စိုးရိမ်ပူပန်မှု
Vol. 100 Ch. 1488
“ ဟွန့်… ဖြစ်ချင်တာလား ဆုတောင်းလေ…”
အနားသို့ လမ်းလျှောက်လာပြီး လင်းရီသည် ကျီချင်းရန်၏ ပခုံးနှစ်ဖက်အား နှိပ်နယ်ပေးလိုက်၏။
“ ဘာတွေ အလုပ်ရှုပ်နေတာ… စားပွဲပေါ်မှာလည်း စာရွက်တွေကို ရှုပ်ပွလို့…”
“ကုမ္ပဏီ လက်အောက်မှာ သစ်ဝယ်ခွင့်ရှိတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်လေ… လင်းယွင်အုပ်စုရဲ့ ဒီတစ်ခေါက် ပရောဂျက်ကို အဲ့ဒီ ကုမ္ပဏီ နာမည်နဲ့ ဝယ်ထားတော့ ငါက ရှယ်ယာတွေ လွှဲပြောင်းဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့ ထောက်ပံ့ငွေ အပြည့်အဝကိုလည်း နင့်နာမည်နဲ့ လွှဲဖို့ ပြင်ဆင်နေတာ…”
“ ဆိုတော့ အဲ့တာတွေ လုပ်နေတာကိုး..”
“ ယွဲ့ယွဲ့က လက်ထပ်ဖို့ တစ်ပတ်ကျော်ကျော်လောက် လိုတော့တာကို အစ်ကိုတစ်ယောက်ဖြစ်တဲ့ နင်က အဆင်သင့်ဖြစ်ပြီလား…”
“ လက်ထပ်မယ့်လူက ငါမှ မဟုတ်ဘဲကို ဘာအဆင်သင့် ဖြစ်ရမှာ…”
“ သူ့ မင်္ဂလာဆောင်မှာ အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အမြင်တွေ ထုတ်မပြောတော့ဘူးလား…”
“ လူအာရုံစိုက်ခံရမယ့် အလုပ်မျိုးက ငါနဲ့ မသင့်လျော်ဘူး… မင်းပဲ သွားလိုက်..”
“ အဲ့လိုကိစ္စမျိုးဆိုတာ မိဘတွေ ပြောမှ တော်ရာကျမှာပေါ့… နင်က အစ်ကိုတစ်ယောက် ဖြစ်ရဲ့သားနဲ့ မဆီမဆိုင် ယောင်းမ ဖြစ်တဲ့သူကို ပြောခိုင်းမယ်ပေါ့ ဟုတ်လား…”
“ ဒါဆိုလည်း အဖေနဲ့ အမေ ပြောပါစေပေါ့ကွာ… ငါတော့ မပြောဘူး…”
“ စကားမစပ် နင် ယွဲ့ယွဲ့ကို ဗီလာပေးမယ်လို့ ပြောဖူးခဲ့သေးတယ်မလား.. ငါ ကြည့်ပြီးသွားပြီ… ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ကိစ္စတွေလည်း အသင့် စီစဉ်ပြီးသား… သွားပြီး ကြည့်ကြည့်လိုက်… နင် အိုကေတယ်ဆို ပိုက်ဆံ တစ်ခါတည်း ချေခဲ့လိုက်..”
“ ဒါဆို ငါ သုံးလေးရက်နေလို့ ပြန်မှပဲ သွားဝယ်လိုက်တော့မယ်… သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာ ရအောင် ဝယ်နိုင်ရင် အဆင်ပြေပြီပဲမလား…”
“ အင်း…” ကျီချင်းရန် ခေါင်းညိမ့်လိုက်သည်။
“ ငါ့ကို ခဏစောင့်ဦး… ဒီက ပြီးတော့မှာ မကြာတော့ဘူး… ညနေကျရင် ယွမ်ယွမ်ကိုရှာမယ်… ပြီးရင် ငါတို့ ဈေးဝယ်ထွက်ကြမယ်.. မဟုတ်ရင် မင်္ဂလာနေ့ကျ ဝတ်စရာ ဘာမှ ရှိမှာ မဟုတ်ဘူး…”
လင်းရီ မျက်ခုံးပင့်လိုက်မိ၏။ “ မင်္ဂလာဆောင်ကျ ဝတ်စရာ မရှိဘူးဆိုတာ သေချာလို့လား…”
“ တကယ်. . . . တကယ် မရှိဘူး…” လင်းရီ၏ အကြည့်အောက်တွင် ကျီချင်းရန် မသက်မသာ ခံစားလာရသည်။
“ အိမ်က ရှိတဲ့ အင်္ကျီတွေ ဖယ်ထားရင်တောင် ရုံးခန်းထဲက အဝတ်ဗွီရိုထဲမှာတောင် အစုံ ၂၀ လောက် ရှိမယ်ထင်တာပဲ….”
“ အဲ့ဒါက….”
ကျီချင်းရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ အဲ့တာတွေက အရင်ကဟာတွေလေ… မင်္ဂလာဆောင်ပါဆို အဝတ်အစား အသစ်တွေ ဝတ်ရမှာပေါ့…”
“ ချမ်းသာတဲ့ မိသားစုက ကလေးတွေက တကယ့် ထူးခြားတာပဲ…” လင်းရီ ပြောလိုက်ပြီး “ ငါ တစ်ခေါက် မှတ်မိတာ ငါ့အမေ ငါ့ကို မင်္ဂလာဆောင် ခေါ်သွားတုန်းက ငါ ဝတ်ခဲ့တာ ကျောင်းယူနီဖောင်းလားပဲ..”
“ နင့်လိုသာ နှိုင်းပြီး ပြောကြေးဆို ငါလည်း ယွမ်တစ်သန်းလောက်ပဲ တန်တဲ့ မာစီးတီးကို နှစ်တွေ အကြာကြီး မောင်းနေခဲ့တာပဲ… ဒါပေမယ့် နင်ကျတော့ရော… နင့် ကားဂိုဒေါင်ထဲမှာ ကားတွေ အပြည့်နဲ့… ဒါတောင် ကားအလှလေးမြင်ရင် ငမ်းငမ်းတက် ဖြစ်နေသေးတာ … ငါ ပြောတာ ဟုတ်လား…”
“ တခြားဟာတွေ ထည့်မပြောသေးနဲ့ဦး… La Voiture Noire တစ်စင်းတည်းနဲ့တင် ယွမ်သန်း ၁၂၀ ကျော်တယ်…”
“ အဟမ်း… တခြား အကြောင်းတွေ ပြောကြတာပေါ့… ငါ မင်းကို မဝယ်နဲ့လို့လည်း မပြောမိပါလား…” လင်းရီ ရယ်သွမ်းလိုက်ပြီး “ ဒါပေမယ့် ဒီဟာက သီးသန့် ကိစ္စလေ… မင်းက ယွမ်ယွမ်ကို ခေါ်ပြီး ဘာလဲလုပ်မှာ…”
“ ယွမ်ယွမ် ပြောတာ သူလည်း လိုက်ချင်တယ်တဲ့… သူလည်း စိန်နားကပ်အရောင်နဲ့ ပါးပြောင်ချင်တယ်ဆိုပဲ..”
“ ကောင်းကြီးနဲ့ နေပြီးတာတောင် စိန်နားကပ်အရောင်နဲ့ ပါးပြောင်ချင်သေးတုန်းတဲ့လား သူက….”
“ သူရဲ့ ဒုတိယ နွေဦးကို ခံစားကြည့်ချင်တယ်တဲ့လေ… “ ကျီချင်းရန် ပြုံး၍ ပြောလိုက်ပြီး “ ရှေ့ရက်တုန်းက ငါတို့တွေ ထမင်း အတူစားတုန်းက ကောင်းကျုံးယွမ် ပြောသံကြားတာ သူလည်း နင်ယွဲ့ကို အားပေးဖို့ လိုက်ချင်တယ်တဲ့.. “
“ အင်း ငါလည်း အဲ့အကြောင်းကြားပါတယ်… ချင်းကြီး ငါ့ကို တစ်ခါပြောဖူးတယ်..”
“ ရှင်းနေပြီပဲ မဟုတ်ဘူးလား… ကောင်းကြီးကလည်း သွားမယ်…. ဒီတော့ ယွမ်ယွမ်လည်း ကျိန်းသေပေါက် ပါလာမှာပဲလေ…. အဝတ်အစား နည်းနည်းလောက် ဝယ်ချင်တာ မဆန်းပါဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ နင်ကိုက အကဲပိုလွန်းတာပါ..”
“ သူ အဝတ်တွေ ဝယ်မှာကို ငါ မငြင်းဘူး… ဒါပေမယ့် သူ့ အကျင့်စရိုက်နဲ့သာဆို ကုမ္ပဏီရဲ့ ရန်ပုံငွေတွေနဲ့ အဝတ်တွေဝယ်ဖို့က ခပ်များများရယ်..”
“ ဒါကကျတော့….”
ကျီချင်းရန် ပြန်ငြင်းဖို့ ခွန်အား ကင်းမဲ့သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ယွမ်က ထိုသို့ ပြုရန် အခွင့်အလမ်း များသောကြောင့် ဖြစ်၏။
တစ်နာရီကျော် ကြာပြီးနောက် ဟော်ယွမ်ယွမ်သည် ချောင်ရန်အုပ်စုသို့ ရောက်ရှိလာခဲ့သည်။
“ အမ်… သူဌေး… ရှင်က ဒီ ဘာလဲ လာလုပ်တာ…”
“ ငါလည်း မေးတော့မလို့… မင်းကရော ဒီဘာလာလုပ်တာ…”
“ အစ်မကျီနဲ့ ဈေးဝယ်ထွက်မလို့…”
“ မင်းတို့ ချိန်းထားတာ နှစ်နာရီမှ မဟုတ်ဘူးလား… တစ်နာရီတောင် လိုသေးတယ်…”
“ နေ့လည်စာ စားဖို့လေ…”
ဟော်ယွမ်ယွမ်၏ မျက်နှာကို ကြည့်ရင်း လင်းရီ သူမကို လက်မထောင်ပြလိုက်၏။
“ အံ့ဩလောက်ပါဘိ…”
ဟော်ယွမ်ယွမ် ရောက်လာပြီး မကြာမီ ကျီချင်းရန်လည်း သူမ၏ အလုပ်များ ပြီးဆုံးသွားခဲ့သည်။ သုံးယောက်သား နေ့လည်စာ အတူစားသောက်ပြီးနောက် ဟေးလုံ ပလာဇာသို့ ဦးတည်လိုက်ကြလေသည်။
ညနေခင်း အချိန် အများစုကို သူတို့တွေ ဈေးဝယ်ထွက်ရင်းနဲ့ ကုန်ဆုံးခဲ့ကြ၏။ ကျီချင်းရန်က အပြာရောင် ငါးမြီးစကတ်၊ စတော်ကင်အရှည်နှင့် ဒေါက်မြင့်ဖိနပ် တစ်စုံကို ရွေးချယ်ခဲ့ပြီး ဟော်ယွမ်ယွမ်ကတော့ ဒူးလောက်ရှိသည့် စကတ်နှင့် အနက်ရောင် စတော်ကင် အရှည်ကို ဝတ်ဆင်ဖို့ရာ စီစဉ်ထားသည်။ ထို့နောက် လက်ဝတ်ရတနာ တစ်ချို့ကိုလည်း ကြည့်ခဲ့သေး၏။
သူတို့၏ နောက်တွင် အိတ်သယ်ရင်း လိုက်ပါလျက် ရှိနေသည့် လင်းရီကတော့ သူ့ကိုယ်သူ ပြန်သနားရင်း ကြိတ်ပြီး သက်ပြင်းချမိလိုက်သည်။
သူက မင်္ဂလာဆောင် သွားချင်လို့တော့ မဟုတ်လောက်ဘူး… သူများပွဲမှာ အာရုံစိုက်မှု ခံချင်လို့ပဲ ဖြစ်ရမယ်…
ဈေးဝယ်ရင်း တစ်ဝက်တွင် ကောင်းကျုံးယွမ်ထံက ဖုန်းဝင်လာပြီး ဟော်ယွမ်ယွမ်အား သူ့ကတ်နှင့် လိုချင်တာ မှန်သမျှ ဝယ်ဖို့ ပြောလာခဲ့၏။ သို့သော် သူ မသိခဲ့သည်က ယွမ်ယွမ်မှာ ကုမ္ပဏီ၏ ဘတ်ဂျတ်ငွေနှင့် စိတ်ကြိုက် ဝယ်ဖြုန်းနေသည်ဆိုတာပင်။
ညနေ၊ နေညိုသည့် အချိန်ရောက်တော့ သူတို့သုံးဦး၊ အတိအကျဆိုပါက သူတို့နှစ်ဦး ဈေးဝယ်ထွက်ခြင်း ပြီးဆုံးသွားခဲ့သည်။ လင်းရီ ပြန်ရောက်ပြီ ဖြစ်ကြောင်း သိရတော့ ချင်းဟန်က သူ၏ ဘာဘီကျူးဆိုင်တွင် ကြိုဆိုဧည့်ခံပွဲလေး တစ်ခု လုပ်ပေး၏။
သို့သော် ယခင်တစ်ခေါက်က သင်ခန်းစာ ရပြီးဖြစ်သဖြင့် အခြား မိန်းကလေးများကို မခေါ်တော့ပဲ အသိမိတ်ဆွေများနှင့်သာ ရိုးရိုးရှင်းရှင်း သောက်စားခဲ့ကြလေသည်။
“ တစ်ညနေလုံး ဈေးဝယ်ခဲ့ရတာ ပင်ပန်းလိုက်တာ…”
အိမ်သို့ ပြန်ရောက်သည်တွင် ကျီချင်းရန်သည် သူမ၏ ဒေါက်ဖိနပ်များကို အလျင်အမြန် ချွတ်၍ ဆိုဖာပေါ်သို့ ဒိုင်ဗင်ပစ်လဲလိုက်၏။ သူမ၏ ပုံရိပ်ကို ဂရုစိုက်နေခြင်း မရှိတော့ချေ။
“ လင်းရီ … နင် ငါ့ ခြေထောက်တွေ နှိပ်ပေးပါလား…” ကျီချင်းရန် အားနည်းစွာ တောင်းဆိုလိုက်၏။
“ မရဘူး..”
“ လူကြီးမင်းလင်း…”
“ မရဘူး…”
“ ယောက်ျားလို့….”
“ ခုလာပြီ မိန်းမ…”
လင်းရီ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ကျီချင်းရန်၏ ခြေသလုံးနှစ်ဖက်အား ပေါင်ပေါ် ဆွဲတင်ကာ နှိပ်နယ်ပေးလိုက်သည်။
ထို့ထက်ပိုပြီး နယ်ကျော်၍ မရသော်လည်းပဲ အနှီ ခြေထောက်တို့ကပင် သူ့ဖို့ အချိန်ခဏမျှ ဖျော်ဖြေရန် လုံလောက်လေသည်။
လင်းရီကပဲ နှိပ်တာ အရမ်းတွေ တော်နေသောကြောင့်လား ၊သို့မဟုတ် ကျီချင်းရန်ကပဲ အင်မတန် ပင်ပန်းနေသောကြောင့်လားတော့ မသိ၊ လေးငါးဆယ်မိနစ်အတွင်းမှာပဲ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
နာရီ တစ်ချက်ကြည့်လိုက်တော့ ဆယ်နာရီ ထိုးနေပြီး ဖြစ်ကြောင်း မြင်တွေ့လိုက်ရပြီး သူ ကျီချင်းရန်၏ တင်ပါးကို ခပ်သာသာ ရိုက်လိုက်၏။
“ ဒီမှာ မအိပ်နဲ့… ကိုယ့်အခန်းကိုယ် သွားအိပ်…”
“ ငါ ခြေထောက် မဆေးရသေးဘူး..”
“ တစ်ရက်တစ်လေလေးကို ဆေးမနေနဲ့တော့…”
“ မရဘူး… ငါ့ ခြေထောက်တွေ မဆေးဘဲ ဘာလို့ အိပ်ရာဝင်ရမှာလဲ…”
ဤတစ်ကြိမ်တွင်တော့ သူ ကျီချင်းရန်၏ တင်ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး “ အတွန့်တက်မနေနဲ့… အခု သွားအိပ်တော့…”
“ ဟင့်အင်း..” ကျီချင်းရန် သူမ၏ လက်မောင်းများအား မြှောက်ပေး၍ ချစ်စဖွယ် ပြုံးလိုက်ပြီး “ ငါ့ကို သယ်သွားပေး…”
“ မိန်းမ သဘောပါ ခင်ဗျာ…”
“ ခစ်ခစ်..”
ကျီချင်းရန်ကို မင်းသမီးလေးတစ်ပါးကဲ့သို့ သယ်ဆောင်ရင်း အပေါ်ထပ်သို့ တက်လာခဲ့၏။
ကျီချင်းရန်မှာ ပျင်းရိနေသည့် ကြောင်လေးသဖွယ် လင်းရီ၏ လက်မောင်းထဲတွင် ခေါင်းဝှက်ထားပြီး နွေးထွေးမှုကို ခံစားနေသည်။
လင်းရီ သူမကို ဒုတိယထပ်ရှိ ရေချိုးခန်းအရှေ့တွင် ချပေးလိုက်သည်။
“ အပျင်းလေး… ရေရော ချိုးပေးရဦးမလား… “
“ ဆုတောင်းလေ… ငါ အရင် ချိုးမယ်… ပြီးရင် နင်လည်း ချိုး… အပျင်းမထူနဲ့…”
“ ဟုတ်ပါပြီဗျာ..”
လင်းရီ ဖုန်းယူ၍ အောက်ထပ်သို့ ပြန်ဆင်းသွားခဲ့သည်။ သူ မဖတ်ရသေးသည့် မက်ဆေ့ချ်အသစ်များ ရှိနေသည်။
လီစီကျင်းက ပထမဆုံးဖြစ်ပြီး သူမတို့တွေ တုံးစန်းကောင်တီသို့ လုံလုံခြုံခြုံနှင့် ပြန်ရောက်ပြီ ဖြစ်ကြောင်း သတင်းပို့ထားသည်။
လင်းရီ၏ လက်ချောင်းတို့က ဆိုဖာ လက်တင်ပေါ်၌ တတက်တက် ခေါက်နေရင်း လက်ရှိ အခြေအနေကို ချင့်ချိန် စဉ်းစားနေလျက် ရှိ၏။
တုံးစန်းကောင်တီက ယခုဆို ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။
သူ နေ့စဉ်နေ့တိုင်း ထိုနေရာ၌ နေလျှင်ပင် များများစားစား အသုံးဝင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တောင်သူ အလုပ်အကိုင်၏ အန္တိမ မစ်ရှင်သည်လည်း မကြာမီ ဆုံးခန်းတိုင်လာလိမ့်မည်ဟု သူ မှန်းဆမိ၏။
ယခု သူ ပြုလုပ်ဖို့ လိုသည်က စက်မှုဇုန်အသီးသီး လုပ်ငန်းစတင်မည့်အချိန်ကို စောင့်ဆိုင်းဖို့ရန်ပင်။ ထိုအခါ မစ်ရှင်သည်လည်း အလိုအလျောက် ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။
သို့သော် အချိန်ရမည် ဆိုပါက ထိုနေရာသို့ ပြန်သွားပြီး အခြေအနေ ကိစ္စရပ်တို့အား စူးစမ်းလေ့လာသင့်၏။
တုံးစန်းကောင်တီ၏ ထုံးတမ်းစဉ်လာအရ ဤနှစ်၏ ယခုအချိန်အခါသည် သူတို့၏ ကောက်ပဲသီးနှံများအား ရောင်းချသည့် အချိန်ပင် ဖြစ်သည်။ လင်းရီသည် ဝယ်သူ ကောင်းကောင်း တစ်ယောက်ရှာ၍ သူတို့၏ ကောက်ပဲသီးနှံများအား ဈေးကောင်းရရန် စီစဉ်ထားပြီး ကြီးပွားချမ်းသာသည့် နှစ်တစ်နှစ် ဖန်တီးပေးရန် ကြံရွယ်ထားသည်။
သို့သော် လင်းရီ စိုးရိမ်ပူပန်မှု အဖြစ်ဆုံးက တုံးစန်းကောင်တီတော့ မဟုတ်။ ရန်ကျင်း၊ ဝမ်မိသားစုက သူ့အတွက် စစ်မှန်သည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လေသည်။ ဤမျှ အချိန်ကြာပြီးသည့်တိုင် ဝမ်မိသားစုဘက်က မည်သည့် လှုပ်ရှားမှုမျှ ရှိမလာသေးချေ။ ၎င်းတို့က မည်သည်ကို စောင့်ဆိုင်းနေကြသနည်း။