သူ ငါ့ကို မလိုချင်တော့ဘူး…
Vol. 100 Ch. 1495
“ ငါ နားလည်တယ်… ဒီတိုင်း ဈေးနှုန်းသာ ကူမေးပေး…” လင်းရီ ပြောလိုက်ပြီး “ ဈေး အမြင့်ဆုံးပေးတဲ့ ဘယ်သူ့ကိုမဆို ငါရောင်းမယ်…”
“ ငါ့ဆီက သတင်းကို စောင့်နေလိုက်…” လျန်ရူရွှယ် စားရင်း ပြောလိုက်ပြီး “ နောက်အကျဆုံး မနက်ဖြန် မနက်အထိပဲ…”
“ ကောင်းပြီ…”
စားသောက်ပြီးနောက် လျန်ရူရွှယ်သည် မိတ်ကပ်ပုတ်၍ လင်းရီနှင့်အတူ ထွက်လာခဲ့သည်။
လျန်ရူရွှယ်ကို အလုပ်သို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် သူ၏ အဆက်အသွယ်များအား အသုံးပြု၍ အစားအသောက် စက်ရုံ တချို့နှင့် ဆက်သွယ်ပြီး ကနေဦး သဘောတူညီချက်တစ်ချို့ ရယူထား၏။
ယခု တုံးစန်းကောင်တီ၏ လယ်ယာစိုက်ပျိုးရေး နယ်ပယ်သည်လည်း ကောင်တီ၏ ပံ့ပိုးကူညီပေးမှုအောက်တွင် အရှိန်အဟုန် ကောင်းနေလျက် ရှိသည်။
ကျန်ရစ်တော့သည်က မားကတ်တင်း ဖြစ်ပြီး ယခု ကနေဦး သဘောတူညီချက်လည်း ရယူထားပြီး ဖြစ်ရာ အခြေခံအားဖြင့် သူ စိတ်ပူရန် လိုအပ်သည့် မည်သည့်အရာတို့မျှ မရှိတော့ချေ။
သူ ပြီးဆုံးသည့် အချိန်ရောက်တော့ ညနေ လေးနာရီပင် ကျော်နေချေပြီ။ ချောင်ရန် အုပ်စုသို့ မောင်းလာခဲ့လိုက်ပြီး ကျီချင်းရန်ကို အလုပ်လာကြိုပေးသည်။
ချောင်ရန်အုပ်စုသို့ လာသည့် လမ်းတွင် လျန်ရူရွှယ်ထံက ဖုန်းဝင်လာပြီး ဈေးနှုန်းကို သိရှိလိုက်ရ၏။
ပြောင်းဈေးက တစ်တန်ကို ယွမ် ၂,၆၀၀ ဖြစ်ပြီး တစ်ကီလိုကို ၂.၆ ယွမ်ပင်။
ပဲပုပ် ဈေးက တစ်တန်ကို ၅,၈၉၀ ယွမ် ဖြစ်ပြီး တစ်ကီလို ၅.၈ ယွမ်ဈေးဖြစ်၏။
လင်းရီ ယခင်က ဤသို့သော ကိစ္စရပ်မျိုးကို တစ်ကြိမ်မျှ ကိုင်တွယ်ခဲ့ဖူးခြင်း မရှိသဖြင့် မြင့်လော နိမ့်လော သူ မသိချေ။ ဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်ပြီး နှုန်းထားကို နားလည်အောင် ပြုလုပ်ရပေမည်။
ဤအကြောင်းအရာများ သိရှိပြီးသည့်နောက် လင်းရီ ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။
ယနေ့က ဒီဇင်ဘာ ၆ ရက်နေ့ ဖြစ်ပြီး နင်ယွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မင်္ဂလာဆောင်မည်။
ငါးရက် ကျန်ရှိသေးပြီး သုံးလေးရက်ခန့် ရန်ချိန်သို့ ကြိုရောက်ကာ ခန်းဝင်ပစ္စည်းအတွက် အိမ်ဝယ်ရန်လည်း လိုအပ်သေးသည်။
သူ စောပြီး မသွားချင်လျှင်လည်း မရပေ။ သူ့အမေက အတော်ကြာကတည်းကရင် ဖုန်းဆက်ပြီး နားပူနားဆာ လုပ်ထားခဲ့၏။ အကယ်၍ သူမ စကားကို နားမထောင်ဘူးဆိုပါက ပြန်ရောက်သည်နှင့် နားသွေးထွက်သည်အထိ လက်ချာရိုက်ခြင်းကို ခံရနိုင်သည်။
သွေးကြည့်ရုံနှင့်တင် လင်းရီ ကျောချမ်းလာခဲ့သည်။
ထို့ကြောင့် တုံးစန်းကောင်တီရှိ သီးနှံပြဿနာကို ဖြေရှင်းရန်အတွက် သူ့တွင် သုံးလေးရက်သာ အချိန်ရ၏။
လင်းရီ စဉ်းစားကြည့်လိုက်ပြီး ၎င်းမှတပါး တုံးစန်းကောင်တီတွင် သူ့အတွက် အခြား လုပ်စရာ မရှိတော့ဟု ခံစားလိုက်ရသည်။ အချိန်တန်သည်နှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာသည် အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် နောက်တစ်နေ့တွင် တုံးစန်းကောင်တီသို့ ပြန်သွားရန် စီစဉ်ထားပြီး ထိုနေရာတွင် ရက်အနည်းငယ်ခန့် ပုန်းနေဖို့ စီစဉ်ထား၏။ သူ ပြန်လာသည်နှင့် ပခုံးဒဏ်ရာကလည်း ပြန်ကောင်းသလောက် ရှိနေမည်မှာ ကျိန်းသေသည်။
အမာရွတ် ကျန်နေဦးတော့ ယင်းက ပြဿနာ မဟုတ်ချေ။ ကျပန်း ဆင်ခြေတစ်ခုဖြင့် ချေဖျက်လိုက်၍ရ၏။ ယခုလက်ရှိ ပုံစံကတော့ တော်တော်လေးကို ကြောက်ဖို့ကောင်းလှပေသည်။
မကြာမီ ကားက ချောင်ရန် အုပ်စု၏ ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။
ငါးနာရီထိုးတော့မည် ဖြစ်ပြီး လင်းရီ ကျီချင်းရန်ကို ဖုန်းမခေါ်ချေ။ သူမ အောက်သို့ ဆင်းလာမည်ကို စောင့်ဆိုင်း၍ စပရိုက်ပေးရန် ဟန်ပြင်ထား၏။
သို့သော် ၅ နာရီ မိနစ် ၂၀ ကြာသည်အထိ မိချောလေးက ဆင်းမလာသေးချေ။ ထို့ကြောင့် လင်းရီ သူမထံ ဖုန်းခေါ်ရတော့သည်။
“ ဝေ့… အချိန်ပို ဆင်းနေတာလား…”
“ မဟုတ်ပါဘူး… ငါ ယွမ်ယွမ်နဲ့ ရှော့ပင်း ထွက်နေတာ…”
“ မင်းတို့ တမြန်မနေ့ကပဲ ရှော့ပင်းထွက်ပြီးကြတာ မဟုတ်ဘူးလား…”
“ ဘာမှ လုပ်စရာမရှိလို့လေ… အဲ့တာကြောင့်…”
“ ဒါဆိုလည်း မင်းတို့ ထွက်ကြ… ငါပြန်တော့မယ်…”
“ အင်း… ဂရုစိုက်ပြီးမောင်းဦးနော်…”
ဖုန်းချပြီးနောက် လင်းရီ ကားထဲသို့ ပြန်ဝင်၍ ကျိုကျုံးဗီလာထံ မောင်းလာခဲ့လိုက်သည်။ ကျီချင်းရန်၏ အပြုအမူနှင့် ပတ်သက်ပြီးမှ လင်းရီ အတွေးမလွန်ချေ။
ည ၁၀ နာရီ ဝန်းကျင်လောက် ရောက်တော့ ကျီချင်းရန်သည် အပြင်ဘက်မှ အိတ်ကြီးအိတ်ငယ်တို့နှင့် ပြန်ရောက်လာခဲ့၏။
“ မင်း ရှော့ပင်းမောလ်ကြီး တစ်ခုလုံးများ အိမ်သယ်လာနေတာလား…” လင်းရီ စနောက်လိုက်၏။
“ ရာသီ အသစ်ရောက်တော့မှာလေ… အကုန်ကြည့်ကောင်းနေတော့ ငါလည်း အကုန် ဝယ်လာခဲ့လိုက်တယ်…”
ကျီချင်းရန်သည် သူမ၏ သဘာဝ အမူအရာကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးကြိုးစားနေပြီး သူမကိုယ်သူမ တည်ငြိမ်သည့်ဟန်ပုံအောင် ပြုလုပ်နေသည်။
“ အင်းပါ … ဝယ်ပါ… ဘယ်လောက် ကုန်ကျသွားတာမို့လို့…”
လင်းရီ များများစားစား တွေးတောမနေဘဲ သူမ လက်ထဲက အိတ်များကို ကူသယ်ပေးလိုက်ကာ အပေါ်ထပ်ရှိ အဝတ်လဲခန်းသို့ပင် လိုက်ပို့ပေးလိုက်သည်။
ကျီချင်းရန် လင်းရီနောက်ကနေ တစ်လှမ်းခြင်း လိုက်လာခဲ့၏။
သူမ စဉ်းစားနေသည်မှာ အကယ်၍ အတိတ် တစ်ချိန်ကသာ ဖြစ်ခဲ့မည် ဆိုပါက လင်းရီ၏ နောက်ကျောပေါ် တက်ခွပြီး သူမ၏ အဝတ်လဲခန်းထဲသို့ ကုန်းပိုး သွားခိုင်းမိလိမ့်မည်။
ယခုတော့ ထိုသို့ ပြုလုပ်ရန် စိတ်မပါတော့ချေ။
“ ငါ ဒါတွေ ဒီမှာ ထားခဲ့ပေးမယ်… မင်းဘာမင်း ဆက်လုပ်လိုက်… ငါ ကောင်တီက လူတွေနဲ့ အလုပ် ကိစ္စ ဆွေးနွေးစရာလေးတွေ ရှိသေးလို့…”
“ သွားလေ… ငါ အဝတ်တွေ စမ်းဝတ်ကြည့်ဦးမယ်…”
အောက်ထပ်သို့ ဆင်းသွားသည့် လင်းရီ၏ နောက်ကျောကို ငေးမောရင်း သူမ ဖုန်းထဲရှိ နာရီကို တစ်ချက်ကြည့်လိုက်မိသည်။ ကျီချင်းရန် ရင်ထဲရှိ မီးတောက် သေးသေးလေးမှာ လေအဝှေ့ကြောင့် ငြိမ်းသက်သွားခဲ့ဟန်ပင်။
ဆယ်နာရီတောင် ကျော်နေပြီကို ဘယ်လို အလုပ်ကိစ္စ ပြောစရာ ရှိရဦးမှာ။
တကယ်လို့ အရင် အတိတ်တုန်းကသာဆိုရင် သူ ဒီလိုမျိုး လုပ်မှ မဟုတ်ဘူး။ ဒီမှာ ထိုင်ပြီး သူမ အဝတ်အစားအသစ် ဝယ်လာတာတွေ စမ်းဝတ်တာတွေကို ပြုံးပြီး ကြည့်နေမှာ။
ခေါင်းကို ညင်သာစွာ ရမ်းခါလိုက်ရင်း ကျီချင်းရန်သည် သူမ၏ အဝတ်အစားများကို စတင် သိမ်းဆည်းလိုက်တော့၏။
အချိန်သည် မည်သူ့ကိုမျှ စောင့်ဆိုင်းခြင်း မရှိ၊ ပုံမှန်အတိုင်း ရွေ့လျားနေသည်။
ဆယ်မိနစ် …
နာရီဝက် …..
တစ်နာရီ …
ဖြည်းညင်းစွာဖြင့် သူမ၏ အဝတ်များကို ဘေးသို့ ကပ်ထားလိုက်သည်။
စစချင်းတုန်းကတော့ အသစ်ဝယ်လာသည့် ပစ္စည်းများကို ရွေးချယ်ရင်းဖြင့် အလုပ်များနေသည်။
အတိတ်တစ်ချိန်ကသာ ဖြစ်ခဲ့မည် ဆိုပါက သူမ တစ်ထည်ချင်းစီတိုင်းကို စမ်းဝတ်ကြည့်၍ အကောင်းဆုံးဆိုသည့် အရာများကိုသာ တစ်ခုချင်း ရွေးချယ် စစ်ထုတ်ကာ အဝတ်လဲခန်းအတွင်း ချိတ်ဆွဲထားမိလိမ့်မည်။ သို့သော် ယနေ့တွင်တော့ ထိုသို့ ပြုလုပ်ရန် စိတ်ပါမနေချေ။
သူမ၏ အဝတ်အစားအသစ်များအားလုံး သိမ်းဆည်းရန် ဆယ်မိနစ်သာ အချိန်ညာညောင်းခဲ့သည်။
လင်းရီ အပေါ်သို့ တက်လာပြီး ဘာကြောင့်လဲ ဆိုတာကို ရှင်းပြပေးရန် သူမ အမြဲတမ်း လိုချင်နေမိခဲ့၏။
သို့သော် ယခုအချိန်ထိတိုင် မည်သည့်စကားမျှ မဟလာခဲ့သေးချေ။
သို့တိုင် သူမ အလျှော့မပေးသေးဘဲ သူမ၏ အဝတ်များကိုသာ ဆက်လက် သိမ်းခေါက်နေဆဲ ရှိနေသည်။ တစ်နာရီ ကြာပြီးသည့်နောက် အောက်ထပ်၌ TV သံနှင့် ရော၍ လင်းရီ၏ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့၏။
သူမ၏ ရင်ခုန်နှုန်းတို့ မြန်ဆန်လာပြီး လင်းရီ သူမ အခန်း တံခါးပေါက်ဝတွင် ရောက်နေသည်ကို သတိထားမိလိုက်သည်။
“ ၁၂ တောင်ကျော်နေပြီ... မနက်ဖြန်မနက်ကျရင် အလုပ် သွားရဦးမှာမလား… နောက်ကျအောင် မနေနဲ့ဦး…”
“ နင် အိပ်တော့ မလို့လား…”
“ အင်း…”
“ ခြေလက်မဆေးတော့ဘူးလား…”
“ အောက်ထပ်က ရေချိုးခန်းထဲမှာ ဆေးပြီးပြီ…”
“ အင်း အင်း … ငါလည်း ပြီးခါနီးပြီ… ခဏဆို အိပ်တော့မှာ…”
“ ကောင်းပြီ… ငါ အရင်သွားအိပ်တော့မယ်..” လင်းရီ အညောင်းဆန့်လိုက်ရင်း “ အိုး ဟုတ်သား … ငါ မနက်ဖြန်ကျရင် တုံးစန်းကောင်တီ ပြန်သွားရဦးမှာ… ကိစ္စလေး တစ်ချို့ ရှိနေသေးလို့လေ… သုံးလေးရက်လောက်နေရင် ပြန်လာခဲ့မယ်.. အဲ့နောက်ပိုင်းကျရင် ရန်ချိန် ပြန်ရဦးမှာဆိုတော့…”
“ ကောင်းပြီလေ… ဘေးကင်းဖို့ကိုလည်း ဂရုစိုက်ဦး…”
လင်းရီ တံခါးတွန်းဖွင့်၍ သူ့အခန်းသူ ဝင်သွားခဲ့သည်။
ကျီချင်းရန်မှာ သူမ လက်ထဲတွင် အင်္ကျီကို ကိုင်ထားရင်း မျက်ရည်တို့ စီးကျလာသည်။
အချိန်အတော်ကြာမှ သူမ၏ မျက်ရည်များကို ပြန်သုတ်ပစ်လိုက်ရင်း အဝတ်ကို လွင့်ပစ်ကာ သူမ အခန်းထဲ သူမ ပြန်ဝင်သွားခဲ့၏။
နောက်တစ်နေ့ နံနက်ခင်း လင်းရီ နိုးလာတော့ မနက် ရှစ်နာရီပင် ထိုးနေချေပြီ။ အောက်ထပ်တွင် မည်သူ့ကိုမျှ သူ မမြင်တွေ့ရချေ။
ပုံမှန်ဆိုပါက ကျီချင်းရန်သည် မနက်စာ ပြုလုပ်ရန်အတွက် အလျင်ဦးစွာ နိုးနေလိမ့်မည်။
ဒေါက် ဒေါက် ဒေါက် …
ကျီချင်းရန်၏ တံခါးကို လင်းရီ ခေါက်လိုက်၏။
“ ငါ ညက အိပ်တာ နောက်ကျလို့ နည်းနည်းထပ်အိပ်ချင်သေးတယ်…”
လင်းရီ တံခါးလက်ကိုင်ဘုကို ကိုင်ထားရင်း အထဲသို့ ဝင်၍ ကျီချင်းရန်ကို ကျီစယ် စနောက်ချင်နေသည်။ သို့သော် မလိုလားအပ်သည့် ဖြစ်ရပ်တို့ကို ရှောင်ကြဉ်ရန် အလို့ငှာ ကိုယ့်ကိုယ်ကို စိတ်ပြန်ထိန်းထားရသည်။
အကယ်၍ သူမသာ သူ၏ အနာကို မြင်သွားခဲ့မည် ဆိုပါက သေမတတ် စိုးရိမ်ပူပန်သွားလိမ့်မည်။ သုံးလေးရက်မျှ သည်းခံလိုက်သည်က ပိုကောင်း၏။
ထိုအကြောင်း တွေးမိတော့ လင်းရီ တံခါးလက်ကိုင်ကို ပြန်လွှတ်လိုက်လေသည်။
“ ကောင်းပြီ… ငါ တုံးစန်းကောင်တီကို သွားနှင့်တော့မယ်… တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့…”
“ နင် ဂရုစိုက်ပြီးလည်း မောင်းဦး…”
လင်းရီ နှုတ်ခမ်းကိုက်လိုက်၏။ ကျီချင်းရန် ကြည့်ရသည်မှာ သိပ်ပြီး ပျော်ရွှင်နေသည့်ပုံ မပေါ်ချေ။
သူ့ကိုယ်သူ မဟုတ်မှန်းလည်း သူသိသည်။ ယခုလေးတင် ပြန်လာပြီးနောက် အိမ်တွင် အိပ်သည့် ရက်က နှစ်ရက်ပင် မပြည့်မီ နောက်တစ်ကြိမ် ပြန်ထွက်သွားဖို့ ဟန်ပြင်နေပြန်သည်။ ထို့ပြင် သူမနှင့် အနေဝေးအောင် ပြုလုပ်သလိုလည်း ဖြစ်နေခဲ့၏။ သူမ မပျော်မရွှင်ဖြစ်မည်မှာ သဘာဝပင်။
ဟင်း….
သက်ပြင်းသာ ချရင်း လင်းရီတွင်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။ သဘာဝအတိုင်း တုံ့ပြန်ပြီး ဖိနပ်စီး၍ ကျိုကျုံးဗီလာကနေ မောင်းထွက်လာခဲ့လိုက်သည်။
အခန်းထဲတွင် ကျီချင်းရန်သည် ဒူးနှစ်ဖက်ကို ဖက်၍ ခေါင်းရင်းကို မှီထားလျက် ရှိသည်။ သူမ၏ မျက်လုံးတို့က နီရဲနေပြီး ခေါင်းတစ်ခုလုံးလည်း ရှုပ်ပွနေသည်။ ရင်ထဲရှိ တဆစ်ဆစ် နာကျင်မှုကြောင့် တစ်ညလုံး သူမ အိပ်မပျော်နိုင်ခဲ့ချေ။
ကားအင်ဂျင်သံက တဖြည်းဖြည်းနှင့် တိုးညှင်းသွားခဲ့သည်။ ကျီချင်းရန် မျက်ရည်များကို အနိုင်နိုင် ဖိနှိပ်၍ ဟော်ယွမ်ယွမ်၏ နံပါတ်ကို နှိပ်လိုက်၏။
“ ယွမ်ယွမ် … ကျိုကျုံးဗီလာဆီ လာပြီး ငါ့ကို ပြောင်းဖို့ ကူညီပေးဦး…”
“ ပြောင်းမယ် … “ ဟော်ယွမ်ယွမ် အော်ဟစ်လိုက်ပြီး “ ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ပြောင်းမှာလဲ…”
“ လင်းရီ … လင်းရီ ငါ့ကို မလိုချင်တော့လို့…”