လက်ပူးလက်ကြပ် မိပြီ
Vol. 100 Ch. 1499
ညနေ ရှစ်နာရီဝန်းကျင်က စတင်လိုက်သည့် ထမင်းစားပွဲမှာ ကိုးနာရီထိုးခါနီးရောက်တော့ ပြီးဆုံးသွားခဲ့လေသည်။
စားသောက်နေစဉ် လီစီကျင်းက နေ့ခင်းဘက် ဖြစ်ပျက်ခဲ့သည်များအား လီချင်းခိုင်ထံ ပြန်ပြောပြလိုက်သည်။ တစ်ဖက်သူမှာ လက်ခုပ်လက်ဝါးတီးပြီး အချိန်အတော်ကြာသည်ထိအောင် လင်းရီကို မြှောက်ပင့်ချီးကျူးနေတော့သည်။
စားသောက်ပြီးနောက် လင်းရီနှင့် လီစီကျင်းတို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့၏။
သို့သော် သူတို့ မထွက်ခွာမိ လီချင်းခိုင်၏ ဇနီးက သူတို့ကို ညအိပ်ဝတ်စုံ တစ်ထည်စီ လက်ဆောင်ပေးခဲ့သေးသည်။ ယင်းက သူမ ရောင်းချသည့် ပစ္စည်းများ ဖြစ်လေသည်။ လီချင်းခိုင်တို့ မိသားစုက ချမ်းသာသည်လည်း မဟုတ်သဖြင့် ရှိသည့် အရာကိုပဲ ပေးနိုင်သည်။ လင်းရီတို့နှစ်ဦးလည်း စိတ်ထဲ ထားမနေခဲ့ချေ။ သူမကို ကျေးဇူးတင်စကား ပြောလိုက်ကြ၏။
“ အစ်ကိုရီ… ကျွန်မ တက္ကစီစီးပြီး ပြန်လိုက်မယ်… လိုက်မပို့နဲ့တော့..” အိမ်ထဲက ထွက်လာခဲ့ပြီးနောက် လီစီကျင်းမှ မျက်နှာလေးရဲရင်း ပြောလိုက်သည်။
“ ကောင်းပြီလေ… ဒါဆိုလည်း လမ်းလျှောက်ရင် ဂရုစိုက်လျှောက်ဦး…”
“ သိပြီ … မနက်ဖြန်မှ တွေ့မယ် အစ်ကိုရီ…”
လီစီကျင်း ထွက်ခွာသွားပြီးနောက် လင်းရီ အညောင်းဆန့်လိုက်ရင်း ကားထံသို့ ပြန်လာပြီး ပိတ်ကျဲနှင့် အရောင်လျော့ဆေးကို ထုတ်ယူလိုက်သည်။ အနာက ပွင့်နေဆဲ ဖြစ်သဖြင့် အချိန်မှန် ဆေးထည့်ပေးဖို့ လိုအပ်လေသည်။
လင်းရီ နှုတ်ခမ်းကို ကိုက်ထားရင်း မရေရွတ်ဘဲ မနေနိုင်ချေ။
“ ချီးတဲ့မှ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် အဲ့ဒီ စူပါမားကတ်ကြီးကို မသွားခဲ့ပါဘူးကွာ …ခုတော့ သေစမ်း… မဟုတ်ရင် ခုချိန်လောက်ဆို ပြန်ကောင်းနေလောက်ပြီ…”
လီချင်းခိုင်၏ အိမ်က ဟိုတယ်နှင့် သိပ်မဝေးလှသဖြင့် ဆေးပစ္စည်းများ ယူပြီးနောက် ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့လိုက်သည်။
ကိုယ်လက် ဆေးကြောပြီးနောက် လင်းရီသည် ရှပ်အင်္ကျီကို ချွတ်၍ ပတ်တီးလဲရန် ပြင်ဆင်သည်။ ပြီးလျှင် ကျီချင်းရန်ထံ ဖုန်းဆက်ပြီး ယနေ့ တစ်နေ့တာ မစ်ရှင်သည်လည်း အဆုံးသတ်ပြီ ဖြစ်၏။
မနက်ဖြန်သို့ ရောက်သည်နှင့် သူ သွား၍ သီးနှံများအား စုဆောင်းလိုက်မည်။ ကျန်ရစ်သည်က အလုပ်ပြီးမြောက်ဖို့ကို စောင့်ဆိုင်းဖို့ရာပင်။ထို့ပြင် တုံးစန်းကောင်တီရှိ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အလုပ်သည်လည်း တရားဝင် ဆုံးခန်းတိုင်လာတော့မည်။
သို့သော် လင်းရီသည် ဤနေရာတွင် ရက်အနည်းငယ်ကြာ ထပ်နေဖို့ ဆုံးဖြတ်ထားပြီး အနာက အတော်အတန် သက်သာလာတော့မှ ကျိုးဟိုင်သို့ ပြန်ရန် စိတ်ကူးထားသည်။ ဤနည်လမ်းဖြင့် ကျီချင်းရန်လည်း တစ်စုံတစ်ရာ လွဲချော်နေသည်ကို သတိပြုမိလိမ့်မည် မဟုတ်တော့ချေ။
တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်၏ ကားက တုံးစန်းကောင်တီသို့ ရောက်ရှိလာခဲ့၏။
ကျီချင်းရန်သည် သူမ၏ ခေါင်းကို လက်တစ်ဖက် ထောက်ထားရင်း ပင်ပန်းနွမ်းနယ်နေဟန် ပေါ်ကာ ဖျားနာမှုဒဏ်ကို အပြင်းအထန် ခံစားထားရသည့် လူမမာ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
“ ငါ့စကား နားထောင်ပြီး ပြန်ကြစို့လို့… ငါ တကယ်ကြီး သူနဲ့ ထပ်မတွေ့ချင်တော့တာ..”
“ မရဘူး… ငါတို့ တွေ့မှကို ဖြစ်မှာ…” ဟော်ယွမ်ယွမ် စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဘာအကြောင်းပြချက်နဲ့ သူတစ်ယောက်တည်း ပျော်ရွှင်နေရမှာလဲတဲ့…ဟမ် “ ဟော်ယွမ်ယွမ် မေးမြန်းလိုက်သည်။
“ ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား… နင်က ဘာတွေ မကျေမနပ် ဖြစ်နေတာ…” ကျီချင်းရန် ပြန်မေးလိုက်ပြီး “ နင်တို့တွေ ဆက်ဆံရေး တစ်ခု တည်ဆောက်ပြီးလို့ ခွဲခွာကျရင် သာမန်အတိုင်း လမ်းခွဲကြလို့ကော မရဘူးလား…”
“ ဒါပေါ့ … လမ်းခွဲလို့ရတာပေါ့… ဒါပေမယ့် ဒီလိုကြီး လမ်းခွဲလို့တော့ ဘယ်ရမှာ..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မကျီက သူ့အတွက် အများကြီး အနစ်နာခံပေးခဲ့တာကို ဘာကိစ္စ သူ့ကိုကျ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခိုင်းထားမှာ… ချီးလိုပဲ…”
ဒေါသတကြီးဖြင့် စတီယာရင်ကို ရိုက်လိုက်ပြီး “ နင်တို့နှစ်ယောက်က လမ်းခွဲကြမယ်ဆိုရင်တောင် ငါတို့ သွားပြီးတော့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမှာပဲလေ… နားလည်ထားရမှာ အစ်မကျီက သူ့ကို လမ်းခွဲလိုက်တာ … သူက အစ်မကျီကို လမ်းခွဲလိုက်တာ မဟုတ်ဘူး…”
“ မကောင်းဘူးနော်… နင်ထင်ထားသလိုမျိုး ဟုတ်ချင်မှမလည်း ဟုတ်မှာပေါ့…”
“ ဘာကို မကောင်းမှာတုန်း .. ဟမ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါရိုက်တာရှန်းက ရန်ကျင်းကို သွားခဲ့တယ်… အဲ့တာတောင် သူက အစ်မကျီကို လိမ်ညာပြီး သူတို့နှစ်ယောက် အလုပ်အတူ လုပ်နေပါတယ်လို့ ပြောခဲ့တယ်… တစ်ရက်စောပြီး ပြန်လာတာတောင် အစ်မကျီကို မပြောဘူး… ဒါတွေအားလုံး ထည့်တွက်လိုက်ရင် သူ အိမ်မှာ အိပ်တဲ့ရက်က နှစ်ညတောင် ပြည့်ရဲ့လား ပြောကြည့်… ဒါ တစ်ခုခု ဖြစ်နေလို့ပဲ…”
“ ပြီးတော့ … အဲ့လောက် ခရီးရှည်က ပြန်လာပြီး အိမ်ပြန်ရောက်တာတောင် မကြာသေးဘူး တုံးစန်းကောင်တီကို ပြန်ထွက်သွားခဲ့ပြန်ပြီ… သူ ဘယ်လိုတောင် လုပ်ရက်နိုင်တာ… ငါ့ရဲ့ ကောင်းကျုံးယွမ်ဆိုရင် ငါ့အနားပဲကပ်နေမှာ… သူ ဒီလိုမျိုး လုပ်နေတာက မူမမှန်ဘူး…”
ကျီချင်းရန် သက်ပြင်းချလိုက်သည်။ သူမ၏ အမြင်တွင် လင်းရီက အတူတူပင်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ကွဲပြားနေခဲ့၏။
“ ငါ့အထင် သူ့ရဲ့ အငယ်အနှောင်းလေးကို ဒီခေါ်လာတာပဲ ဖြစ်ရမယ်… မဟုတ်ရင် တုံးစန်းကောင်တီကို ဒီလောက်မြန်မြန်ကြီး ပြန်လာမှာ မဟုတ်ဘူး.. ငါတို့ အခုချိန် သွားရင် သူ့ကို လက်ပူးလက်ကြပ်မိတာမျိုးတောင် ဖြစ်နိုင်တယ်…သေစမ်း… ဒင်းကို တွေ့လိုက်ကတော့ သောက်ခွက် ဖြတ်ရိုက်ပစ်ဦးမယ်…”
ကျီချင်းရန်မှာ နှုတ်ဆိတ်လျက်သာ ရှိနေသည်။ ယခု အခြေအနေသို့တိုင် ရောက်လာပြီးမှတော့ သူမ တစ်ခုခု ပြောလျှင်ပင် ထူးခြားသွားလိမ့်မည်နည်း။
ဆယ်မိနစ် ကြာပြီးနောက် နှစ်ယောက်သား လေးပင်လယ် ဟိုတယ်သို့ ရောက်လာခဲ့ပြီး ဟော်ယွမ်ယွမ် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်၏။
“ ဒီနေရာပဲ…”
လင်းရီ ဤနေရာတွင် နေမှန်း သိသောကြောင့် ဟော်ယွမ်ယွမ် လွယ်လင့်တကူ ရှာဖွေနိုင်ခဲ့သည်။
“ မိန်းကလေးတို့ ဒီမှာ ညတည်းမှာလားရှင့်…” ကောင်မလေးကနေပြီး မေးလာသည်။
“ လင်းရီလို့ ခေါ်တဲ့ တစ်ယောက် ဒီမှာ တည်းနေတယ်မလား.. …”
“ ရှင် .. တောင်းပန်ပါတယ်… ကျွန်မတို့ရဲ့ ဟိုတယ်စည်းကမ်းတွေအရ ကတ်စတန်မာရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားစေလို့ မရလို့ပါ…”
ကောင်တာရှိ မိန်းကလေးက သဘာဝအလျောက် လင်းရီကို သိသည်။ ထိုအချောလေးက ဤနေရာတွင် နေထိုင်သည်မှာ သုံးလေးလခန့် ရှိနေပြီး သူမ မသိမှသာလျှင် ထူးဆန်းနေလိမ့်မည်။
“ ဟော့ဒီမှာ ယွမ် ၃,၀၀၀ … နင် ငါတို့နဲ့ ပူးပေါင်းပေးသရွေ့ ဒီပိုက်ဆံက နင့်အပိုင်ပဲ…”
ကောင်မလေးမှာ ကြက်သေသေသွားခဲ့၏။ သူမ၏ တစ်လစာ ဝင်ငွေလျှင်ပင် ယွမ် ၁,၅၀၀ မျှသာ ရှိလေသည်။
“ ကျွန်မက ဘယ်လိုမျိုး ပူးပေါင်းပေးရမှာ…”
အသပြာ၏ ဆွဲဆောင်မှုအောက်တွင် ကောင်တာရှိ ကောင်မလေးလည်း ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။ အနည်းငယ် စကားအစ်ကြည့်လိုက်၏။
“ ငါ သူ့အခန်းကတ်လိုချင်တယ်… “
ဟော်ယွမ်ယွမ် ငွေကို ကောင်မလေး လက်ထဲ အတင်းထိုးထည့်ပေးလိုက်ပြီး ငြင်းဆန်ရန် အခွင့်အရေး မပေးပေ။
ဤသည်က လူ့သဘာဝပင်။ ယွမ် ၃,၀၀၀ က မက်လောက်စရာ ဖြစ်သော်လည်းပဲ ဒီအတိုင်းထားပါက သဘောမတူသည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ကိုယ့်ဘက်က အတင်းအကြပ် ထိုးပေးလိုက်ပြီး တပါးသူ လက်ထဲ ရောက်သွားမည်ဆိုပါက ကိုယ့်ဘက်က တစ်ခုခု ပြန်ပေးရမည် ဆိုသည့် အသိက အလိုလို ခေါင်းထဲ ရောက်လာတတ်သည်။
“ ကျွန်မ တကယ်ကြီး လုပ်လို့ မရတာပါ.. ကျွန်မ အဲ့လိုလုပ်ရင် သူဌေးက အလုပ်ဖြုတ်လိမ့်မယ်…”
ဟော်ယွမ်ယွမ် သူမ၏ နာမည်ကတ်ကို ကမ်းပေးလိုက်၏။
“ နင် အလုပ်ဖြုတ်ခံရရင် ငါနင့်ကို နောက်အလုပ် တစ်ခု စီစဉ်ပေးမယ်…”
ဟော်ယွမ်ယွမ်၏ အမည်ကတ်ပေါ်ရှိ ရာထူးနေရာကို မြင်တော့ ကောင်တာရှိ ဝန်ထမ်းမိန်းကလေးမှာ ကြက်သေသေသွားခဲ့လေသည်။
“ လင်းယွင်အုပ်စု….. သူက ဒီမှာ စက်ရုံလာဆောက်ထားတာမလား…”
“ အင်း … အဲ့ ပရောဂျက်ကို ငါပဲ လက်မှတ်ထိုးပေးခဲ့တာ.. ဒီတော့ အလုပ်ကိစ္စ စိတ်ပူမနေနဲ့.. နင် အလုပ်ဖြုတ်ခံရရင်တောင် ပိုကောင်းတဲ့ အလုပ် တစ်ခု ငါ စီစဉ်ပေးမယ်…”
အနည်းငယ် တွေးတောပြီးနောက် ကောင်တာရှိ မိန်းကလေးသည် ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်လိုက်ပြီး စောင့်ကြည့်ရေး ကင်မရာများကို ကွယ်လျက် လင်းရီ၏ အခန်းကတ်ကို ကမ်းပေးလိုက်လေသည်။
“ တစ်ယောက်ယောက်မေးလာရင် ကျွန်မကိုတော့ ရောင်းမစားနဲ့နော်…”
“ စိတ်ချစမ်းပါ.. ဒီသဘောတရားတွေကို ငါနားလည်ပါတယ်…”
ဟော်ယွမ်ယွမ်၏ လှည့်ကွက်အသေးစားက ယခုလို ဂျောင်ကျသည့် ကောင်တီအသေးစားလေးတွင်သာ အလုပ်ဖြစ်သည်။
ယင်းက အဘယ်ကြောင့်ဆိုသော် တုံးစန်းကောင်တီရှိ အကောင်းမွန်ဆုံး ဟိုတယ်က ကျိုးဟိုင်တွင် သာမန်ထက် အနည်းငယ် ပိုကောင်းသည့် ဟိုတယ်တစ်ခု အဖြစ်သာ သတ်မှတ်၍ ရသောကြောင့်ပင်။
ဤနေရာရှိ ဝန်ထမ်းများ၏ အလုပ်အပေါ် ထားသည့် ကျင့်ဝတ်က သာမန် ကြယ်ငါးပွင့် ဟိုတယ်ရှိ လေ့ကျင့်ခြင်း ခံထားရသည့် ဝန်ထမ်းတို့နှင့် နှိုင်းယှဉ်ကြည့်၍ မရချေ။ သူတို့အားလုံးကို ငွေဖြင့် ပေါက်ဝယ်၍ ရလေသည်။
ဟော်ယွမ်ယွမ် အခန်းကတ်ကို ယူလိုက်ပြီး ကျီချင်းရန်ကို ဦးဆောင်၍ လေးလွှာသို့ ဦးတည်လာခဲ့သည်။
ထို့ပြင် သူမ၏ အင်္ကျီလက်များကိုပင် လိပ်တင်၍ စိတ်ထဲတွင်တော့ ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုကို ချမှတ်ထားပြီး ဖြစ်လေသည်။
အခန်းထဲသို့ ဝင်ပြီးသည်နှင့် မည်သည့်စကား တစ်ခွန်းမျှ မဆိုဘဲ ချက်ချင်း တန်းပြီး လင်းရီဆိုသည့် သူဌေးစုတ်၏ သောက်ခွက်ကို ဖြတ်ရိုက်ပစ်လိုက်မည်။
ပြီးနောက် သူနှင့် အတူရှိနေသည့် နှုတ်သီးကောင်းလျှာပါး မြေခွေးမကိုလည်း သောက်ခွက် ဖြတ်ရိုက်ပစ်မည်။
ထို့နောက် နှစ်ယောက်လုံး၏ သောက်ခွက်ကို ပြန်ပြီး ဖြတ်ရိုက်ပစ်မည်။
မကြာမီ သူတို့နှစ်ဦးလုံး လင်းရီ ရှိနေသည့် အခန်း ၄၀၈ ၏ အရှေ့သို့ ရောက်ရှိလာသည်။
“ အစ်မကျီ… ရယ်ဒီပဲလား..”
“ ငါ .. ငါ မသွားချင်ဘူး…”
“ ဒီအထိတောင် ရောက်ပြီးမှတော့ ဘာလို့ ပြန်လှည့်ချင်နေရတာလဲ… “ ဟော်ယွမ်ယွမ် စိတ်ပျက်မှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ငါတို့က သူနဲ့ စာရင်းရှင်းဖို့ ဒီကို လာခဲ့တာ… ပြီးတော့ ငါတို့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ မရဘူးဆိုတာ သိအောင် ပြရမယ်…”
“ ဒါပေမယ့် နင် အတင်းတွန်းအားပေးလို့မှ မရတာ…”
“ သူ့ကို အတင်း တွန်းအားပေးမယ်လို့လည်း မပြောပါဘူး… အရင်ဆုံး အထဲကို ဝင်မယ်… ပြီးရင် သောက်ခွက်ကို ဖြတ်ရိုက်မယ်… ပြီးရင် သူနဲ့ ပြတ်ပြီလို့ ပြောမယ်.. ပြီးရင် လှလှပပလေး လှည့်ထွက်လာခဲ့မယ်…”
ကျီချင်းရန် မတုန်မလှုပ် နှုတ်ဆိတ်လျက်သာ ရှိနေဆဲပင်။ အခြေအနေ ကိစ္စရပ်တို့က ယခုအခြေအနေထိတိုင် ရောက်လာခဲ့ပြီးမှ တစ်စုံတစ်ရာ ပြုလုပ်လျှင်လည်း အချည်းနှီးသာ ဖြစ်မည်ဟု သူမ ခံစားနေရသည်။
ဟော်ယွမ်ယွမ်၏ အတင်း အကြပ် ဆွဲခေါ်လာမှုကြောင့်သာ မဟုတ်ပါက သူမ တုံးစန်းကောင်တီသို့ လာဖြစ်လိမ့်မည်ပင် မဟုတ်ချေ။
“ ဟင်း… အစ်မကျီကိုက တအား ကြင်နာတတ်လွန်းတယ်… ဒါကြောင့်မို့ အဲ့ဒီအကောင်က နင့်ကို ဒီလိုတွေ အနိုင်ကျင့်နေတာ… ဒီနေ့တော့ အစ်မကျီကိုယ်စား ကျွန်မ လူမိုက်လုပ်ပြီး တရားမျှတမှုကို ရှာပေးရတော့မယ်…”
ထိုသို့ ပြောပြီးနောက် ဟော်ယွမ်ယွမ် အခန်းကတ်ကို ထုတ်၍ “ အိုကေ… ငါ့နောက်ကနေ တခါတည်း ပြေးဝင်လာခဲ့ ဟုတ်ပြီလား…”
တီ… ဂျလောက်
တံခါးလော့ခ်ပွင့်သံ ထွက်လာခဲ့ပြီး ဟော်ယွမ်ယွမ်သည် ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်၍ ချက်ချင်း ပြေးဝင်လာခဲ့လိုက်၏။
သို့ပေမယ့်
သူမတို့တွေ အခန်းထဲရှိ မြင်ကွင်းကို မြင်တော့ နှစ်ယောက်လုံး ကြက်သေသေသွားခဲ့လေသည်။
သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များ အေးခဲသွားခဲ့ပြီး စကားတစ်ခွန်းပင် မဆိုနိုင်တော့ချေ…..။