လမ်း၏ အဆုံး
Vol. 102 Ch. 1340
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြောက်ပိုင်းနယ်စပ်တွင် အနီရောင်အလင်းတန်းတစ်တန်းသည် ကောင်းကင်ထက်မှ ဝုန်းခနဲ ဆင်းသက်လာ၏။ အလင်းတန်းထဲတွင် လွင့်မြောနေသည့် ဝိညာဉ်နှစ်ခု ပါရှိသည်။ တစ်ခုက မြေဝိညာဉ်ဖြစ်ပြီး နောက်တစ်ခုက ကောင်းကင်ဝိညာဉ် ဖြစ်၏။ ၎င်းတို့မှာ ချင်မူ့မြားချက်များကြောင့် အပေါက်များ ဗလပွဖြင့် မရှုမလှ ဒဏ်ရာရနေသည်။
ကောင်းကင်နတ်ဧကရာဇ်၏ ထိုဝိညာဉ်နှစ်ခုကား နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးလွန်း၍သာ ချက်ချင်း မပြိုကွဲသွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
ဤဝိညာဉ်နှစ်ခုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး မဖြစ်ပွားခင် လွန်ခဲ့သည့် ၁၉ နှစ်တုန်းက ဝိညာဉ်များ ဖြစ်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးရင်ဆိုင်ရသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ဆီမှ အကူအညီရနိုင်ရန် ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ် တောင်းဆိုသည့်အတိုင်း သူ၏ ဝိညာဉ်များကို ဆင့်ခေါ်ပေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
ထိုစဉ်က ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုသည် အနက်သဲမှုန်များအဖြစ် ပျံ့ကြဲနေခဲ့သည်။ ၎င်းတို့ကို ပြန်လည်တည်ဆောက်နိုင်ရန် ချင်မူသည် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ထံ ခယ၀ပ်တွား၍ အကူအညီတောင်းခဲ့ရ၏။ ထို့နောက်မှသာ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ဆီမှ စွမ်းအားများ ငှားယူခဲ့ရသည်။
ဤဝိညာဉ်နှစ်ခုအား ပြန်လည်တည်ဆောက်ပြီးနောက် ချင်မူမှာ ချီစွမ်းအင် ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်သွားခဲ့သောကြောင့် ပင်ပန်းနွမ်းနယ်စွာ မေ့လဲသွားခဲ့သည်။
သို့သော် ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုကို ပြန်လည်တည်ဆောက်ပေးပြီးသည့်တိုင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကို မကာကွယ်နိုင်ခဲ့ပေ။ ကပ်ဘေးသည် ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်သော ပြည်သူများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များအား သေဆုံးစေခဲ့၏။
ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ရှောင်အဖြစ် ကမ္ဘာဦးဘုံအပေါ် အုပ်ချုပ်ခွင့် ရရှိပြီးနောက် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများအား ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မတိုက်ခိုက်ဘဲ လွှတ်ထားပေးစေခဲ့သည်။ သို့သော် ကတိဖျက်၍ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့တို့ကို ဖမ်းဆီးကာ ဧကရာဇ်ယန်ရှု (လင်ယွိရှု)ကို သေဆုံးစေခဲ့၏။
တစ်ကြိမ်ထက်မနည်း သွေးချောင်းစီးခဲ့ရမှုများက ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ပျက်ကိန်းဆိုက်စေခဲ့သည်။
ထိုအချိန်တုန်းက ချင်မူမှာ ဝိညာဉ်ကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။ သူ၏ဝိညာဉ်သည် သူ၏အစ်ကို ချင်ဖုန်းကျင့်ဆီ ရောက်ရှိသွားခဲ့ပြီး မသေနိုင်သော အသိစိတ်အလျဉ်နှင့် ရုပ်ခန္ဓာတို့သာ သူ့တွင် ကျန်ရစ်ခဲ့၏။ သူ့မှာ လျှောက်သွားနေသော အလောင်းကောင်ကြီးသာ ဖြစ်ခဲ့သည်။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အနာဂတ်အတွက် အပေးအယူလုပ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ မြေဝိညာဉ်နှင့် ကောင်းကင်ဝိညာဉ်တို့သည်လည်း ထိုအချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ လူဝင်စား ဖြစ်နေကြချေပြီ။
ချင်မူမှာ ဝိညာဉ်မရှိဘဲ လျှောက်သွားနေခဲ့ပြီးမှ သုံးနှစ်အကြာတွင် ကောင်းကင်နတ်ဘုံသို့ ရောက်ခဲ့သည်။ ယခုတွင် ချင်မူ့ဝိညာဉ်အသက်က ဆယ့်ခြောက်နှစ် ဖြစ်၍ မကြာမီတွင် ဆယ့်ခုနစ်နှစ် ပြည့်ပေတော့မည်။ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်ဧကရာဇ် လူဝင်စားက ဆယ့်ကိုးနှစ် ဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့ခြင်းပင်။
‘ကောင်းကင်နတ်အရှင်မူက တော်တော်ကို မိုက်ရိုင်းတာပဲ … ငါ့လူဝင်စားကို လုပ်ကြံသတ်ဖြတ်တယ်… သည်းမခံနိုင်ဘူး’
ကောင်းကင်နတ်ဧကရာဇ်၏ မြေဝိညာဉ်နှင့် ကောင်းကင်ဝိညာဥ်တို့မှာ လေထဲတွင် ပျံဝဲလျက် ဒေါသူပုန်ထနေကြသည်။ ‘ငါ သူ့ကို သည်းခံပေးနေလို့ ရောင့်တက်လာမယ် ထင်မထားခဲ့ဘူး… ယွမ်တုက ငါ့ပိုင်နက်ပဲ... သူက ငါ့မြေပေါ်မှာ အသက်ရှင်နေတာတောင်မှ ရိုင်းစိုင်းရဲသေးတယ်.. ဘယ်လိုမှ သည်းမခံနိုင်ဘူး’
ကမ္ဘာဦးဘုံကို အစတုန်းက ယွမ်တုဟု ခေါ်ခဲ့သော်လည်း အမိကမ္ဘာမြေသည် သူမ၏ပိုင်နက်ဖြစ်ကြောင်း ပြသရန် ကမ္ဘာဦးဘုံအဖြစ် နာမည်ပြောင်းခဲ့၏။ သို့သော် ရှေးဟောင်းနတ်ဘုရားတချို့ကတော့ ယွမ်တုဟု ခေါ်ကြဆဲပင်။
“သူ မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းစာအုပ် သုံးပြီးတော့ ငါ့ကို ရှာခဲ့တာပဲ ဖြစ်မယ်… ပြီးတော့ ငါ့နာမည်မှာ ‘ရှောင်’ဆိုတဲ့ စာလုံးလည်း ပါတယ်... ကြည့်ရတာ နောက်ပိုင်းကျရင် ‘ရှောင်'ကို သုံးလို့မရလောက်တော့ဘူး”
ထိုက်ချူသည် မဟာဧကရာဇ် သူ့ကို ပေးခဲ့သော နာမည်ဖြစ်ပြီး ‘ရှောင်’ ကတော့ သူ့ဘာသာသူ ပေးထားသည့် နာမည်ဖြစ်၏။ ‘ထိုက်ချူ’ ဟူသော နာမည်ကို သူ မုန်းသဖြင့် လူဝင်စားတိုင်း သူ့နာမည်တွင် ‘ရှောင်’ ဟူသော စကားလုံး ထည့်တတ်သည်။
ကုရှောင်၊ ချူရှောင်၊ ရှောင်ဝေ့စု၊ ရှောင်တျန်းကျိနှင့် ရှောင်ကျူချွဲဟူသော နာမည်များအားလုံးတွင် ‘ရှောင်’ ပါစမြဲပင်။
သူ ဒေါသူပုန်ထနေစဉ် ရုတ်တရက် ကောင်းကင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ကမ္ဘာဦးဘုံ၏ ကောင်းကင်ပေါ်မှ နတ်မင်းကြီးများ တစ်ပါးပြီး တစ်ပါး ဆင်းသက်လာကြချေပြီ။ သူတို့သည် စွမ်းအင်အကူးအပြောင်းတံတားဆီမှ ရောက်လာကြခြင်း မဟုတ်ဘဲ တိုက်ရိုက်ဆင်းသက်လာကြခြင်း ဖြစ်၏။
ထိုနတ်မင်းတို့၏ စွမ်းအင်မှာ အလွန်ထူးကဲလှသဖြင့် စွမ်းအင်အကူးပြောင်းတံတားမှာ ကမ္ဘာဦးဘုံတွင် စွမ်းအင်မျှခြေ ပျက်မသွားအောင် အဖျက်စွမ်းအင်တို့ကို အဆက်မပြတ် ထုတ်လွှတ်ပေးနေရသည်။
ထိုနတ်မင်းများ ဆင်းသက်လာပြီးနောက် ဧရာမသင်္ဘောကြီးများသည်လည်း ကောင်းကင်ထဲမှ ရွက်လွှင့်လျက် ကမ္ဘာဦးဘုံထဲ ဝင်လာကြသဖြင့် တံတားမှ ထုတ်လွတ်နေသည့် စွမ်းအင်များကို ပိုမိုပြင်းထန်လာစေ၏။
ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကမ္ဘာဦးသစ်ပင်တို့ ကမ္ဘာဦးဘုံအပေါ် ဖိနှိပ်ထားခဲ့စဉ်က မည်သူမှ ယခုလို မကျူးကျော်လာရဲပေ။
သို့သော် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကမ္ဘာဦးသစ်ပင် ပျောက်သွားသည့်အခါ ကမ္ဘာဦးဘုံမှာ ပိုင်ရှင်မရှိတော့ချေ။ ထိုကြောင့် ကောင်းကင်နတ်ဘုံမှ ပုဂ္ဂိုလ်အချို့သည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ကမ္ဘာဦးဘုံဆီသို့ လက်လှမ်းနေကြခြင်းဖြစ်သည်။
“သွားပြီ… ငါ ကောင်းကင်နတ်အရှင်ယွဲ့ နှင်ထုတ်တာခံလိုက်ရပြီ… ယွမ်တုကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူး”
ဝိညာဉ်နှစ်ခုမှာ ထိန်လန့်သွားကြပြီး အလျင်အမြန် ပုန်းနေရင်း စိတ်မအေးနိုင်ဖြစ်နေကြသည်။ “ပြီးခဲ့တဲ့ညက တိုက်ပွဲက အတော်လေး ဝရုန်းသုန်းကား ဖြစ်စေခဲ့တာပဲ… ငါ ကမ္ဘာဦးသစ်ပင် သုံးပြီး ကောင်းကင်နတ်ဘုံ ယွမ်တုက တိုက်ပွဲကို သတိမထားမိအောင် ချိပ်ပိတ်ခဲ့သင့်တ… ငါ ပျောက်သွားတာကို သိရင် အဲ့ဒီကောင်တွေ ဒီအခွင့်အရေးကို အသုံးချပြီး သေချာပေါက် ယွမ်တုကို သိမ်းပိုက်ကြလိမ့်မယ်” ကောင်းကင်ထက်ရှိ သင်္ဘောတစ်စင်းပြီးတစ်စင်းမှ ခြေထောက်ရှည်၍ ပိန်ပါးသော အနက်ရောင်ခွေးကြီးများက ခုန်ထွက်လာကာ အရပ်လေးမျက်နှာသို့ ပြေးထွက်သွားကြသည်။
“ခွေးနက်ကြီးတွေ”
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ ပို၍ပင် သတိကြီးသွားကြသည်။ ကောင်းကင်နတ်ဘုံတွင် ခွေးနက်ကြီးများစွာ မွေးထားပြီး လူရှာရာတွင် အသုံးဝင်ကြ၏။ သို့သော် ဤခွေးနက်များသည် ကောင်းကင်လူဆိုးထိန်းစခန်၏ လက်ထဲတွင် ရှိသဖြင့် လူဆိုးထိန်းစခန်း၏ နတ်တပ်မှူးများ စုဝေးနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုနတ်တပ်မှူးများ စုဝေးခိုင်းနိုင်သူများတွင် ကြောက်မက်ဖွယ်ရာ အာဏာ ရှိလိမ့်မည်။ အနိမ့်ဆုံးက နတ်မင်းလေးပါးအဆင့် ဖြစ်ပေလိမ့်မည်။
ပိုပို၍များသော နတ်ခွေးများက ဟိုဟိုဒီဒီ အနံ့ခံရင်း ကောင်းကင်မှ ဆင်းသက်လာကြသည်။ ၎င်းတို့ထဲမှ အချို့က ကောင်းကင်ထက်ရှိ လခြမ်းကွေးဆီသို့ ပြေးသွားကာ ပါးစပ်ဟ၍ ကမ္ဘာဦးဘုံ၏ လကို ဝါးမြိုလိုက်သော ကမ္ဘာဦးသားရဲများအသွင် ပြောင်းလဲသွားကြ၏။
လပေါ်တွင် နတ်ဘုရားတစ်ပါး ရှိနေသည်။ ဓားရောင်တစ်ချက်သည်က ခွေးခေါင်းကို ဖြတ်လိုက်ပြီး နောက်တစ်ချက်က အူနေသည့် ခွေးများကို ဖရိုဖရဲ လူစုကွဲသွားစေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်မှာ ဝင်းခနဲ တောက်ပသွားသည်။ ခြေသုံးချောင်း ကျီးကန်းများ ဆွဲလာကြသည့် ရွှေရောင်ရထားလှည်းများက ကမ္ဘာဦးဘုံထဲသို့ တစ်စင်းပြီးတစ်စင်း ဝင်ရောက်လာကြ၏။ ထိုရွှေရောင် ကျီးကန်းများက ရထားလှည်းများကို ဆွဲလာကြပြီး ၎င်းတို့၏ တဟုန်းဟုန်း တောက်လောင်နေသည့် မီးစွမ်းအားတို့က ကောင်းကင်ထက်တွင် လှည့်ပတ်သွားသော နေမင်းငယ်များ ဖြစ်သွားကြသည်။
“မဟာနေဧကရာဇ်ရဲ့ ရွှေကျီးကန်းစစ်တပ်”
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ ပို၍ပင် ထိတ်လန့်လာသည်။ ရွှေကျီးကန်းစစ်တပ်သည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ လက်အောက်ရှိ ကိုယ်ရံတော်တပ်ဖွဲ့များ ဖြစ်ကာ မဟာနေဧကရာဇ်တန့်ဖုန်းက ဦးဆောင်နေသည်။
ရွှေကျီးကန်းများသည် အင်မတန် မျက်လုံးလျှင်ပြီး အရာရာကို ရှာဖွေနိုင်၏။ ၎င်းတို့ကား ကောင်းကင်နတ်အရှင်ရှောင်၏ တည်နေရာကို ရှာဖွေရန် ရောက်လာကြခြင်းပင်။
“သွားပါပြီ..”
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ စိုးရိမ်ပူပန်နေကြသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ လက်ချက်ပဲ”
ထိုစဉ် ကြောင်ဖြူတစ်ကောင်က ကောင်းကင်မှ ဆင်းလာသည်။ ၎င်းက ကောင်းကင်တွင် ပျံနေသည့်အလား အပေါ်အောက် ခုန်နေပြီးနောက် ရွှေကျီးကန်းစစ်တပ်၏ ရထားလှည်းပေါ်သို့ ခုန်ချ၍ လျင်မြန်စွာ ပြေးသွားတော့၏။
ရွှေကျီးကန်းစစ်တပ်မှာ မကျေနပ်ချက်ကို ထုတ်မပြောရဲပေ။
ကြောင်ဖြူက နတ်ခွေးတစ်ကောင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူက မျက်လုံးများ ပြူးကျယ်လျက် ကမ္ဘာဦးဘုံ၏ တောင်တန်းများ၊ ကွင်းပြင်များဆီသို့ ကြည့်ရှုနေသည်။
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ ကြက်သီးမွေးညှင်းများ ထလာတော့သည်။ ဤကြောင်ဖြူ ရှောင်ချီမှာ ကောင်းကင်နတ်ဘုံတွင် ချောမောခံ့ညားသော ယောက်ျားတစ်ဦး ဖြစ်၏။ နတ်အရှင်မယန်၏ ချစ်သူလည်း ဖြစ်ချေသည်။ နတ်အရှင်မယန် ကြောင်ဖြူကို လွှတ်လိုက်ရသည့် အကြောင်းအရင်းက သိသာလှ၏။ ကောင်းကင်နတ်အရှင်ရှောင်ကို ရှာဖွေရန်မှတစ်ပါး အခြားမရှိပေ။
“ရက်စက်လိုက်တဲ့ ခွေးမ… မင်းရဲ့ အောက်ဆွဲကောင်ကို ငါ့ကို သတ်ဖို့ လွှတ်လိုက်တယ်ပေါ့လေ” ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
ကောင်းကင်သည် ပို၍ပင် တောက်ပလာသည်။ နေ့အချိန် ဖြစ်သော်လည်း ကောင်းကင်ထက်တွင် ကြယ်တာရာများစွာ ပေါ်လာနေ၏။ ၎င်းတို့အပေါ်တွင် နတ်ဘုရားမျိုးစုံ ရပ်နေကြသည်။ သူတို့၏ညာလက်များက နဖူးပေါ် တင်ထားပြီး ကမ္ဘာဦးဘုံကို ကြည့်နေကြလေသည်။
ထိုနတ်ဘုရားများမှာ ကြယ်တာရာမြေပုံအား စောင့်ကြပ်ကြသည့် ကောင်းကင်နတ်ဘုံ၏ နတ်တပ်မှူးများ ဖြစ်ကြသည်။ အများစုက နတ်မျက်လုံးမျိုးနွယ်မှ နတ်ဘုရားများ ဖြစ်ကြပြီး ယခုတွင် ထိုနတ်ဘုရားပင်လျှင် စုဝေးနေကြချေပြီ။
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ စိတ်ပျက်လက်မှိုင် ကျလာကာ ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ကြရသည်။ ကြယ်တာရာမြေပုံရှိ နတ်ဘုရားများအား စုစည်းနိုင်သူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါး ဖြစ်ပေလိမ့်မည်။
“လူတိုင်း တွန်းရင် နံရံဆိုတာ ပြိုမှာပဲ… အခု ငါ ကောင်းကင်နတ်အရှင်ရှောင် ... နှင်ထုတ်ခံလိုက်ရတော့ ဒီလူတွေအားလုံးက နံရံကို တွန်းဖို့ ရောက်လာကြပြီ”
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ သူတို့ကိုယ်သူတို့ သစ်ပင်တစ်ပင်တွင် ကပ်တွယ်လိုက်သည်။ ရုတ်တရက် ‘တဟုန်’ ၏ အော်သံတို့က ကောင်းကင်ပေါ်မှ ပျံ့လွင့်လာသဖြင့် မော့ကြည့်လိုက်ရာ အစိမ်းရောင်ငှက်ကြီးတစ်ကောင် တောင်ပံများ ခတ်လျက် ပျံသန်းလာနေကြောင်း တွေ့လိုက်ရသည်။ ၎င်းက မြောလွင့်နေသည့် တောင်တန်းကြီးတစ်ခုအလားပင်။
“ကောင်းကင်နတ်အရှင်ဟုန်က ဘယ်တုန်းက တက်ကြွသွားတာလဲ”
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်နှစ်ခုမှာ ဒေါသထွက်နေကြသော်လည်း လုပ်နိုင်သည့်အရာ မရှိပေ။ သူတို့မှာ ကောင်းကင်နတ်အရှင်ဟုန် ပျံသန်းသွားသည်ကို စောင့်နေရပြီး တွေးနေမိသည်။ “ငါ အမြန်ဆုံး လူပြန်၀င်စားမှ ဖြစ်မယ်… အခု ငါ့ရဲ့မြေဝိညာဉ်နဲ့ ကောင်းကင်ဝိညာဉ်က ဒဏ်ရာရထားတော့ ဝိညာဉ်အရှိန်အဝါကို ဖွက်ထားဖို့ ငယ်ငယ်ရွယ်ရွယ် ခန္ဓာကိုယ်တစ်ခု ရှာဖို့လိုတယိ”
ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲတွင်..
ကောင်းကင်နတ်အရှင်ရှောင်သည် ကမ္ဘာဦးသစ်ပင်ကို ကိုင်ရင်း ဤနေရာဟင်းလင်းပြင်၏ ၀င်္ကပါထဲသို့ ရောက်လာ၏။ ပြတ်တောက်နေသည့် နေရာဟင်းလင်းပြင် အရွယ်အစားမျိုးစုံ တစ်ခုနှင့်တစ်ခု ၀င်တိုက်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့မှာ ဤဖရိုဖရဲ နေရာဟင်းလင်းပြင်၏ အလယ်တွင် ဖြစ်သဖြင့် အရာအားလုံးကို မမြင်နိုင်ပေ။
သူသာ ဖရိုဖရဲနေရာဟင်းလင်းပြင် အပြင်တွင် ရပ်၍ အနက်ရှိုင်းဆုံးနေရာအထိ မြင်နိုင်ပါက ဤနေရာအပြင်တွင် မြောလွင့်နေသည့် ကမ္ဘာလောကတစ်ခု ရှိနေကြောင်း မြင်ရပေလိမ့်မည်။
ဤသည်က ချိမင်မျိုးနွယ်စုမှ ကျန်ရစ်ခဲ့သော ပိုင်နက်ဖြစ်သည်။ ချိဧကရာဇ်ခန္ဓာကိုယ်ဖြင့် ဖွဲ့တည်ထားသည့် ထူးဆန်းသော အချိန်နှင့် နေရာဟင်းလင်းပြင်ပင်။