တစ်ချက်တည်းနဲ့ လုံလောက်တယ်
Vol. 3 Ch. 36
"ဂျူနီယာညီလေး" အရပ်ရှည်ရှည် ရုပ်ချောချောလူတဦးက ပြောလာသည်။ "တခုခုရှိလို့လား မင့်ကြည့်ရတာ ပျော်နေသလိုပဲ"
"စီနီယာအစ်ကိုမု" ဟန်မင်က အပြုံးဖြင့်ပြောသည်။ "တခြားမဟုတ်ပါဘူး ကျနော် စီနီယာအစ်ကိုကျန်းနဲ့ ယှဥ်ပြိုင်ဖို့ ပြောထားလို့ပါ"
"အို့ " မုချီက အံ့သြသွား၏။" ဂျူနီယာညီလေးကျန်းလား သူက ဆေးဥယျာဥ်ကို ထိန်းသိမ်းဖို့ပဲသိတာ မင်း အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ကိုတက်သွားတာ သူသိလား"
"သိမယ်ထင်တယ် ကျနော့်ကျင့်ကြံခြင်းကို မဖုံးကွယ်ထားခဲ့ဘူး သူသတိပြုမိမှာပါ"
"ဒါဆို ဂျူနီယာညီလေး ဂရုစိုက်သင့်တယ်" မုချီက သတိပေးသည်။" သူက နတ်ဆိုးအသိုက်က ပြန်ရောက်လာတာ မကြာသေးဘူး အဲဒီမှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိတယ် သူ ကြုံတွေ့ခဲ့တာဖြစ်နိုင်တယ် မဟုတ်ရင် ငါ့ညီနဲ့ ယှဥ်ပြိုင်ဖို့ သဘောတူမှာမဟုတ်ဘူး"
မုချီ ပြန်သွားသောအခါ ဟန်မင် မျက်မှောင်ကြုတ်သည်။ အခွင့်အလမ်းကောင်းကြုံရုံမျှရန် အနိုင်ရရန် မဖြစ်နိုင်ပေ။
သို့သော် သတိထားတာမမှားပေ။ သူတို့၏ အသက်နှင့် ကျင့်ကြံခြင်းအဆင့်က မတိမ်းမယိမ်းဖြစ်သည်။ ထို့ကြောင့် တဖက်လူကို အထင်သေးခြင်းက ဒုက္ခရောက်နိုင်သည်။
ဟန်မင်က သတိထားရန် ဆုံးဖြတ်ထားသော်လည်း သူသာ အနိုင်ရမည်ဟု ယုံကြည်နေလေသည်။
နောက်တစ်ရက်
အသက်သွေး +၁
ကျင့်ကြံရေး +၁
ကျင့်ကြံရေး +၁
ခွန်အား +၁
ကျန်းဟောင် ပူဖောင်းများကိုစုပ်ယူပြီး တံခါးနားတွင် ဟန်မင်အား စောင့်နေ၏။
မနေ့က သူ၏ အဆောင်အားလုံးကို ရောင်းချခဲ့သည်။ သို့သော် အများကြီးမရောင်းရပဲ အမြတ်က ဝိညာဥ်ကျောက်တုံး ၁၀၀ သာရခဲ့သည်။ ယနေ့တွင် ပိုနည်းနိုင်သည်ဟု ခံစားရသည်။
ဈေးကို နေ့တိုင်းမသွားရန် ဆုံးဖြတ်လိုက်သည်။ သုံးလေးရက်တစ်ခါမှသွားလျှင် လုံလောက်ပြီဖြစ်သည်။ အဆောင်များရောင်းပြီးနောက် ဝိညာဥ်ကျောက်တုံး ၁၀၀ ဖြင့် ငွေရောင်ဆေဘာရှည်တစ်လက်ဝယ်ခဲ့သည်။ ၎င်းဖြင့် ကောင်းကင်ဆေဘာ ပထမအကွက်အား လေ့ကျင့်ရန် စီစဥ်ထား၏။
ပြီးခဲ့သည့်ညက ကြည်လင်သန့်စင်နှလုံးသားဖြင့် ပထမအကွက်ကို နားလည်အောင်လုပ်ခဲ့သည်။ တိုးတက်မှုက သိပ်မသိသာပဲ သူ့အနေနဲ့ အချိန်ပိုယူရဦးမည်ဖြစ်သည်။
အလျင်မလိုပေ။ မိစ္ဆာအသံဓားချက်အတွက်ပင် အချိန်တချို့ယူခဲ့ရရာ ပိုရှုပ်ထွေးသည့် ကောင်းကင်ဆေဘာအတွက် အချိန်ပိုလိုမည်က သဘာဝကျသည်။ သူ စိတ်ရှည်ရပေမည်။
"စီနီယာအစ်ကို" ဟန်မင်က ဓားတစ်လက်နဲ့အတူ ရောက်လာသည်။
"ဂျူနီယာညီလေး စောလှပါလား" ကျန်းဟောင် ပြောသည်။ ဟန်မင်က တကယ့်ကို အားအင်များဖြင့် တက်ကြွနေသည်။
"စီနီယာအစ်ကိုကို အကြာကြီးမစောင့်စေချင်လို့လေ" သူ ပြုံးသည်။ "ဘယ်မှာ ပြိုင်ကြမလဲ"
"ဒီမှာဆိုလည်း အဆင်ပြေတယ် "
"ဒီမှာလား". ဟန်မင်က ကျန်းဟောင်၏ အိမ်ကိုကြည့်ပြီး "အိမ်ကို ထိခိုက်မိမှာမစိုးဘူးလား"
ကျန်းဟောင် ခေါင်းယမ်းလိုက်၏။
"ကောင်းပြီလေ ကျနော်က ပြောစရာမရှိပါဘူး" ဟန်မင်က ဓားကို အသင့်ပြင်လိုက်၏။ "စီနီယာအစ်ကိုကို ကြိုတင်တောင်းပန်ထားပါရစေ"
ဟန်မင်၏ ဓားပေါ်တွင် လျှပ်စီးကြောင်းများထလာသည်။ စတိုက်ခိုက်ကတည်းက သူ၏ အသန်မာဆုံးတိုက်ကွက်ဖြစ်သည့် မိုးကြိုးဓားသိုင်းကို အသုံးပြုခဲ့သည်။
စီနီယာအစ်ကိုမု၏ သတိပေးချက်ကို သူ နားထောင်ခဲ့သည်။ ထို့ကြောင့် ပြိုင်ဘက်က အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ အကောင်းဆုံးတိုက်ခိုက်ရန် ရည်ရွယ်ထားလေသည်။
ကျန်းဟောင်မှာ အမူအရာမပြောင်းမလဲရှိသည်။ ဆေဘာဖြင့် မိစ္ဆာအသံဓားချက်အား အသုံးပြုလိုက်သည်။
ဝုန်း
ဟန်မင် ဓားကိုလွှဲယမ်းလိုက်၏။ မိုးကြိုးဓားက မိစ္ဆာအသံဓားချက်ကို တားဆီးထားသည်။ သို့သော် ပေါက်ကွဲမှုကြီးဖြစ်လာပြီး မိုးကြိုးဓားမှာ တစစီဖြစ်သွားတော့သည်။
ဆေဘာအရိပ်က ဟန်မင်ဆီ ဆက်ဝင်လာ၏။ သူ့ဓားဖြင့်ခုခံလိုက်သော်လည်း အနောက်သို့ လွင့်ထွက်သွားရသည်။ ဓားကို မြေကြီးထဲစိုက်ပြီး အရှိန်သတ်လိုက်ရ၏။ ဓားရှည်၌ အက်ရာများပြည့်နှက်နေတော့သည်။
ဟန်မင်လည်း သူတို့ကြားက ကွာဟချက်ကို သတိပြုမိသွားသည်။
"ဂျူနီယာညီလေးဟန် အလျှော့ပေးတဲ့အတွက် ကျေးဇူးပါ "ကျန်းဟောင် ပြောပြီး ဆေဘာကိုသိမ်းလိုက်သည်။
ပွတ်ကာသီကာ အနိုင်ရသွားသည်မျိုး သူ မလုပ်ဆောင်လိုပေ။ ဒါက မှားယွင်းသည့် အတွေးဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် သူ အနိုင်ယူရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ တစ်ချက်တည်းနဲ့ ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။
သူ့ကို ထပ်ကာတလဲလဲ စိန်ခေါ်ခြင်းမှ တားမြစ်နိုင်သည်။ တခုတည်းသောအရာက ကမ်းပါးသခင် မသင်္ကာဖြစ်နိုင်ခြင်းပင်။ သို့သော် သူ့တွင် ကောင်းကင်ဘုံရနံ့တာအိုပန်းရှိနေခြင်းက စိတ်သက်သာရသည်။
ပြဿနာဖြစ်လာပါက ပန်းကို လက်ညှိုးထိုးပြပြီး အကြီးအကဲ ပိုင်ကျီနှင့် တွေ့ဆုံခဲ့ပုံကို ပြောပြလိုက်ရုံဖြစ်သည်။
ဟန်မင်က မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများရှိနေသည်။
"စီနီယာအစ်ကို အဆင့်တက်သွားတာလား" သူက ခါးသက်စွာမေးသည်။
"အင်း နတ်ဆိုးအသိုက်မှာ အခွင့်အလမ်းကောင်းတချို့ ကြုံတွေ့ခဲ့ရတယ်" ကျန်းဟောင် ခေါင်းညိတ်သည်။" ငါ ကံကောင်းသွားတာပါ"
"ညှာတာပေးလို့ ကျေးဇူးပါ" ဟန်မင် ပြောသည်။ ကျန်းဟောင်၏ ကျင့်ကြံခြင်းက သူ့ထက်ပို၍ အခြေခိုင်မာကြောင်း ခံစားမိသည်။
"လက်ရည်စမ်းမှုလေးပါပဲ ဂျူနီယာညီလေး စိတ်ထဲမထားပါနဲ့ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို " ဟန်မင်လည်း နှုတ်ဆက်ထွက်ခွာသွားတော့သည်။
သူထွက်သွားသောအခါ ကျန်းဟောင်က အကဲဖြတ်စွမ်းရည်ကို သုံးလိုက်သည်။
[ဟန်မင်၊ ကောင်းကင်ရှင်းလင်းဂိုဏ်း အသည်းကွဲကမ်းပါး၏ အစစ်အမှန်တပည့်၊ ထိပ်တန်းပါရမီရှိသည်၊ အသက် ၁၈ နှစ် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းဖြစ်သည်၊ တောင်တန်းနှင့် မြစ်စိတ်ဝိညာဥ်များ၏ နှစ်သက်ခြင်းခံထားရသည်၊ စွမ်းအားကြီး ပုဂ္ဂိုလ်၏ အမွေအနှစ်ရထား၏၊ သင့်ကို ရှုံးနိမ့်ရသည်အား မလိုလားပဲ ပြန်လည်အနိုင်ယူရန် စိတ်အားထက်သန်နေသည်]
ကျန်းဟောင်လည်း ခေါင်းယမ်း၍ ဆေးဥယျာဥ်ကိုသွားလိုက်သည်။ သူလုပ်စရာများရှိနေပါသေး၏။ ကောင်းကင်ရွှင်ပျော်စံအိမ်နှင့် ကောင်းကင်ဘုံရနံ့တာအိုပန်းက သူ့ခေါင်းပေါ် ဝဲနေသည့် ဓားများနှင့်တူသည်။
အန္တရာယ်ကင်းရန် တခုတည်းသောနည်းလမ်းက သူ့အနေနဲ့ ဒီထက်သန်မာလာစေရန်ဖြစ်သည်။