သေရမည်ကို မျှော်လင့်နေခြင်း
Vol. 102 Ch. 1343
မြေအောက်ဘုံအရှင်သခင်က ချင်မူ ပြောလိုက်သည်ကို နားမလည်သည့်အလား လှည့်ကြည့်လာသည်။ သူ့ဦးခေါင်းပေါ်ရှိ ဦးချိုနှစ်ခုသည် ချော်ရည်ပူမြစ်များကဲ့သို့ မီးတဟုန်းဟုန်း တောက်လောင်နေကြ၏။
ချင်မူမှာ အရှိန်အဝါကြီးမြတ်သော ဤပုဂ္ဂိုလ်၏ စိုက်ကြည့်မှုကို ခံရသည့်တိုင် နည်းနည်းလေးမှ တုန်လှုပ်မသွားပေ။ သူက ပြုံးလိုက်သည်။ “ကျွန်တော်တို့က မဟာမိတ်တွေဆိုတော့ ဖုန်းကွယ်မထားတဲ့အရာတွေ မရှိသင့်ဘူးမလား… ကောင်းကင်နယ်စားမင်းက သူ့နည်းလမ်းနဲ့သူ အချုပ်အနှောင်တွေကနေ လွတ်မြောက်တော့မယ်… ယိုတုရဲ့ အရှင်သခင်တဖြစ်လဲ ကောင်းကင်နယ်စားမင်းနဲ့ ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မြေအောက်ဘုံအရှင်သခင်မှာလည်း နည်းလမ်းတွေ ရှိထားသင့်တယ်မလား…”
မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က တခဏ တိတ်ဆိတ်နေပြီးနောက် မေးသည်။ “ငါ့ကိုယ်ငါ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိသင့်တယ်လို့ မင်း ထင်တာလား”
ချင်မူက ပြုံးသည်။ “ကျွန်တော်ထင်တာ မဟုတ်ဘဲနဲ့ ခင်ဗျားမှာ ရှိသင့်တာကို ပြောတာပါ… မရှိဘူးဆိုရင်တော့ ကျွန်တော် အတော်လေး အံ့ဩမိလိမ့်မယ်”
မြေအောက်ဘုံအရှင်သခင်က တခဏ တိတ်ဆိတ်နေပြီးနောက် ဖြေသည်။ “ရှိတယ်”
ချင်မူသည် စိတ်လှုပ်ရှားသွားပြီး သူက တဖျတ်ဖျတ် တောက်ပနေသော မျက်လုံးများဖြင့် မြေအောက်ဘုံအရှင်သခင်ကဆီသို့ ကြည့်၍ စကားဆက်မည်ကို စောင့်နေသည်။
သို့သော် မြေအောက်ဘုံအရှင်သခင်က တိတ်ဆိတ်သွားပြန်ပြီး ဆက်မပြောတော့ချေ။
ချင်မူမှာ စပ်စုလိုစိတ် ပြင်းပျနေသဖြင့် မေးလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ နည်းလမ်းတွေက ဘာများလဲဗျ”
ထိုကျမှ မြေအောက်ဘုံအရှင်သခင်က ဆက်ပြောသည်။ “ငါလည်း ကောင်းကင်နယ်စားမင်းနဲ့ တူတယ်… ယိုတုမဟာတာအို အချုပ်အနှောင်တွေကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို သုံးနေတာ”
ချင်မူက တခဏ စောင့်လိုက်သော်လည်း မြေအောက်ဘုံအရှင်သခင်က ဆက်မပြောပြန်သဖြင့် ဒေါသထွက်လာမိသည်။ “ခင်ဗျားကြီးဗျာ… ဒီနတ်ဘုရားကြီးကတော့ စကားကို ဘယ်လိုပြောနေတာတုန်း… ဘူးသီးခြောက်ကျနေတာပဲ.. တစ်ခါပြောရင် တစ်စိလောက်ပဲ ထွက်တယ်… မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျား ကောင်းကင်နတ်အရှင်ရုံနဲ့ နေပါများလို့ အရှက်အကြောက် ကြီးသွားတာလား”
မြေအောက်ဘုံအရှင်သခင်က သူ့ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလေသည်။ “မင်းက တကယ်ကို စိတ်မရှည်တာပဲ… ငါ တျန်းချိကျွင်းနဲ့ဆို တရင်းတနှီး နေတတ်တယ် … မကြာခဏ အတူတူ ရေနွေးကြမ်း သောက်ပြီး စကားစမြည် ပြောလေ့ရှိတယ်”
ချင်မူမှာ ထိုမြင်ကွင်းအား စိတ်ကူးပင် မကြည့်နိုင်ပေ။ ဘူးသီးခြောက်ကဲ့သို့ တစ်ခါပြောလျှင် စကားလုံးတစ်လုံးသာ ထွက်သည့် သူတို့နှစ်ယောက်လုံးသည် စကားစမြည်ပြောသည်တဲ့လော။ အဘယ်သို့ စကားပြောနိုင်ကြသနည်း။
“ငါ့အနောက် လိုက်ခဲ့”
မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က နန်းဆောင်ထဲသို့ လျှောက်သွားသဖြင့် ချင်မူ၏ သိလိုစိတ်မှာ တစ်ဖန် ခေါင်းပြူလာသည်။ သူက သူ့အနောက်မှ အလျင်အမြန် လိုက်သွား၏။ နန်းဆောင်ထဲတွင် ဆေးဆရာက ကောင်းကင်နတ်အရှင်ရုံအား စမ်းသပ်နေသည်။ ကောင်းကင်နတ်အရှင်ယွဲ့က သူတို့ကို မြင်သည့်အခါ အနောက်မှ ချက်ချင်း လိုက်လာသည်။ သူမက ခပ်တိုးတိုး မေးလေသည်။ “ကောင်းကင်နတ်အရှင်ရုံရဲ့ ဒဏ်ရာတွေက တော်တော်လေး အခြေအနေဆိုးတယ်.. နင်တို့တွေ ဘယ်သွားနေကြတာလဲ”
ချင်မူက ခပ်တိုးတိုး ပြောပြလိုက်ရာ ကောင်းကင်နတ်အရှင်ယွဲ့ပင်လျှင် စပ်စုချင်လာတော့သည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ကောင်းကင်နတ်သိုင်းတွေက ကျယ်ပြန့်တယ်… ဒီတော့ သူ့ရဲ့နည်းလမ်းတွေက နှိုင်းယှဉ်မရလောက်အောင်ကို အံ့ဩဖွယ်ကောင်းလိမ့်မယ်”
နှစ်ယောက်သား မြေအောက်ဘုံအရှင်သခင်နောက်မှ နန်းဆောင်ထဲရှိ ချော်ရည်ကန်ဘေးသို့ လိုက်လာကြသည်။ မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်သည် ချော်ရည်ကန်ထဲသို့ ဝင်သါားသောကြောင့် သူတို့လည်း လိုက်ဝင်သွားကြ၏။
ချော်ရည်များသည် မပူလောင်သလို ချော်ရည်နှင့်လည်း မတူပေ။ ထိုအစား ထူးဆန်းသော အရည်တစ်မျိုးနှင့် တူနေသည်။
ချင်မူမှာ အံ့အားသင့်နေမိသည်။ မြေအောက်ဘုံအရှင်သခင်သည် အလွန်တရာထူးကဲသည့် အထွတ်အမြတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ့တွင် ရုပ်ခန္ဓာဟူ၍ မရှိပေ။ သူ၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သည့် ကမ္ဘာအသေများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်သည့်အလျောက် အသက်စွမ်းအားဟူ၍ ကင်းမဲ့နေသည်။
ရုပ်ခန္ဓာရှိသူများအတွက် ဤသို့ အသက်ရှင်နေသည့် ခန္ဓာကိုယ်မျိုးအပေါ် နားလည်ရန် ခက်သော်လည်း မြေအောက်ဘုံအရှင်သခင်ကား တည်ရှိနေလေသည်။
အမှန်တွင် ကောင်းကင်နယ်စားမင်းလည်း အလားတူပင်။
ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော နေလုံးများ၊ အလင်းရောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရုပ်ခန္ဓာမရှိပေ။
ရှေးဟောင်းနတ်ဘုရားများအကြားတွင် သူတို့နှစ်ဦးမှာ အထူးခြားဆုံး ဖြစ်သည်။ အခြား ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည့် ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ဦးတွင် ရုပ်ခန္ဓာများ ရှိကြလေသည်။ ချင်မူကိုယ်တိုင် ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ဦး၏ ရုပ်ခန္ဓာများကို နှံ့နှံ့စပ်စပ် လေ့လာခဲ့ဖူးသည်။
အဆုံးမရှိသော ချော်ရည်များကို ဖြတ်သန်းလာပြီးနောက်၌ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ဆီသို့ ရောက်လာကြသည်။ နေရာဟင်းလင်းပြင်မှာ ရုတ်တရက် ဗလာကျင်းသွားသည်။ အတောမသတ်နိုင်သော အမှောင်ထုတို့ ကြီးစိုးနေသည့်တိုင် နေရာတိုင်းတွင် အလင်းရောင်များကို မြင်နေရသည်။
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကို ထူးထူးဆန်းဆန်း ခံစားသွားရစေလေသည်။
သူ မြင်လိုက်ရသည့် အလင်းရောင်မှာ ကံမီးတောက်တို့ လောင်ကျွမ်းနေသော သတ္တဝါတို့ပင် ဖြစ်သည်။ ၎င်းတို့မှာ ကောင်းကင်ပေါ်ရှိ ကြယ်တာရာများထက်ပင် များပြားနေသောကြောင့် ရေတွက်ရန် မဖြစ်နိုင်ပေ။
အလင်းရောင်တို့ တည်ရှိနေသည့် နေရာများမှာ ကမ္ဘာလောကများ ဖြစ်ကြသည်။ ကမ္ဘာဦးဘုံတွင် ကမ္ဘာလောကများစွာ ရှိသော်လည်း ယခု သူ မြင်လိုက်ရသည့် ကမ္ဘာများနှင့် ယှဉ်လျှင် ရေပုံးထဲရှိ ရေစက်တစ်စက်သာသာ ရှိလိမ့်မည်။
ပို၍ထူးဆန်းသည်က ထိုကမ္ဘာများအပေါ်ရှိ သက်ရှိသတ္တဝါတို့၏ ကံမီးတောက်များကား တည်ငြိမ်မနေပေ။ မီးတောက်များက သူတို့၏ခန္ဓာကိုယ်များမှ ပျံထွက်လာကာ အမှောင်ထုထဲသို့ ပျံတက်သွားကြတော့သည်။
အမှောင်ထုထဲတွင် ထိုကံမီးတောက်များသည် စုဝေးသွားကြပြီး မီးတောက်လှိုင်းကြီးတစ်လှိုင်း ဖွဲ့တည်လိုက်၏။
ကံမီးတောက်တို့ကား ပင့်ကူအိမ်ပမာ အမှောင်ထဲတွင် ယှက်ဖွဲ့ရင်း မြေအောက်ဘုံအရှင်သခင်ခန္ဓာကိုယ်၏ အလယ်ဗဟိုသို့ ရောက်သည်အထိ စုဝေးနေကြလေသည်။
ကံမီးတောက်များသည် အလွန့်အလွန် သိပ်သည်းနေ၍ ချင်မူ့အမြင်အာရုံပင်လျှင် ထွင်းဖောက်မမြင်ရပေ။
ထိုနေရာတွင် မီးတောက်များ ဧရာမမီးလုံးကြီးတစ်လုံးသဖွယ် စုဝေးနေကြသည်မှာ ဥတစ်လုံးနှင့်ပင် တူနေတော့သည်။
အသက်ဓာတ် ဖြည့်တင်းပေးနေသော ကံမီးဥတစ်ဥ ဟု ဆိုရမည်။
ကောင်းကင်နတ်အရှင်ယွဲ့က မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ထဲရှိ နေရာဟင်းလင်းပြင်အား အကဲခတ်ပြီးနောက် သူမ၏အကြည့်သည် ကံမီးတောက်များ စုဝေးနေကြသည့် နေရာသို့ ရောက်သွားသည်။ သူမမှာ အလန့်တကြား အသံပြုလိုက်မိ၏။
မြေအောက်ဘုံအရှင်သခင်က မေးလိုက်သည်။ “တာအိုမိတ်ဆွေယွဲ့ မြင်လိုက်ရတာလား”
ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေသည်။ “ကျွန်မ သဲလွန်စအချို့ကိုတော့ တွေ့ခဲ့ရပါတယ်… ရှင်က တစ်ခုခုကို ပျိုးထောင်ဖို့ သက်ရှိသတ္တဝါတွေဆီက ကံမီးတောက်တွေကို စုစည်းနေတာပဲ… ဒါပေမဲ့ အဲဒီကံမီးဥထဲမှာ သက်ရှိအရိပ်အယောင်တော့ မတွေ့ခဲ့ရဘူး”
ချင်မူလည်း လှမ်းကြည့်လိုက်သည်။ သူ၏ လက်ရှိအမြင်အာရုံမှာ ကံမီးဥကို ထွင်းဖောက်မမြင်ရနိုင်သည့်အပြင် ကောင်းကင်နတ်အရှင်ယွဲ့၏ အမြင်အာရုံအောက် နိမ့်ကျနေသည်။ သို့သော် တစ်ခုခု လွဲမှားနေသည်ကိုတော့ မြင်ရသေး၏။
မြေအောက်ဘုံအရှင်သခင်သည် သက်ရှိသတ္တဝါတို့၏ ကံမီးတောက်များကို စုစည်းထား၏။ သတ္တဝါဖြစ်လျှင် အမှားနှင့် မကင်း ဆိုသည့်အတိုင်း သက်ရှိသတ္တဝါတိုင်းသည် အမှားများစွာ ကျူးလွန်ခဲ့ကြသောကြောင့် ကံမီးတောက်တို့ဖြင့် တိုက်စားကျွမ်းလောင်ခံကြလေသည်။ မြေအောက်ဘုံအရှင်သခင်က သက်ရှိသတ္တဝါတိုင်း၏ အမှားတို့အား မှတ်သားထားရသူဖြစ်သည့်အလျောက် ကံမီးတောက်တို့အား သတ္တဝါတို့၏ ဝိညာဉ်များအပေါ် မတိုက်စားစေဘဲ သူ့ခန္ဓာကိယ်တွင်သာ လောင်ကျွမ်းစေခဲ့သည်။
ဤသည်က ထူးဆန်းသော အပိုင်းပင်။ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်သည် ယိုတုဖြစ်သော်လည်း ဤအခိုက်အတန့်တွင် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှာ အခွံသာ ရှိပြီး အတွင်း၌ ဗလာနတ္ထိ ဖြစ်နေသည်။
တစ်နည်းပြောရလျှင် မြေအောက်ဘုံအရှင်သခင်သည် မြေထု၏ အပြင်လွှာကို သူ၏အရေပြားအနေဖြင့် ထားရှိပြီး ခန္ဓာကိုယ်အစစ်အမှန်မှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်နေလေသည်။ ဤ ကံမီးဥသာ ကျန်ရစ်တော့၏။
“ငါ့မှာ အစစ်အမှန် ခန္ဓာကိုယ် မရှိဘူး”
မြေအောက်ဘုံအရှင်သခင်က ရှင်းပြသည်။ “ဒါကြောင့် သက်ရှိသတ္တဝါတွေရဲ့ ကံမီးတောက်တွေ သုံးရင်း အစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့တည်ခိုင်းနေတာ… နောင်တစ်ချိန်မှာ ရှေးဟောင်းနတ်ဘုရားအဖြစ်ကနေ လွတ်မြောက်ပြီး လွတ်လပ်တဲ့ ဘဝတစ်ခု ရလို့ရငြားပေါ့… ယိုတုမဟာတာအိုက ငါ့ကို ဖြစ်တည်စေသလို ကန့်သတ်ထားသေးတယ်… ယိုတုက ငါ့ကို အဆုံးမဲ့တဲ့ စွမ်းအားတွေ ပေးထားပေမယ့် ဒီနေရာမှာ ချုပ်နှောင်ထားပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ အချစ်နဲ့ အမုန်းတို့ ခံစားမရနိုင်အောင် ကန့်သတ်ထားတယ်… ငါ အနံ့မခံနိုင်ဘူး… အရသာရှိတဲ့ အစားအစာတွေ စားလို့မရသလို ... အတွေ့အထိ ဒါမှမဟုတ် နာကျင်မှုကိုလည်း မခံစားရဘူး… မိသားစု၊ မိတ်ဆွေနဲ့ အချစ်ရဲ့ ခံစားချက်တွေကိုတောင် မခံစားနိုင်ဘူး… ဒါပေမဲ့…”
သူက တခဏ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “အရင်က ခံစားခဲ့ဖူးတယ်”
ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အားချို”
“ဟုတ်တယ် အားချို”
မြေအောက်ဘုံအရှင်သခင်က ဆက်ပြော၏။ “အားချိုက ငါအရင်တုန်းက တစ်ခါမှ မခံစားဖူးတာတွေကို ခံစားခဲ့ရတယ်… သူ့မှာ ကိုယ်ပိုင်ခံစားချက်၊ အချစ်နဲ့ အမုန်း ရှိတယ်… သူနဲ့ ယှဥ်လိုက်ရင် ငါ့ကို သက်ရှိတစ်ကောင်လို့တောင် နှိုင်းယှဉ်လို့မရဘူး … ငါက ယိုတုရဲ့ မဟာတာအိုကို သယ်ဆောင်နေတဲ့ အရာကြီးသက်သက်ပဲ… ကောင်းကင်ဘုံဆီ သတ်ဖြတ်ပြီးတော့ တက်သွားခဲ့တာ အားချိုပဲ… ငါ မဟုတ်ဘူး… ငါ သူ့ကို အားကျတယ်… ဒါကြောင့် သေဖို့ မျှော်လင့်နေမိတယ်”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်နှလုံးတုန်လှုပ်သွားပြီး သူ့ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
မြေအောက်ဘုံအရှင်သခင်၏ မာကြောကြောမျက်နှာထက်တွင် အပြုံးတစ်ခု ခပ်ရေးရေး ဖြစ်ထွန်းလာသည်။ “မင်းတို့ နားကြားမမှားပါဘူး… ငါ အားချိုကို အားကျတယ်… သေဖို့ မျှော်လင့်မိပြီး အားချို ဖြစ်လာချင်တယ်… ဒီကံမီးတောက်နဲ့ ဖွဲ့တည်ထားတဲ့ ခန္ဓာကိုယ်က အားချိုအတွက် ပြင်ထားတာပဲ… အားချိုရဲ့ သမီး ငါ့ကို သတ်တာကို စောင့်နေတာ… သူ သတ်ပြီးရင် ငါ အားချို ဖြစ်လာလိမ့်မယ်… အဲ့အချိန်ကျရင်”
သူ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာက နူးညံ့ငြင်သာစွာ ပြုံးလိုက်သည်။ “ငါတို့ မိသားစု ပြန်ဖြစ်လာလိမ့်မယ်… ငါက အဖေ၊ သူက ငါ့ရဲ့သမီးပေါ့”
ကောင်းကင်နတ်အရှင်ယွဲ့မှာ တိတ်ဆိတ်နေ၏။
ချင်မူက မနေနိုင်သဖြင့် မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ရှုက ခင်ဗျားကို အဖေတစ်ယောက်အနေနဲ့ အသိအမှတ် ပြုပါ့မလား.. မြေအောက်ဘုံအရှင်သခင်၊ ခင်ဗျားက ခင်ဗျားရဲ့ ဘဝကို ဟာသအနေနဲ့ အသုံးချနေတာပဲ”
မြေအောက်ဘုံအရှင်သခင်က သူ့ကို ငုံ့ကြည့်လိုက်ပြီး ပို၍လူသားဆန်သော ခံစားချက်အမူအရာများက သူ၏ ရုပ်ဆိုးခက်ထန်နေသော မျက်နှာထက်တွင် ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ မဟုတ်ဘူး.. အဖေတစ်ယောက်လည်း မဟုတ်ဘူး…. ငါ အားချို ဖြစ်လာပြီး သမီးလေး မွေးတဲ့ အချိန်တုန်းက ရင်ခုန်ခဲ့ရတဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး… ငါ့ရဲ့ ဝှက်ဖဲကို မြင်ချင်တယ်ဆို… ကြည့်လေ..”
သူက လက်ဖဝါးဖြန့်ကာ အသာအယာ လွှဲရမ်းလိုက်သည်။