သူခိုးတစ်ကောင် ရှိနေတယ်
Vol. 102 Ch. 1342
မြေအောက်ဘုံအရှင်သခင်၏ စကားကြောင့် ကောင်းကင်နတ်အရှင်ရုံမှာ ကောင်းကင်နတ်အရှင်ရှုအား တိုက်ခိုက်ရန် ပြင်နေသည်ကို လက်လျှော့လိုက်ရသည်။ စက္ကူလှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရွက်လွှင့်သွားပြီး မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က သူတို့ကို စောင့်နှင့်နေသည်။
ကောင်းကင်နတ်အရှင်ရုံက စက္ကူလှေလေးကို ရပ်ကာ အသေအချာ ကြိုးချည်လိုက်သည်။ ချင်မူမှာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားမိလေသည်။
ဆေးဆရာက ခပ်တိုးတိုး မေးသည်။ “ဒါက ယိုတုလား… ကောင်းကင်နတ်အရှင်ရုံလည်း ဒီလို ဂရုစိုက်ရတာပဲလား”
“သူခိုးတွေ ခိုးမှာကို ကျုပ် မစိုးရိမ်ဘူး… ဒါပေမဲ့ သူခိုးအတွေးတွေ ပေါ်လာမှာကိုတော့ စိုးရိမ်တယ်… အရင်တုန်းက ကြိုးသေချာ မချည်ခဲ့တော့ ကောင်စုတ်လေးတစ်ကောင်က ခိုးသွားတယ်လေ” ကောင်းကင်နတ်အရှင်ရုံက ရှင်းပြသည်။
ချင်မူက အေးစက်စွာ နှာမှုတ်လိုက်သည်။ “ကပ်စေးနည်းကြီး … ကျွန်တော် တစ်ခါပဲ ငှားခဲ့တာပါ… ပြန်မပေးတာလည်း မဟုတ်ဘဲနဲ့”
ကောင်းကင်နတ်အရှင်ရုံက ဆေးဆရာကို တည်ကြည်လေးနက်စွာ ပြောနေသည်။ “ကျုပ်ရဲ့ အဝါရောင်စာရွက်တွေကိုလည်း အဲဒီလူပဲ ခိုးသွားတာ”
ဆေးဆရာမှာလည်း ကိုယ်ချင်းစာမိသွားသည်။ “ကျုပ်တို့ရွာမှာလည်း ပစ္စည်းကောင်းတစ်ခု မြင်တာနဲ့ မခိုးရ မနေနိုင်တဲ့ သူခိုးနှစ်ကောင် ရှိတယ်… ကျုပ်တောင် သူတို့ခိုးတာ ခဏခဏ ခံရတယ်”
လေးယောက်သား မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးအိမ်ထဲရှိ နန်းဆောင်ဆီသို့ လျှောက်လာကြသည်။ မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က ကောင်းကင်နတ်အရှင်ယွဲ့ကို နှုတ်ဆက်၏။ “တာအိုမိတ်ဆွေယွဲ့၊ ဒဏ်ရာတွေ သက်သာလာပြီး အရင်အခြေအနေကို ပြန်ရောက်သွားတဲ့အတွက် ဝမ်းမြောက်မိပါတယ်”
ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ပြန်နှုတ်ဆက်သည်။ “မဟုတ်တာ… ရှင့်အကူအညီကို ကျွန်မရဲ့နှလုံးသားထဲမှာ တစ်သက်လုံး မှတ်သားထားပါမယ်”
“စိတ်ထဲ ထည့်မနေပါနဲ့”
မြေအောက်ဘုံအရှင်သခင်၏ အသံကြီးသည် ဟိန်းထွက်နေ၏။ “ဒီတစ်ကြိမ် ကောင်းကင်နတ်အရှင်မူက သူ့ဘာသာသူ ကောင်းကင်အလိုတော်မုခ်၀ကို ဖွင့်ပြီး ယိုတုနဲ့ သက်ရှိလောကကို ဆက်သွယ်ပေးခဲ့လို့ မရဏတမန်တော်ကို အသိပေးခဲ့တယ်... ဒါကြောင့် ကျုပ် မကယ်လို့ မဖြစ်ခဲ့ဘူး …. တာအိုမိတ်ဆွေယွဲ့ စိတ်ထဲ မထားပါနဲ့ … ဒါကို ကောင်းကင်နတ်အရှင်မူအတွက် မှတ်ထားပြီးသားပါ”
ချင်မူက မကျေမနပ် ဝင်ထောက်သည်။ “မြေအောက်ဘုံအရှင်သခင်က တော်တော် ထောင့်စေ့ပြီး မျှတတာပဲနော်”
“ငါတာဝန်ဆိုတော့ နည်းနည်းလေးတောင် ရေသာ မခိုရဲဘူး”
မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “မရဏတမန်တော် တျန်းချိကျွင်းက သေချာမှတ်ပေးထားတော့ ပိုအဆင်ပြေတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းညိတ်သည်။ “သူက အင်မတန် ထောာင့်စေ့ပါတယ်”
ချင်မူမှာ ဤကိစ္စကို မပြောချင်တော့သဖြင့် အလောတကြီး မေးလိုက်၏။ “ဘိုးဘိုးဆေးဆရာ၊ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ မျက်နှာက ဒဏ်ရာရထားသေးတယ်… ကုဖို့ ဆေးရှိသေးလား”
ဆေးဆရာက ဇဝေဇဝါဖြင့် ပြန်ပြောသည်။ “ငါ့မှာ ဆေးတော့ ရှိပါတယ်… ဒါပေမဲ့ မင်း ဖန်ဆင်းကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို ကုသပေးလို့ရတာပဲဟာ… မခက်ပါဘူး… ကောင်းကင်နတ်အရှင်ရုံရဲ့ ဒဏ်ရာတွေက ပိုပြင်းထန်တော့ သူ့ကို အရင်ကုပေးလိုက်မယ်”
ချင်မူက သက်ပြင်းချလိုက်ပြီး သူ၏အသက်ရှူသံမှာ ဖျော့တော့လာသည်။ “ကျွန်တော်လည်း ဒဏ်ရာရထားတာပဲ… ဒဏ်ရာတွေက ဒီတစ်ကြိမ် ပြင်းထန်လွန်းလို့ ပြန်သက်သာလာမယ်တောင် မထင်ဘူး”
ဆေးဆရာမှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားမိသည်။ ချင်မူ၌ မည်သည့်တာအိုဒဏ်ရာမှ မရှိပေ။ ထို့ကြောင့် လက်တွေ့ကျကျပြောရလျှင် သူ၏ ဆေးလမ်းစဉ်နှင့် ဖန်ဆင်းခြင်းလမ်းစဉ် အောင်မြင်မှုများကြောင့် အထွတ်အထိပ် အခြေအနေအထိ ပြန်သက်သာသွားပြီး သွက်လက်ဖြတ်လတ်နေလိမ့်မည်။။ အဘယ်ကြောင့် ဒဏ်ရာများ ရထားသည်ဟု ပြောနေရပါသနည်း။ အချိန်မရွေး ပစ်လဲကာ သေတော့မည်ပုံပင် ပေါက်နေသည်။
“ကျွန်တော့်မျက်လုံး ဒဏ်ရာရသွားတယ်လေ”
ချင်မူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ကျွန်တော်ရဲ့ ဒေါင်လိုက်မျက်လုံးထဲမှာ ရတနာမျိုးစုံ ရှိခဲ့တာ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရှောင်က ကျွန်တော့်ခေါင်းကို ဖောက်ခွဲခဲ့တော့ မျက်လုံးပါ ပေါက်သွားရော… ကျန်တဲ့ဟာတွေက ဖြေရှင်းဖို့လွယ်တယ်… ထိုက်ချူရဲ့ ဥခွံနဲ့ ထိုက်ကျိကျောက်တုံးက ရဖို့အလွယ်လေး… ထည့်ပြောဖို့တောင် မထိုက်တန်ဘူး…. ကျွန်တော် နှမြောမိတာက ကျွန်တော့်ရဲ့ ကျောက်စိမ်းလည်ဆွဲပဲ”
ဆေးဆရာသည် သဘောပေါက်သွားပြီး နှမြောနေသည့်အထာဖြင့်ပြောသည်။ “အဲဒီလည်ဆွဲက မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုကနေ သန့်စင်ထားတာမလား… ‘ချင်’ဆိုတဲ့ စကားလုံးတောင် ထွင်းထားသေးတယ်… မင်း အမြဲ အဲဒါကို တန်ဖိုးထားခဲ့တာလေ… ငယ်ငယ်တည်းက ကိုယ်နဲ့မကွာ သွားလေရာ ယူသွားနေကျ..”
ချင်မူ့မျက်လုံးများက နီရဲလာပြီး သူကား တအင့်အင့် ငိုတော့သည်။ “ကျွန်တော် မြေအောက်ဘုံအရှင်သခင်ရဲ့ စေတနာကို အမြဲတမ်း သတိရပါတယ်.. အဲဒီကျောက်စိမ်းလည်ဆွဲက သူ့ရဲ့ဦးချိုကနေ သန့်စင်ပေးထားတာကိုလည်း မှတ်မိပါတယ်… လည်ဆွဲကြောင့်သာ ကျွန်တော်ရဲ့ မိစ္ဆာသဘာဝကို ချိုးနှိမ်နိုင်ခဲ့တာ… ကျွန်တော် သေရာကနေ ပြန်ရှင်လာခဲ့တုန်းက အဲဒီကျောက်စိမ်းလည်ဆွဲကို ဒေါင်လိုက်မျက်လုံးထဲမှာ သိမ်းထားခဲ့လို့ အဲဒီဟာက သူငယ်အိမ်လို ဖြစ်လာခဲ့တာဗျာ… ကောင်းကင်နတ်အရှင်ရှောင်ကြောင့် အက်ကွဲသွားမယ် ထင်မထားခဲ့ဘူး …”
သူက နီရဲနေသော မျက်လုံးများဖြင့် မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်ဆီသို့ မော့ကြည့်လိုက်သည်။
ဆေးဆရာကလည်း စိတ်အားထက်သန်စွာဖြင့် မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်လိုက်၏။
မြေအောက်ဘုံအရှင်သခင်မှာ တိတ်ဆိတ်နေလေသည်။
ချင်မူက မျက်ရည်အဝဲသားဖြင့် သနားကမား ပြောနေသည်။ “ကျွန်တော့်ရဲ့ အဲဒီသူငယ်အိမ်ကို ဘိုးဘေးနန်းတော်က ရှေးဟောင်းပုဂ္ဂိုလ်တစ်ယောက်ကတောင် အစွမ်းထက်ဆုံး နတ်မျက်လုံးလို့ ချီးကျူးခဲ့တာဗျ…. အဲ့လိုချီးကျူးခံခဲ့ရတာလည်း မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုက သန့်စင်ထားတဲ့ မျက်လုံးမလို့ပဲ… ကောင်းကင်နတ်အရှင်ရှောင်ကြောင့် အဲဒီလို ပျက်စီးသွားမယ် မထင်ခဲ့ဘူး.. အခုတော့ သာမန်မျက်လုံးထက် မပိုတော့ပါဘူးလေ”
မြေအောက်ဘုံအရှင်သခင်မှာ တိတ်ဆိတ်နေဆဲပင်။
ချင်မူက အံကြိတ်လျက် ဆက်ပြောသည်။ “အဲဒီရှေးဟောင်းပုဂ္ဂိုလ်က မဟူရာသစ်ပင်ကြီးမှာ နေပြီး သစ်နက်တောင်တန်းတွေကို နေ့တိုင်း ပြုပြင်ပေးနေတာ… အခွင့်အရေးများရှိရင် သူ့နဲ့ မိတ်ဆက်ပေးချင်လိုက်တာနော်”
မြေအောက်ဘုံအရှင်သခင်၏ မျက်နှာအမူအရာသည် ခံစားချက်ကင်းမဲ့နေပြီး သူက ရုတ်တရက် ထပြော၏။ “ငါ မင်းကို နောက်ထပ်တစ်ခု ပေးမယ်… ဘယ်လိုလဲ”
ချင်မူမှာ ဟူးခနဲ သက်ပြင်းချလိုက်သည်။ ဆေးဆရာမှာလည်း အလားတူပင်။
မြေအောက်ဘုံအရှင်သခင်က ဆက်ပြော၏။ “ဒါပေမဲ့ အလကားတော့ မရဘူး… ဘိုးဘေးနန်းတော်က ပွင့်သွားပြီဆိုတော့ ငါလည်း သွားလို့ရတယ်… မင်း ငါ့ကို အဲဒီပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးရမယ်”
ချင်မူ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။ ထိုပုဂ္ဂိုလ်သာ တွေ့လိုလျှင် သူနှင့် ပက်ပန်းတိုးရသည့်တိုင်အောင် လွယ်ကူနိုင်သော်လည်း ထိုပုဂ္ဂိုလ်သာ မတွေ့ချင်ပါက သူအရှေ့၌ ရပ်နေလျှင်တောင်မှ မြင်ရမည်မဟုတ်ပေ။
ထိုက်ယီသည် မြေအောက်ဘုံအရှင်သခင်နှင့် တွေ့ရန် စိတ်ပါသလား မပါသလား သူ မသိချေ။
“ကောင်းပါပြီ”
ချင်မူ့မျက်နှာအမူအရာကား တစ်ချက်လေးပင် ပျက်မသွားပေ။ “ဒါဆိုရင် ကျွန်တော် မြေအောက်ဘုံအရှင်သခင်ကို အဲဒီပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးမယ်… ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုက အမာဆုံးအပိုင်းကို ကျွန်တော့် သူငယ်အိမ် ဖြစ်စေချင်တယ်”
မြေအောက်ဘုံအရှင်သခင်က တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။ “ကောင်းပြီ”
ချင်မူမှာ ဝမ်းသာပျော်ရွှင်သွားတော့သည်။ “ဒါဆို မြေအောက်ဘုံအရှင်သခင် ကောင်းကင်နယ်စားမင်းနဲ့ ဆက်သွယ်ပေးလို့ရမလား…ကောင်းကင်နယ်စားမင်းကို အဲဒီလူနဲ့ မိတ်ဆက်ပေးဖို့ ကျွန်တော် ကူညီပေးလို့ရတယ်”
မြေအောက်ဘုံအရှင်သခင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နွားအမြှီးကို လွှဲယမ်းလိုက်သည်။
ချင်မူက ရှင်းပြ၏။ “ကျွန်တော့်ရဲ့ ဒေါင်လိုက်မျက်လုံးမှာ မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုကြောင့် ဖြစ်ပေါ်လာတဲ့ သူငယ်အိမ် ရှိပေမယ့် အထဲက မျက်သားတော့ မရှိသေးဘူး… ရွှမ်တုက ရတနာတွေနဲ့ မျက်လုံးသားကို ဖော်ဆောင်လို့ရရင် ပိုပြီးတော့ ထူးကဲလာမှာ”
မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ငါ ကောင်းကင်နယ်စားမင်းကို အသိပေးလို့ရတယ်… မင်း အရင်ဆုံး ဘိုးဘေးနန်းတော်ကို ပြန်လိုက်… ငါ အဲဒီနေရာမှာ ကောင်းကင်နယ်စားမင်းနဲ့ အလဲအလှယ် လုပ်မယ်”
ချင်မူမှာ စိတ်အေးသွားသည်။။ ကောင်းကင်နယ်စားမင်းတွင် ရတနာများ သေချာပေါက် ရှိလေသည်။ သူ၏ဒေါင်လိုက်မျက်လုံးတွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ စွမ်းအားကို စုဝေးပြီး ထိုက်ချူဥခွံနှင့် ထိုက်ကျိမူလကျောက်တုံးတို့ကို ပေါင်းထည့်လိုက်ပါက ယခင်ကထက်ပင် အစွမ်းထက်လာလိမ့်မည်။
မှန်ပါသည်။ ပို၍အရေးကြီးသည်က ထိုက်ယီအား ထိုသူငယ်အိမ်အပေါ်သို့ ရေလောင်းစေရန် ဖြစ်သည်။
ကောင်းကင်နတ်အရှင်ရုံမှာ ဘေးတွင် စိတ်ရှုပ်ထွေးနေသည်။ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုသည် ကောင်းကင်ယင်သားတော် မင်တုအား ဖန်တီးရန်အတွက်ပင် ငှားယူခဲ့ရသော အဖိုးတန်ရတနာမဟုတ်ပါလော။ ခိုင်ဧကရာဇ်ချင်ယဲ့ပင်လျှင် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုအစိတ်အပိုင်းအား ခိုးယူစေခဲ့ဖူးသည်။
မြေအောက်ဘုံအရှင်သခင်ကား ချင်မူ့ပိုင်နက်ထဲတွင် တောင်တန်းများ ပြုပြင်ပေးသော ပုဂ္ဂိုလ်ကို တွေ့ရန်အတွက် အဖိုးထိုက်ရတနာ ဦးချိုကို အသုံးချနေ၏။ ၎င်းက အနည်းငယ် ဖြုန်းတီးရာ မကျဘူးလော။
ထိုမျှသာမက မြေအောက်ဘုံအရှင်သခင်သည် ကောင်းကင်နယ်စားမင်းနှင့် ဆက်သွယ်ပေးရန်ပင် သဘောတူခဲ့ချေရာ တောင်များကို ပြုပြင်နေသည့် ထိုပုဂ္ဂိုလ်က မည်သူနည်း။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် သူ့ကို ကိုယ်တိုင်သွားတွေ့ရသည်လား။
ကောင်းကင်နတ်အရှင်ရုံနှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများမှာ မပြင်းထန်သဖြင့် ဆေးဆရာသည် စစ်ဆေးပြီးနောက် စွမ်းအင်ဆေးလုံးများ ဖော်စပ်ကာ ကုသပေးနိုင်လိုက်၏။
မြေအောက်ဘုံအရှင်သခင်က ချင်မူ့ကို ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်ယွီအား ကြည့်ရန် ခေါ်သွားသည်။ နှစ်ယောက်သား ဧရာမပုဂ္ဂိုလ်ကြီးကို ကြည့်လိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်က ရုတ်တရက် သက်ပြင်းချလိုက်ရင်း ခေါင်းရမ်းလိုက်သည်။ “ဒီကောင်းကင်နတ်အရှင်ယွီကို ကြာကြာသုံးလို့ ရတော့မှာ မဟုတ်ဘူး”
ချင်မူမှာ သူ့စကားကို နားမလည်သဖြင့် အနည်းငယ် ကြောင်အသွားမိသည်။
“ကောင်းကင်နတ်အရှင်ရှောင်က ပြီးပြည့်စုံတဲ့ ကောင်းကင်နတ်ဘုံအဆင့်ကို အသက်သွင်းဖို့ ကောင်းကင်နတ်အရှင်ယွီကို သုံးခဲ့တော့ ဖိအားအများကြီး သက်ရောက်စေခဲ့တယ်... ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာ ဖွဲ့စည်းတည်ဆောက်ပုံက ပျက်စီးသွားခဲ့ပြီ”
မြေအောက်ဘုံအရှင်သခင်က ခေါင်းရမ်းလိုက်သည်။ “နောက်ထပ် တစ်ကြိမ်နှစ်ကြိမ်လောက် ထပ်သုံးလိုက်ရင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက လုံးဝကွဲအက်သွားပြီး ပြာဖြစ်သွားလိမ့်မယ်… ကောင်းကင်နတ်ဘုံအဆင့်ဆိုတာ တကယ်ကို နှိုင်းမရနိုင်အောင် အင်အားကြီးလွန်းတယ်… အနှေးနဲ့အမြန် ကောင်းကင်နတ်အရှင်ရှောင်အနေနဲ့ ကောင်းကင်နတ်ဘုံအဆင့်ကို ဖော်ဆောင်ပြီး အရင်ဘဝရဲ့ အစွမ်းတွေ ပြန်ရဖို့ သိပ်လိုတော့မှာမဟုတ်ဘူး… မူလရုပ်ခန္ဓာကိုသာ ရှာတွေ့နိုင်ခဲ့ရင် အတိတ်ထက်တောင် ကျော်လွန်သွားလိမ့်မယ်”
ချင်မူက သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ဖွင့်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အတွင်းပိုင်းတည်ဆောက်ပုံအား ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ဒေါင်လိုက်မျက်လုံးမှာ ထိုက်ချူဥနှင့် ထိုက်ကျိမူလကျောက်တုံးကို မပေါင်းစည်းရသေးသည့်အပြင် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုကိုပါ မရသေးသည့်အတွက် ထိုမျှအမြင်အာရုံ မကောင်းလှပေ။
“မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းမှာ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိတယ်… ခင်ဗျားမှာရော ရှိလား”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို မှိတ်လိုက်သည်။ အရာအားလုံးကို ဖောက်ထွင်းမမြင်ရသည့် ခံစားချက်က ဆိုးလွန်းသဖြင့် သူ့မှာ စိတ်ထိန်းလိုက်ရလေသည်။ “ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ပုန်းနေတယ်… သူ့ရဲ့အစွမ်းအစတွေက မှန်းမရနိုင်တော့ အနာဂတ်မှာ ဖြစ်လာမယ့် ကပ်ဘေးကို ရင်ဆိုင်နိုင်ပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လုံးဝလွတ်မြောက်နိုင်တယ်… မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျားကရော… ဘယ်လိုနည်းလမ်းတွေများ ဝှက်ထားသေးလဲ”