ငြင်းပယ်ခြင်း
Vol. 24 Ch. 322
ဇူယွမ်က ရယ်မောက ပြောလိုက်သည် “တကယ်တော့ သူ့ကိုယ်သူ သတ်သေသွားတာ”
လီချင်းချန်မှာ ရှုံမဲ့သွားခဲ့သည်။ မူလစဦး နဝမအဆင့် တစ်ယောက်နှင့် ယှဉ်နိုင်သော ပေတစ်ထောင် ရေနေသားရဲ တစ်ကောင်က ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေမည်နည်း။
“မင်းငါ့ရဲ့ မူလမှော်စာလုံး အစီအရင်ကို ပြောင်းလဲ လိုက်တာလား” ထိုအခိုက်တွင် ဇူယွမ်၏ အနောက်ဘက်ဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။ သူက အနောက်သို့ လှည့်ကြည့်လိုက်လျှင် သူ့အား လေပေါ်တွင် ရပ်နေခဲ့ပြီး သူ့အား စူးစိုက်ကြည့်နေသော ယဲ့ကယ်ကို မြင်လိုက်ရသည်။
ယောင်ယောင်မှာလည်း ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲမှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။
ယဲ့ကယ်မှာ ယောင်ယောင်အား သတိအပြည့်ဖြင့် ကြည့်နေခဲ့သည်။ အစောပိုင်းက ရင်ဆိုင်ခဲ့သော တိုက်ပွဲတွင် သူမက မည်မျှပင် အတိုင်းအဆမဲ့စွာ ပါရမီရှိကြောင်း နားလည်ခဲ့ပေသည်။ သူ့အနေဖြင့် မူလမှော်စာလုံးများဖြင့် မည်မျှပင် တိုက်ခိုက်ပါစေ ယောင်ယောင်မှ မည်သည့်အားထုတ်မှုမှ မလုပ်ရပဲနှင့် သူ၏ တိုက်ခိုက်မှု အားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်ပေသည်။
ထိုအရာက သူတို့နှစ်ယောက် အကြားတွင် မည်သူက သာလွန်သည်ကို ဖော်ပြနေပေသည်။
ဒါဇင်နှင့်ချီသော အပြန်အလှန် တိုက်လိုက်မှု အပြီးတွင် ယဲ့ကယ်မှာ ဝန်ခံချင်သည်ဖြစ်စေ မဝန်ခံချင်သည်ဖြစ်စေ ထိုအရာက အမှန်တရားဖြစ်သည်။ ယောင်ယောင်၏ မူလမှော်စာလုံး ကျွမ်းကျင်မှုက သူမျှော်မှန်း ထားသည်ထက် သာလွန်ပေသည်။
ထိုအရာကို သိရှိသွားသည်နှင့် ယဲ့ကယ်မှာ တိုက်ခိုက်နေမှုအား ရပ်တန့်လိုက်သည်။ ယောင်ယောင်က သူ့အား ကစားနေသည်မှာ သိသာနေသည့် အတွက် ဆက်လက် တိုက်ခိုက်နေလျှင်လည်း လိမ္မာပါးနပ်မှု မရှိရာ ကျပေလိမ့်မည်။
ယဲ့ကယ် ပေါ်လာပြီးနောက်တွင် သူက ဇူယွမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ခုန်းစိန်နှင့် လီချင်းချန်မှာ မည်သို့ ဖြစ်ပျက်သွားသည်မှန်း မသိလိုက်ကြ သော်လည်း ရေကန်၏ နက်ရှိုင်းသော နေရာတွင် ရှိနေခဲ့သော မူလမှော်စာလုံး အစီအရင်မှ သူ၏ အာရုံ ခံစားနိုင်မှုများမှာ ထူးဆန်းစွာ ပျောက်ကွယ် သွားသည်ကို သူသိပေသည်။
ထင်မြင်ချက်များ အတူတကွ စုစည်းပြီးနောက်တွင် အဖြစ်နိုင်ဆုံးသော အချက်မှာ ဇူယွမ်က သူ၏ မူလမှော်စာလုံး အစီအရင်ကို ပြုပြင်မွမ်းမံလိုက်ပြီး ပေတစ်ထောင် ရေနေသားရဲကို သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်ရပေမည်။
“မင်းရဲ့ မူလမှော်စာလုံး အစီအရင်ကို ပြောင်းလဲခဲ့တာလား” လီချင်းချန်နှင့် ခုန်းစိန်တို့ ကြောင်အသွားကြပြီး ဇူယွမ်အား မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်မှာ မူလမှော်စာလုံး ကျွမ်းကျင်သူများ မဟုတ်ပေသော်လည်း ထိုအရာနှင့်ပတ်သက်ပြီး အကြမ်းဖျင်း နားလည်ပေသည်။ ထို့ကြောင့် မူလမှော်စာလုံး အစီအရင် တစ်ခုကို ပြုပြင်မွမ်းမံရန် မည်မျှခက်ခဲကြောင်း သိပေသည်။
ထိုသို့ လုပ်ဆောင်ရန် မူလမှော်စာလုံး အစီအရင်နှင့် ပတ်သက်ပြီး အလွန်အမင်း သိနားလည်ရန် လိုအပ်ပေသည်။
သို့သော်လည်း ဇူယွမ် ထိုမူလမှော်စာလုံးနှင့် ထိတွေ့ခဲ့သည်မှာ မည်မျှသာ ကြာခဲ့သနည်း။
လီချင်းချန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သည်ကိစ္စ မတိုင်မီတွင် သူမက ဇူယွမ်ပေါ် အချို့သော အမြင်မကြည်မှုများ ရှိနေပေသည်။ ယောင်ယောင်မှာ သူ့ကို ကာကွယ်နေသည့်ကို မြင်ခဲ့ပြီးနောက်တွင် သူ့အား အမျိုးသမီး တစ်ယောက်၏ အကာအကွယ် အောက်တွင်သာ နေသည့် ညံ့ဖျင်းသော ယောက်ျားတစ်ယောက်ဟု ထင်မြင်ခဲ့ပေသည်။
သို့သော်လည်း အခုတွေ့ရသော မြင်ကွင်းက သူမမှာ သူနှင့်ပတ်သက်ပြီး မှားယွင်းနေကြောင်း တွေ့ခဲ့ရပေသည်။
ဇူယွမ်မှာ ထိုသုံးယောက်၏ အကြည့်များကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး တုံ့ပြန်ခဲ့ပေသည်။ ထိုအကြောင်းကို စိတ်ရှုပ်ခံကာ မည်သည့်အရာကိုမှ ရှင်းပြမနေတော့ပဲ သူ၏ သိုလှောင်အိတ် အတွင်းမှ ပေတစ်ဝက်မျှ ကြီးမားသည့် မူလ နဂါးအဆီအနှစ်ကိုသာ ထုတ်ယူလိုက်သည်။
ထိုအရာ ပေါ်လာသည်နှင့် ခုန်းစိန်နှင့် လီချင်းချန်တို့၏ အကြည့်များမှာ ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
ခုန်းစိန်က ဇူယွမ်ကို ကြည့်လိုက်ပြီး နောက်တွင် သူ၏ ခက်ထန်နေသော မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး “ညီတော်၊ အဲဒီပစ္စည်းကို အစ်ကို့ကိုပေးပါလား မင်းသေချာပေါက်ကို စိတ်ဝင်စားမဲ့ ကတိမျိုးကို ငါပေးနိုင်ပါတယ်”
လီချင်းချန်မှာ ခုန်းစိန်ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး “ခုန်းစိန် နင်ဒါကို လက်မလွတ် နိုင်သေးဘူးလား”
“မင်းသာပေးဖို့ ဆန္ဒရှိရင် အရာအားလုံးမှာ တန်ဖိုးရှိတယ်” ခုန်းစိန်က ချက်ချင်းပင် ပြုံးလိုက်သည်။ သူ၏အကြည့်က ဇူယွမ်ပေါ်သို့ ပြန်ရောက်သွားပြီး “မင်းက မူလ သူတော်စင်တောင်ထွတ်က ညီငယ်လေး ဇူယွမ်၊ ဟုတ်တယ်မလား”
“မင်းသာ ငါ့ကို အဲဒါပေးလိုက်ရင် ငါမင်းကို မူလ သူတော်စင် တောင်ထွတ်က တပည့်ခေါင်းဆောင် တစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်တယ်”
လီချင်းချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “ခုန်းစိန်၊ တပည့် ခေါင်းဆောင်တိုင်းက မရေမတွက်နိုင်တဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီးမှ ဖြစ်လာတာ။ နင်မှာ အဲဒါကို ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး”
ခုန်းစိန်က ပြုံးလျက်ပင် “ငါမှ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်း မရှိရင်တောင် ညီတော် ယွမ်ဟုန်းကို ဘေးဖယ် နေခိုင်းလိုက်လို့ ရတယ်”
ဇူယွမ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။ လက်ရှိ အခြေအနေတွင် ယွမ်ဟုန်းမှာ တပည့်ခေါင်းဆောင် နေရာအတွက် အကြီးမားဆုံးသော ယှဉ်ပြိုင်ဘက်ကြီး ဖြစ်သည်။ ယွမ်ဟုန်းသာ ဘေးဖယ်နေလိုက်ပါက အကြီးအကဲစိန်းတို့ အုပ်စုအတွက် အမှန်ပင် အကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်သည်။
ပြောရလျှင် ထိုကမ်းလှမ်းချက်မှာ သူ၏ စိတ်နှလုံးကို လှုပ်ခါစေနိုင်ပေသည်။
ဇူယွမ်၏ အမူအရာကို မြင်သောအချိန်တွင် ခုန်းစိန်၏ အပြုံးမှာ ပိုမို တောက်ပလာခဲ့သည် … “မင်းဘယ်လိုထင်လဲ ညီငယ်လေး ဇူယွမ်”
ဇူယွမ်မှာ ထိုအခိုက်တွင် စဉ်းစားနေခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည် “အစ်ကိုတော်ရဲ့ ကမ်းလှမ်းချက်က အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်...”
သူက ပြုံးစစနှင့် အေးစက်စက် မျက်နှာဖြင့် ရှိနေသည့် လီချင်းချန်ကို လှမ်းကြည့်လိုက်ပြီးနောက် “မင်းကော ဘယ်လိုထင်လဲ အစ်မတော်လီ”
လီချင်းချန်မှာ သူ့အား အေးစက်စက် လှမ်းကြည့်လိုက်ပြီးနောက် သရော်လိုက်သည် “ငါကတော့ တူညီတဲ့ ကမ်းလှမ်းချက် ပေးနိုင်မှာ မဟုတ်ဘူး”
ဇူယွမ်မှာ ခုန်းစိန်၏ ကမ်းလှမ်းမှုကို စိတ်ပါနေပြီး သူ့ထံမှ ပိုမိုကောင်းမွန်သော ကမ်းလှမ်းမှု ရှိမလား ရည်ရွယ်ချက်ရှိရှိ မေးနေသည်ကို သူမသေချာသိပေသည်။ သူမသာ ငြင်းပယ်လိုက်ပါက အစောပိုင်းတွင် သူမတို့ အရင်က သဘောတူထားသည်များ အားလုံး ပျက်စီးသွားနိုင်ပြီး ခုန်းစိန်နှင့်သာ အပေးအယူ ဖြစ်သွားနိုင်ပေသည်။
သို့သော်လည်း ထိုအရာက တော်တော်လေး အရှက်မဲ့သော လုပ်ရပ်ဖြစ်သည်။ လီချင်းချန် အနေဖြင့် ယခင်က သဘောတူညီခဲ့သည် များကို ပြောပြီး ခြိမ်းခြောက် သတိပေး နိုင်သော်လည်း သူမမှာ မာနကြီးသော အမျိုးသမီး တစ်ယောက် ဖြစ်သည့်အတွက် ထိုသို့ မလုပ်လိုခဲ့ပေ။ သူမ၏ ထင်မြင်ချက်အရ သူမမှာ သူမမှာ အနည်းငယ် ပျော့ညံ့သွားပေသည်။
ယခုအချိန်တွင် သူမမှာ ဇူယွမ်နှင့် ပတ်သက်ပြီး များစွာ စဉ်းစားခဲ့ခြင်း မရှိသည့်အတွက် မှားယွင်းသောသူနှင့်သာ သဘောတူညီမူလုပ်ပြီး ပူးပေါင်းမိခဲ့သည်ဟု ပြောနိုင်တော့ပေသည်။
“ဒါကြောင့် ရင်းနှီးဖော်ရွေမှုကို ပြသရန်မလိုပေ”
ဇူယွမ်က အကူအညီမဲ့စွာဖြင့် ပခုံးတွန့်လိုက်ပြီးနောက် ခုန်းစိန်အား ပြုံးပြလိုက်ပြီး “အစ်ကိုတော် ခုန်းစိန်၊ အစ်ကိုတော်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် အရမ်း နှစ်သက်ပေမဲ့လည်း။ အစ်ကိုတော့်ကို တောင်းပန်ပါရစေ။ ကျွန်တော်က ဒီမူလနဂါး အဆီအနှစ် သလင်းကျောက်ကို အစ်မတော်လီကို ပေးမယ်လို့ ကတိပေးပြီးသား ဖြစ်နေခဲ့ပြီ”
ခုန်းစိန်နှင့် လီချင်းချန်တို့မှာ အံ့အားသင့်သွားကြသည်။
ခုန်းစိန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ပြီး ညင်သာစွာ ပြောလိုက်သည် “မင်းက... ငါ့ကို ငြင်းလိုက်တာလား”
သူက ဇူယွမ်ကို စိုက်ကြည့်နေခဲ့ပြီး သူ၏ အပြုံးတွင်လည်း အန္တရာယ် အငွေ့အသက်များ ပါဝင်နေခဲ့ပေသည်။
ကန်ရွှမ်းကလန်တွင် ရွှေရောင်ခါးစည်း တပည့်တစ်ယောက်က သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ် ရဲသည်တဲ့လား။
သို့သော်လည်း ဇူယွမ်မှ အန္တရာယ် အငွေ့အသက်ကို သတိမပြုမိသည့်အလား ပြုံးရုံမျှသာ ပြုံးနေခဲ့ပြီး ခေါင်းငုံ့လျက် တောင်းပန်နေသော မျက်နှာဖြင့် ပြောနေခဲ့သည် “ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး”
“ထပ်ပြီးတော့ စဉ်းစားကြည့်ပါလား” ခုန်းစိန်၏ အနက်ရောင် ကျောက်တုံးကဲ့သို့ မျက်လုံးအစုံမှာ ကျဉ်းမြောင်းလျက် ရှိသော်လည်း နောက်တစ်ကြိမ် ပြုံးလိုက်ကာ ပြောလိုက်သည်။
ဇူယွမ်မှာ ခက်ခဲနေဟန်ဖြင့် ခေါင်းခါလိုက်သည်။
“ဟက်…”
ခုန်းစိန်မှာ ညင်သာစွာ ရယ်မောလိုက်ပြီး ဇူယွမ်အား လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောလိုက်သည် “မင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ...”
“ဇူယွမ်လို့ ခေါ်တာမလား...”
မဖော်ပြနိုင်သော မျက်ဝန်းများဖြင့် သူက ဇူယွမ်အား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက် …
“ကောင်းပြီ ဒါကို ငါအမှတ်ရနေမယ်...”
သူက လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ ရေပြင်ပေါ်မှ လမ်းလျှောက်ကာ ထွက်သွားတော့သည်။
ယဲ့ကယ်မှာလည်း ဇူယွမ်ကို ထပ်ကာ ကြည့်လိုက်သည်။ သိသာစွာပင် ထိုကောင်လေးက ခုန်းစိန်ကို မျက်နှာသာ မပေးသည်မှာ အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းပေသည်။ သည်ကောင်လေးက အမှန်တကယ်ပင် ကျားကို မကြောက်တတ်သေးသော နွားပေါက်လေး တစ်ကောင်ပင် ...
သို့သော်လည်း အဆုံးတွင် သူက ဘာမှ မပြောတော့ပေ။ ယောင်ယောင်ကိုသာ လက်သီးနှစ်ဖက် ဆုပ်ကာ နှုတ်ဆက် လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ရေကန်၏ မျက်နှာပြင်ပေါ်တွင် ဇူယွမ်မှာ ခုန်းစိန် ထွက်သွားသည့်ဘက်ကို ကြည့်ကာ ပခုံးတွန့်လိုက်သည်။
“ကြည့်ရတာ ငါတော့ တစ်ယောက်ယောက်ကို အပြစ်ပြုမိသွားပြီ...”