူ လိုအပ်တာက အခြေခံမဟုတ်ဘဲနဲ့ ဓားကို နက်နက်နဲနဲ နားလည်ဖို့ပဲ… အဲဒီအတွက် ဓားတာအိုရဲ့ မဟာဆရာသခင်တစ်ဦး လိုအပ်တယ်”
သူက ဓားကို ဆွဲထုတ်လိုက်ရင်း မှင်သေသေ ပြောသည်။ “ရှောင်ကျူချွဲ၊ မင်း ဓားတာအိုမှာ အောင်မြင်လာဖို့ ငါ မင်းရဲ့ ဓားသွေးကျောက် ဖြစ်လာပေးမယ်... ဓားထုတ်လိုက်”
ရှောင်ကျူချွဲက ခါးကိုင်းအရိုအသေပေးပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။
ဓားရောင်က တိမ်တိုက်များထဲအထိ ဖြာတက်သွားသည်။ သူ၏ ဓားတာအိုမှာ ခမ်းနားတင့်တယ်ပြီး ဩဇာအပြည့် ရှိနေသည်။ သူ့အသွင်မှာ တစ်လောကလုံးကို သိမ်းပိုက်အုပ်ချုပ်ချင်နေသော ဧကရာဇ်တစ်ပါးအလားပင်။
မင်းသားယိုမင်းနှင့် ယွီချိန်ကျစ်မှာ တပြိုင်နက်တည်း အားပေးချီကျူးလိုက်ကြ၏။ “ခမ်းနားလိုက်တဲ့ အရှိန်အဝါပဲ”
ထိုအခိုက်အတန့်တွင် မြားအလင်းရောင်တစ်ချက် ပျံသန်းလာသည်။ သိုင်းပညာရှင်သုံးဦး မတုံ့ပြန်နိုင်ခင်မှာပဲ ၎င်းမြားအလင်းရောင်က ရှောင်ကျူချွဲ၏ ဓားကို ထိုးဖောက်ကာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားချေပြီ။
ဝုန်း….
ရှောင်ကျူချွဲ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ ရုပ်ခန္ဓာ၏ ထိန်းချုပ်မှုမရှိသဖြင့် သူ၏မူလဝိညာဉ်သည် ရုတ်တရက် ကြီးထွားလာပြီး တစ်လောကလုံးကို အုပ်ချုပ်ခဲ့သည့် ဧကရာဇ်တစ်ပါး ရောက်ရှိလာသကဲ့သို့ ဖြစ်လာသည်။
ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် မြားတို့က တစ်စင်းပြီးတစ်စင်း ရောက်လာကြသည်။ ၎င်းတို့၏အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် အခြားသူများ အချိန်မီ တုံ့ပြန်မတားဆီးနိုင်ကြပေ။
မင်းသားယိုမင်းသည် ဧကရာဇ်ပလ္လင်စဦးပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက မည်သည်မှ မပြောဘဲ လိပ်နက်မူလဝိညာဉ်ကို ထုတ်ဖော်လိုက်၏။ ရောက်လာသည့် မြားအလင်းရောင်တို့ကို ကာကွယ်ရန် လှုပ်ရှားတော့မည့်အချိန်တွင် ရှောင်ကျူချွဲ၏ ခန္ဓာကိုယ်မှ ထွက်လာသည့် မူလဝိညာဉ်ကို မြင်လိုက်ရသည်။ သူ့မှာ ငေးကြောင်စွာဖြင့် ရေရွတ်လိုက်မိ၏။ “ကောင်းကင်နတ်ဧကရာဇ်..”
ရွာလူကြီး၏ဓားက ဒုတိယမြောက်မြားကို ရိုက်ချလိုက်သော်လည်း ၎င်းကို ကြားလျှင် ချက်ချင်း ရပ်သွားသည်။ သူ့ရင်ထဲတွင် ဖော်ပြမရနိုင်သည့်အထိ အံ့သြတုန်လှုပ်သွားချေသည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ မူလဝိညာဥ်လား… ဒီရှောင်ကျူချွဲက..”
ဝုန်း… ဝုန်း… ဝုန်း
နောက်ထပ် မြားအလင်းရောင်လေးချက်က ကောင်းကင်နတ်ဧကရာဇ် မူလဝိညာဉ်၏ နဖူးသို့ ထိုးစိုက်ဝင်သွားသည်။ ပေါက်ကွဲသံကြီးလေးချက်သည် ကောင်းကင်ထက်တွင် တစ်ပြိုင်နက်တည်း မြည်ဟည်းသွားကာ အသံတစ်သံစီက ဝေးသထက် ဝေးသွားသည်။ ရုတ်တရက် ထိတ်လန့်ဖွယ် တုန်ခါမှုကြီးက ကောင်းမှုတော်မြေနန်းတော်၏ အပြင်မှ ပျံ့နှံ့လာ၏။ မြားအလင်းရောင်ငါးချက်က ရှောင်ကျူချွဲကို ကောင်းမှုတော်မြေနန်းတော်မှ လွင့်ထွက်သွားစေပြီး စွမ်းအင်ပေါက်ကွဲသွားသဖြင့် ကောင်းမှုတော်မြေနန်းတော်မှာ အရိပ်ပင် မရှိတော့သည့်တိုင်အောင် ထွန်းလင်းတောက်ပသွားတော့သည်။
ကောင်းမှုတော်မြေနန်းတော်ထဲရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာ၍ အဝေး၌ ပေါက်ကွဲသွားသော အလင်းရောင်ဆီသို့ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
အမိကမ္ဘာမြေကုန်းစွန်းယန်က မြေပြင်ပေါ် လက်ဖဝါးဖြင့် ဖိချလိုက်ရာ အစိမ်းရောင်သစ်ရွက်များသည် ကောင်းကင်သို့ မြင့်တက်သွားပြီး ကောင်းမှုတော်မြေနန်းတော်နှင့် အနားပတ်ဝန်းကျင်၌ နေထိုင်နေကြသည့် သက်ရှိများကို ကာကွယ်ပေးလိုက်သည်။
သူမက တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထက်မြို့တော်နှင့် အောက်မြို့တော်ဆီသို့ လှမ်းကြည့်နိုင်သည်။ ထိုနေရာတွင်လည်း ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ် ပေါက်ကွဲနေကြောင်း တွေ့လိုက်ရ၏။
ကုန်းစွန်းယန်မှာ သူမ၏ အစစ်အမှန်ခန္ဓာကိုယ်အား အသက်သွင်းလိုက်ရင်း ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းများကို ဖြန့်ကျက်ကာ အထက်မြို့တော်နှင့် အောက်မြို့တော်ကို ကာကွယ်ပေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အထက်မြို့တော်နဲ့ ကောင်းမှုတော်မြေနန်းတော်ကို ဘယ်သူ တိုက်ခိုက်တာလဲ”
မည်သူမှ ထိုမေးခွန်းကို မဖြေနိုင်ကြပေ။
ရုတ်တရက် ယွီချိန်ကျစ်က ပျံတက်လာပြီး ကုန်းစွန်းယန်အရှေ့တွင် ဆင်းသက်လိုက်သည်။ သူက ဦးညွတ်၍ လျှောက်တင်သည်။ “ကမ္ဘာမြေအရှင်မခင်ဗျား၊ ဒီကိစ္စက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဝိညာဥ်ခွဲတစ်ခု ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူပြန်ဝင်စားပြီးတော့ သတင်းအချက်အလက်တွေ ခိုးယူနေတဲ့အကြောင်း ကောင်းကင်နတ်အရှင်တစ်ပါး သတိထားမိသွားတဲ့ပုံပဲ… အဲဒီကောင်းကင်နတ်အရှင်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ လူဝင်စားကို သတ်ပစ်ခဲ့တာပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ဘာမှမဆိုင်ပါဘူး”
ကုန်းစွန်းယန်မှာ စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက်ချ၍ ပြောသည်။ “ထာဝရငြိမ်းချမ်းအင်ပါယာနဲ့ ဘာမှမဆိုင်ရင် ဆက်ပြီး စုံစမ်းစရာ မလိုပါဘူး… ရှင်တို့အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်လို့ရပါပြီ”
အားလုံး သဘောတူကြသော်လည်း ထိုမြင်ကွင်းမှာ တုန်လှုပ်ချောက်ခြားဖွယ်ကောင်းလှသဖြင့် အချိန်အတော်ကြာသည်အထိ အံ့ဩသည့်အရှိန် မပြေကြသေးပေ။