← Chapters

တုံးစန်းကောင်တီကို သွားမယ်

Vol. 100 Ch. 1498

တုံးစန်းကောင်တီကို သွားမယ်

Vol. 100 Ch. 1498

ကောင်းတဲ့ရှီက ဈေးကို ထပ်တိုးပေးပြီး ထွက်ခွာတော့မည့်ဟန် ပြင်နေသည်ကို မြင်တော့ ရွာသူရွာသားများအားလုံး ထပ်မံ စုဝေးကြပြန်သည်။

မူလတုန်းက ကောင်းတဲ့ရှီ ကမ်းလှမ်းသည့်ဈေးမှာ အခြားသူတို့ထက် များများစားစား မမြင့်မားသည်က သူတို့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။

ယခု သူက ဈေးနှုန်းကို ထပ်တိုးပေးလာနေသည်။ ယင်းက ကောင်းမွန်သည့် လက္ခာတစ်ရပ်ပင်။

အကယ်၍ အခြား တစ်စုံတစ်ယောက် ရောက်လာခဲ့လျှင်ပင် ထိုမျှ မြင့်မားသည့်ဈေးနှုန်းမျိုး ကမ်းလှမ်းဖို့ မဖြစ်နိုင်ချေ။

“ ကျုပ် ပြောပါဦးမယ်… ဒါ ခင်များတို့ရဲ့ နောက်ဆုံး အခွင့်အရေးနော်… ခင်များတို့လည်း တုံးစန်းကောင်တီရဲ့ အခြေအနေကို အသိပဲ… ခင်များတို့ နှစ်တိုင်းနှစ် ထွက်တဲ့နှုန်းက ပါမွှားလေးရယ်… ကျုပ် နောက်တစ်ခေါက် ပြန်လာရရင် ဓာတ်ဆီစရိတ်တောင် ကာမိမှာ မဟုတ်ဘူး… သဘောမတူဘူးဆိုရင် နောင်ကျ ဒီလိုဈေး ထပ်ရနိုင်တော့မှာ မဟုတ်ဘူး..” ကောင်းတဲ့ရှီ ထပ်ပြောလိုက်သည်။

“ ပြီးတော့ အဲ့ကောင်က လိမ်ညာနေတယ်ဆို အသိသာကြီးပဲလေ… အေးနော်… ခင်များတို့တွေ အလိမ်ခံလိုက်ရမှ ကျုပ်ကိုလာပြီး အပြစ်မတင်ကြနဲ့… ပြီးတော့ မနက်ဖြန် ငါးနာရီထိုးလို့ သီးနှံတွေ မရောင်းဘူးဆိုရင် ကျုပ် လက်မခံပေးနိုင်ဘူး… ဘာဆက်လုပ်မလဲဆိုတာတော့ ခင်များတို့ဘာသာ ဆုံးဖြတ်ကြပေါ့..”

ပြောပြီးနောက် ကောင်းတဲ့ရှီနှင့် ယွီမင်မင်တို့ နောက်လှည့်ပြီး တုံးစန်းကောင်တီရှိ လူများအား အပိုစာသား ထပ်မပြောပါဘဲနှင့် ထွက်ခွာသွားခဲ့ကြသည်။

တုံးစန်းကောင်တီရှိ ရွာသူရွာသား ၃၀ ကျော်တို့မှာ အတူတကွ စုဝေးပြီး ဆုံးဖြတ်ချက်ချရန် ဘေးကြပ်နံကြပ် ဖြစ်နေကြ၏။

သူတို့က ကိစ္စများ ရှုပ်ထွေးသည်ကို သဘောမကျချေ။ သူတို့ အလိုရှိသည်က သီးနှံရောင်းပြီး လက်ထဲ ပိုက်ဆံရောက်လာဖို့ပင်။ လက်ထဲ ပိုက်ဆံရောက်သည်နှင့် အားလုံးအဆင်ပြေသည်။

သို့သော် လင်းရီ ကမ်းလှမ်းသည့် ဈေးနှုန်းက အင်မတန် မြင့်လွန်းနေပြီး သူတို့ကိုယ်တိုင် မတွေးဝံ့လောက်သည်အထိကို မြင့်မားနေခြင်းပင်။ ထို့ကြောင့် လူလိမ်ခံရမှာကို ကြောက်နေခဲ့ကြ၏။

အခြားတစ်ဖက်တွင်တော့ ကောင်းတဲ့ရှီ ကမ်းလှမ်းလာသည့် ဈေးက သိပ်ကိုကောင်းသည်။ ဤကဲ့သို့ ကမ်းလှမ်းမှုမျိုးကို ဈေးကွက်တွင် ရှာတွေ့ဖို့ အင်မတန် ခဲယဉ်းလှ၏။ ထို့ကြောင့် သူတို့တွေ မည်သည်ကို ရွေးချယ်ရကောင်းနိုးနိုး ဖြစ်နေကြတော့သည်။

တစ်ချိန်တည်းတွင် လင်းရီနှင့် လီစီကျင်းတို့က ကောင်တီသို့ ဦးတည်လာနေသည်။

“ အစ်ကိုရီ … ရှင် အတည်ကြီးလား… ရုတ်တရက်ကြီး အဲ့လောက် မြင့်တဲ့ ဈေးနှုန်း ပေးလာနေတယ်…”

“ မင်းက ဘာတွေ သံသယ ဖြစ်နေတာ…” လင်းရီ ပြုံးလျက် ကြည့်ရင်း “ မင်းအမြင်မှာ ငါက ပျင်းလို့ လျှောက်ပြောနေတဲ့လူ ပုံစံ ပေါက်နေလို့လား…”

“ ကျွန်မတို့ မိသားစုလည်း စိုက်ပျိုးရေး လုပ်ခဲ့ဖူးတာပဲ… ငယ်ကတည်းကရင် ကြီးတဲ့ထိ အဲ့လောက် ဈေးမြင့်ပြီး ပေးတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး…” လီစီကျင်း ကိုယ်ဟန်ကို ပြောင်းလဲ၍ လင်းရီကို ကြည့်လိုက်ပြီး “ ရှင် ကောင်းမှု ကုသိုလ် လုပ်ချင်လို့ ဆိုပြီး ကိုယ့်အိတ်ထဲက စိုက်ပေးမယ်လို့တော့ မပြောနဲ့နော်…”

“ ဘယ်နားကသာ … ဘယ်လိုပဲ ပြောပြော ငါလည်း စီးပွားရေး သမား တစ်ယောက်ပဲလေ… ရှုံးမယ့် အလုပ်တော့ ငါလည်း မလုပ်ပါဘူးဟ…” လင်းရီ ပြောလိုက်ပြီး “ ဗဟို အစိုးရက သီးနှံသိုလှောင်ရုံနဲ့ အဆက်အသွယ်ရထားလို့… ဒါက သူတို့ပေးလာတဲ့ဈေး… ကြားကနေ ပွဲစားတွေ အများကြီးကို ဖြတ်တောက်လိုက်တော့ ဈေးက ဒီလောက် မြင့်သွားခဲ့တာ … မဟုတ်ရင် ဒီလောက်မြင့်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….”

“ ဆိုတော့ အဲ့လိုကိုး..” လီစီကျင်း အပျော်လွန်သွားခဲ့ပြီး သူမ၏ ဖုန်းကို ထုတ်လိုက်သည်။

“ အဖေ့ဆီ ဖုန်းဆက်ပြီး မနက်ဖြန်မနက် ဒီလာပြီး အိမ်မှာ သိမ်းထားတာတွေ ထုတ်ရောင်းခိုင်းလိုက်ဦးမယ်…”

လင်းရီ ပြုံးလိုက်ပြီး ကားကို အရှိန်တင်၍ တုံးစန်းကောင်တီသို့ မောင်းနှင်လိုက်တော့သည်။

သူတို့ ရုံးခန်းကို ပြန်ရောက်တော့ လီချင်းခိုင်က သူ၏ ပစ္စည်းများကို သိမ်းဆည်းရင်း ရုံးဆင်းဖို့ ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ရဲဘော် လီချင်းခိုင်… ခုမှ ၄ နာရီ ၁၀ မိနစ်ရှိသေးတာကို ပစ္စည်းတွေသိမ်းပြီး ရုံးဆင်းတော့မယ်ပေါ့.. အချောင်ခိုတဲ့ သူတွေတောင် ခင်များလို လုပ်မယ်မထင်ဘူး…”

လီချင်းခိုင် တံခါးဝသို့ လှမ်းကြည့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် လှမ်းငေါက်လိုက်၏။

“ မင်းက ငါ့ကိုတောင် ဝေဖန်ဝံ့နေတယ်ပေါ့… အတည်ကြီးလား…”

“ ကဲ… ခေါင်းဆောင် ဖြစ်တဲ့ ခင်များတောင် အလုပ်ဆင်းတော့မယ်ဆိုမှတော့ ငါတို့နှစ်ယောက်လည်း ဆက်နေလို့ ဘာထူးတော့မှာ… ဆင်းကြတာပေါ့…”

“ ဟေ့ မဆင်းသေးနဲ့ဦး… ငါ မင်းတို့နှစ်ယောက်ကို စောင့်နေတာ…”

“ ဟင် … တစ်ခုခု ဖြစ်လို့လား….”

“ ဒီည ငါ့အိမ်မှာ ညစာ လာစားလှည့်… မင်း အစ်မကို ကောင်းတာ တစ်ခုခု ချက်ခိုင်းထားတယ်…”

“ ဘာလဲ… ပွဲတစ်ခုခု ရှိလို့လား…”

“ တလောတုန်းက မင်းတို့နှစ်ယောက် ကျိုးဟိုင်သွားပြီး ငါ့သားအတွက် ပစ္စည်းတွေ အများကြီး ဝယ်ပေးခဲ့တယ်လေ… မင်း အစ်မက တစ်ခုခု ပြန်လုပ်မပေးရရင် စိတ်ထဲ နေလို့ ကောင်းမှာ မဟုတ်ဘူး… ဒါကြောင့်မင်းကို အိမ် ထမင်းစားဖိတ်ချင်နေတာ…”

“ အာ… ခုထိ ခေါင်းထဲထည့်နေတုန်းလား… ဘယ်လောက်မှလည်း မကုန်ကျသွားပါဘူး..” လင်းရီ ပြောလိုက်သည်။

“ မင်းက ချမ်းသာမှန်း ငါသိတယ်… အဲ့လောက်ငွေလည်းကို ခေါင်းထဲ မထည့်မှန်းလည်း ငါတို့ သိတယ်.. ဒါပေမယ့် ငါတို့ အလကားတော့ ယူလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား… လေးစားမှု တချို့တော့ ပြန်ပေးရမယ်လေ…” လီချင်းခိုင် ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် ငြင်းမယ် မကြံကြနဲ့… အခုချက်ချင်း ပစ္စည်းတွေသိမ်းပြီး ငါနဲ့ လိုက်ခဲ့လိုက်တော့…”

“ ကောင်းပြီလေ… ဒါဆိုလည်း အားနာမနေတော့ဘူးနော်…”

လင်းရီဘက်ခြမ်းရှိ ပျော်ရွှင်ကြည်နူးဖွယ် လေထု အခြေအနေနှင့် နှိုင်းယှဉ်ရသော် ကျီချင်းရန်၏ ယွင်ရွှေ ဗီလာက အများအပြား ပိုတိတ်ဆိတ်နေသည်။

ကျီချင်းရန်၏ အဝတ်အစားများ၊ အလှကုန် ပစ္စည်းများနှင့် အခြား နေ့စဉ်သုံး ပစ္စည်းများကို ကားတစ်စင်းထဲသို့ သိပ်ထည့်လာခဲ့ပြီး ညနေခင်းတွင် အောက်ပြန်ချထားခဲ့သည်။

အချိန်အတော်ကြာသည်ထိတိုင်အောင် မည်သူ တစ်ဦးတစ်ယောက်ကမျှ လာပြီး ဂရုစိုက်ထားပေးခြင်း မရှိသဖြင့် ဗီလာ၏ ထောင့်နေရာ ပေါင်းစုံတွင် ပင့်ကူအိမ်နှင့် ဖုန်မှုန့်များ ကပ်ငြှိနေသည်။

ယိုယွင်းပျက်စီးနေခြင်းနှင့် အေးစက်သည့် အရိပ်အယောင် တစ်စွန်းတစ်စကိုပင် ခံစားနေရ၏။

ယခင် တစ်ချိန်က ကျီချင်းရန်သည် ယခုလို နေရာတွင် ရပ်နေရင်း ဤနေရာသို့ ဘယ်သောအခါမှ ပြန်လာဖြစ်တော့လိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့ဖူးသည်။ ဗီလာကို ရောင်းချပစ်ရန်ပင် စဉ်းစားခဲ့ဖူးလေသည်။

ယခု ပြန်တွေးကြည့်ခါမှ သူမ ရောင်းချရန် ပျင်းရိနေခဲ့သည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်နေတော့သည်။ မဟုတ်ပါက ယခုဆို သူမ အိမ်ချေရာမဲ့တစ်ယောက် ဖြစ်နေချေပြီ။

“ အစ်မကျီ… ဒီနေ့ ဒီမှာ မနေနဲ့… ငါ မနက်ဖြန် လူလွှတ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်မယ်…”

“ အင်း …” ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး “ မနက်မှ ပြောကြတာပေါ့…”

ကျီချင်းရန်က ကောင်းမွန်သည့် စိတ်အခြေအနေတွင် မရှိသည်ကို မြင်တော့ ဟော်ယွမ်ယွမ်လည်း ကူးစက်သွားပြီး နေလို့ထိုင်လို့ မကောင်းတော့ချေ။

သူမ၏ စီနီယာ အစ်မကို ခွန်အား တက်ကြွစေချင်သည်။ သို့သော် မည်သည့်စကားကို ပြောလို့ပြောရမှန်း မသိ ဖြစ်နေခဲ့၏။

သူမ၏ စီနီယာ အစ်မကဲ့သို့သော လူစားမျိုးသည် အခြေအနေကို အင်မတန်မှ ကောင်းစွာ သတိပြုမိမည်မှာ အမှန်ပင်။ သူမ မည်သည့် စကားလုံးပဲ ရွေးချယ်ပြီး ပြောနေပါစေ ၊ အချည်းနှီးဖြစ်ဖို့ရာ ကျိန်းသေသလောက် ရှိ၏။ သတင်းများကို ဖြေးဖြေးချင်း ချေဖျက်ခိုင်းဖို့သာ တတ်နိုင်တော့သည်။

“ ငါးနာရီတောင် ကျော်ပြီ… တစ်နေရာရှာပြီး တစ်ခုခုသွားစားကြစို့လေ… ဗိုက်ဆာပြီ…”

“ စကားမစပ် … ကောင်းကျုံးယွမ် နင့်ကို ခေါ်လာသေးတယ်မလား… နင်တို့နှစ်ယောက်ပဲ သွားစားလိုက်ကြ… ငါ ဗိုက်မဆာဘူး..”

“ နင် တစ်နေ့လုံးလည်း ဘာမှမစားရသေးတာကို ဘာလို့ ဗိုက်မဆာရမှာလဲ… မြန်မြန် ငါနဲ့ အတူလိုက်ခဲ့..”

“ ငါ တကယ်ကြီး ဗိုက်မဆာတာ… ပြီးတော့ စားချင်စိတ်လည်း မရှိဘူး…”

“ သွားစား… ငါ ဒီမှာ ခဏ နေဦးမယ်…”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အစ်မကျီကို တစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး…”

“ ငါက လူကြီး ဖြစ်နေပါပြီဟယ်… ဆယ်ကျော်သက်ကလေးတွေလို ရူးမိုက်တာတွေ လုပ်မှာ စိုးရိမ်နေသေးတုန်းလား… ဟမ်…”

ကျီချင်းရန်သည် သူမ၏ ဆံပင်တို့ကို မြင်းမြီးပုံစံ ချည်နှောင်လိုက်ပြီး သန့်ရှင်းသပ်ရပ်သည့် အသွင် ဖြစ်အောင်ပြုလုပ်လိုက်သည်။

“ သွားတေ့ … ငါ အိမ်မှာ ခဏနေလိုက်ဦးမယ်…”

“ ထားလိုက်တော့… ငါလည်း ဘယ်မှ မသွားတော့ဘူး… ကောင်းကျုံးယွမ် မရှိလည်း ငါနေနိုင်တယ်… ဒါပေမယ့် အစ်မကျီ မရှိလို့တော့ မဖြစ်ဘူး…”ဟော်ယွမ်ယွမ် ပြောလိုက်သည်။

“ နင့် လေသံ နားထောင်ရတာလည်း ကောင်းကင်ကြီး ပြိုကျတော့မယ့် ပုံစံနဲ့… “ ကျီချင်းရန် ပြုံးလိုက်ပြီး “ သွားလို့ … ငါက နင်ထင်နေသလိုမျိုး မဟုတ်ဘူး… စားစရာရှိတာ သွားစား သွား…”

“ မသွားဘူး..” ဟော်ယွမ်ယွမ် ချက်ချင်း ငြင်းဆန်လိုက်ပြီး “ အပြင်က တစ်ခုခုပဲ မှာစားလိုက်တော့မယ်… ဒီမှာ အတူစားကြတာပေါ့…”

ဟော်ယွမ်ယွမ်၏ အကျင့်စရိုက်ကို ကျီချင်းရန် ကောင်းစွာ သိသည်။ သူမ အတင်းအကျပ် အမိန့်ပေးလျှင်ပင် ထွက်သွားဖို့ မဖြစ်နိုင်သည်မှာ သေချာသည်။

“ ဒါဆိုလည်း တစ်ခုခု စားလိုက်ကြတာပေါ့…”

ပင်ပန်းနွမ်းနယ်စွာဖြင့် ၊ သူမ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး အတွေးနွံထဲ နစ်မြောသွားတော့၏။

ဟော်ယွမ်ယွမ်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေကာ မှာစရာ ရှိသည်ကို အရင် မှာယူလိုက်သည်။

သူမတို့က အစားအသောက်ဖြင့် အသက်ရှင် နေထိုင်ရသည့် သတ္တဝါများဖြစ်ပြီး စားသောက်မှသာလျှင် ရှင်သန် ရပ်တည်နိုင်မည်။

မိနစ်လေးဆယ်လောက် ကြာတော့ ဟော်ယွမ်ယွမ် မှာထားသည်များ ရောက်ရှိလာပြီး ခင်းကျင်းလိုက်ရာ စားပွဲတစ်ခုလုံး အပြည့် ဖြစ်သွားခဲ့သည်။

ကျီချင်းရန်မှာ ထိုသို့ ဖွယ်ဖွယ်ရာရာ စားမြိန်စရာများကို စိတ်ဝင်တစား ရှိမနေဘဲ သုံးလေးလုပ်မျှသာ စားသောက်ပြီးနောက် ဝါးတူကို ပြန်ချ၍ ဘေးတစ်နေရာတွင် သွားထိုင်နေသည်။

“ အစ်မကျီ … နည်းနည်းလောက် ထပ်စားဦးလေ… ဒီလောက်နဲ့ပဲ တော်တော့မလို့လား…”

“ ငါ တကယ်ကြီး ဗိုက်မဆာလို့ပါဟာ…”

“ နင်စားနှင့်တော့ … ငါ အခန်းထဲ ပြန်ပြီး နားလိုက်ဦးမယ်…”

“ အိမ်ကဖြင့် ခုထိ ဘာသန့်ရှင်းရေးမှ မလုပ်ရသေးတာကို ဘယ်လို နားမှာတုန်း..”

“ ရတယ်… ငါ့ဘာငါ သန့်ရှင်းလိုက်မယ်…”

ပြောပြီးနောက် ကျီချင်းရန်သည် အပေါ်ထပ်သို့ နွမ်းနယ်စွာ တက်သွားခဲ့တော့သည်။

“ အစ်မကျီ… ဒီမှာ မနေကြစို့…”

“ ဒီမှာ မနေတော့ ဘယ်သွားရမှာ…”

“ တုံးစန်းကောင်တီလေ…”

မျက်မှောင်ကြုတ်လိုက်ရင်း သူမ မေးလိုက်၏။ “ တုံးစန်းကောင်တီကို ဘာကိစ္စသွားရမှာ…”

“ အဲ့ဒီ မြေခွေးမက ဘယ်သူလဲဆိုတာ သွားကြည့်ကြတာပေါ့…” ဟော်ယွမ်ယွမ် အင်္ကျီလက်နှစ်ဖက်ကို လိပ်ပင့်၍ ပြောလိုက်ပြီး “ ဘာကိစ္စ သူတို့နှစ်ယောက်ကို ပေးပျော်ရမှာ… ဒင်းကို တွေ့လို့ကတော့ တစ်ခါတည်း ချက်ချင်းသွားပြီး ပါးဖြတ်ရိုက်ပစ်လိုက်မယ်…”

“ လျှောက်လုပ်မနေနဲ့…”

“ ဒီလို အရာမျိုးတွေဆိုတာ ပုံမှန်ပဲ… သူ့ကို သွားရှာစရာ မလိုဘူး… သူ ပြန်လာရင် ငါသူနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်တော့မယ်…”

“ ဟင့်အင်း… ငါတော့ မစောင့်နိုင်တော့ဘူး အစ်မကျီ… နင် တစ်ခုခု ပြောစရာ ရှိရင် အခုပြောလိုက်… ငါတို့ အခု ချက်ချင်းသွားကြမယ်..”

All Chapters