မိုင်းတွင်းအောက်က ရတနာ
Vol. 4 Ch. 57
"ကြည့်ရတာ ငါမှာထားတာကို အလေးမထားဘူးထင်တယ်" ဟုန်ယွီယဲ့၏ အော်ရာက ယန်စီမြစ်ကဲ့သို့ ကျယ်ပြန့်ကြီးမားစွာ ထိုးတက်လာခဲ့သည်။
"စီ စီနီယာ" ကျန်းဟောင် ထစ်အသွား၏။ "မဟုတ်ရပါဘူး စီနီယာ လက်ဖက်ရွက်ရှာဖို့လုပ်နေတုန်း မိုင်းတွင်းဆီ အခေါ်ခံရလို့ပါ ဂိုဏ်းအမိန့်ဆိုတော့လည်း ကျနော် မငြင်းနိုင်ပါဘူး ပန်းကိုလည်း အမြစ်နုတ်ပြီး ယူမလာနိုင်ဘူးလေ ဒီနေရာက စိုက်ပျိုးဖို့ မသင့်တော်ဘူး "
ဟုန်ယွီယဲ့က သူ့ကိုကြည့်ပြီးမှ လွှတ်ပေးလိုက်သည်။ သူမက တူရွင်းကို ကောက်ယူ၍ "မိုင်းတူးရတာ ကြိုက်လား"
"ကျနော် အခုမှစ..."
ဟုန်ယွီယဲ့က ကြည့်လိုက်ပြန်သဖြင့် သူ ပါးစပ်ပိတ်သွားရပြန်သည်။ "ဟုတ်ကဲ့ ကြိုက်ပါတယ်"
တူရွင်းအား သူ့ဆီ ပြန်ပစ်ပေး၍ လမ်းလျှောက်ထွက်နေသည့်အလား ပေါ့ပေါ့ပါးပါး ထွက်ခွာသွားလေသည်။
"လိုက်ခဲ့"
ကျန်းဟောင်လည်း မနှောင့်နှေးရဲပေ။ ဟုန်ယွီယဲ့က မိုင်းတွင်းအစွန်တွင် ရပ်လိုက်သည်။
"စီနီယာ ဒီမှာ လူအများကြီးရှိတယ်" ကျန်းဟောင် သတိပေးသည်။
သူမက ကြည့်ပြီး "လူမြင်သွားလို့ ငါ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာလား ဒါမှမဟုတ် ငါနဲ့အတူရှိနေတာကိုတွေ့သွားလို့ မင်း ဒုက္ခရောက်မှာကိုစိုးနေတာလား "
"စီနီယာကို စိတ်ပူလို့ပါ " သူလိမ်လိုက်သည်။ ဒါပေါ့ သူ့ကိုယ်သူ အစိုးရိမ်ဆုံးဖြစ်ပေသည်။
"မင်းရဲ့ အလိမ်အညာတွေက မရပ်သေးဘူးပဲ "သူမက မိုင်းတွင်းကိုကြည့်၍ " ဒီမှာ အမွေအနှစ်ရှာတွေ့ခဲ့လား"
ကျန်းဟောင် တွန့်ဆုတ်လျက် ခေါင်းညိတ်သည်။ သူ၏ အားသွန်ခွန်စိုက် မိုင်းတူးခြင်းအတွက် ဤအကြောင်းပြချက်ကိုသာ ပေးရပေမည်။ ထို့အပြင် သူ အဆင့်တက်ထားတာ မကြာသေးပါချေ။ အလယ်အလတ် ရွှေအမြုတေအဆင့်သို့ ရောက်နေမှန်း သူမ သိတန်ကောင်းလောက်သည်။
ဒီအမျိုးသမီး လျှို့ဝှက်ချက်မည်မျှသိထားသည်ကို ဘုရားမှသိပေမည်။
"ဒီမိုင်းတွင်းက ရှေးယခင်က စစ်ပွဲကြီးတခုရဲ့ ဗဟိုချက်ဖြစ်ခဲ့တယ်လို့ဆိုတယ် ဒါကြောင့် ဒီနေရာမှာ ရတနာတွေ အများကြီးကျန်ခဲ့တယ်တဲ့ လူတော်တော်များများ အချိန်ကုန်ခံပြီး လာတူးဖော်ကြတယ် တချို့ကတော့ ရတနာတွေက အနက်ပိုင်းမှာရှိနေတယ်ဆိုပြီး မိုင်းကြောတခုလုံးကို ဖောက်ခွဲချင်ကြတယ်" ဟုန်ယွီယဲ့က ပြောသည်။
သူမအသံက အရေးမကြီးသည့်အရာတခုကို ပြောနေသည့်အလားဖြစ်သည်။ သို့သ်ော ထိုစကားလုံးများက ကျန်းဟောင်ကို ရှော့ရစေခဲ့သည်။ စစ်ထူကျန်းနှင့် အခြားသူများ၏ အကြံထဲတွင် ဒဏ္ဌာရီများက အစစ်အမှန်လားဟု စမ်းသပ်ချင်သည့် အကြောင်းရင်းလည်း ပါနိုင်သည်။
မည်သူမှ မပြောဖူးသည့်အတွက် ဒီလိုဒဏ္ဌာရီအား ကျန်းဟောင် တခါမှမကြားဖူးပါချေ။ စစ်ထူကျန်းတို့ သိမသိကိုတော့ အတပ်မပြောနိုင်ပါချေ။
သို့သော် သူတို့အကြံသာအောင်သွားပါက မိုးပြာတောင်တန်းအား အနိုင်ရသည့်တိုင် ကောင်းကင်ရှင်းလင်းဂိုဏ်းက ဆုံးရှုံးမှုများပြားပေမည်။
"စီနီယာကရော ရတနာအတွက်လာတာပါလား" သူ မေးကြည့်သည်။
မိစ္ဆာမပင် လိုချင်နေသည့် ရတနာက မည်မျှအဖိုးတန်ကြောင်း သူ မသိပါချေ။ ရတနာကိုလည်း မလိုချင်ပါချေ။ ဥပဒေခန်းမသာ ရတနာဖွက်ထားကြောင်း စစ်ဆေးတွေ့ရှိသွားပါက အမဲလိုက်သလို လိုက်ကြပေမည်။
သူ ရတနာကိုရှာတွေ့ခဲ့ရင်တောင် လက်လွှဲပေးလိုက်မည်ဖြစ်၏။ မလိုအပ်ပဲ အာရုံစိုက်မခံချင်ပါချေ။ သူက ဆေးပင်များကိုသာ ဂရုစိုက်တတ်သည့် သာမန်တပည့်ဟုသာ အခြားသူများကို သိစေချင်၏။
ဟုန်ယွီယဲ့က သူ့ကိုကြည့်ပြီး ပြန်မဖြေချေ။ သို့သော် သူမ အကြည့်တွင် အထင်သေးမှုများ ပါနေသလိုပင်။
ကျန်းဟောင်လည်း စိတ်လေးသွားခဲ့၏။ ငါ ဘာမှားပြန်ပြီလဲကွာ။
သူ့ရဲ့ နောက်ခံ သို့မဟုတ် ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့်လောက်နှင့် သူ့ကို လာရှာနေခြင်းမဟုတ်ဟု ခံစားနေရသည်။ အခြားအကြောင်းရင်းတခုရှိမလား။
ယန်ဂူအဆိပ်ကြောင့်များလား။
သူမနှင့် ရင်ဆိုင်တွေ့ရသည့်အခါ တခုခုမှားယွင်းသွားမည်ကို သူ အမြဲတမ်းစိုးရိမ်နေရသည်။ သူမက ပေးသည့်ဖိအားက ကောင်းကင်ရွှင်ပျော်စံအိမ်၊ နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်သူတော်စင်ဂိုဏ်းတို့ထက်ပင် ပိုပါသေး၏။
အေးဆေးနေချင်သည့် ကျန်းဟောင်မှာ မသိလိုက်မသိဘာသာဖြင့် လူများစွာကို ဆန့်ကျင်မိထားခဲ့သည်။
သူ သက်ပြင်းချလိုက်၏။
ဟုန်ယွီယဲ့က လှည့်ထွက်ပြီး ခြေလှမ်းလိုက်ရာ လေထဲ ပျောက်ကွယ်သွားခဲ့သည်။ အသံတခုက သူ့စိတ်ထဲ ဝင်ရောက်လာ၏။ "မှတ်ထားပါ မင်းတာဝန်က ငါ့ရဲ့ပန်းကို ဂရုစိုက်ပေးဖို့ပဲ နောက်တခါ မိုင်းတွင်းထဲမှာ ထပ်တွေ့ရရင် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်"
ကျန်းဟောင် ဆွံ့အသွား၏။ သူ မိုင်းတွင်းထဲတွင် ဆက်မနေနိုင်တော့ပေ။
သူ မိုင်းတွင်းထဲဝင်လိုက်ပြီးနောက် ပြုံးပြနေသည့် ဟွားရန်အား တွေ့လိုက်ရသည်။ သူမ၏ အကြည့်က သူ့အပေါ် အမြဲရောက်နေမှန်း ခံစားရလေသည်။ သူမကြည့်နေသည်ကိုတွေ့တိုင်း ကြက်သီးထလာ၏။
"ဂျူနီယာမောင်လေးကျန်း ဦးဆောင်တဲ့အဖွဲ့က အရမ်းအလုပ်တွင်တာပဲ ကြည့်ရတာ ဒီအလုပ်က မင်းနဲ့ သင့်တော်တယ်ထင်ပါရဲ့"
သူမကို ပျော်ရွှင်နေစေခြင်းက တိုက်ခိုက်မှုများကို နှောင့်နှေးထားနိုင်ပေမည်။ သူသာ ကောင်းကောင်း လုပ်နေပါက သူမ ကျေနပ်နေပေလိမ့်မည်။
ကောင်းမွန်သည့် တိုးတက်မှုက ဆုလာဘ်ကောင်းများကို ရရှိစေပေလိမ့်မည်။ ကျန်းဟောင် ကြိုးစားလေ ရန်ဟွားက ဆုလာဘ်ရလေဖြစ်သောကြောင့် လောလောဆယ် အဆင်ပြေနေပေမည်။
သူမကို ကျေးဇူးတင်၍ မိုင်းတူးရန်ထွက်လာခဲ့သည်။ ဖြစ်နိုင်ပါက နောက်တဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံးတက်ရောက်ချင်လေသည်။ ရန်သူထက် သန်မာနေမှ တော်ကာကျမည်။
နောက်ပြီး မိစ္ဆာမ ပြောသွားသည့်အတိုင်းဆို ကောင်းကင်နက်ဂိုဏ်း၏ အကြံတွင် မိုင်းတွင်းထဲက ရတနာကို ရယူချင်သည့် ကိစ္စလည်းပါနေနိုင်သည်။
ညတွင် စစ်ထူကျန်းနှင့် အခြားသုံးဦးက သူတို့ စခန်းချရာကိုပြန်လာကြသည်။ လေမိုးဒဏ်မှကာကွယ်ရန် တဲလေးတခုထိုးထားသည်။ နေရာက သိပ်မကျယ်သောကြောင့် ခပ်ကြပ်ကြပ်နိုင်သည်။
"အချိန်မကျသေးဘူးလား" ပေ့ရွှယ်က မေးသည်။ သူမ မျက်နှာက အတန်ငယ်ခြောက်ကပ်ကပ်ဖြစ်နေသည်။
"ခုနစ်ရက် ရှစ်ရက်လောက်လိုသေးတယ်" ကျင်းရုပြောသည်။ "အဆောင်နဲ့လူက သိပ်မလှုပ်ရှားလို့ တည်နေရာပတ်လည်ကို သတ်မှတ်ဖို့ မလွယ်ဘူးဖြစ်နေတယ် ဒါကြောင့် နှေးနေတာ "
"စွန့်စားရတာပဲ သူ လှုပ်ရှားလာခဲ့ရင်ရော" ရှန့်ကွမ်းဝမ် ပြောသည်။
"အဲ့လိုဖြစ်လာမှာမဟုတ်ဘူး" ကျင်းရုပြုံး၍ " ကျန်းဟောင်က အရမ်းရက်စက်တဲ့လူမဟုတ်ဘူး သူ့ကိစ္စကိုပဲ ဂရုစိုက်တတ်တဲ့လူမျိုးဖြစ်ပုံရတယ် အဆောင်တွေကို တိုက်ရိုက်လွှဲပေးလိုက်မယ်မထင်ထားမိဘူး သူက ရိုးသားတဲ့လူပဲ ဒါပေမဲ့ ငါ အဆိုးဆုံးထိပြင်ဆင်ထားတယ် ငါဖမ်းခံရရင် မင်းတို့ကို ဖော်မှာမဟုတ်ဘူး အဆောင်တွေကိုဖျက်ဆီးဖို့ ရွှေအမြုတေအဆင့် တစုံတယောက်ကိုသာမလိုဘူးဆိုရင် ငါတို့ ဒီလောက်ထိ ဒုက္ခများနေရမှာမဟုတ်ဘူး"
ကျင်းရုက စစ်ထူကျန်းကိုကြည့်ပြီး "မင်းရဲ့ပြင်ဆင်မှုရော ဘယ်နှယ့်လဲ"