← Chapters

ဝိညာဥ်ကျောက်တုံးများ အမြန်ဆုံးရရှိစေမည့်နည်းလမ်း

Vol. 3 Ch. 40

ဝိညာဥ်ကျောက်တုံးများ အမြန်ဆုံးရရှိစေမည့်နည်းလမ်း

Vol. 3 Ch. 40

ကျင်ကျိုးဟန်က ဘာမှမပြောပေ။ သို့သော် မှတ်ဉာဏ်များအတွင်း နစ်မြုပ်သွားခဲ့သည်။ သူ့အနေနဲ့ ဤနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရန်မှာ မသေချာပေ။ ယွင်ရိုအား အမှတ်ရနိုင်မည့် အခွင့်အရေးမရတော့မည်ကိုပင် စိုးရသည်။

သူမ၏ လှပသည့်ပုံရိပ်များ သူ့ကို အားပေးခဲ့သည်များက မြင်အာရုံတွင် ထင်ဟပ်လာခဲ့သည်။

"စီနီယာအစ်ကိုကျင်သာ ဒီသားရဲကို အနိုင်ယူနိုင်ရင် ကျမ ဟင်းချက်ပေးမယ်"

"စီနီယာအစ်ကိုကျင်ကို ဘယ်သူမှသဘောမကျဘူးလား ကျမ သဘောကျတယ်လေ"

"စီနီယာအစ်ကိုကျင် ကျမ ဒီဝတ်စုံသစ်လေးနဲ့ လိုက်ရဲ့လား"

ရှိလေခဲ့ဖူးသည့် အမှတ်တရများက နှုတ်ခမ်းတွင် အပြုံးတခုဖြစ်တည်လာစေခဲ့သည်။ ထိုအချိန်၌ ငွေရောင်အလင်းတန်းတခု လက်သွားခဲ့သည်။

ဝှစ်

လရောင်ကဲ့သို့ ဆေဘာအလင်းက အရာအားလုံးကို ဖြတ်သွားခဲ့သည်။ အသက်စွမ်းအား စီးထွက်သွားခြင်းနဲ့အတူ အရာအားလုံးတိတ်ဆိတ်သွားခဲ့၏။

ယွင်ရို၏ ပုံရိပ်မှာ ဖျော့တော့မှေးမှိန်လျက်။

ကျန်းဟောင်က ဆေဘာကို သိမ်းပြီး ကျင်ကျိုးဟန်အား တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ ကျင်ကျိုးဟန်၏ အမြင်များမှာ ဝေဝါးလျက် နောက်လှန်ကျသွား၏။

မြေပေါ်ကျသွားပြီးနောက် အတွေးအားလုံး ရပ်ဆိုင်းသွားတော့သည်။

ကျန်းဟောင် သက်ပြင်းချသည်။ ယွင်ရိုက သူ့ကို တကယ်ကြင်နာခဲ့သည်လား သို့မဟုတ် ဆွဲဆောင်ခဲ့သည်လား မသိပါချေ။ ဒါပေမဲ့ အရေးမပါတော့ပေ။ အားလုံးအဆုံးသတ်သွားလေပြီ။

ကျန်းဟောင်မှာ နှလုံးသားမဲ့သူမဟုတ်သော်လည်း အသက်ရှင်ချင်သေးသည်။ ဓားတစ်သောင်းအဆောင်ကို သုံးပြီး သေကြောင်း သေချာစေသည်။

ထိုနေရာတွင် အတော်ကြာကြာရပ်နေခဲ့သည်။ ရွှေအမြုတေအဆင့်ကို တက်နိုင်ခဲ့ခြင်းက အစစ်အမှန်မဟုတ်သလို ခံစားရသည်။ တစ်နှစ်ပင်မကြာသေး အခြေခံတည်ဆောက်ပြီး ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။ အိပ်မက်မက်နေသလားထင်ရသည်။

ကျန်းဟောင်လည်း တည်ငြိမ်စေပြီးနောက် ကမ်းပါးသခင်အား သွားရှာသည်။

ဒီတခေါက် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ခွန်အားနှင့် ကောင်းကင်ဆေဘာခုနစ်ကွက်၏ ငွေလသတ်ဖြတ်ခြင်းကို အသုံးပြုခဲ့သည်။ အလစ်တိုက်ခဲ့ခြင်းမဟုတ်ပါက အခုလောက်လွယ်ကူခဲ့မည်မဟုတ်ပါချေ။

ခူဝူကန်း ရောက်လာသောအခါ အလောင်းကိုကြည့်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေသည်။ သူက ဆေဘာနှင့် ကျန်းဟောင်ကိုကြည့်၏။

"မင်း သူ့ကိုသတ်လိုက်တာလား "

"ဟုတ်ကဲ့"

"အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ကို ရောက်သွားတာလား" ခူဝူကန်းက ဒဏ်ရာကိုကြည့်ပြီး ကျန်းဟောင် ထုတ်ဖော်ခဲ့သည့် ခွန်အားကို မှန်းဆနိုင်သည်။

"ဟုတ်ပါတယ် နတ်ဆိုးအသိုက်ထဲမှာ ကံကောင်းခဲ့တာပါ"

"ဆေဘာနည်းစနစ်ကရော"

"နတ်ဆိုးအသိုက်ထဲကပဲရခဲ့တဲ့ အမည်မဲ့ကျင့်စဥ်ပါ "ကျန်းဟောင် ဖြေသည်။

သူ့ဆရာသာ သက်သေလိုချင်ပါက ချရေးပြီး ပေးလိုက်ရုံဖြစ်သည်။ သူ့တွင် လျှို့ဝှက်ချက်များရှိနေသောကြောင့် ကံကြမ္မာကောင်းကိုသာ ပုံချနေရသည်။ ခဏခဏဆို သံသယဝင်စရာကောင်း၏။

ကံကောင်းစွာ ခူဝူကန်းက ထပ်မမေးခဲ့ချေ။ ကျန်းဟောင်အား ကိစ္စအသေးစိတ်ကိုသာ မေးသည်။ သူလည်း အမှန်တိုင်းပြောပြလိုက်သည်။ သူ၏ ကျင့်ကြံခြင်းကတော့ ချွင်းချက်ဖြစ်သည်။

"မင်းနဲ့ ခွန်အားချင်းကွာမှန်းသိလျက်နဲ့ အလစ်တိုက်ခဲ့တယ်ပေါ့" ခူဝူကန်းက သူ့ကိုကြည့်သည်။

"ဟုတ်ပါတယ်" သူ ခေါင်းညိတ်သည်။

ခူဝူကန်းမှာ အလောင်းကိုယူသွားပြီး သူ့အား ဂရုစိုက်နေရန် မှာကြားခဲ့၏။ ဥပဒေခန်းမက ထပ်လာရှာနိုင်ကြောင်း ပြောခဲ့သည်။

ခူဝူကန်း ထွက်သွားသောအခါ ကျန်းဟောင် သက်ပြင်းချသည်။ သူ အနည်းငယ် နောင်တရမိ၏။ ဆရာသာ သူ့ကို အစစ်အမှန်တပည့်အဖြစ် လက်ခံခဲ့ပါက ပိုလုံခြုံလောက်သည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို အနိုင်မကျင့်ခင် အခါတစ်ရာလောက် အရင်စဥ်းစားရပေမည်။

ဒါပေမဲ့ သူ့ကိုယ်သူသာ အားကိုးရန်ရှိသည်။ ခြံကိုပြန်လာပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းကိုကြည့်သည်။

ကျန်းဟောင် မျက်မှောင်ကြုတ်သည်။ မည်သည့်ပူဖောင်းမှ မရှိပေ။ နေထွက်လာမှပဲ ပူဖောင်းများရမည်လားဟု တွေးမိသည်။

နောက်တစ်ရက်

ကောင်းကင်ဘုံရနံ့တာအိုပန်းကိုကြည့်လိုက်သည့်အခါ ပူဖောင်းက ရှိမနေပြန်ပေ။

တတိယမြောက်နေ့ကျမှ ပူဖောင်းပေါ်လာသည်။

ကျင့်ကြံရေး +၁

အသက်သွေး +၁

"ဒါဆို အခု ပူဖောင်းတွေက သုံးရက်ခြားတစ်ခါဖြစ်သွားပြီပေါ့"

နောက်ထပ်သုံးရက်ကြာပြီးနောက် ပူဖောင်းပေါ်လာသောအခါ သူ၏ မှန်းဆချက်အား အတည်ပြုနိုင်သွားလေသည်။

နှင်းကြာပန်းက ပို၍ အချိန်ယူရသည်။ သုံးရက်မြောက်တွင် အဖြူနဲ့ အစိမ်းသာရပြီး ကိုးရက်ကြာမှ အပြာရောင်ပူဖောင်းရသည်။

ရွှေအမြုတေအဆင့်ကိုတက်၍ တစ်လကြာပြီးနောက် ကျန်းဟောင်၏ အသက်သွေးနှင့် ကျင့်ကြံရေးက ၁၀ မှတ်ကျော်သွားခဲ့သည်။ လက်ရှိ ၁၀ မှတ်က ယခင် ၁၀ မှတ်ထက် ပိုသာသလားဟု သိနေချင်မိသည်။

၎င်းတို့ကိုထုတ်ယူပြီးနောက် စိတ်ဝိညာဥ်စွမ်းအားများစွာ ထွက်ပေါ်လာသည်။ ယခင်ထက် ပိုမိုသိပ်သည်းပြီး အားကောင်းသည်။

ဟုန်မုန့်နှလုံးသားဆုဒြာကိုလည်ပတ်၍ စိတ်ဝိညာဥ်စွမ်းအင်နှင့် အသက်သွေးအား စုပ်ယူသည်။

အတန်ကြာသော် သူ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ကျင့်ကြံခြင်းအား ခိုင်မာစေပြီးလေပြီ။ သူ၏ နယ်ပယ်ကြောင့် ပူဖောင်းများလျော့နည်းသွားသည်ကိုလည်း နားလည်သွားသည်။

ခြံထဲကို လျှောက်လာပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းကိုကြည့်သည်။ နောက်ထပ် သုံးပင်လောက် ထပ်ရှိလျှင် ကောင်းမည်ဟုတွေးမိသည်။ မဟုတ်ပါက အစားထိုးရန် အခြားဆေးပင်များက အမြဲတမ်းဝယ်ယူနေရပေမည်။

ဒါပေမဲ့ သူ့တွင် လစ်လပ်နေသည်မှာ ဝိညာဥ်ကျောက်တုံးများဖြစ်သည်။ အဆောင်ရောင်းခြင်းမှ ၅၀၀ လောက်ရထားသည်။ လက်ကျန်နဲ့ဆို စုစုပေါင်း ၁၀၀၀ လောက်ရှိမည်။

၁၀၀၀ က များသည်ထင်ရပေမဲ့လည်း ရွှေအမြုတေအဆင့် မှော်ရတနာများအား ကြည့်ချင်သေးသည်။ သာမန်ဆေဘာကတောင် ၈၀၀၀ လောက်ကျနိုင်သည်။

သူ အလိုရှိရာဝယ်နိုင်ရန် ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ၊ ၂၀၀၀၀ လောက်လိုသည်။

"ဒါက ဘယ်လောက်တောင်ကြာမှာလဲ "သူ တွေးသည်။ "တခြား ရွှေအမြုတေအဆင့်တွေ ဘယ်လိုလုပ်ကြပါလိမ့်"

ဆေးဥယျာဥ်ကိုသွားပြီး ချန်ချိုးများ သိမလားဟု မေးကြည့်မိသည်။ သူရသည့် တခုတည်းသောအဖြေက ဓားပြတိုက်ရန်ပင်။

"ဟုတ်သားပဲ ကျနော်တို့ စီနီယာအစ်ကိုရဲ့ အကူအညီကိုလိုနေတယ်" ချန်ချိုးက ညွှန်ပြပြီး "အဲဒီမှာ ဝိညာဥ်သားရဲတကောင်လွတ်ပြီး လျှောက်ပြေးနေတယ် ကျနော်တို့ မဖမ်းနိုင်ဘူး"

All Chapters