← Chapters

အရူး

Vol. 100 Ch. 1486

အရူး

Vol. 100 Ch. 1486

“ ဟုတ်တယ်… သူ အခု မိန်းကလေးကို အပေါ် လေးလွှာက အစည်းအဝေးခန်းထဲမှာ စောင့်နေတယ်… ဒီတိုင်း တက်သွားလို့ ရတယ်..”

“ အိုး… အိုကေလေ… ကျွန်မ အခုပဲ သွားလိုက်မယ်…”

အန်းနင် တန်းတန်းမတ်မတ် ထပ်မတွေးနိုင်တော့ချေ။ အဘယ်ကြောင့် ချောင်ကွေ့ဖျင်ကဲ့သို့သော ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးက သူမကို တွေ့ချင်နေရသနည်း။

“ စီကျင်း… ငါ့ကို ဒီမှာ ခဏစောင့်နေနော်…”

“ အမ်း…. မြန်မြန် သွားတွေ့လိုက်လေ… ကောင်းတာ တစ်ခုခုလည်း ဖြစ်ရင် ဖြစ်မှာပေါ့…”

“ ငါ အရင် တစ်ချက် သွားကြည့်လိုက်ဦးမယ်…”

အချိန် နည်းနည်းလေးမျှ ကြာအောင် မဆွဲဝံ့တော့ပဲ အန်းနင်သည် ဒေါက်ဖိနပ်စီးလျက်သားဖြင့် အလျင်အမြန် လမ်းလျှောက်၍ ဓာတ်လှေကားထဲသို့ ဝင်ရောက်ကာ လေးလွှာသို့ ဦးတည်လိုက်သည်။

အစည်းအဝေးခန်း ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေရင်း အန်းနင်သည် သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ယခုနေရာသို့ မလာမီကပင် ယခုတွေ့ဆုံမှု၏ အရေးပါမှုကို ချိန်ရှီထံကနေ သူမ သိထားပြီး ဖြစ်၏။ သူမလည်း ချောင်ကွေ့ဖျင်က မည်မျှ တတ်နိုင်စွမ်း ရှိသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်းကို နားလည်ထားသည်။

၎င်းနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူမသည် ဘာမျှ မဟုတ်သည့်လူပင်။ သို့ဆိုလျှင် အဘယ်ကြောင့် သူမနှင့် တွေ့ချင်နေရသနည်း။ ဒါရိုက်တာချိန်ကြောင့်များလော။

စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် အန်းနင် အစည်းအဝေးခန်း တံခါးကို သုံးကြိမ် ခေါက်လိုက်၏။

“ ဝင်ခဲ့…”

အန်းနင် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့လိုက်သည်။ အထဲရှိ အစည်းအဝေးခန်းက သိပ်မကြီးဘဲ ရုံးခန်း အသေးစားလေး တစ်ခုနှင့် ပိုတူနေသည်။

ချောင်ကွေ့ဖျင် အပြင် အခြားသော လူလေးယောက်လည်း အထဲတွင် ရှိနေပြီး အကြောင်းအရာ တစ်စုံတစ်ခုကို ဆွေးနွေး ပြောဆိုနေကြဟန်ပင်။

အန်းနင် ဝင်လာသည်ကို မြင်တော့ ချောင်ကွေ့ဖျင်သည် သူ လုပ်လတ္တံ့ရှိသည်များအား ခေတ္တရပ်ထားပြီး အနားရှိ လူတိုင်းအား ပြောလိုက်သည်။

“ မင်းတို့ ခဏထွက်သွားကြဦး… ငါ သူနဲ့ ပြောစရာလေးရှိလို့…”

ကျန်လေးယောက်လည်း အသီးသီး ခေါင်းညိမ့်၍ သူတို့၏ ကိုယ်စီ ပစ္စည်းများအား သိမ်းဆည်းကာ အပြင်သို့ ထွက်ခွာသွားခဲ့ကြသည်။

သူတို့ တံခါးဝနား ရောက်တော့ အန်းနင်ကို ကြည့်၍ ပြုံးပြပြီး ခေါင်းပင် ညိမ့်ပြသွားခဲ့ကြသေး၏။

အန်းနင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

ဘာကြီးလဲ။ ဘာလို့ လူကို လာပြုံးပြနေတာလဲ။

အန်းနင်မှာမူ တံခါးဝ၌သာ ရပ်နေရင်း ချောင်ကွေ့ဖျင် တစ်စုံတစ်ရာ ပြောလာမည်ကို စောင့်ဆိုင်းနေသည်။

“ တံခါးပိတ်ပြီး ဒီမှာ လာထိုင်လေ…”

“ ဟုတ် ဟုတ်ကဲ့ရှင့်…”

အန်းနင် စိတ်တုန်လှုပ်စွာဖြင့် တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ချောင်ကွေ့ဖျင် ညွှန်ပြသည့် ၎င်းနှင့် ဆန့်ကျင်ဘက် နေရာတွင် ထိုင်လိုက်လေသည်။

“ စိတ်လှုပ်ရှားစရာ မလိုပါဘူး… ငါက ဒီတိုင်း မိန်းကလေးနင်နဲ့ ပြောဆိုချင်တာလေး ရှိလို့ပါ..”

ချောင်ကွေ့ဖျင် ယခုလို ပြောလေ၊ အန်းနင် ပိုပြီးမှ စိုးရိမ်ထိတ်လန့်လာလေ ဖြစ်၏။

ဤသည်က ဆွေးနွေးမှုတစ်ခုဆိုသည်မှာ အသိသာကြီးပင်။ အကယ်၍ သူမသာ မှားယွင်းသည့် တစ်စုံတစ်ရာကို ပြောဆိုမိခဲ့မည် ဆိုပါက သူမ၏ သူဌေး ပြဿနာ တက်မည်မှာ ကျိန်းသေလေသည်။

နောက်ထပ် နာရီဝက်ကြာသည်အထိ သူတို့တွေ မည်သည့်အရာများ ဆွေးနွေးခဲ့ကြသလဲဆိုတာကို မည်သူကမျှ မသိရှိကြချေ။ သို့သော် အန်းနင် အထဲကနေ ထွက်လာသည့် အချိန်၌ သူမ၏ မျက်ဝန်းတို့က နီရဲနေသည်။

“ အကောင်စုတ်ကတော့..”

“ ငါ နင့်ကို ပစ်ထားခဲ့ပြီးသားလေ… ဘာလို့ ငါ့အတွက် အလုပ် စီစဉ်ပေးသွားခဲ့သေးလဲ… ငါက တန်လို့လား…”

“ အရူးပဲ … နင်က အရူးပဲ… “

မကြာမီ ဓာတ်လှေကားက အောက်ထပ်တွင် ရပ်တန့်သွားခဲ့၏။ အန်းနင် ထွက်လာသည်ကို မြင်တော့ လီစီကျင်းက အပြေးလေး လာသည်။

“ အစ်မနင် ပြန်လာပြီလားဟင်… ဒါရိုက်တာချောင်ကရော ဘာတွေပြောလဲ…”

လီစီကျင်း မေးသည့် မေးခွန်းများကို အန်းနင် နားထဲ မဝင်တော့ချေ။ သူမ၏ အာရုံက လင်းရီကို တစ်ချိန်လုံး လှည့်ပတ် ရှာဖွေမိနေသော်လည်း မတွေ့နိုင် ဖြစ်နေခဲ့၏။

“ နင့် အစ်ကိုရီကော…”

“ အမ်… ဟုတ်သားပဲ… ငါလည်း သူ့ကို မတွေ့မိဘူး…” လီစီကျင်း ပြောလိုက်ပြီး “ အစ်မနင်က ဒါရိုက်တာချောင်ဆီ သွားတာ မဟုတ်ဘူးလား… အစ်ကိုရီက ဒါရိုက်တာချောင်နဲ့ အတူရှိနေတာ မဟုတ်ဘူးလား…”

“ သူ ဒါရိုက်တာချောင်ရဲ့ ရုံးခန်းထဲမှာ မရှိဘူး…” အန်းနင် တုံ့ဆိုင်းစွာ ပြောရင်း ဘေးပတ်ဝန်းကျင်တွင် လင်းရီ၏ အရိပ်အယောင်တို့ တွေ့လိုတွေ့ငြား လိုက်ရှာမိနေဆဲပင်။

“ ငါ သူ့ကို ဖုန်းခေါ်လိုက်မယ်… အစည်းအဝေးလည်း ပြီးပြီဆိုတော့ ပြန်ရတော့မှာပဲလေ…”

လီစီကျင်းသည် ဖုန်းထုတ်၍ လင်းရီထံ ဖုန်းခေါ်ဆိုလိုက်ပြီး အလျင်အမြန်ပဲ ဖုန်းဝင်သွားခဲ့သည်။

“ အစ်ကိုရီ … ရှင် ဘယ် ရောက်နေတာလဲ… ပြန်ပြီး ထမင်းစားရမယ့် အချိန်တောင် ရောက်နေပြီလေ…”

“ ဟင်.. ရှင် အခု လေဆိပ်မှာ… ကျိုးဟိုင်ကို ပြန်တော့မလို့… ကျွန်မတို့ ပြောထားတာ မနက်ဖြန်မှ ပြန်မယ်ဆို…”

“ အိုး အိုး .. နားလည်ပြီ… စိတ်ချ စိတ်ချ… ဒီက ကိစ္စတွေ အဆင်ပြေအောင် ကြည့်လုပ်လိုက်မယ်…”

ဖုန်းချပြီးနောက် လီစီကျင်းသည် အန်းနင်အား ကြည့်လိုက်ပြီး “ အစ်ကိုရီက လေဆိပ်မှာ … သူပြောတာ ကျိုးဟိုင်ကို ပြန်တော့မယ်တဲ့….”

“ ကျိုးဟိုင်ကို ပြန်မယ် . . . . . . “

အန်းနင်၏ မျက်ဝန်းတို့က အသက်ဝိဉာဏ်ကင်းမဲ့သွားသည့်နှယ် နေရာ၌ ငူငူငိုင်ငိုင်ကြီး မတ်တပ်ရပ်နေမိခဲ့သည်။ ယင်းကို သူမ လက်မခံနိုင်ချေ။

“ နင်တို့ မနက်ဖြန်ကျမှ ပြန်ကြမှာ မဟုတ်ဘူးလား..”

လီစီကျင်း နှုတ်ခမ်းကိုက်လိုက်၏။ “ အစ်ကိုရီက အစောကြီးထွက်သွားတာ သူ အရှက်မကွဲချင်လို့ ဖြစ်မှာပေါ့… မဟုတ်ရင် သူ ငါတို့ကို အသိမပေးဘဲ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး…”

အန်းနင်၏ နှလုံးခုန်သံတို့က အကြောင်းပြချက် မရှိ မြန်ဆန်သွားခဲ့ပြီး အလျင်အမြန်ပဲ သူမ၏ စိတ်ကို ဆုံးဖြတ်လိုက်သည်။

“ ငါ အပြင်ခဏ သွားဦးမယ်… ဒီညနေ နင်နဲ့ ဈေးဝယ်မထွက်ပေးနိုင်တော့ဘူး..”

ပြောပြီးနောက် အန်းနင်သည် အပြင်သို့ အလျင်အမြန် ပြေးထွက်လာခဲ့သည်။

အကယ်၍ သူမ၏ လုပ်ရပ်တို့ကြောင့်သာ မဟုတ်ပါက လင်းရီသည် ယခုလို စောစောစီးစီး ထွက်ခွာသွားမည် မဟုတ်ချေ။

အားလုံးက သူမ၏ အမှားကြောင့်သာ ဖြစ်သည်။

ကားထဲသို့ ဝင်ပြီးနောက် ခါးပတ်ကို အလျင်အမြန်ပတ်ရင်း အရှိန်တင်၍ လေဆိပ်ထံ ဒုန်းဆိုင်းမောင်းနှင်လာသည်။

လင်းရီ ထွက်ခွာသွားမည်မှန်းလည်း သူမသိသည်။ သို့သော် ယခုလိုပုံစံနှင့် ထွက်ခွာသွားမည်လို့တော့ သူမ မမျှော်လင့်ခဲ့မိချေ။

“ အဲ့လူက မကောင်းဘူး… မင်းထားမယ်ဆို နောက်တစ်ယောက် ရှာသင့်တယ် “ ဆိုသည့် စကားကလည်း သူနောက်ဆုံးပြောသွားသည့် စကားလုံးတို့ ဖြစ်နေလိမ့်မည်လို့ သူမ မမျှော်လင့်ခဲ့မိချေ။

ပိုပြီး ထင်မှတ်မထားခဲ့သည်က သူမ၏ အနာဂတ် တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုပင် လမ်းဖောက်ပေးသွားခဲ့သည်။

အရူး။

သူက လုံး၀ကို ရူးနေသည့် လူတစ်ယောက်ပင်။

All Chapters