← Chapters

အလိမ်တွေ ပေါ်ပြီ

Vol. 100 Ch. 1492

အလိမ်တွေ ပေါ်ပြီ

Vol. 100 Ch. 1492

လင်းရီ၏ ဖုန်းပြောသံကို ကြားတော့ ကျီချင်းရန် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။

သူမ စစချင်းတုန်းက စိတ်အားတက်ကြွနေပြီး အိမ်သို့ ပြန်ရောက်သည်နှင့် လင်းရီကို လက်စွမ်းများ ပြချင်နေသည်။

ယခုတော့ ကောင်းချေပြီတကား။ လူကဖြင့် အိမ်ပင် မရောက်နိုင်သေးခင်မှာပဲ ထပ်ပြီး ထွက်ခွာဖို့ ခရီး လမ်းစက ပြုနေပြီဖြစ်၏။

“ ဘယ်သူလဲ …”

“ ဒါရိုက်တာရှန်း ပြောတာ ဓာတ်ခွဲခန်းမှာ ပြဿနာလေးတစ်ခု ပေါ်နေလို့ ငါ့ကို လာခဲ့ပေးဦးတဲ့…”

“ ဓာတ်ခွဲခန်းမှာ ဒီလောက် လူအများကြီး ရှိတာကို သူတို့က မကိုင်တွယ်နိုင်ကြဘူးလား… ဘာလို့ နင့်ကိုမှ လာခေါ်နေရတာ တကယ်တည်း..” ကျီချင်းရန် မကျေမနပ် စောဒကတက်လိုက်သည်။

သူမ လင်းရီကို မတားမြစ်လိုပေ။ ယောက်ျားတစ်ယောက်က သူတို့ အလုပ်ထဲတွင် အာရုံစိုက်ထားဖို့ လိုအပ်၏။

သို့သော် လင်းရီက ယခုလေးတင်မှ ပြန်လာခြင်း ဖြစ်ပြီး သူ အိမ်တွင် ညအိပ်သည့် ရက်စွဲများကိုပင် ကျီချင်းရန် လက်တစ်ဖက်ဖြင့် ရေတွက်ကြည့်၍ ရသည်။ ယနေ့ည အိမ်တွင် နေနိုင်မည်ဆိုလျှင်လည်း အနည်းဆုံးကောင်းသေး၏။

ဒါရိုက်တာရှန်းရဲ့ အချိန်တိကျချက်ကတော့ တိုင်ပင်ထားသလား အောက်မေ့ရတယ်။ တကယ်ပါပဲ။ စိတ်လေပါတယ်။

“ ဘယ်တတ်နိုင်ပါ့မလဲဟာ…” လင်းရီ ပြောလိုက်ပြီး “ လီတိုဂရပ်ဖီစက်နဲ့ ချစ်ပ်တွေက ဦးစားပေးပဲလေ… ပြီးတော့ ဒါရိုက်တာရှန်းအပြင် ဓာတ်ခွဲခန်းမှာ အတော်ဆုံးက ငါလေ… ပြဿနာ ရှိရင် ငါသွားပြီး ကြည့်သင့်တာ သဘာဝပါပဲ…”

“ ပြီးရော…” ကျီချင်းရန် စိမ်းကားစွာ တုံ့ပြန်လိုက်သည်။

“ ဒီတိုင်း ထမင်း တစ်နပ်လေးပဲမလား… ငါတို့အချိန်မရွေး စားလည်း ရပါတယ်..”

ပြောပြီးနောက် လင်းရီသည် ကျီချင်းရန်၏ ပါးကို နမ်းရှိုက်လိုက်၏။

သို့သော် ကျီချင်းရန်မှာ တုတ်တုတ်မလှုပ်ချေ။

လင်းရီလည်း အနည်းငယ် ဇဝေဇဝါတော့ ဖြစ်နေမိ၏။ ဒီတိုင်း ဓာတ်ခွဲခန်း ခဏသွားရမှာပဲ မလား။ အဲ့တာကို ဘာလို့ ဒီလောက်ထိ ရေးကြီးခွင်ကျယ် လုပ်ပြနေရတာပါလိမ့်။

ဒီအတွက် သူ့ကိုလည်း အပြစ်တင်လို့တော့ မရဘူးလေ။

သူတို့တွေ အချိန်အကြာကြီး ခွဲခွာထားရသော်လည်း သူ ရွေးချယ်နိုင်ခဲ့သည့် အမှု မဟုတ်ခဲ့ချေ။ သဘာဝအလျောက် သူသည်လည်း သူမနှင့် နီးနီးကပ်ကပ် အတူနေချင်ပါသည်။

မနေ့က လင်းရီ တော်တော်လေး ပင်ပန်းနေပြီး ကျီချင်းရန် တွေးထားသည်မှာ ယနေ့တော့ သူမ အခွင့်အရေး ရှိပြီဟူ၍ပင်။ သို့သော် ဒါရိုက်တာရှန်းက ကဖျက်ကယက် လာပြုနေသည်။

မည်မျှ စိတ်တိုစရာ ကောင်းလိုက်သနည်း။

လင်းရီ ဘာမျှ မပြောပေ။ အနာက ပွင့်နေပြီး အကယ်၍ သူသာ အလျင်အမြန် မပြုဘူးဆိုပါက သွေးတို့ လျှံကျလာပြီး ဖုံးကွယ်ထားသည်များလည်း ပေါ်ပေါက်သွားလိမ့်မည်။

မသိလိုက်စွာဖြင့် လင်းရီ အရှိန်ကို ပိုမြင့်လိုက်ပြီး ထင်မှတ်ထားသည်ထက် ကျိုကျုံးဗီလာသို့ မိနစ် အနည်းငယ် စောရောက်သွားခဲ့သည်။ ထို့နောက် ဘာမျှ မဖြစ်မထားသကဲ့သို့ ဝယ်ထားသည့် ပစ္စည်းများကို အထဲသို့ သယ်ရွေ့ပေးလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လေသည်။

“ နင် ဘယ်တော့ ပြန်လာမှာလဲ…”

တံခါးဝတွင် ရပ်နေရင်း သူမ မေးမြန်းလိုက်၏။

“ သိပ်ကြာမယ် မထင်ပါဘူး… ခဏဆို ပြန်လာဖြစ်မှာပါ… ကိုယ့်ဘာကိုယ် စားထားနှင့် … ငါ့ကို စောင့်မနေနဲ့တော့နော်…”

“ အိုး… အိုကေလေ… လမ်းမှာ ဖြည်းဖြည်းမောင်းဦး…”

“ ဒါပေါ့….”

သူမ၏ပါးကို နောက်တစ်ကြိမ် နမ်းရှုံ့၍ ဆံနွယ်များကို ပွတ်သပ်‌ပေးကာ လင်းရီ မောင်းထွက်သွားခဲ့၏။

ကျိုကျုံးဗီလာမှ ထွက်လာပြီးနောက် လင်းရီသည် ဟွာရှန်းဆေးရုံသို့ တန်းမတ်စွာ ဦးတည်လိုက်သည်။

လီချူးဟန်က အလုပ်ပြီး၍ အိမ်သို့ ပြန်သွားခဲ့ပြီး ချောင်ရှင်းကတော့ ဂျူတီကျနေသည်။

“ ဘာဖြစ်တာလဲ… နေ့ခင်းတုန်းက အဆင်ပြေနေတာကြီးကို ဘာလို့ ညကျမှ ပြန်ပွင့်သွားခဲ့တာ…”

ပိတ်ကျဲပေါ်ရှိ သွေးကွက်များကို မြင်တော့ ချောင်ရှင်းမှာ လင်းရီကို မစနောက်ရက်တော့ချေ။ သူမ၏ လေသံက အနည်းငယ် စိုးရိမ်ကြောင့်ကြနေသည်။

အစ်ကိုရီ၏ ဆေးပညာ အဆင့်ဖြင့်ဆိုပါက သူမ ယခုလိုစကားမျိုး ပြောပြီး သတိပေးရန်ပင် မလိုအပ်ချေ။

“ ထင်မထားတာလေး ဖြစ်သွားလို့ ဒါပေမယ့် အသေးအမွှားလေးပါပဲ… အဲ့လောက်ထိ ရှော့ခ်ရနေစရာ မလိုပါဘူး…”

“ ညီမ ဒါရိုက်တာလီကို အခု ခေါ်လိုက်မယ်..”

“ ဘာလို့ ခေါ်မှာ … ငါက ခွဲစိတ်မှာလည်း မဟုတ်..” လင်းရီ ပြောလိုက်ပြီး “ ငါ့ကိုသာ ပြန်ချုပ်ပေးလိုက်… မဟုတ်ရင် သူ သေချာပေါက် လာနေမှာ…”

လီချူးဟန်သည် စကား အပို ပြောလေ့ ပြောထ မရှိသော်လည်း ကိစ္စများစွာကို‌တော့ ကောင်းစွာ နားလည်ထားသည်။ အခြား အမျိုးသမီးများဆိုလျှင် သူတို့ ရင်ဘက်ထဲ၌ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ ၊ အရာများစွာ ရှိကြသည်။

သို့သော် လီချူးဟန်၏ နှလုံးသားထဲတွင်တော့ လင်းရီ တစ်ဦးတည်းသာလျှင် ရှိ၏။

ထို့ကြောင့် လင်းရီ၏ နှလုံးသားထဲတွင်လည်း လီချူးဟန်သည် ထူးခြားစွာ တည်ရှိနေလျက် ရှိပြီး မည်သူကမျှ သူမနှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ကောင်းပြီလေ… ဒါဆိုလည်း ..”

သူမက ဂျူနီယာ ဒေါက်တာ တစ်ယောက်မျှ ဖြစ်လင့်ကစား လင်းရီ၏ အနာတရတို့က ကြီးကြီးမားမား မဟုတ်သောကြောင့် သူမတစ်ယောက်တည်း ကိုင်တွယ်၍ ရသည်။

အရာအားလုံး အဆင်ပြေချောမွေ့စေရန်အတွက် ချောင်ရှင်း နာရီဝက်မျှကြာအောင် အာရုံစိုက် အလုပ်လုပ်လိုက်ရ၏။

“ အစ်ကိုရီ… ရှင် ဂရုစိုက်မှ ဖြစ်မှာနော်… နောင်ကျ လှုပ်ရှားမှု ကြီးကြီးမားမားတွေ မလုပ်သေးနဲ့ဦး…. လေးတဲ့ ပစ္စည်းတွေလည်း မ,မနဲ့… ဒီလိုမျိုး ထပ်ခါထပ်ခါ ဖြစ်နေရင် အနာက ပိုးဝင်သွားတော့မှာ…”

ပတ်တီးစည်းနေရင်း ချောင်ရှင်း၏ နှုတ်က သတိပေးလိုက်သည်။

“ အင်း ငါသိတယ်..” လင်းရီ ပြောလိုက်ပြီး “ အိုး ဟုတ်သား… ငါ့ဖို့ ခဏကျရင် အရောင်လျော့ဆေးနဲ့ ပိတ်ကျဲ တစ်ချို့ ယူလာပေးစမ်းပါ… ငါ အိမ်ပြန်ရင် ယူသွားချင်လို့….”

“ ညီမ ချန်းချန်းကို ယူခိုင်းလိုက်မယ်…”

ပြောပြီးနောက် ချောင်းရှင်းတစ်ယောက် နာ့စ်တစ်ဦးအား လှမ်းခေါ်၍ စေခိုင်းလိုက်သည်။ ထို့နောက် လင်းရီ၏ အနာကို ဆက်လက်ပြီး ပတ်တီးစည်းပေးလေသည်။

အားလုံး ပြီးစီးသွားပြီးသည့်နောက် ဆေးပစ္စည်းများကို ကားအထိ သယ်လာခဲ့ပေးပြီး လင်းရီကို သယ်ခွင့်မပြုပေ။

ဆေးရုံမှ ထွက်လာခဲ့ပြီးနောက်တွင် လင်းရီသည် သုတေသန စင်တာသို့ ထွက်လာခဲ့လိုက်၏။

ည ရှစ်နာရီကျော်နေပြီး ဖြစ်သော်လည်း သုတေသန စင်တာ၏ မီးအလင်းရောင်တို့က လင်းထိန်နေဆဲပင်။ မျက်နှာသစ် ဆေးကြောလိုက်ပြီး လင်းရီ တတိယလွှာသို့ တက်လာခဲ့၏။ ထိုအခါ လက်ထဲတွင် ဘာဂါတစ်လုံး ကိုင်ထားသည့် လုရင်းကို မြင်တွေ့လိုက်ရလေသည်။ သူမက အစား တစ်ဖက်နှင့် ကွန်ပျူတာ စခရင်ပေါ်ရှိ ကုတ်များကို အာရုံစိုက်နေလျက် ရှိ၏။

တစ်စုံတစ်ယောက်က လင်းရီကို နှုတ်ဆက်သည့် အခါမှသာ လင်းရီ ရောက်လာကြောင်းကို သူမ သတိထားမိလိုက်သည်။

“ သူဌေး…”

လုရင်း မတ်တပ်ရပ်ပြီး ပြောလိုက်၏။

“ နောက်ကျနေပြီကို အလုပ်ရှုပ်တုန်းပဲလား..”

“ ပရိုဂရမ်မှာ bug တွေ့လို့လေ… အဲ့တာ ဖြေရှင်းနေတာ…”

“ မင်းက ငယ်တော့တာလည်း မဟုတ်ဘူး… ခွန်အားတွေကို အလုပ်အပေါ်မှာပဲ ဖြုန်းတီးမနေနဲ့… ပါတနာ တစ်ယောက်လောက် ရှာဖို့လည်း စဉ်းစားဦး ကြားလား…”

“ ဒီကလည်း တစ်ယောက် ရှာနေပါတယ်နော်…” လုရင်း ပြောလိုက်ပြီး “ ဒီ အပတ် စနေ၊ တနင်္ဂနွေကျရင် ဘလိုင်းဒိတ် တစ်ခု ရှိတယ်… အဲ့ခါကျရင်သာ ကျွန်မကို ခွင့်နှစ်ရက်ပေး…”

“ နှစ်ရက်က ဘယ်လိုလုပ် လောက်မှာ… ငါမင်းကို တစ်ပတ် ပေးလိုက်မယ်… အပြင်သွား ၊ ပျော်ပါးပြီး အနားယူလိုက်…”

“ မဖြစ်နိုင်လိုက်တာ… အဲ့လောက် ကောင်းတယ်ပေါ့..”

“ ဘာလို့ဆို ငါက သူဌေးကောင်းလေ… မင်းတို့ ဘယ်နေရာမှာမှ ရှာလို့ တွေ့မှာ မဟုတ်ဘူး… ဟုတ်တယ်ဟုတ်…”

“ ရှင်မစိုးရိမ်ဘူးလား… တကယ်လို့ ကျွန်မရဲ့ ဘလိုင်းဒိတ်သာ အောင်မြင်သွားပြီး လက်ထပ် ဖြစ်သွားရင် နောင်ကျ သူဌေးကို ပြုစုပေးလို့ မရတော့ဘူးလေ..”

“ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ကို ပြုစုခိုင်းတာက ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား..”

“ ဥက္ကဌလင်း … ကျွန်မလည်း လက်ထပ်ပြီးသားနော်…” အမေရိကန် မျိုးနွယ် သုတေသန ပညာရှင် တစ်ဦးက ပြောလာခဲ့၏။

“ ကျွန်မလည်း ကလေး တစ်ယောက် မွေးထားတာ မကြာသေးဘူး.. ကျွန်မရော အခွင့်အရေး ရှိမှာလား..” ရုရှား သုတေသန ပညာရှင် တစ်ဦးက ပြောလိုက်၏။

“ အာ … ငါက စကားအဖြစ် ပြောတာပါဟ… ဒါပေမယ့် ကိစ္စမရှိဘူး… မင်းတို့ စိတ်ဝင်စားရင် တစ်ယောက်ချင်းစီတိုင်းမှာ အခွင့်အရေး ရှိလာလိမ့်မယ်…”

လင်းရီကြောင့် ဓာတ်ခွဲခန်းထဲရှိ လေထုမှာ အတော်လေး သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။

“ ဒါနဲ့ ဒါရိုက်တာရှန်းရော…” လင်းရီ လှည့်ပတ်ကြည့်ပြီး မေးမြန်းလိုက်၏။

“ ဒါရိုက်တာရှန်းက လီတိုဂရပ်ဖီစက် အသစ်အကြောင်း ပြောဖို့ ရန်ကျင်းက သူ့မိတ်ဆွေဟောင်းတွေဆီ သွားခဲ့တယ်…”

“ သူ မင်းတို့ကို ခေါ်မသွားဘူးပေါ့..”

“ ဒီမှာ ကျွန်မလုပ်ဖို့ လိုတဲ့ ကိစ္စတွေမှ အများကြီးပဲလေ… ဒါကြောင့်မို့ မခေါ်ခင် အရင် ကြိုနေရစ်ခဲ့လိုက်တာ… ဒါပေမယ့် ပြီးခါနီးပါပြီ… မနက်ဖြန်ကျရင် သူ့နောက် လိုက်သွားတော့မှာ…”

“ ဆိုတော့ အဲ့လိုကိုး…”

“ သူဌေးက ဒါရိုက်တာရှန်းနဲ့ တွေ့ဖို့ ရောက်လာတာလား … ကျွန်မ ဖုန်းခေါ်ပေးရဦးမလား..”

“ မလိုဘူး… ငါဒီည ဒီမှာနေမလို့… ဒါရိုက်တာရှန်းရဲ့ ရုံးခန်းထဲမှာ အိပ်ယာရှိတယ်မလား…”

လုရင်း လင်းရီကို မပျော်ရွှင်စွာ ကြည့်လိုက်၏။ “ တစ်ခုခု ဖြစ်ထားလို့လား… သူဌေး အပြင်မှာ ခြေပတ်ရှုပ်ထားတာ သူဌေးကတော် ရှာတွေ့သွားပြီး အခန်းထဲ ပေးမဝင်တော့လို့များလားနော်…”

“ အင်း…. ပြောရရင် ဇာတ်လမ်းက အရှည်ကြီး….”

လင်းရီ မူလတုန်းက အနာ ဆေးကုပြီးသည်နှင့် အိမ်သို့ ပြန်ချင်ခဲ့၏။

သို့သော် သေချာ ဂရုတစိုက်နှင့် စဉ်းစားကြည့်လိုက်တော့ ပြန်မသွားသည်က ပိုကောင်းလေသည်။ ယနေ့ ညနေခင်းတုန်းကကဲ့သို့ အခြား မတော်တဆ ဖြစ်ရပ် ထပ်ဖြစ်မည် ဆိုပါက ကောင်းလိမ့်မည် မဟုတ်ချေ။

ထို့ပြင် သူ့တွင် လုံလောက်သည့် အကြောင်းပြချက်လည်း ရှိထားလေသည်။ သိပ္ပံသုတေသန ပညာရှင်များ ညလုံးပေါက် အလုပ်ရှုပ်ကြသည်က ဖြစ်ရိုး ထုံးစံပင်။

အဆုံးတွင် အိမ်မပြန်ဖို့ သူ ဆုံးဖြတ်ချက် ချလိုက်၏။ အကယ်၍ ကျီချင်းရန်သာ ဆိုင်းမဆင့် ဗုံမဆင့် စစ်ဆေးရန် ရောက်လာမည်ဆိုပါကလည်း အဆင်ပြေသည်။ ဤသည်က ပြီးပြည့်စုံသည့် အကြံဉာဏ် တစ်ခုပင်။

“ ဒါဆိုလည်း ကောင်းပြီလေ..” လုရင်း ရှည်ရှည်ဝေးဝေး မေးမြန်းမနေဘဲ “ ဒါရိုက်တာရှန်း ရုံးခန်းထဲမှာ အိပ်ယာရှိပြီးသား … ဒါပေမယ့် သက်တောင့်သက်သာတော့ မရှိဘူးနော်…”

“ ပြဿနာ မရှိဘူး… ကျောခင်းလို့ ရရင် ရပြီ…”

အခြားသူများက အလုပ်ကြိုးစားနေစဉ် သူက ရုံးခန်းထဲသွားပြီး အိပ်ရန် ရှက်ရွံ့လှသဖြင့် ဆယ်နာရီထိတိုင် အလုပ်လုပ် နေလိုက်သည်။ ထို့နောက် အနားယူရန် ထွက်လာခဲ့လိုက်၏။

……………..

ကျိုကျုံးဗီလာ။

လင်းရီ ထွက်ခွာသွားပြီးသည့်နောက် ကျီချင်းရန်သည် သူမကိုယ်သူမ ချက်စားဖို့ စိတ်မပါတော့ပဲ အပြင်ကနေ တစ်ခုခုမှာ၍ သာမန် ညစာသာ သုံးဆောင်လိုက်တော့သည်။

ကလင် ကလင် ကလင် …

ထိုအချိန်တွင် ကျီချင်းရန်၏ ဖုန်းသံ မြည်လာပြီး ဟော်ယွမ်ယွမ်က ဆက်သွယ်လာခြင်း ဖြစ်၏။

“ ဟင်… အစ်မကျီ… နင် ဘာလို့ အပြင်အစားအသောက်တွေ စားနေတာလဲ….” ဟော်ယွမ်ယွမ် တအံ့တအား မေးမြန်းလာခဲ့၏။

“ ဒါရိုက်တာရှန်းက လင်းရီကို ကိစ္စရှိလို့ဆိုပြီး အချိန်ပို ခေါ်သွားခဲ့တယ်လေ…. ငါတစ်ယောက်တည်း ချက်မစားချင်လို့…”

“ အချိန်ပို လုပ်ဖို့… ဟမ်…” ဟော်ယွမ်ယွမ် ဇဝေဇဝါ ဖြစ်နေသည့် အသံဖြင့် “ ဒါရိုက်တာရှန်းက ရန်ကျင်းကို အလုပ်ခရီးထွက်သွားတာပါ… သူက ဘာကိစ္စ သူဌေးကို အချိန်ပိုလုပ်ဖို့ ခေါ်ရမှာလဲ…”

All Chapters