သမိုင်း၏ သဲလွန်စများ
Vol. 102 Ch. 1341
ထိုစဉ်တုန်းက ချိဧကရာဇ်သည် ပြင်ပကောင်းကင်နတ်ဘုံ၏ အာဏာနှင့် ခြိမ်းခြောက်မှုအန္တရာယ်ကို ခံစားခဲ့ရသောကြောင့် လူသားမျိုးနွယ်အတွက် လွတ်လမ်းရှာဖွေရန် အာကာသဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းသွားလာရင်း အနာဂတ်အား ရှာဖွေခဲ့သည်။
ဤသို့ဖြင့် ဤနေရာ၊ ဖရိုဖရဲဟင်းလင်းပြင်အား ရှာတွေ့ခဲ့သည်။ သို့သော် ထိုအချိန်တုန်းက ချိဧကရာဇ်မှာ အန္တရာယ်များသော ဖရိုဖရဲနေရာဟင်းလင်းပြင်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ကာ သေဆုံးလုဆဲဆဲ ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် သူ့ကိုယ်သူ ချိမင်ရွှမ်ခုံးကမ္ဘာအဖြစ် ပြောင်းလဲကာ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ထုတ်လွှတ်၍ မျိုးနွယ်ဝင်တို့အား အသိပေးခဲ့သည်။
ယခုတွင် ချိမင်ရွှမ်ခုံးကမ္ဘာမှာ ဖရိုဖရဲဟင်းလင်းပြင်၏ ထောင့်နားတွင် တည်ရှိနေပြီး ကောင်းကင်နတ်အရှင်ရှောင်မှာ အလယ်တွင် ပိတ်မိနေ၏။
ကောင်းကင်နတ်အရှင်ရှောင်က ဟိုဟိုသည်သည် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် သူ့အား စကြ၀ဠာအနက်ပိုင်းဆုံးအထိ နှင်ထုတ်လိမ့်မည်ဟု တွေးထားခဲ့သော်လည်း ကောင်းကင်နတ်အရှင်ယွဲ့ နှင်ထုတ်ခဲ့သည့် နေရာကား သူ တစ်ခါမှ မရောက်ဖူးသလို ကြားပင် မကြားဖူးသော နေရာဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဤနေရာဟင်းလင်းပြင်မှာ ဖရိုဖရဲ ဗြောင်းဆန်နေသည်။ ထူးဆန်းသော အချိန်နှင့် နေရာဟင်းလင်းပြင်တွင် ရပ်နေရပြီး အထက်၊ အောက်မရှိသလို ဘယ်နှင့် ညာလည်း မရှိချေ။ မနီးမဝေးတွင် နောက်ထပ် နေရာဟင်းလင်းပြင်တစ်ခုက မျောလွင့်လာသဖြင့် ကောင်းကင်နတ်အရှင်ရှောင်မှာ အလန့်တကြား ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်မှာ နေရာဟင်းလင်းပြင်ကြောင့် ပုံပျက်ရှုံ့တွနေပြီး စပါးအုံမြွေကြီးတစ်ကောင်ကဲ့သို့ မိုင်ထောင်များစွာ ဆန့်လျားရှည်ထွက်သွား၏။ နေရာဟင်းလင်းပြင် သူ့အား ဖြတ်သွားပြီးနောက်မှ ပြန်သက်သာသွားသည်။
“ငါ ဒီနေရာကနေ ရအောင် ထွက်သွားရမယ်”
သူက ရှေ့သို့ တစ်လှမ်းလှမ်းရန် ပြင်လိုက်စဉ် အဋ္ဌဂံသဏ္ဌာန်ရှိသည့် နေရာဟင်းလင်းပြင်ကြီးတစ်ခုသည် သူ့ခေါင်းပေါ်သို့ ပြုတ်ကျလာကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ပြင်းစွာသော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရ၏။
သူ့မှာ ရှစ်ကိုယ်အဖြစ် ခွဲထုတ်ခံလိုက်ရသည်။
ပြီးပြည့်စုံသော ခန္ဓာကိုယ်ရှစ်ခုနှင့် ပြီးပြည့်စုံသော မူလဝိညာဉ်ရှစ်ခုပင်။ သို့သော် နာကျင်မှုက ခန္ဓာကိုယ်တစ်ခုမှ နောက်တစ်ခုသို့ ကူးစက်သွားလေသည်။
“ဒီလောကမှာ ကောင်းကင်နတ်အရှင်တစ်ပါးကို ထိခိုက်အောင် လုပ်နိုင်တဲ့အရာ မရှိဘူးကွ”
သူ၏ သိုင်းအခြေခံကို အတင်းအဓမ္မ အတင်းအကြပ် အသက်သွင်းလျက် ခန္ဓာကိုယ်အား ပြန်စုလိုက်သည်။ ထို့နောက် ကမ္ဘာဦးသစ်ပင်ကို အားပြု၍ ခြေဦးတည့်ရာ လျှောက်သွားတော့သည်။
ထိုစဉ် သူ၏နောက်စေ့ကို ပြန်မြင်လိုက်ရသည်။
ဤသည်ကား နေရာဟင်းလင်းပြင်နောက်တစ်ခု၏ သက်ရောက်မှုပင် ဖြစ်လေသည်။
သူ၏ နောက်စေ့ကို မြင်ရရုံသာမက အတွင်းကလီစာများ၊ ဦးနှောက်နှင့် သူ့ခေါင်းထဲရှိ အတွေးလှိုင်းတို့ကိုပင် မြင်နေရသည်။ အတွေးများ၊ အသိစိတ်အလျဉ်များဖြင့် ပြည့်နှက်နေသည် ကျယ်ပြောသော စကြ၀ဠာကြီးတစ်ခုအလား အတွေးအလင်းရောင်တို့သည် ကြယ်တာရာကောင်းကင်သဖွယ် တောက်ပနေ၏။
သူ့ခန္ဓာကိုယ်မှာ အကန့်အသတ်မရှိသည့်အလား ၎င်းအထဲတွင် နှိုင်းယှဉ်မရနိုင်အောင် ကျယ်ပြောနေချေသည်။
“ဘယ်အရာကမှ ငါ့လို ကောင်းကင်နတ်အရှင်တစ်ပါးကို မချုပ်နှောင်နိုင်ဘူး”
သူက သိုင်းအခြေခံကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လမ်းတွင် ထူးဆန်းသော အဖြစ်အပျက်များအား မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသော်လည်း ဤနေရာဟင်းလင်းပြင်၀င်္ကပါကား အဆုံးမရှိသည့်အလားပင်။
ကောင်းကင်နတ်အရှင်ရှောင်က စိတ်တည်ငြိမ်စေပြီးနောက် ရုတ်တရက် ကမ္ဘာဦးသစ်ပင်ကို အသက်သွင်းလိုက်သည်။ ကမ္ဘာဦးသစ်ပင်၏ သစ်ရွက်များက မြောက်တက်၍ ထူးဆန်းသော နေရာဟင်းလင်းပြင်အပိုင်းအစများထဲသို့ မြောလွင့်သွား၏။
ကမ္ဘာဦးသစ်ပင်၏ အမြစ်များက အရပ်လေးမျက်နှာသို့ ဆန့်ထွက်လာသည်။ ဤကမ္ဘာဦးသစ်ပင်က ကမ္ဘာဦးဘုံထဲရှိ ကမ္ဘာလောကများအား ထမ်းဆောင်ထားခဲ့သည့်အလျောက် ၎င်း၏စွမ်းအားသည် ဤနေရာသို့ ရောက်ရှိသည့်တိုင်အောင် အနည်းငယ်မှ မလျော့ကျခဲ့ပေ။
ဤသည်က ကောင်းကင်နတ်အရှင်ရှောင် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည့် အကြောင်းအရင်း ဖြစ်၏။ ဖရိုဖရဲနေရာဟင်းလင်းပြင်နှင့် စွန့်ပစ်မြေများသည် မည်မျှပင် ရှုပ်ထွေးပါစေ သူ ဤနေရာမှ ထွက်ကိုထွက်သွားနိုင်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးသစ်ပင်၏ အမြစ်များ တစ်စုံတစ်ခုကို ထိတွေ့လိုက်ကြောင်း ခံစားလိုက်ရသဖြင့် ကောင်းကင်နတ်အရှင်ရှောင် ရင်အနည်းငယ် ခုန်သွားမိသည်။
သူသည် ကမ္ဘာဦးသစ်ပင်၏ အမြစ်များနောက်သို့ လိုက်၍ ပြေးသွား၏။ လမ်းတလျှောက်တွင် ထူးဆန်းသောအရာမျိုးစုံ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ဤဖရိုဖရဲဟင်းလင်းပြင်ထဲတွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ကောင်းကင်နတ်အရှင်ရှောင်ကား အင်အားကြီးမားသည့်အလျောက် ရှင်သန်နိုင်ခဲ့၏။
နောက်ဆုံးတော့ ကမ္ဘာဦးသစ်ပင်၏ အမြစ်များ ထိတွေ့မိခဲ့သော နေရာသို့ သူ ရောက်လာခဲ့သည်။ ၎င်းသည် လုံးလုံးလျားလျား မပျက်စီးသေးသော မြေထုတစ်ခု ဖြစ်၏။ အကျယ်အဝန်း မိုင်သုံးဆယ်မှ ငါးဆယ်အတွင်းသာ ရှိကာ မကြီးမားလှပေ။ ၎င်းက ဤဖရိုဖရဲနေရာဟင်းလင်းပြင်ထဲတွင် ဖျက်ဆီးမခံရဘဲ မြောလွင့်နေသေးသည်။
မြေထုတွင် ကြေကွဲဝမ်းနည်းဖွယ် သေခြင်းအရှိန်အဝါတို့င့် ပြည့်နှက်နေသည်။ ကမ္ဘာဦးသစ်ပင်၏ အမြစ်များပင်လျှင် ဤနေရာကိုရောက်သည့်အခါ ညှိုးကျသွားလေသည်။
ဤကြေကွဲဝမ်းနည်းမှုမှာ နတ်ဘုရားတစ်ပါး ချန်ရစ်ခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကြောင့် ဖြစ်ပေါ်လာမှန်း ကောင်းကင်နတ်အရှင်ရှောင် ခံစားလိုက်ရသည်။ ၎င်းသည် မဟာတာအို သေဆုံးသွားခဲ့တုန်းက ကျန်ရစ်ခဲ့သည့် ဝမ်းနည်းပူဆွေးမှု ဖြစ်၏။
သူက ကမ္ဘာဦးသစ်ပင်ကို သိမ်း၍ ဤရှေးဟောင်းမြေထုပေါ်သို့ ဂရုတစိုက် ဆင်းသက်လိုက်သည်။ သူ၏နှလုံးသားထဲရှိ အကြောက်တရားကိုလည်း အတော်လေး ကြိုးစား၍ ထိန်းချုပ်ထားရသည်။
ဤနေရာရှိ မဟာတာအို သေဆုံးမှုအရှိန်အဝါကလည်း သူ့ကို ကြောက်ရွံ့နေစေသည်။ သူ့မှာ ထိုက်ငါးဦးထဲမှ ထိုက်ချူဖြစ်သည့်တိုင် သူ့ရင်ထဲတွင် ကြောက်စိတ်တို့ ပြည့်နှက်နေသေးလေသည်။
သို့သော် သူသည် ယခင်က ကောင်းကင်နတ်ဧကရာဇ် ဖြစ်ခဲ့သလို ယခုတွင် ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါလော။ ထို့ကြောင့် နှလုံးသားထဲရှိ ကြောက်စိတ်နှင့် စိတ်နှလုံးမိစ္ဆာမများကို အတင်းအကြပ် ဖိနှိပ်ထားကာ ဤနေရာ၏ လျှို့ဝှက်ချက်များကို ဆက်လက်ရှာဖွေနေသည်။
မဟာတာအို၏ ဝမ်းနည်းမှုက သူ၏တာအိုနှလုံးသားကိုလည်း ဝမ်းနည်းလာစေသည်။ သူပင် မသိလိုက်ဘဲ သူ၏မျက်လုံးမှ မျက်ရည်များ စီးကျလာလေသည်။
မဟာတာအို၏ အကြောက်တရားက သူ့ကိုလည်း ကြောက်ရွံ့လာစေ၏။ သူ့မှာ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ တုန်ရီနေတော့သည်။
နောက်ဆုံးတွင် ကောင်းကင်နတ်အရှင်ရှောင်သည် မဟာတာအို၏ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုတို့၏ အရင်းအမြစ်ကို တွေ့ရှိသွားသည်။ ၎င်းက အလွန်တရာ ရှေးကျသော သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ သစ်ပင်ကြီးကား ထူထဲကြီးမားပြီး မြင့်မားလှ၏။ သို့သော် သစ်ရွက်၊ သစ်ကိုင်းအားလုံး မရှိတော့ပေ။ ပင်စည်သာ ကျန်ရစ်တော့သည်။
၎င်းက နောက်သို့လန်ကာ မြေပြင်ပေါ် လဲကျနေ၏။ အမြစ်များလည်း ခြောက်သွေ့နေလေသည်။
သစ်ကိုင်းအများစုသည်လည်း ကျိုးပဲ့နေကြ၏။ ထိုသစ်ကိုင်းများမှာ မည်းနက်ရှုံ့တွနေသောကြောင့် ထိလိုက်သည်နှင့် ပြာကျသွားမည့်အလားပင်။ သို့သော် သစ်ပင်သည် ဤအခြေအနေသို့ ရောက်ရှိနေသည့်တိုင် မြေထုကို ကာကွယ်ပေးနိုင်ခြင်းက ကောင်းကင်နတ်အရှင်ရှောင်ကို ကြောက်ရွံ့တုန်လှုပ်မိစေသည်။
ဤမြေထု ဖရိုဖရဲ နေရာဟင်းလင်းပြင်ထဲတွင် မပျက်စီးပဲ အကောင်းအတိုင်း ရှိနေခြင်းကား ဤညှိုးနွမ်းနေသော သစ်ပင်ကြီးကြောင့်ပင်။
“ကမ္ဘာဦးသစ်ပင်ထက် ပိုစွမ်းအားကြီးတဲ့ ရတနာသစ်ပင်တစ်ပင် ရှိနေသေးတာလား”
သူက စိတ်ထိန်းလိုက်ပြီး သစ်ကိုင်းတစ်ခက်ပေါ်၌ ခြောက်သွေ့ရှုံ့တွနေသော သစ်သီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုသစ်သီးမှာ မည်းနက်နေသဖြင့် ၎င်းအပေါ်တွင် အမှတ်အသားများစွာ ရှိသော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ကောင်းကင်နတ်အရှင်ရှောင်မှာ ကြောင်အသွားမိသည်။
ယခုလို သစ်သီးမျိုးကို သူ မြင်ဖူးပေသည်။
ဤသည်က တာအိုသစ်သီးဖြစ်၏။
မဟာဧကရာဇ် သူ၏အသိစိတ်အလျဉ်ကို အန္တိမဟင်းလင်းပြင်ထဲတွင် ခတ်နှိပ်ခဲ့စဉ်က မဟာတာအိုသည် မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံအား ဖန်တီးခဲ့သည်။ ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ရှောင်မှာ မဟာဧကရာဇ်၏ မွေးစားသား ထိုက်ချူ ဖြစ်ခဲ့၏။
ထိုက်ချူသည် အလွန်တရာ မြင့်မြတ်သည့် မြင်ကွင်းတစ်ခုကို မြင်ခဲ့ရ၏။ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ ဖွဲ့တည်လာသည်ကို တွေ့မြင်ခဲ့ရသလို မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံထဲရှိ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် တာအိုသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်ကိုလည်း တွေ့ခဲ့ရ၏။
တာအိုသစ်ပင်က အမြစ်တွယ်၍ အညှောက်များ ပေါက်လာခဲ့သည်။ ထို့နောက် သစ်ကိုင်းများ ထွက်လာကာ ဖြည်းဖြည်းချင်း ကြီးထွားလာပြီး မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံအပေါ် ဖုံးလွှမ်းသွားသော ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။
ထိုမျှသာမက မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအသိစိတ်အလျဉ်သည် သစ်ပင်ပေါ်တွင် တာအိုပန်းပွင့်များ ပွင့်၍ သစ်သီးများ သီးစေခဲ့သည်ကိုလည်း ထိုက်ချူ မြင်ခဲ့ရ၏။ ၎င်းက အစိမ်းရောင် သစ်သီးတစ်လုံးသာ ဖြစ်သော်လည်း သူ့ကို ဖော်ပြမရနိုင်အောင် အံ့အားသင့်သွားစေခဲ့သည်။
သူ့အရှေ့ရှိ ညှိုးခြောက်နေသည့် ဤအပင်ကြီးမှာ အန္တိမဟင်းလင်းပြင်ထဲတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အစွမ်းထက်သော ဖြစ်တည်မှုတစ်ခု တည်ဆောက်ခဲ့သည့် တာအိုသစ်ပင်တစ်ပင်ဖြစ်သည်မှာ သိသာလှ၏။
ရှုံ့တွခြောက်သွေ့နေသည့် သစ်သီးမှာ ထိုဖြစ်တည်မှု၏ တာအိုသစ်သီး ဖြစ်လေသည်။
“မဟုတ်ဘူး… မဟုတ်သေးဘူး”
ကောင်းကင်နတ်အရှင်ရှောင်မှာ သူ၏နှလုံးသားထဲရှိ တုန်လှုပ်မှုကို မမြိုသိပ်နိုင်တော့ဘဲ စိတ်မထိန်းနိုင်စွာ ရေရွတ်လိုက်မိသည်။ “အန္တိမဟင်းလင်းပြင်မှာ မဟာတာအိုကို တံဆိပ်ခတ်နှိပ်ထားတဲ့သူက မဟာဧကရာဇ်တစ်ယောက်ပဲ ရှိတယ်… ကျန်တဲ့သူဘယ်သူမှ မလုပ်နိုင်ဘူး… အန္တိမဟင်းလင်းပြင်ထဲမှာ သူ့ရဲ့ အသိစိတ်အလျဥ် မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံပဲ ရှိတာလေ… မဟာဧကရာအပြင် အန္တိမဟင်းလင်းပြင်မှာ ခတ်နှိပ်ပြီး တာအိုသစ်သီး သီးလာစေနိုင်တဲ့လူ နောက်ထပ်ဘယ်သူများ ရှိမှာလဲ”
ဤတာအိုသစ်သီးသည် ရင့်မှည့်ပြီးသော သစ်သီးဖြစ်လိမ့်မည်။ ရှုံ့တွပုံပျက်နေသည့်တိုင် မဟာဧကရာဇ်၏ တာအိုသစ်သီးထက် များစွာကြီးမားနေသေး၏။
ထိုသို့ပုဂ္ဂိုလ်မျိုး ဤနေရာ၌ အသံတိတ် သေဆုံးသွားခဲ့ခြင်းက သူ့ကို ကြက်သီးမွေးညှင်းများ ထလာစေသည်။
ကောင်းကင်နတ်အရှင်ရှောင်က စိတ်ထိန်း၍ တာအိုသစ်သီးထံသို့ လျှောက်သွားသည်။
ယိုတု
မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နတ်အရှင်ရှု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်အရှင်ရှုသည် ယိုတု၏ မူမမှန်မှုများကို အာရုံခံမိခဲ့၍ အခွင့်အရေးကို အသုံးချကာ မြေအောက်ဘုံအရှင်သခင်ကို ရှင်းလင်းနိုင်ရန်အတွက် သူမ၏ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နေခြင်း ဖြစ်လေသည်။
ကောင်းကင်နတ်အရှင်ရုံသည် ၎င်းကို အဝေးမှ မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွား၏။ ချင်မူက ပြုံးသည်။ “ကျွန်တော်တို့ဆီမှာလည်း ကောင်းကင်နတ်အရှင်ယွီ ရှိနေပြီဆိုတော့ ကောင်းကင်နတ်အရှင်ရှုကို ကြောက်နေစရာ မလိုတော့ပါဘူး..”
ကောင်းကင်နတ်အရှင်ရုံက သဘောတူကာ ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနဖူးပေါ်မှ အဝါရောင်စက္ကူကို ခွာကာ ထိန်းချုပ်လိုက်သည်။ ကောင်းကင်လက်နက်က ကြီးမားလာပြီး ကောင်းကင်နတ်အရှင်ရှု၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ယှဉ်နိုင်သည်အထိ ကြီးမားလာ၏။
ကောင်းကင်နတ်အရှင်ရှုမှာ ၎င်းကိုမြင်သည့်အခါ ချက်ချင်း အရှိန်အဝါကို ထိန်းသိမ်းလိုက်သည်။
ကောင်းကင်နတ်အရှင်ရုံသည် သူမ၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖျက်ဆီးရန် ကြံရွယ်ထားသော်လည်း မြေအောက်ဘုံအရှင်သခင်၏ ကျယ်လောင်သောအသံက ထွက်ပေါ်လာသည်။ “မရဏတမန်တော်၊ အဲဒီလိုလုပ်စရာ မလိုဘူး”