← Chapters

အချစ်နဲ့ သတ္တိ

Vol. 100 Ch. 1487

အချစ်နဲ့ သတ္တိ

Vol. 100 Ch. 1487

လင်းရီသည် လေယာဉ်လက်မှတ် ဖြတ်ပြီး ကျိုးဟိုင်သို့ ပြန်ရန် ပြင်ဆင်နေသည်။ ကိုယ်ပိုင်လေယာဉ်ကိုတော့ လီစီကျင်းတို့ အသုံးပြုရန်အတွက် ချန်ထားပေးခဲ့လိုက်၏။

“ ချစ်ခင်ရပါသော ခရီးသည်များရှင် ၊ ပင်းချိန်မှ ကျိုးဟိုင်သို့ ပျံသန်းမည့် လေယာဉ် HZ1257 အတွက် လက်မှတ်စစ်ဆေးမှုများ စတင်နေပါပြီ။ ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ သက်ဆိုင်ရာ ပစ္စည်းများကို ယူဆောင်ပြီး လေယာဉ်ပေါ် တက်ဖို့ တန်းစီပေးကြပါ။ ကျေးဇူးတင်ပါတယ်။ “

ကြေညာချက် အသံကို ကြားတော့ လင်းရီသည် လေယာဉ်လက်မှတ် ကိုင်ဆောင်၍ လေယာဉ်ပျံသန်းမည့် ဂိတ်သို့ ဝင်ပြီး တန်းစီလိုက်သည်။

တစ်ချိန်တည်း၌ အန်းနင်သည် ဓာတ်လှေကားစီး၍ လေဆိပ်၏ ဒုတိယလွှာသို့ ရောက်ရှိလာပြီး လင်းရီကို လှည့်ပတ်ရှာဖွေလိုက်၏။

သို့သော် အနှီ ဧရာမ လေဆိပ်ကြီးထဲ၌ လူတို့က နေရာအနှံ့ ဖြစ်နေသည်။ လူတို့က စဉ်ဆက်မပြတ် ဝင်ထွက်သွားလာ ပြုနေပြီး လင်းရီ မည်သည့် နေရာ၌ ရှိနေလဲဆိုတာ ပြောပြဖို့ မဖြစ်နိုင်ပေ။

“ လင်း ရီ . . . . . . . . . ”

အန်းနင်၏ ကျယ်လောင်သည့် အသံက လေဆိပ်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ မျက်လုံးအကြည့်များအား သူမထံ ကျရောက်လာခဲ့၏။

တန်းစီနေသည့် လင်းရီလည်း ခြွင်းချက် မရှိပေ။ သူ လှည့်ကြည့်လိုက်တော့ လူအုပ်ကြီး၏ အလယ်ရှိ စိုးရိမ်ညှိုးငယ်နေသည့် မျက်နှာထားပိုင်ရှင် တစ်ဦးအား မြင်တွေ့လိုက်ရသည်။

သို့သော် လင်းရီသည် မည်သည်ကိုမျှ ပြောဆိုခြင်း မပြုခဲ့ပေ။ သူ၏ မာ့စ်ကို ချိန်ညှိလိုက်ရင်း အန်းနင်ထံ မသွားပါဘဲနှင့် တန်းစီသည့်နေရာ၌သာ တိတ်တဆိတ် ဆက်လက် တန်းစီနေလိုက်၏။

ရှေ့တွင် တန်းစီနေသည့် လူတန်းက ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး မကြာမီ လင်းရီအလှည့်သို့ ရောက်ရှိလာသည်။ ထို့နောက် ဂိတ်ကို ဖြတ်ကျော်လိုက်၏။

“ ကောင်စုတ်… နင် အဲ့မှာ ရပ်စမ်း…”

ဂိတ်ကို လင်းရီ ဖြတ်ပြီးပြီးချင်းမှာပဲ အန်းနင်သည် အနောက်ကနေ လိုက်မီလာခဲ့၏။ သူမက ဂိတ်အပြင်ဘက်တွင် ရပ်၍ လင်းရီ၏ နောက်ကျောကို အော်ဟစ်လိုက်သည်။

သူမတို့နှစ်ဦးကြားရှိ အကွာအဝေးက နှစ်မီတာပင် မခြားပေ။ သို့သော် မည်သူမျှ ဖြတ်သန်း၍ မရနိုင်သည့် လက်ရန်းတစ်ခုက တားဆီးထား၏။

လင်းရီသည် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး နောက်သို့လှည့်၍ အန်းနင်အား လက်ဝှေ့ရမ်းပြလိုက်သည်။

မထွက်ခွာမီ အချိန်က လင်းရီ သူမကို စကား တစ်ခုခု ပြောချင်နေခဲ့သော်လည်း နောက်ဆုံးတွင် မပြောသည်က အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ခံစားခဲ့ရ၏။

အန်းနင်လည်း ဤကဲ့သို့ ခံစားချက်မျိုးကို ယခင်က ခံစားနားလည်ခဲ့ဖူးသည်။ သူမဘက်က မည်သည့်စကားမျှ မဆိုစေကာမူ လင်းရီသည် အလိုအလျောက် နားလည်နိုင်လိမ့်မည်လို့ သူမ ထင်ပါသည်။

“ နင် ကောင်စုတ်… နင် မသွားရဘူး..”

“ အန်းနင်.... ငါ ပြန်တော့မယ်…” လင်းရီ ပြုံးလျက် ပြောလိုက်သည်။

မျက်ရည်တို့က အန်းနင်၏ မျက်နှာထက် စီးကျလာခဲ့သည်။ အကယ်၍ သူမ လင်းရီကို ယခုလို ထွက်သွားခွင့် ပေးလိုက်မည်ဆိုပါက သူမ ဘဝတစ်လျှောက်လုံး နောင်တရနေလိမ့်မည် ဖြစ်ကြောင်းကို တပ်အပ် နားလည်သည်။

“ ပြန်လာခဲ့… ငါ့ကို ဖက်ထားပေး…”

လေဆိပ်ရှိ လူတိုင်းက သူတို့ ရှေ့ရှိ စုံတွဲကို ငေးကြည့်နေခဲ့ကြသည်။

TV ဇာတ်လမ်းများထဲ၌သာ မြင်တွေ့ရလေ့ရှိသည့် ဇာတ်အိမ်မျိုးက ယနေ့ သူတို့၏ တကယ့် လက်တွေ့ဘဝ၌ အမှန်တကယ် ထွက်ပေါ်လာနေသည်။

လင်းရီ တုတ်တုတ်မျှ မလှုပ်ချေ။

သို့သော် အန်းနင်က ရင်ဘက်ကို ဖွင့်ထားပေး၏။

အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း လင်းရီသည် အန်းနင်ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ သူမအား ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

“ နင် အရူး …” သူမ၏ မေးကို လင်းရီ၏ ပခုံးထက်တွင် တင်ထားရင်း အန်းနင် ငိုကြွေးပြီး‌ ပြောလိုက်သည်။

“ ငါနင့်ကို ပစ်ထားပြီးတာတောင် ဘာလို့ ငါ့ဖို့ အလုပ် စီစဉ်ပေးခဲ့လဲ…”

“ ငါ စီစဉ်ထားတာက ဟိုးတုန်းကတည်းကရင်… နောင်ကျ အလုပ်ကို သေချာကြိုးစား… ဟုတ်ပြီလား... ”

“ ငါ တောင်းပန်ပါတယ်…”

“ ဘာတောင်းပန်စရာလိုလို့…” လင်းရီ သူမ၏ နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး “ မင်း နောင်ကျ ပြဿနာ တစ်ခုခု တက်ရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့… မင်း ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ငါ မင်းဘေးနား ရှိနေမယ်…”

“ နင် အကောင်စုတ်…”

သူမ၏ သွယ်လျသည့် လက်ချောင်းတို့က လင်းရီ၏ အင်္ကျီကို တင်းကြပ်စွာ ဖျစ်ညှစ်လိုက်မိသည်။ ၎င်းက လိမ်တွန့်၍ မျက်ရည်တို့ကြောင့် စိုစွတ်သွားခဲ့လေသည်။

အန်းနင်၏ စိတ်ထဲတွင် မလိုလားမှု၊ မှားယွင်းမှုတို့ဖြင့် ခံစားနေရသော်လည်းပဲ နောက်ဆုံးစည်းကိုတော့ သူမ မည်သို့မျှ မဖြတ်ကျော်နိုင်ခဲ့ချေ။

သူမတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သော်လည်း ကြားတွင် အလွှာတစ်လွှာက ခြားထားသည်။

ကြည့်ရသည်မှာတော့ ကမ္ဘာပေါ်ရှိ အချစ်စစ်များ အားလုံးသည် တောင်တန်းနှင့် ပင်လယ်တို့ကို ဖြတ်ကျော်ရဲသည့် သတ္တိမျိုး ရှိမှသာလျှင် လှပလာလိမ့်မည်ဟု ထင်သည်။ မဟုတ်ပါက လေနှင့်ဖုန်မှုန့်များကို ပြုံးပြရုံသာ တတ်နိုင်ပြီး စိတ်လိုက်မာန်ပါလည်း မလုပ်ဝံ့သလို တမ်းတသည်များလည်း ပြောဝံ့လိမ့်မည် မဟုတ်ချေ။

“ လေယာဉ် တက်ရတော့မယ် … ငါ အရင်သွားနှင့်ပြီ..” လင်းရီ ပြုံးလိုက်ပြီး “ လူကဖြင့် မကြီးမငယ်နဲ့ကို ခုထိ ငိုတုန်းပဲ … သူများတွေ မြင်ရင် ရယ်မှာ မကြောက်ဘူးလား…”

စိတ်ကို အတင်းတွန်းအားပေးပြီးနောက် အန်းနင်သည် လင်းရီအား လွှတ်ပေးလိုက်၏။

လင်းရီသည် သူမ၏ နဖူးထက်တွင် ခပ်ဖွဖွ အနမ်းတစ်ခုကို ချန်ထားရစ်ခဲ့လိုက်သည်။

ထို့နောက် …

သူ လှည့်ပြီး ထွက်ခွာသွားခဲ့၏။

လင်းရီ၏ ထွက်ခွာသွားသည့် ပုံရိပ်ကို အနောက်က ငေးမောရင်း အန်းနင်၏ ရင်ထဲ ပြောချင်သည့် စကားတို့က လှိုင်တက်လာသော်ငြား လည်ချောင်းဝတွင် တစ်စုံတစ်ရာကြောင့် တစ်စို့ခံထားရဟန်တူသည်။

စာတစ်ကြောင်း။

စကားတစ်ခွန်း။

စကားလုံး တစ်ခု။

နှင်းထဲရှိတဲ့ သစ်စေ့လေးတစ်စေ့ကနေ ပေါက်ဖွားလာတဲ့ သစ်ပင်လေးတစ်ပင်နဲ့ တစ်ပင်လုံး လှိုင်လှိုင်ပွင့်နေတဲ့ ဒီပန်းတွေ။

ဖွဲ့နွှဲ့စရာ ကဗျာစာသား အပုဒ် ၃၀၀ မက ရှိပါသော်လည်း ဆွဲဆောင်ခြင်း ခံရသည့်တိုင် မပြောထွက်နိုင်ခဲ့တဲ့ အနှီ စကား သုံးလုံး။

အဆုံး၌ အန်းနင်သည် ထုတ်ပြောဝံ့လောက်သည်အထိ သတ္တိမကောင်းနိုင်ခဲ့ချေ။ သူမ နောက်ပြန်လှည့် ထွက်ခွာသွားရုံမျှသာ တတ်နိုင်သည်။ သို့တိုင် ထိုနေရာကနေ အချိန်အတော်ကြာသည်အထိ ထွက်မခွာနိုင်ဘဲ ဖြစ်နေတော့၏။

ဤနေရာကနေ ထွက်သွားပြီးနောက် ရင်းနှီးနေသည့် ကိုယ်သင်းနှံ့လေးအား တစ်ဖန် ရှူရှိုက်ခွင့် မရှိတော့သည်မျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။

လေယာဉ် အင်ဂျင်စက်သံကို ကြားလိုက်ရပြီး သူမ မော့ကြည့်လိုက်မိ၏။ ကောင်းကင်ပြာကြီးထဲတွင် လေယာဉ်မှာ ပျံသန်းထွက်ခွာသွားခဲ့ပြီ။

သူမနှင့် လင်းရီရဲ့ အမှတ်တရတွေ၊ ဇာတ်လမ်းတွေ၊ ထိုအရာများအားလုံး ထိုလေယာဉ်နဲ့အတူ ပါသွားခဲ့ပြီလော။

သို့တိုင် တစ်ယောက်သော လူ၏ ရင်ဘက်ထဲတွင် ကျောက်ထက် အက္ခရာတင်သကဲ့သို့ မမေ့မပျောက်နိုင် ရှိနေမည်မှာတော့ အသေအချာပင်....။

………………

ထိုညနေ ငါးနာရီတွင် လေယာဉ်က လေဆိပ်သို့ ဆင်းသက်လာသည်။

လီချူးဟန်က လေဆိပ်တွင် ရောက်နှင့်နေပြီး သူလာမည်အား စောင့်လို့ ကြိုနေခဲ့၏။

ဒဏ်ရာလည်း ရထားသဖြင့် ကျိုးဟိုင်သို့ စောစီးပြန်ရောက်လာသည်ကို ကျီချင်းရန်ထံ အသိမပေးဖို့ လင်းရီ ဆုံးဖြတ်ထားသည်။ ညကို လီချူးဟန်၏ နေရာတွင် နေဖို့ စီစဉ်ထားလေသည်။ ထို့ပြင် သူတို့နှစ်ယောက်က မတွေ့သည်မှာလည်း အတော်ကြာနေပြီဖြစ်သည်။

လူဆိုသည်မှာ မျှမျှတတရှိဖို့ လိုအပ်၏။

“ နင့် ပခုံးက သက်တောင့်သက်သာ မဖြစ်ဘူးလား… နင် တစ်ခုခု ဖြစ်ထားတာလား…”

သူတို့နှစ်ယောက် တွေ့လျှင်တွေ့ချင်း လီချူးဟန်သည် လင်းရီ၏ ပုံမှန်မဟုတ်မှုကို သတိပြုမှုသွားပြီး သူမ၏ မျက်လုံးတို့က စကန်ဖတ်စက် တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့၏။

“ တကယ်ပါပဲ မင်းဆီကနေတော့ ဘာမှကို ဖုံးထားလို့ မရပါလား..” လင်းရီ ပြုံးလိုက်ပြီး “ အက်စီးဒင့် တစ်ခုဖြစ်သွားလို့ သေနတ် ဒဏ်ရာ အသေးလေး ရသွားခဲ့တာလေ… ခုတော့ ကောင်းသွားပါပြီ…"

“ သေနတ် ဒဏ်ရာ …” လီချူးဟန်သည် ခြေလှမ်းကို ခပ်သွက်သွက် လျှောက်လိုက်ပြီး “ ကားထဲဝင် .. ငါ တစ်ချက်ကြည့်ကြည့်မယ်…”

“ ရတယ်… ငါလည်း ဒေါက်တာပဲဟာ ကိုယ့်အခြေအနေကိုယ် မသိဘဲ နေပါ့မလား… ဘာပြဿနာမှ မရှိဘူး…”

“ အဲ့ဒါလည်း မရဘူး… ငါ စစ်ဆေးကြည့်ချင်သေးတယ်…”

လီချူးဟန်က ခေါင်းမာတတ်သည့် ကောင်မလေး တစ်ယောက် ဖြစ်ကြောင်းကို လင်းရီ နားလည်သည်။ ကိစ္စရပ်တို့က ယခုအခြေအနေထိတိုင် ရောက်ရှိနေသဖြင့် သူမ အလွန်အမင်း လေးနက် တည်ကြည်နေခဲ့သည်။

“ သွားစို့… ကားထဲဝင်..”

လီချူးဟန်က လင်းရီ ယခင် တစ်ခေါက် ဝယ်ထားပေးသည့် ကားအား မောင်းလာခဲ့ခြင်းပင်။ ယခုကားက လူပိုဆံ့လေသည်။

“ ချူပ်တဲ့ နည်းစနစ်ကလည်း သာမန်လျှံကာပဲ… ငါသာဆိုရင် သုံးချက်လောက် လျော့လိုက်နိုင်မှာ….”

လီချူးဟန်၏ ပြက်ရယ်ပြုသံကို ကြားတော့ လင်းရီ ရယ်မောလိုက်မိသည်။

ပင်းချိန် ဆေးရုံရှိ ဒေါက်တာများ၏ အရည်အချင်းက မကောင်းမွန်သောကြောင့် မဟုတ်ဘဲ လီချူးဟန်ကိုက အင်မတန် တော်လွန်းနေသောကြောင့်ပင်။ ထို့ကြောင့် ကွာဟချက် တစ်ချို့ ရှိသည်က ထုံးစံပင်။

“ ငါက ဒီတိုင်း အန္တရာယ်ကင်းအောင် ကြိုးစားနေရုံတင်ပါ…” လင်းရီ သူ့ အဝတ်အစားများကို တစ်ဖန် ပြန်ဝတ်လိုက်ပြီး “ တစ်ခုခု သွားစားကြစို့… ဒီည မင်းအိမ်မှာ နေမယ်..”

“ အင်း..”

သူတို့နှစ်ဦးကြားရှိ စကားဝိုင်းတို့က အလွန်ရိုးရှင်းသည်။ လင်းရီကို အပြစ်တင်ချင်း မရှိသလို စိတ်ပူသည့် စကားလုံးများကိုလည်း ပြောဆိုခြင်း မရှိချေ။

သူမက ဒေါက်တာ တစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့သော အရာများက သူမ၏ မျက်လုံးထဲတွင် သာမန်ကဲ့သို့ ဖြစ်နေချေပြီ။ လင်းရီက ယခု မည်ကဲ့သို့သော အခြေအနေမျိုး၌ ရှိနေကြောင်းကို သူမ ကောင်းကောင်းကြီး သိသည်။

သို့သော် ပြောဆိုနေရင်းဖြင့် ရံဖန်ရံခါ လင်းရီကို နောင်၌ အန္တရာယ်ရှိသည့် ကိစ္စရပ်တို့ မပြုလုပ်ရန် တိတ်တဆိတ် သတိပေးခဲ့သေး၏။

ညစာ စားပြီးနောက် လီချူးဟန်သည် ဆေးရုံသို့ ပြန်မောင်းသွားပြီး လင်းရီအတွက် ဆေးတစ်ချို့ သွားယူလာပေးသည်။

ချုပ်ရိုးဖြေပြီး ဖြစ်သော်လည်း နောက်ရက်အနည်းငယ်ထိတိုင် ပိုးသတ်ခြင်းနှင့် ပတ်တီးလဲခြင်းတို့အား မှန်မှန်ပြုလုပ်ပေးရန် လိုအပ်နေသေးသည်။ ထိုအပိုင်းတွင်တော့ လီချူးဟန်က ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်၏။

ထိုညတွင် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ပွေ့ဖက်၍ အချင်းချင်း လက်မောင်းပေါ်တွင် အိပ်ပျော်သွားခဲ့ကြသည်။

နောက်တစ်နေ့ နံနက်ခင်း ၊ နံနက်စာ စားသောက်ပြီးနောက် လီချူးဟန်က ဆေးရုံသို့ သွားပြီး လင်းရီကတော့ တက္ကစီဖြင့် ချောင်ရန်အုပ်စုသို့ ရောက်ရှိလာသည်။

ရုံးခန်းထဲတွင် ကျီချင်းရန်မှာ ခေါင်းငုံ့ရင်း အလုပ်ရှုပ်နေလျက် ရှိသည်။

ဂျင်းပြာနှင့် အနက်ရောင် ကိုယ်ကြပ်ဆွယ်တာ အင်္ကျီက သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် လိုက်လျောညီထွေ ဖြစ်နေလျက် ရှိတော့၏။

“ ဟေ့ အလှလေး… ဒီည အားလား..” ရုံးခန်း တံခါးဝတွင် မတ်တပ်ရပ်ရင်း လင်းရီ လမ်းဘေးက ကလေကချေ တစ်ကောင် လေသံမျိုးဖြင့် ကျီစယ်လိုက်သည်။

လင်းရီ ပြန်လာသည်ကိုမြင်တော့ ကျီချင်းရန်၏ မျက်လုံးတို့ အရောင်လက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူမ ရှောင်မပြေးတော့ပဲ ထိုအစား မေးနှစ်ဖက်ထောက်ရင်း လင်းရီကို ပြုံးတုံ့တုံ့ ပြန်ကြည့်လိုက်၏။

“ ရှင်က ဒီ အလှလေးနဲ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ…”

“ ဟဲဟဲ … ကိုယ်က ရိုးရိုးသားသား အတူအိပ်ချင်ရုံတင်ပါ…”

All Chapters