← Chapters

ငါ့ကို စမ်းဖို့မကြိုးစားနဲ့

Vol. 4 Ch. 60

ငါ့ကို စမ်းဖို့မကြိုးစားနဲ့

Vol. 4 Ch. 60

ရန်ဟွား၏ အကြည့်က သူ့အပေါ် ရောက်နေကြောင်း ကျန်းဟောင် ခံစားနေရသည်။ သူ လှည့်ကြည့်လိုက်သောအခါ တကယ်ပဲ သူမက ကြည့်နေပြီး တောက်ပစွာ ပြုံးပြသည်။

ကျန်းဟောင် ခေါင်းညိတ်ပြပြီး ဝင်သွားသည်။ သူ့ကို ပစ်မှတ်ထားနေသည့် ခံစားချက်က မကောင်းလှပေ။ ထို့အပြင် ရန်ဟွား၌ သူ့အတွက် လှည့်ကွက်များရှိနေသေး၏။

မိုင်းတွင်းထဲရောက်သောအခါ ကျန်းဟောင်က နေရာတခုကိုရှာလိုက်သည်။

"ဒီနေ့ ဒီမှာတူးရအောင်ဟေ့"

မည်သူကမှ မငြင်းဆန်ကြပါချေ။ ပုံမှန်လည်း တနေရာတည်းကိုတူး၍ ကောင်းသည့်အရာ များများစားစား မရပါက နေရာပြောင်းတတ်ကြသည်။

လူတိုင်း အလုပ်များနေကြစဥ် ကျန်းဟောင်က စစ်ထူကျန်းနှင့် အခြားသုံးဦးကို ကြည့်သည်။ ၎င်းတို့က အနည်းငယ် ခပ်ခွာခွာနေနေကြောင်း သတိပြုမိသည်။

လေးယောက်သား အခြားသောအကျဥ်းသားများနားတွင် ကပ်နေကြသည်။

၎င်းတို့ထဲမှ တယောက်မှာ မနေ့ကအမျိုးသမီးဖြစ်သည်။ သူမကလည်း ကောင်းကင်နက်ဂိုဏ်းက ကယ်တင်မည့် လူစာရင်းတွင် ပါဝင်ဟန်ရသည်။

ကျန်းဟောင် အနည်းငယ် စိုးရိမ်သွား၏။ သူက ဂိုဏ်းပြင် မထွက်သောကြောင့် အခြားဂိုဏ်းများ၏ ပစ်မှတ်ထားမှုကို ဂရုမစိုက်ချေ။ အနည်းဆုံးတော့ ဂိုဏ်းထဲတွင် ကောင်းကင်ရွှင်ပျော်စံအိမ်သာ ရှိပေမည်။

သို့သော် ကောင်းကင်နက်ဂိုဏ်း တိုက်ခိုက်လာပါက အမျိုးသမီးက စစ်ထူကျန်းနှင့် အခြားသူများကို အမိန့်ပေး၍ သူ့ကို သတ်ခိုင်းမည်အား စိုးသည်။

စစ်ထူကျန်းနှင့် အခြားသူများ၊ ရန်ဟွားနှင့် တိုက်ခိုက်လာသူများကို စိုးရိမ်ရပေမည်။

စစ်ထူကျန်းတို့ လှုပ်ရှားလာပါက သူ အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားလိုသည်။

သူ၏ နောက်ခြေလှမ်းအား သိထားသည်။ ရှီယုဖြင့် မိစ္ဆာအသံဓားချက်အား အသုံးပြု၍ ရန်သူများကို အတတ်နိုင်ဆုံးရှင်းလင်းကာ ဤနေရာမှလွတ်မြောက်အောင် လုပ်ရပေမည်။

ဒါက သူ့ရဲ့ နောက်ဆုံးနည်းလမ်းဖြစ်သည်။ ဤသို့သော အကြမ်းပတမ်း နည်းလမ်းကို မသုံးချင်သောကြောင့် သူ့ကို လာတိုက်ခိုက်သူ မရှိပါစေရန် မျှော်လင့်မိသည်။

ကျန်းဟောင်က တူရွင်းကိုကိုင်၍ မိုင်းတူးရန်ပြင်သည်။ ရန်သူ ဘယ်အချိန်တွင် တိုက်ခိုက်လာမည်ကိုမသိသောကြောင့် ဒီတိုင်း ထိုင်မစောင့်နိုင်ပါချေ။

စစ်ထူကျန်းက မောက်မာသည့် ရမ်ရှောင်းအား အသံပို့လွှတ်နေသည်။ "ဂျူနီယာညီမရမ် ငါ မင်းကိုလာကယ်တာပါလို့ပြောသားပဲ ဒါပေမဲ့ ပြောစကားနားမထောင်ရင် နောက်မှာချန်ခဲ့ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး အဲ့တာဆို မင်းဒီမှာ တသက်လုံးနေနေရလိမ့်မယ် ဒီကနေ ခေါ်သွားတဲ့အခါ ငြိမ်ငြိမ်နာခံပါ မင်းအသက်က ငါ့လက်ထဲမှာရှိတယ် ငါ့ကို စမ်းသပ်ဖို့ မကြိုးစားနဲ့"

ရမ်ရှောင်းက ခေါင်းငုံ့၍တူးနေပြီး ဘာစကားတစ်ခွန်းမှ မပြောပေ။ သူမကို ကယ်တင်ပေးမည့်သူအား မျှော်လင့်နေသော်လည်း တဖက်က သူမထက် ကျင့်ကြံဆင့်မြင့်နေသောအခါ မဆန့်ကျင်နိုင်ပါချေ။

မွန်းတည့်ချိန် ရန်ဟွားက ကောင်းကင်ကိုကြည့်ပြီး ပြုံးသည်။ သူမက မိုင်းတွင်းထဲ ရောက်ချလာ၏။ ထိုသို့ ရုတ်တရက် ရောက်ချလာသည်အား မည်သူမှ မမေးရဲပါချေ။

ဂူထဲတွင် လူတိုင်း နားနေကြသည်။ စစ်ထူကျန်းနှင့် အခြားသူများက အပြင်ဖက်တွင် ထိုင်နေကြသည်။ ရမ်ရှောင်းလည်း အတူရှိနေ၏။

သူမသာမဟုတ် အသက်သွေးသန့်စင်ခြင်းအဆင့် လူအချို့လည်း စိုးရိမ်နေကြသည်။ ဒီနေ့ဖြစ်လာမည့်ကိစ္စအား သူတို့သိထားကြသည်။

ရှန့်ကွမ်းဝမ်တို့မှာမူ ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်၍ တည်ငြိမ်နေကြသည်။

ကျန်းဟောင်လည်း အနားယူနေရင်း ဝိညာဥ်စွမ်းအားလှုပ်ခတ်မှုကို အာရုံခံမိသည်။ ၎င်းက အတော်အားပျော့သည်။

"ရောက်လာပြီ"

လခြမ်းဆေဘာကိုကိုင်၍ ပြင်ဆင်မှုများလုပ်ဆောင်သည်။

ဘုန်း

အပြင်ဖက်မှ ပေါက်ကွဲသံကြီးထွက်လာသည်။ ဂူတခုလုံး တုန်ခါသွား၍ အစိတ်အပိုင်းတချို့ ပြိုကျသွားခဲ့သည်။

ကံကောင်းစွာ ကျန်းဟောင်တို့မှာ ပြိုကျသွားသည့်နေရာတွင် ရှိမနေပါချေ။ စစ်ထူကျန်းတို့ ရန်ဟွားနဲ့အတူ သူ့ကို တိုက်ခိုက်လာမည်အား စိုးရိမ်သွားသည်။

စစ်ထူကျန်းက လျင်သည်။ အဆောင်တချို့ကို ဆုတ်ဖြဲ၍ အခြားသူများနဲ့အတူ နောက်ဆုတ်သွားသည်။

"ရောင်းရင်းကျန်း အပြင်မှာ တခုခုဖြစ်နေပုံပဲ ငါသွားကြည့်လိုက်မယ်" စစ်ထူကျန်းတို့ ထွက်သွားခဲ့သည်။

ကျန်းဟောင် စိတ်သက်သာရသွား၏။ ဒါက သူ့ကို အချိန်တချို့ရစေသည်။

ဝူကျင်းမှာ စစ်ထူကျန်းတို့ ခွင့်ပြုချက်မရှိပဲ ထွက်ပြေးသည်အား ဒေါသဖြစ်သွားဟန်ရပြီး လိုက်ဖမ်းရန်လုပ်သော်လည်း သူ တားလိုက်သည်။ "ဒီမှာနေပြီး တခြားသူတွေကို စောင့်ကြည့်ထား ငါ အပြင်ကို သွားကြည့်လိုက်မယ်"

ဝူကျင်း၏ တုံ့ပြန်မှုကို မစောင့်ပဲ သူ ပြေးထွက်သွားလိုက်သည်။

စစ်ထူကျန်းတို့က ကြိုတင်ပြင်ဆင်ထားသည့် လမ်းကြောင်းကနေ ထွက်ခွာသွားခြင်းဖြစ်ပေမည်။ ပေ့ရွှယ်ကို အကဲဖြတ်တုန်းက တည်နေရာကိုရထားသည်။ သူလုပ်ရမှာက ထိုလမ်းကြောင်းကို ရှောင်ဖယ်ရန်ပင်။

မိုင်းတွင်း အပြင်ကိုတော့ မထွက်နိုင်ပေ။ ရန်ဟွားက ကျိန်းသေစောင့်နေပေမည်။ အခြားဂူများကိုရှာပြီးမှ မည်သို့ ရင်ဆိုင်ရမည်ကို ကြည့်ရပေမည်။

ကျန်းဟောင် ထွက်သွား၍မကြာမီ ရန်ဟွားက ဝူကျင်းနားတွင် ပေါ်လာ၏။

"ကြီးကြပ်သူရန်" ဝူကျင်းက နှုတ်ဆက်သည်။

ရန်ဟွားကြည့်လိုက်ရာ ဂူထဲ လူများစွာပျောက်နေကြောင်း သတိထားမိသည်။ သို့သော် သူမ ဂရုစိုက်သည်က တယောက်တည်းသာဖြစ်သည်။

"ကျန်းဟောင် ဘယ်မှာလဲ"

"စီနီယာအစ်ကိုကျန်းက အပြင်က အခြေအနေကိုကြည့်ဖို့ သွားပါတယ် ကျနော့်ကို ဒီမှာစောင့်ခိုင်းထားပါတယ် "

"ဟုတ်လား" ရန်ဟွားက ပြုံးသည်။

"ဒါဖြင့် ဆက်စောင့်နေပေါ့ သူ ပြန်မလာမခြင်း ဒီကနေ ထွက်သွားခွင့်မရှိဘူး "

"ဟုတ်ကဲ့" ရန်ဟွား၏ အပြုံးက ကြောက်စရာကောင်းသောကြောင့် ဝူကျင်း ခေါင်းငုံ့လိုက်သည်။

All Chapters