ငါက ထန်စန်းကိုယ်တော် မဟုတ်ဘူး
Vol. 100 Ch. 1490
“ ဒီကြားထဲ အားလုံး အဆင်ပြေတာ သေချာလို့လား…”
လင်းရီ၏ စကားက သုံးယောက်လုံးကို ကြက်သေသေသွားစေခဲ့သည်။
အားလုံး ချောချောမွေ့မွေ့နဲ့ ဖြစ်နေတာ မကောင်းလို့လား…
တစ်ခုခု ဖြစ်မှကို ရမှာလား…
“ အရာအားလုံးက ချောချောမွေ့မွေ့နဲ့ပါပဲ.. ဘာပဲဆိုဆို ကုမ္ပဏီနှစ်ခုက ကန်ဒေါ်လာ သန်း ၁၀၀ လောက် အမြတ်ရထားကြတာဆိုတော့ သိပ်ကိုမှ ပူးပေါင်းဆောင်ရွက်ပေးကြတယ်..” ချီရှန်းကျောက် ပြောလိုက်ပြီး “ ကုမ္ပဏီ နှစ်ခုက ပရောဂျက် မန်နေဂျာတွေကလည်း ကျုပ်တို့ ကုမ္ပဏီလာပြီးမှ လာလည်ကြည့်ချင်သေးတယ်လို့တောင် ပြောသွားသေးတယ်… ကြည့်ရသလောက်တော့ သူတို့တွေ ရေရှည် ပါတနာ လုပ်မယ့် ဆက်ဆံရေးကို ထိန်းသိမ်းချင်နေကြတဲ့ပုံပဲ…”
“ ဒီလို အရာမျိုးကိုတော့ မင်းတို့ အဆင်ပြေသလို လုပ်လို့ ရတယ်… လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ နောင်ကျ တခြား သင့်တင့်မယ့် ပူးပေါင်းမှုတွေ ရှိလာရင် ငါတို့ သူတို့နဲ့ လုပ်စရာ မလိုဘူး.. မင်းတို့ ဟွာရန်အုပ်စုကို တန်းသွားလိုက်… အော်ပရေးရှင်းနဲ့ ပတ်သက်ရင် သူတို့ကို ကိုင်တွယ်ခိုင်းလိုက်… ငါတို့ကတော့ ကြားထဲကနေ ပွဲစားခေါင်းလို လုပ်ပြီး အမြတ်ထုတ်လို့ရတယ်…”
“ ကျွန်မက အဲ့ဒီနေရာမှာ တော်တယ်..” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ ပွဲစားခေါင်း လုပ်တာလား…”
“ ချီး… ကျွန်မပြောတာ ကြားလူအနေနဲ့ အမြတ်ရအောင် လုပ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်လို့ ပြောတာ…”
နှစ်ယောက် ထပ်မံပြီး ရန်ဖြစ်နေကြသည်ကို မြင်တော့ ရုံးခန်းထဲရှိ လေထုကလည်း အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့လေသည်။
“ ဥက္ကဌလင်း… မင်းမှာ အခု အချိန်ရလား… မကြာခင် နှစ်လည်း ကုန်တော့မှာဆိုတော့ နောက်နှစ်အတွက် ကုမ္ပဏီရဲ့ တိုးတက်မယ့်ဖွံ့ဖြိုးမယ့် လမ်းကြောင်း အစီအစဉ်တချို့ ကျုပ် ရေးဆွဲထားတယ်.. ကျုပ် ဒီအကြောင်း ပြောချင်နေတာ ကြာပြီ… ဥက္ကဌလင်း ပြင်ချင်တဲ့ နေရာ ရှိမရှိ တစ်ချက်ကြည့်လို့ရတာပေါ့…”
“ ရတယ်လေ…”
လင်းရီ သူ၏ ကိုယ်ဟန်ကို တစ်မျိုး ပြန်ပြောင်းလိုက်ပြီး “ မင်းတို့ သုံးယောက်လုံး ဒီရောက်နေတယ်ဆိုမှတော့ မီတင် အသေးစားလေး လုပ်ပြီး ဒီကိစ္စတွေ ပြောကြတာပေါ့…”
“ ဥက္ကဌထျန်… မင်း အရင် လာမလား…”ချီရှန်းကျောက် မေးလိုက်၏။
“ ဥက္ကဌချီပဲ အရင်သွားလိုက်ပါ… ကျွန်မရဲ့ အလုပ် အစီအစဉ်တွေက ရှင်တို့ ဆွေးနွေးမယ့် အကြောင်းကိစ္စတွေ အပေါ် မူတည်နေတာဆိုတော့ ကျွန်မ အရင်လာလည်း အလကားပဲ…”
“ ဒါဆို ကောင်းပြီလေ…”
ချီရှန်းကျောက်က သူ၏ လည်ချောင်းကို ရှင်း၍ “ 3-nm လီတိုဂရပ်ဖီစက် ပရောဂျက်ကို စလုပ်ဖို့ စီစဉ်နေပြီ… ဒါက ကျုပ်တို့ နှစ်သစ်အတွက် ကုမ္ပဏီရဲ့ အရေးအကြီးဆုံး ပရောဂျက်တစ်ခုလို့ ပြောလို့ရတယ်.. ဒုတိယအနေနဲ့ နယ်ပယ်ထဲမှာ ကျုပ်တို့ကုမ္ပဏီရဲ့ အဆင့်အတန်းကို မြင့်တင်ဖို့ ချစ်ပ်နဲ့ မိုဘိုင်းဖုန်း စီးပွားရေးကို ဦးစားပေးပြီး တည်ငြိမ်တဲ့ ဝင်ငွေ အရင်းအမြစ် တစ်ခု ဖြစ်လာအောင် ဖန်တီးဖို့ပါ….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ချီရှန်းကျောက်၏ အစီအစဉ်နှင့် ပတ်သက်၍ သူ ငြင်းစရာ အကြောင်းပြချက် ရှာမတွေ့ချေ။
“ နောက်တစ်ခုက ကျုပ် ဓာတ်ခွဲခန်း အသစ် တည်ဆောက်ပြီး ကျုပ်တို့ရဲ့ semiconductor နဲ့ ချစ်နယ်ပယ်က အဆင့်အတန်းပေါ် အခြေခံပြီး IOT အီကိုစစ်စတမ် တစ်ခု ဖန်တီးပြီးမှ လူတွေကို smart era ထဲ တံခါးအသစ် တစ်ချပ် ဖွင့်ပေးချင်တယ်..”
“ အိုး… IOT ပလန် အကြောင်း ထပ်ပြောစမ်းပါဦး…”
“ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ကျုပ် ဖြစ်ချင်တာက အသုံးပြုသူတွေက သူတို့ရဲ့ အိမ်၊ သူတို့ရဲ့ ကားနဲ့ ဂိုဒေါင်တွေကို လျှပ်စစ် လူသုံးကုန် ပစ္စည်း အနေနဲ့ အသုံးပြုစေချင်တယ်.. သူတို့က ကျုပ်တို့ရဲ့ ချစ်ပ်တွေကို အိမ်အတွင်း အမျိုးမျိုးသော ယူနစ်တွေကို ထိန်းချုပ်မယ့် ဦးနှောက်အဖြစ် အသုံးပြုလို့ရမယ်… ဥပမာ TV တို့၊ အဲကွန်းတို့၊ အဝတ်လျှော်စက်တို့၊ မီးအဖွင့်အပိတ် ဒါတွေကတော့ ထွေထူးပြောစရာ လိုမယ်မထင်ဘူး… ဒါက အဆင်မြင့် လူနေမှုဘဝကို ဆောင်ကြဉ်းပေးလာလိမ့်မယ်…”
လင်းရီ အတန်ငယ်ကြာအောင် တွေးတောကြည့်လိုက်သည်။
“ နောက်တစ်ခုက ….”
“ နောက်တစ်ခုက နိုင်ငံရပ်ခြား semiconductor နဲ့ ချစ်ပ် စီစဉ်မှု အတွက်ပါ..” ချီရှန်းကျောက် ပြောလိုက်ပြီး “ ကျုပ်တို့က အဆင့်မြင့်ဆုံး လီတိုဂရပ်ဖီစက်ကို အောင်အောင်မြင်မြင် ဖန်တီးပြီး ထုတ်လုပ်နိုင်ခဲ့တယ် ဆိုဦးတော့ …. ASML ၊ ထိုင်တယန့် နဲ့ ဆမ်ဆောင်းတို့လိုဟာမျိုးနဲ့ ယှဉ်ရင် ကျုပ်တို့ရဲ့ ထုတ်ကုန်က လုံလုံလောက်လောက် မကျော်ကြားသေးဘူး.. ဒါကြောင့်မို့ နောက်နှစ်မှာ နိုင်ငံ တကာဈေးကွက်ကို ချဲ့ထွင်ဖို့ ကြိုးစားပြီး လင်းယွင် အုပ်စုကို နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခု ဖြစ်အောင် ပြောင်းလဲချင်တယ်…”
လင်းရီ ခေါင်းညိမ်လိုက်သည်။ ရှန်းရှုရီက ချီရှန်းကျောက်သည် အတော်လေး ပါရမီပါသည်ဟု ချီးကျူးလေ့ရှိသည်က မထူးဆန်းတော့ချေ။ သူ့ကိုသာ ပျိုးထောင်ပေးပြီး လုံလောက်အောင် ကြီးမားသည့် စင်တစ်ခု ပေးထားခဲ့မည် ဆိုပါက အနာဂတ်တွင် ကျိန်းသေပေါက် အောင်မြင်ကျော်ကြားသည့် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်မှာ အမှန်ပင်။
ယခု သူ ပြန်စဉ်းစားကြည့်လိုက်တော့ သူမ ပြောသည်က အမှန်ပင် ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။
“ ဒါတွေက ကုမ္ပဏီရဲ့ နောင်နှစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့် အစီအစဉ်တွေအတွက် ယေဘုယျ လမ်းကြောင်းတွေပဲ… ဥက္ကဌလင်း … ကျေးဇူးပြုပြီး အကြံပြုချက် တစ်ချို့ ပေးနိုင်မလား…”
လင်းရီ ဟော်ယွမ်ယွမ်နဲ့ ထျန်းရန်ကို ကြည့်လိုက်သည်။
“ မင်းတို့နှစ်ယောက်ရော ဘယ်လိုမြင်လဲ…”
“ ကျွန်မတို့က ကြိုမြင် ကြိုတွေးထားပြီးသားပဲ… တစ်ခုခု မှားယွင်းနေတယ်လို့လည်း မမြင်မိပါဘူး..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မအထင်တော့ နောင်နှစ်ကျရင် အလုပ်တွေ အတော်ရှုပ်လောက်တယ်.. ကျွန်မတော့ ဥက္ကဌလင်း ကျွန်မတို့ကို လစာတိုးပေးဖို့ အကြံပြုချင်တယ်…”
“ အိုကေ … အကြံပြုချက် ပယ်ချတယ်…”
“ ချီးလိုပဲ…”
“ အဆိုပြုချက်နဲ့ ပတ်သက်ပြီး မှားယွင်းနေတာတော့ မရှိဘူး… ဒါပေမယ့် ငါ အသေးစိတ် တစ်ချို့ ထပ်ပေါင်းချင်တယ်..”
လင်းရီ၏ စကားကို ကြားတော့ သူတို့ သုံးယောက်လုံး မသိစိတ်အလျောက် နားစွင့်မိလိုက်ကြ၏။
လင်းရီဆိုသည်မှာ ကိစ္စတိုင်းကို သူကိုယ်တိုင် ဝင်စွက်ဖက်လေ့ မရှိသည့် ဘော့စ်တစ်ယောက် ဖြစ်ပြီး သူက ယခုကဲ့သို့ ပြောလာပြီ ဖြစ်သဖြင့် ကျိန်းသေပေါက် အရေးကြီးသည့် တစ်စုံတစ်ရာပင် ဖြစ်ရပေမည်။
“ ငါ ဘာလို့ လီတိုဂရပ်ဖီစက်နဲ့ မိုဘိုင်းဖုန်း အီကိုစစ်စတမ် တစ်ခု ဖန်တီးဖို့ အဲ့လောက် ကြိုးစားနေလဲ မင်းတို့ သိလား…”
“ လက်ဝါးကြီး အုပ်ထားခံရမှာကို ကြောက်လို့ …” ထျန်းရန်က ဖြေလိုက်၏။
“ ဟုတ်တယ်…” လင်းရီ ပြောလိုက်ပြီး “ ငါ့အတွက်… ငွေက သိပ်အရေးကြီးတယ်… ဒါပေမယ့် တာဝန်သိစိတ်က ပိုပြီးတောင် အရေးကြီးသေးတယ်…”
လင်းရီ သူ၏ ကိုယ်ဟန်ကို တစ်မျိုး ထပ်ပြောင်းလိုက်ပြီး “ ငါ မင်းတို့ကို အရမ်း ရိုးရှင်းတဲ့ မေးခွန်းလေး တစ်ခု မေးပါမယ်… ထျန်းရန် … မင်း ပုံတွေ ဆွဲတဲ့အခါ ဘာ ဆော့ဖ်ဝဲသုံးလဲ…”
“ CAD လေ..” ထျန်းရန် ပြောလိုက်၏။
“ ဘဏ္ဍာရေး အတွက် အသုံးပြုနေတဲ့ ဆော့ဖ်ဝဲကရော…”
“ ဂျာမနီထုတ် SPA “
“ ငါတို့ ချစ်ပ်ဒီဇိုင်း ဆွဲဖို့ အတွက် သုံးတဲ့ ဆော့ဖ်ဝဲတွေကျ….”
“ အမေရိကား Synopsys ရဲ့ EDA …” ချီရှန်းကျောက် ပြောလိုက်သည်။
“ ငါ တခြား ဘာမှ မပြောသေးဘူး… ဒီသုံးခုကိုပဲ အရင်ကြည့်လိုက်… နှစ်ခုက အမေရိကန်က ၊ တစ်ခုက ဂျာမနီက… သူတို့က ငါတို့ရဲ့ အသက်ရှုပေါက်ကို ချုပ်ကိုင်ထားတာလို့ ပြောရင် တစ်နည်းတစ်ဖုံ မှားမယ်လို့ ငါမထင်ဘူး… သူတို့သာ ငါတို့ လင်းယွင်ကုမ္ပဏီကို ပံ့ပိုးနေတာ ရပ်လိုက်မယ်ဆို ငါတို့ရဲ့ အော်ပရေးရှင်းတွေ ဘယ်လို ဆက်ပြီး လည်ပတ်တော့မှာ… မင်းတို့ တစ်ယောက်ယောက် အဖြေပေးနိုင်မလား…”
“ ဒါကကျ….”
လင်းရီ၏ မေးခွန်းက သူတို့ သုံးယောက်လုံးကို ကြက်သေသေသွားစေခဲ့ပြီး ဘာပြန်ဖြေလို့ ဖြေရမှန်းမသိ ဖြစ်သွားစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူတို့ တွေးကြည့်ရုံမျှနှင့် မည်မျှ ကြောက်မက်ဖွယ် အကျိုးရလဒ်များ ဖြစ်ပေါ်လာမည်ကို သိနေသောကြောင့် ဖြစ်သည်။
အကယ်၍ အဆိုပါ ဆော့ဖ်ဝဲ ကုမ္ပဏီ သုံးခုကသာ လင်းယွင်အုပ်စုအား အသုံးပြုခွင့် ပိတ်ပင်လိုက်မည် ဆိုပါက လင်းယွင်အုပ်စု၏ ၈၀ ရာခိုင်နှုန်းသော အလုပ်တို့မှာ ရပ်တန့်သွားရလိမ့်မည်။
“ အဲ့လို ကိစ္စမျိုး ဖြစ်ဖို့က အတော်လေး ခဲယဉ်းပါတယ်…” ဟော်ယွမ်ယွမ် သူမ၏ အတွေးအမြင်များကို ထုတ်ပြောလာခဲ့သည်။
“ ဖြစ်ဖို့ ခဲယဉ်းတယ်… ဒါပေမယ့် လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုတာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ အမျိုးသားရေး အကျိုးစီးပွားနဲ့ ပတ်သက်လာရင် တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားဆိုတာ မရှိတော့ဘူး… အဲ့ဒီ အချိန်ကျလာရင် ဘယ်သူကမှ ကြားနေကြမှာ မဟုတ်ဘူး…”
“ အခု ချီကြီးရဲ့ နောင်နှစ်အတွက် အစီအစဉ်ထဲမှာ နိုင်ငံတကာ ဈေးကွက်ကို အကြီးကြီးချဲ့ချင်တယ်… ငါတို့က သူများ ပါးစပ်ထဲက အသားတစ်ကို လုရမှာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို ထိပါးလာပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်…”
“ ဥက္ကဌလင်း ပြောချင်တာ ဒီ ပရောဂျက်တွေက နောင်နှစ်မှာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်မယ့် အဓိက ပရောဂျက်တွေလို့ ဆိုလိုချင်တာလား မသိဘူး…”
“ အဓိက လို့လည်း ငါ မပြောလိုဘူး… ဒါပေမယ့် ဒီအရာတွေကို လေးလေးနက်နက်တော့ သဘောထားရမယ်… နည်းပညာ ကုမ္ပဏီတစ်ခုအနေနဲ့ မယ်မယ်ရရ ပုံရိပ်တော့ ရှိသင့်တာပေါ့…” လင်းရီ ပြောလိုက်ပြီး “ တခြား ပရောဂျက်တွေကိုလည်း တိုးတက် ဖွံ့ဖြိုးအောင် လုပ်ဖို့ လိုတယ်… ငါတို့ လျစ်လျူရှုထားလို့ မဖြစ်ဘူး… ဘာပဲဆိုဆို ငါတို့မှာ လစာပေးရမယ့် ဝန်ထမ်းတွေက အများကြီးပဲလေ… အဲ့ဒီ မျိုးချစ်စိတ်ကြီးက ထမင်းစားလို့မှ မရတာ… ပိုက်ဆံရအောင်တော့ ဖန်တီးဦးမှပေါ့…”
“ ကျုပ် နားလည်ပြီ ဥက္ကဌလင်း… ကျုပ်ပြန်ပြီး ဒီရဲ့ အဆိုပြုလွှာကို ပြီးပြည့်စုံအောင် ပြန်လုပ်လိုက်မယ်…”
“ ဒါဆို ကျွန်မလည်း ကျွန်မရဲ့ အစီအစဉ်ကို ပြန်ပြီး ရေးဆွဲဦးမှနဲ့တူတယ်… ကျွန်မတို့ အတူ တင်ပြကြတာပေါ့…”
လင်းရီ ခေါင်းညိမ့်ပြီး ဟော်ယွမ်ယွမ်ကို ကြည့်လိုက်၏။ “ မင်းရော.. မင်းရော တင်ပြစရာ တစ်ခုခု မရှိဘူးလား…”
“ ကျွန်မရဲ့ နောင်နှစ်အတွက် အစီအစဉ်ကတော့ ကျွန်မရဲ့ လစာကို တိုးပေးဖို့ပါပဲ…”
“ အိုကေ… အစည်းအဝေးပြီးပြီ…”
ဟော်ယွမ်ယွမ် “ …. “
သူတို့သုံးဦး ထွက်ခွာသွားပြီးနောက် လင်းရီသည် ဟွာရှန်းဆေးရုံသို့ ကားမောင်းသွား၍ လီချူးဟန်၊ ချောင်ရှင်းတို့နှင့် အတူ နေ့လည်စာစားပြီး ပတ်တီး တစ်ဖန် ပြန်လဲ လိုက်၏။
မူလတုန်းကတော့ ထိုအလုပ်ကို ပြုလုပ်ပေးသည့်လူမှာ လီချူးဟန်ပင်။ သို့သော် ချောင်ရှင်းက စေတနာ့ ဝန်ထမ်းကြီး ဖြစ်ချင်နေသဖြင့် လီချူးဟန်လည်း များများစားစား စဉ်းစားနေခြင်း မရှိကာ သူမအား ထိုတာဝန် ပေးအပ်လိုက်တော့သည်။ မည်သို့ပင်ဆိုစေ အနာကို ဆေးကြောပြီး ပတ်တီးလဲတာလေးပင် ဖြစ်၏။ ခက်ခဲသည်လည်း မရှိပေ။ ထို့ကြောင့် ချောင်ရှင်း ကိုင်တွယ်၍လည်း ပြဿနာ မရှိနိုင်ချေ။
သို့သော် ထိုအတောအတွင်း နှလုံးခွဲစိတ် ဌာနအတွင်းရှိ နာ့စ်များအားလုံး လင်းရီဘေးနား ဝန်းရံလျက် ရှိကာ သူ့အနားတွင် ထိုင်နေကြ၏။
လင်းရီကို အားတက်သရော ရှိသည့် မျက်ဝန်းတို့ဖြင့် ကြည့်ရင်း အင်မတန် မွှေးပျံ့သည့် အသားတုံးကြီး တစ်ခုက ရှေ့တွင် ရှိနေသကဲ့သို့ ကြည့်နေရင်းဖြင့် နှုတ်ခမ်းတပြင်ပြင် ဖြစ်နေကြလေသည်။
“ မင်းတို့ နည်းနည်းပါးပါး ဆင်ဆင်ခြင်ခြင် နေပေးလို့ မရဘူးလား… ငါ့နာမည်က လင်းရီပါ… ထန်စန်းကိုယ်တော် မဟုတ်ဘူးနော်…”
“ ဒီတိုင်း ရှင့်ရဲ့ abs ကြီးတွေက အရမ်း ဆွဲဆောင်မှု ရှိလွန်းလို့လေ… ကျွန်မ လျှက်ကြည့်လို့ ရတယ်မလားဟင်…” ဆံပင် အရှည်နှင့် နာ့စ်က လင်းရီကို စိုက်ကြည့်ပြီး ပြောလိုက်သည်။