← Chapters

သူငါ့ကို မချစ်ဘူး

Vol. 100 Ch. 1493

သူငါ့ကို မချစ်ဘူး

Vol. 100 Ch. 1493

အစကတည်းကရင် ကျီချင်းရန်သည် စားသောက်ဖို့ စိတ်မပါ့တပါ ဖြစ်နေပြီး ဟော်ယွမ်ယွမ်၏ စကားကို ကြားပြီးသည့်နောက် စားကို မစားတော့ချေ။

“ ဒါရိုက်တာရှန်းက ရန်ကျင်းသွားခဲ့တယ် ဟုတ်လား…”

“ ဟုတ်တယ်လေ…” ဟော်ယွမ်ယွမ် သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဒါရိုက်တာရှန်းလို အဆင့်ကျတော့ သူ့ရဲ့ ခရီးသွားကုန်ကျစရိတ်တွေကို ယွမ်ယွမ်ကပဲ ကိုင်တွယ်ရတာ… သူ တမြန်မနေ့ ထွက်သွားတုန်းက သူ့ ခရီးစရိတ်အတွက်ဆိုပြီး ယွမ် ငါးသောင်း လွှဲပေးလိုက်သေးတယ်…”

ကျီချင်းရန်၏ အမူအရာသည် ချက်ချင်း အေးခဲသွားခဲ့တော့၏။

ဒါရိုက်တာရှန်းက ရန်ကျင်းကို အလုပ်ခရီး ထွက်သွားခဲ့တယ်။ အဲ့တာဆို ဘာလို့ သူက လင်းရီကို အချိန်ပို အလုပ်လုပ်ဖို့ ခေါ်နေရတာလဲ။

“ အစ်မကျီ… ငါ့ကို စောင့်ဦး … ငါ အခု နင့်ဆီ လာနေပြီ..”

တစ်စုံတစ်ရာတော့ မူမမှန်နေပြီကို ဟော်ယွမ်ယွမ် သတိပြုမိလိုက်သည်။ ကျိန်းသေပေါက် ကိစ္စတစ်ခုခုတော့ ဖြစ်နေလေပြီ။

ဟော်ယွမ်ယွမ် ဖုန်းဆက်လိုက်သည်က ကော်နင်ယွဲ့၏ မင်္ဂလာဆောင်နှင့် ပတ်သက်ပြီး စကားပြောဆိုချင်သောကြောင့် ဖြစ်ပြီး ၊ သို့သော် ထင်မှတ်မထားစွာဖြင့် ထိုသို့သော မတော်တဆမှုမျိုးဖြင့် ကြုံတွေ့လိုက်ရလေသည်။

ဗွီဒီယိုကော ပြီးဆုံးသွားပြီးသည့်နောက် ကျီချင်းရန်သည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေလျက်ရှိ၏။ သူမ၏ ထိုင်ခုံတွင် ငူငူငိုင်ငိုင်ကြီး ထိုင်နေပြီး လင်းရီထံသို့ ဖုန်းမခေါ်မီ သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“ နင် အခု ဓာတ်ခွဲခန်းမှာ အလုပ်များနေတာလား…”

“ အင်း … ငါတို့ အခု တွေ့နေရတဲ့ bug က နည်းနည်းလေး ဖြေရှင်းရခက်တယ်….”

“ နင်နဲ့ ဒါရိုက်တာရှန်းတောင် မကိုင်တွယ်နိုင်ဘူးပေါ့..”

“ ငါတို့နှစ်ယောက်ကလည်း တန်ခိုးရှင်တွေမှ မဟုတ်တာကွာ.. အကြောင်းအရင်း အမှန်ကို သိရအောင် ဖြည်းဖြည်းချင်း ရှာကြည့်ရမှာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ငါ ဒီည ပြန်လာနိုင်မယ် မထင်ဘူး… ငါ့ကို မစောင့်နဲ့တော့နော်…”

“ အင်း အင်း … ဟုတ်ပြီ…”

“ မွ….”

ကျီချင်းရန် ဖုန်းချပြီး သူမ၏ ထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်နေသည်။ သူမ၏ မျက်လုံးတို့က နီရဲနေပြီး မျက်ရည်တို့က စီးကျလာခဲ့၏။

ယခင်တုန်းက လင်းရီသည် သူမကို ဘယ်သောအခါမှ လိမ်ညာခြင်း မရှိခဲ့ချေ။

ယင်းက သူမ တစ်ချိန်လုံး စဉ်းစားနေသည့် အရာဖြစ်ပြီး သူမ တစ်ချိန်လုံး စိတ်ထဲ စစ်ဖြစ်နေသည့် အရာတစ်ခုလည်း ဖြစ်သည်။

တကယ်လို့ ကိစ္စ တစ်ခုခုမှ မရှိဘူးဆိုရင် သူက သူမကို လိမ်ညာပါ့မလား။

စိတ် တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ကျီချင်းရန်သည် အရာအားလုံးကို နားလည် သဘောပေါက်လာသကဲ့သို့ ဖြစ်လာခဲ့သည်။

လင်းရီ ယမန်နေ့ ပြန်လာစဉ် အချိန်တုန်းက ရေချိုးပြီးသည်နှင့် သူ့အခန်းထဲသို့ တန်းသွားခဲ့သည်။ ယင်းက သူ ပင်ပန်းသောကြောင့် မဟုတ်ဘဲ သူ့တွင် လုပ်စရာ တစ်ခုခု ရှိနေသောကြောင့်ပင်။

ထို့ပြင် ယနေ့ အချိန်ပို အလုပ်ဆင်းရန်အတွက် ဒါရိုက်တာရှန်း၏ ရုံးခန်းသို့ သွားမည်ဟုပင် သူမကို လိမ်ညာလိုက်သေးသည်။ အရာအားလုံးက အလိမ်အညာချည်းများပင်။

ထိုအကြောင်း တွေးမိတော့ ကျီချင်းရန်သည် ပို၍ သည်းထန်စွာ ငိုကြွေးလာခဲ့မိ၏။ သူမ၏ စိတ်ခံစားချက်တို့ကို ထိန်းမချုပ်နိုင်ဘဲ ဖြစ်နေသည်။

“ အစ်မကျီ…”

တံခါးအပြင်ဘက်ကနေ ဟော်ယွမ်ယွမ် အထဲသို့ ပြေးဝင်လာခဲ့၏။ သူမက ညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူမ၏ ဆံပင်ကိုပင် မချည်နှောင်ထားရချေ။ ဖုန်းချပြီးသည်နှင့် ကျီချင်းရန် ရှိသည့် နေရာသို့ တန်းပြေးလာသည်မှာ သိသာလေသည်။

“ မငိုနဲ့ အစ်မကျီ…”

ဟော်ယွမ်ယွမ်ကို မြင်တော့ ကျီချင်းရန်မှာ ပို၍ပင် သည်းထန်စွာ ငိုကြွေးလာခဲ့သည်။ သူမ၏ တည်ငြိမ်အေးဆေးမှုများအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။

ဟော်ယွမ်ယွမ်ကလည်း လူကို နှစ်သိမ့်ပေးသည့် နေရာတွင် ဆရာ တစ်ဆူ မဟုတ်သဖြင့် ရိုးရှင်းစွာ ပွေ့ဖက်ထားပြီး ကျီချင်းရန်၏ ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးရုံသာ တတ်နိုင်ခဲ့သည်။

ကျီချင်းရန် ရင်ထဲရှိ ဒေါသများအားလုံးကို ငိုကြွေးရင်းဖြင့် ပေါက်ကွဲပစ်နိုင်မည်ဟု သူမ မျှော်လင့်မိ၏။

“ သူ့မှာ တခြား မိန်းမတစ်ယောက် ရှိနေပြီ ထင်တယ်… သူ ငါ့ကို မချစ်တော့ဘူး…”

“ မဖြစ်နိုင်တာ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျိုးဟိုင်ကို မပြောသေးနဲ့… အလှတွေ စုဝေးတဲ့ ဖျော်ဖြေရေး နယ်ပယ်မှာတောင် အစ်မကျီထက်လှတဲ့သူဆိုတာ ခပ်ရှားရှားရယ်… သူ အစ်မကျီထက် သာတဲ့ တခြား တစ်ယောက် ရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…”

မဖြစ်နိုင်ဟု ဟော်ယွမ်ယွမ် ထင်နေသော်လည်းပဲ လင်းရီ၏ အပြုအမူတို့က အမှန်ပင် သံသယ ဝင်ဖို့ ကောင်းလှ၏။

အကယ်၍ ညှီနံ့ထွက်သည့် တစ်စုံတစ်ရာ ဖြစ်မနေဘူးဆိုပါက သူမ၏ အစ်မကျီကို လိမ်ညာရန် မလိုအပ်ချေ။

“ အစ်မကျီ… ငိုမနေနဲ့… အဲ့ဒီ သုတေသန စင်တာသွားပြီး သူ့ကို ကင်ပစ်ကြစို့..”

“ မလုပ်နဲ့…”

အဆိုပါ အကြံဉာဏ်ကို ကျီချင်းရန် ချက်ချင်း ငြင်းဆန်လိုက်ပြီး “ ဒီလို ကိစ္စမျိုးကို အရင်ပြောလို့ အဓိပ္ပာယ် မရှိဘူး… ငါ ကျီချင်းရန်က အဲ့လို လူစားမျိုး မဟုတ်ဘူး…”

“ ဒါပေမယ့် အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမယ်မလား..” ဟော်ယွမ်ယွမ် ဒေါသထွက်စွာ ပြောလိုက်ပြီး “ တခြား အကြောင်းအရင်း တစ်ခုခုကြောင့်ရော မဖြစ်နိုင်ဘူးလား… တခြား မိန်းကလေး တစ်ယောက်ကြောင့်နဲ့တော့ ဒီလို ဆက်ဆံရေးမျိုးကို သူ မစွန့်စားလောက်ပါဘူး…”

“ သာမန်ပါပဲ… အရုပ်အသစ် တွေ့သွားတာနဲ့ အဟောင်းကို ငြီးငွေ့သွားတာ သဘာဝပဲလေ…”

“ အရင်ကလိုမျိုးပေါ့… သူ ဆေးရုံမှာ အလုပ်လုပ်တုန်းက သူနဲ့ အဲ့ဒီ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးရဲ့ ဆက်ဆံရေးကလည်း မရှင်းမရှင်းရယ်…”

“ အဲ့ကိစ္စ ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား… နားလည်မှု လွဲသွားတာဆို…”

“ နားလည်မှုလွဲတာ ဟုတ်မဟုတ် ဘယ်သူကသိမှာ…. ငါက ဒီတိုင်း မကပ်တွက်ချင်လို့သာ …” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့အထင် ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စက ပြဿနာကို ဖြေရှင်းဖို့ လုံလောက်တယ်လို့ ထင်တယ်…”

ကျီချင်းရန်သည် မျက်ရည်များကို သုတ်၍ မျက်နှာငယ်လေးနှင့် ဖြစ်နေခဲ့၏။ သူမ၏ ခွန်အားများအားလုံး ရုတ်ချည်းစုပ်ယူခံလိုက်ရသကဲ့သို့ လဲပြိုလုနီးနီး ဖြစ်နေသည်။

၎င်းကို မြင်တော့ ဟော်ယွမ်ယွမ် ရင်ထဲ နေလို့ မကောင်းတော့ချေ။ သူမ အမြဲတမ်း လင်းရီနှင့် ရန်ဖြစ်လေ့ ရှိသော်လည်းပဲ သူမ၏ အစ်မကျီနှင့် သူဌေးတို့ အတူရှိဖို့ကို သူမ မျှော်လင့်ထားခဲ့သည်။

အကယ်၍ တကယ်ကြီး ခွဲကြ ပြုကြမည် ဆိုပါက သူမ ဝမ်းပန်းတနည်း ဖြစ်မိပေလိမ့်မည်။

“ နင်အဲ့လောက်ကြီးလည်း ထင်သလို ဆုံးဖြတ်မနေပါနဲ့ဦး… အစ်မကျီ ထင်သလိုမျိုးလည်း ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့…” ဟော်ယွမ်ယွမ် သူမကို ဖြောင်းဖြ နှစ်သိမ့်ပေးလိုက်ပြီး “ အရင်ဆုံး ဘာဖြစ်လဲ သိအောင် အရင် လုပ်ကြမယ်… သူ မနက်ဖြန်ဆို အိမ်ပြန်လာမှာပဲမလား.. အစ်မကျီအတွက် စပရိုက် တစ်ချို့ ရှိရင်လည်း ရှိမှာပေါ့ ပြောရလို့လား…”

“ မဖြစ်နိုင်လောက်ဘူး…”

အကယ်၍ ယနေ့ အဖြစ်အပျက်သာလျှင် ဖြစ်ပျက်ထားခဲ့သည်ဆိုပါက ကျီချင်းရန်သည် ထိုသို့ ဖြစ်လိမ့်မည်ဟု အမှန်ပင် တွေးမိလိမ့်မည်။ သို့သော် မနေ့က အဖြစ်အပျက်ကိုပါ ပြန်တွေးမိတော့ ထိုအတွေးက မည်သို့မျှ မဖြစ်နိုင်ဟု သူမထင်သည်။

အကယ်၍ သူသာ တိတ်တဆိတ်နှင့် စပရိုက်ပေးရန် ပြင်ဆင်နေသည်ဆိုပါက အိမ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တန်းအိပ်ပျော်သွားလိမ့်မည် မဟုတ်ချေ။

ယင်းက သူ၏ ပုံစံနှင့် မကိုက်ညီပေ။ ယခင်က သူ ဒီလိုပုံစံမျိုး မဟုတ်ခဲ့ချေ။

“ လောလောဆယ် အဲ့ကိစ္စ စိတ်ပူမနေနဲ့… မြန်မြန်ဆန်ဆန် တထစ်ချကြီး ဆုံးဖြတ်ချက် ချလိုက်တာက မကောင်းဘူးလေ… နောက်တစ်နေ့ စောင့်ကြည့်ပြီး ဘယ်လို ဖြစ်မလဲ ကြည့်ကြတာ‌ပေါ့.. အဲ့တာ မကောင်းဘူးလား..” ဟော်ယွမ်ယွမ် ပြောလိုက်သည်။

အိမ်ထောင် တစ်ခုကို ဖျက်စီးသည်ထက် ဘုရားကျောင်း ဆယ်ခု ဖျက်ဆီးလိုက်သည်က သာ၍ကောင်းသည်။

ထိုအခိုက်အတန့်တွင်တော့ ဟော်ယွမ်ယွမ်သည် လင်းရီဘက်ခြမ်း၌ ရှိနေခဲ့ဆဲပင်။ မဟုတ်ပါက နှစ်ယောက်သည် အမှန်တကယ် လမ်းခွဲဖြစ်ကြဖို့ များလေသည်။

သို့သော် မရှိမဖြစ်လိုအပ်သည်က လင်းရီ ဇယား ပတ်မရှုပ်ထားဖိုပင်။ မဟုတ်ပါက လင်းရီထံ သွားပြီး ပထမဆုံး ဆုတ်ဖြဲမည့် သူက သူမ ဖြစ်ပေလိမ့်မည်။

“ နင် သူ့ဆီ ဖုန်းဆက်လိုက်သေးလား…”

“ အင်း..”

“ သူ ပြောတာ ဒါရိုက်တာရှန်းနဲ့ အချိန်ပိုဆင်းနေတယ်တဲ့…. ဒီနေ့ည အိမ်ပြန်လာနိုင်မှာ မဟုတ်ဘူးတဲ့…”

ဟော်ယွမ်ယွမ် အသက်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။ ဤသည်က အမှန်တကယ်ပင် သံသယဖြစ်ဖို့ ကောင်းလွန်း၏။

“ ငါ ဒီအဝတ်အစားတွေနဲ့ ပြေးလာခဲ့ရတာဆိုတော့ အဲ့ကိုလည်း အခု သွားလို့မရဘူး… ဒီည ဒီမှာနေမယ်… မနက်ဖြန် မနက်ကျတော့မှ အလုပ်ကို အတူသွားကြတာပေါ့….”

“ အင်း…”

ကျီချင်းရန် ထူးမခြားနားစွာဖြင့် ခေါင်းညိမ့်လိုက်သည်။ အခြား မည်သည့် အရာကိုမျှ အာရုံစိုက်လိုစိတ် သူမထံ ရှိမနေချေ။

နောက်တစ်နေ့ နံနက်ရောက်တော့ ကျီချင်းရန်၏ စိတ်ခံစားချက်တို့က သိသိသာသာ တည်ငြိမ်လာသော်လည်းပဲ ကောင်းနေသည်မျိုးတော့ မဟုတ်သေးချေ။

မနေ့က အဖြစ်အပျက်ကြီးက သူမအတွက် ထိုးနှက်ချက်ပြင်း တစ်ခု ဖြစ်ခဲ့၏။

“ ရပြီ အစ်မကျီ… နင် အဲ့ကိစ္စတွေ အခု စဉ်းစားမနေနဲ့တော့… ဒီ ညစာ အတူ စားကြမယ်… သူ့ သတင်းအချက်အလက်တွေ ရအောင် ငါ လုပ်ပေးပါ့မယ်…”

“ နင် လုပ်စရာ မလိုဘူး..”

အဝတ်အစား ဝတ်ရင်းဖြင့် သူမ ပြောလိုက်ပြီး “ ဒီလို ကိစ္စမျိုးက အတင်းတွန်းအားပေးလို့ မရဘူး… သဘာဝအတိုင်း ဖြစ်ပျက်စေလိုက်တာပဲ ကောင်းတယ်… ငါသူ့ကို နောက်ထပ် အချိန် သုံးရက် ထပ်ပေးကြည့်မယ်… တကယ်လို့ သူသာ ငါ့ကို လက်ဦးမှု ရယူပြီး ရှင်းမပြလာဘူး ဆိုလို့ကတော့ ငါသူ့ကို ဒီတိုင်း ပြောလိုက်တော့မယ်… အချိန် ဆက်ဖြုန်းနေစရာ မလိုဘူး…”

“ ဒါပေမယ့် . . . . . . . “

“ ဘာ ဒါပေမယ့်မှ မရှိဘူး… အလုပ်သွားတော့…”

“ ဟုတ်ကဲ့ …”

ကျီချင်းရန်၏ အဝတ်ဗွီယိုထဲရှိ ဟော်ယွမ်ယွမ်နှင့် လိုက်ဖက်မည့် အဝတ်တစ်စုံတွေ့ပြီး ထို အဝတ်ကို လဲပြုကာ အလုပ်သို့ ထွက်လာခဲ့လိုက်သည်။

ရုံးခန်းထဲ ရောက်တော့လည်း ဟော်ယွမ်ယွမ်မှာ ဂနာမငြိမ် ဖြစ်နေသည်။ အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်နှင့် မည်မျှပင် စဉ်းစားစေကာမူ ယခု ဖြစ်ရပ်၏ အကြောင်းအရင်းကို ကောက်ချက်မချနိုင်ဘဲ ဖြစ်နေခဲ့သည်။

သူမ၏ သူဌေးက နည်းနည်း 'ခွေး'ဆန်သော်ငြားလည်း ဤမျှ အချိန်အတော်ကြာအောင် တွဲလာခဲ့ပြီးနောက်တွင် မျက်စိ အမြင် ကန်းနေသူပင် သူမ၏ အစ်မကျီအပေါ်၌ စစ်မှန်သည့် ခံစားချက်တို့ ရှိနေကြောင်းကို ပြောနိုင်သည်။ ထို့ပြင် နှစ်ဦးနှစ်ဖက်လုံးက ကိုယ်စီ မိဘများနှင့် တွေ့ဆုံထားကြပြီး ဖြစ်သည်။ လက်ထပ်ဖို့ဆိုသည်မှာလည်း ကျိန်းသေသလောက် ရှိ၏။ အဘယ်ကြောင့် ယခုလို ကိစ္စများ လာဖြစ်နေရသနည်း။

ဧကန္တ … ခရစ်စမတ် နီးလာလို့ သူ ထူးထူးဆန်းဆန်းတွေ ပြုမူနေတာများလား။

အဲ့တာလည်း ဖြစ်နိုင်တယ်။

ဒေါက် ဒေါက် ဒေါက်…

ဟော်ယွမ်ယွမ်၏ အတွေးရေယာဉ်ကြောတို့ ခရီးပေါက်နေစဉ်မှာပဲ ရုံးခန်းတံခါးသို့ ခေါက်သံ တစ်သံ ထွက်လာခဲ့သည်။

“ ဝင်ခဲ့…”

အထဲသို့ ဝင်လာသည့်လူက ဟော်ယွမ်ယွမ်၏ အတွင်းရေးမှူး ဖြစ်သည်။ သူမက လက်ထဲတွင် စာရွက်စာတမ်း တစ်ခုကို ကိုင်ဆောင်ထား၏။

“ ဥက္ကဌဟော်… ရှင်းဟွာ လေကြောင်းလိုင်းက လေယာဉ်လက်မှတ် ပြေစာ ပို့လာခဲ့ပါတယ်…”

“ ပြေစာ ဟုတ်လား..” ဟော်ယွမ်ယွမ် ရေရွတ်လိုက်ပြီး “ ဒါရိုက်တာရှန်း ဟာလား…”

“ ဥက္ကဌလင်း ဥစ္စာပါ..”

(T/N - ဒီဥစ္စာ(အုပ်စာ)/ ဒီဟာ အတူတူပါပဲဗျ။ )

All Chapters