← Chapters

လူရွှင်တော်ထက် ဟာသပိုဆန်သူ

Vol. 100 Ch. 1500

လူရွှင်တော်ထက် ဟာသပိုဆန်သူ

Vol. 100 Ch. 1500

အကြောင်းမူကား အခန်းထဲတွင် ပိုးသတ်ဆေးအနံ့တို့ဖြင့် မွန်းကြပ်နေပြီး အရေးကြီးဆုံးကတော့ သွေးသံတရဲရဲနှင့် လုံးချေခံထားရသည့် ပိတ်ကျဲစ တစ်ခုမှာ ကြမ်းပြင်ပေါ် ရှိနေသည်။

လင်းရီက အပေါ်ပိုင်း ဗလာကျင်းနေပြီး သူ၏ အနာကို ဆေးထည့်နေခဲ့၏။ သူလည်း ဟော်ယွမ်ယွမ်နှင့် ကျီချင်းရန်တို့က ဓားပြတိုက်မည့် လူများကဲ့သို့ အခန်းထဲ အတင်းအကြပ် ရောက်ချလာသည်ကိုမြင်တော့ ဆေးထည့်ရင်းတန်းလန်း ကြက်သေသေသွားခဲ့လေသည်။

“ မင်းတို့နှစ်ယောက်က……… ဒီဘာလာလုပ်ကြတာ…”

သူတို့၏ စိတ်အခြေအနေတစ်ခုလုံး ကွက်လပ်ဖြစ်သွားခဲ့သည်။ မြင်နေရသည့် မြင်ကွင်းက သူတို့စိတ်ကူးထဲတွင် ပုံဖော်ထားသည်နှင့် လုံးလုံလျားလျား ဆန့်ကျင်နေပြီး ယခုလို မြင်ကွင်းမျိုး ဖြစ်နေလိမ့်မည်ဟု ယောင်လို့မျှပင် မစဉ်းစားခဲ့ဖူးချေ။

သူတို့တွေ လင်းရိ၏ မေးခွန်းကိုလည်း ရှင်းရှင်းလင်းလင်း မကြားနိုင်ကြတော့ပေ။

“ ဒါ …… ဘာတွေလဲ…”

ကျီချင်းရန်သည် ဟော်ယွမ်ယွမ်၏ လက်ကိုလွှတ်၍ လင်းရီ၏ အရှေ့တွင် ရပ်တန့်လိုက်သည်။

သူ့ပခုံးထက်ရှိ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေသည့် အနာကို မြင်တော့ သူမ၏ မျက်ဝန်းတို့ နီရဲသွားခဲ့ရသည်။

“ မြောက်ပိုင်းသွားတုန်းက မတော်တဆ ကိစ္စ တစ်ခု ဖြစ်ခဲ့တာလေ… ဒါပေမယ့် ဘာမှမဟုတ်ပါဘူး… ဒီတိုင်း နေ့တိုင်းနေ့ ပတ်တီးလဲပေးဖို့ပဲ လိုတာ…”

“ နင်ငါ့ကို ညာမနေနဲ့… ဒါ ဘာတွေဖြစ်နေတာလဲ…” ကျီချင်းရန်သည် ဒေါသကြောင့် အသံက ကျယ်လောင်လာခဲ့သည်။

“ အဲ့တာက. . . . . . . ”

လင်းရီ ခေတ္တ ရပ်တန့်သွားခဲ့၏။ ကျီချင်းရန်က မြင်တွေ့ပြီး ဖြစ်သဖြင့် သူ ဖုံးကွယ်နေလို့လည်း အကြောင်းမထူးတော့ချေ။

သို့သော် ဤသည်က သေနတ် ဒဏ်ရာ ဖြစ်သည်ကိုတော့ သူ မည်သို့မျှ ပြောပြ၍ မဖြစ်ချေ။ ယင်းက သူမကို ထိတ်လန့်သွားစေလိမ့်မည်။

“ စိုက်ပျိုးရေး သုတေသန စင်တာက ခေါင်းဆောင်တချို့နဲ့ တောထဲ အမဲလိုက်သွားတော့ အဲ့မှာ ဝက်ဝံမည်းနဲ့ ပက်ပင်းသွားတိုးတယ်လေ… သူ့ လက်သည်းနဲ့ခြစ်မိသွားတာ…”

ဤသည်က ယခုလို ကျဉ်းထဲကြပ်ထဲ ရောက်နေသည့် အချိန်တွင် လင်းရီ စဉ်းစားမိသည့် အကောင်းမွန်ဆုံးသော အကြောင်းပြချက်ပင်။

၎င်းက အန္တရာယ်များသော်လည်းပဲ သေနတ် ပစ်ခံရသည့် ဒဏ်ရာဟု ပြောသည်ထက်တော့ သာ၍ ကောင်းပါသေးသည်။

“ ဘယ်တုန်းကလဲ… နင် ငါ့ကို ဘာလို့ မပြောခဲ့တာလဲ…”

“ တစ်ပတ်ကျော်ပြီ… ငါ မပြောဘူးဆိုတာက မင်းကို မစိုးရိမ်စေချင်လို့လေ…”

“ အဲ့လောက်ကြာနေပြီကို နင့်အနာက ဘာလို့ ဒီပုံစံ ဖြစ်နေတာလဲ… ဘယ်ဆေးရုံလဲ နင့်ကို ဒီလို ဆေးကုပေးလိုက်တာ…”

လင်းရီ ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်မိသည်။ “ ငါ မင်းနဲ့ စူပါမားကတ်သွားတဲ့ ညနေကို မှတ်မိတယ်မလား… ငါ့အနာ ပြန်ပွင့်သွားလို့ ဆေးရုံသွားပြီး ပြန်ချုပ်ရတယ်လေ… အဲ့တာကြောင့် ခုထိ ပြန်မသက်သာသေးတာ..”

“ ငါတို့ စူပါမားကတ် သွားတဲ့ညက . . . . . . . . “

သူမ ကြက်သေသေသွားခဲ့၏။

“ နင် ဒါရိုက်တာရှန်းကို သွားရှာမယ်ပြော . . . . . . .“

“ ဒါရိုက်တာရှန်းက ရန်ကျင်းကို အလုပ်ခရီး ထွက်သွားခဲ့တာ ငါက သူ့ကို ဘယ်လိုသွားရှာရမှာ… ငါက သူ့ကို ဒီတိုင်း အလီဘိုင် တစ်ခု ဖန်တီးပေးဖို့ တောင်းဆိုခဲ့ရုံ သပ်သပ်ပဲ… ပြီးတော့ သူ့ရုံးခန်းမှာပဲ အဲ့ည အိပ်လိုက်တာ…” လင်းရီ ပြောလိုက်သည်။ “ မဟုတ်ဘဲနဲ့ သွေးတွေ စီးကျပြီး အင်္ကျီပေါ် စွန်းလာရင် မင်း သတိထားမိသွားမှာပေါ့…”

“ ဒါဆို နင်ငါ့ကို ခု ရက်ပိုင်း ရှောင်နေတာက ငါ သတိထားမိသွားမှာကို စိုးရိမ်လို့ပေါ့နော်…”

“ ဒါပေါ့…” လင်းရီ ပြောလိုက်ပြီး “ ငါက ဟော်ယွမ်ယွမ်လိုမှ မဟုတ်တာ… ဘာလို့ မင်းဆီက ဖုံးကွယ်နေရမှာ…”

လင်းရီ၏ စကားလုံးကို ကြားတော့ သူတို့နှစ်ယောက်လုံး နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။

ကျီချင်းရန်သည် ယခု အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်၏။

လင်းရီ တစ်ရက်စောပြီး ပြန်လာသည်ကိစ္စနှင့် ညနေပိုင်း သုတေသန စင်တာသို့သွားသည့် ကိစ္စ ဖုံးကွယ်ထားခြင်းက သူ့ပခုံးထက်ရှိ အနာကို သူမ သတိပြုမိသွားမည်အား စိုးရိမ်နေသောကြောင့်ပင်။

ကျီချင်းရန် ကိုယ့်ကိုယ်ကို အရှက်ရသွားခဲ့၏။ သူ ယခုလိုတွေ လုပ်နေသည်က သူမ စိုးရိမ်ကြောင့်ကြရမည်ကို မလိုချင်သောကြောင့်ပင်။

သို့သော် သူမက သူ့ကို အထင်လွဲနေခဲ့မိ၏။

ဟော်ယွမ်ယွမ်မှာမူ ကျီချင်းရန်ထက်ပင် အကြီးအကျယ် အရှက်ရနေလျက် ရှိတော့သည်။

သူမမှာ သုံးလေးရက်ခန့် ကောင်းကောင်းမအိပ်နိုင်၊ ကောင်းကောင်း မစားနိုင် ဒေါသဖြစ်နေခဲ့ရပြီး အဆုံးတွင် အရာအားလုံးက အထင်လွဲမှု တစ်ခု ဖြစ်နေခဲ့သည်လော။

“ နင် ငါ့ကို ဘာကိစ္စ မပြောပြခဲ့တာလဲ…” ကျီချင်းရန် သူမ၏ မျက်ရည်များကို သပ်ချလိုက်ပြီး “ နင်ငါ့ကို ဘယ်လိုလူစားမျိုး ထင်နေတာလဲ….”

“ ငါနင့်အတွက် စိုးရိမ်ပေးတယ်ဆိုတာ နင့်ကို ဂရုစိုက်လို့ပဲလေ…”

လင်းရီ ခေါင်းကုတ်လိုက်၏။ “ ဒါနဲ့ ငါ သိချင်တာ မင်းတို့နှစ်ယောက်က ညသန်းခေါင်ကြီး ဒီဘာလာလုပ်ကြတာလဲ… ငါ့ကို လာပြီး ရှောင်တခင် လာစစ်ဆေးတာလား ဟုတ်လား…”

“ အာ…..”

ရုတ်ချည်း ငြိမ်သက် တိတ်ဆိတ်သွားမှုက ကြောက်စရာ ကောင်းလှ၏။

“ အဲ့တာက ကျွန်မတို့ နှစ်ယောက် ညစာ အတူစားရင်း ပျင်းပျင်းရှိတာနဲ့ ရှင့်ဆီလာလည်ပြီး စစ်ဆေးကြည့်ကြမယ်လို့ အကြံထွက်လာလို့…” ဟော်ယွမ်ယွမ် ပြောလိုက်သည်။

“ ဘာကို စစ်ဆေးရမှာ… ငါက အိမ်မှာ အားနေတယ် ပြီးတော့ နင် အိမ်မပြန်လာတာလည်း ကြာပြီဆိုတော့ ဒီလာပြီး နင့်ကို လာတွေ့တာ…”

နှစ်ယောက်လုံးက အလျင်အမြန် တုံ့ပြန်လိုက်ကြပြီး အချင်းချင်း အလီဘိုင်များ ဖန်တီး၍ ဤပြဿနာအား ဖြေရှင်းလိုက်ကြ၏။

“ သဘော… အဆင်ပြေတဲ့ နေရာ ထိုင်လိုက်ကြဦး… ငါ ဆေးအရင် ထည့်ဦးမယ်…”

“ ငါ နင့်ကို လုပ်ပေးမယ်…”

“ မလိုဘူး… ငါတော့ မင်း လုပ်ရဲမယ် မထင်ဘူး…”

သူမ ပြန်စဉ်းစားကြည့်လိုက်တော့ အမှန်ပင် မလုပ်ဝံ့လောက်ချေ။

သာမန်ကြည့်ရုံမျှဖြင့် ခေါင်းက မူးနောက်နောက် ဖြစ်ချင်လာသည်။

လင်းရီ ပိုးသတ်ထားသည့် ဂွမ်းလုံးနှင့် အနာကို သန့်ရှင်းရေး လုပ်လိုက်ပြီး မန်းရေများကိုလည်း ဂွမ်းနှင့် စုပ်ပစ်လိုက်သည်။

ကျီချင်းရန်ကို မဆိုထားနှင့် ဟော်ယွမ်ယွမ်ပင် ကြည့်ရင်း မျက်မှောင်ကြုတ်နေမိလေသည်။

ဘယ်လောက်တောင် နာလိုက်မလဲ ကြည့်စမ်း။ ဒါတောင် သူ့ မျက်နှာက ဘာမှ မဖြစ်တဲ့ ပုံစံနဲ့။ မဟုတ်သေးဘူး။ ဒီသူဌေး ငါတို့ ရှိလို့ မာထန်တဲ့ ယောက်ျားတစ်ယောက် ပုံစံ ဖမ်းနေတာပဲ ဖြစ်ရမယ်။ ဟွန့် မသိရင် ခက်မယ်။

ပိုးသတ်ပြီးနောက် လင်းရီ အရောင်လျော့ဆေး ထည့်ကာ တစ်ဖန် ပတ်တီး ပြန်စည်းလိုက်သည်။

“ နင် ဒဏ်ရာ ရထားတာကို ဘာလို့ ငါနဲ့ အဲ့နေ့တုန်းက စူပါမားကတ် သွားဖို့ သဘောတူခဲ့သေးလဲ… နင် အကြောင်းပြချက် တစ်ခုခု ပြပြီး မငြင်းတတ်ဘူးလား…”

တစ်ချိန်တည်းတွင် သူမကိုယ်သူမ ပြစ်တင် မောင်းမဲနေမိသည်။

နှစ်ဦးမှာ အချိန်အတော်ကြာအောင် အတူရှိလာခဲ့သော်လည်း လင်းရီ တစ်ခုခု မှားယွင်းနေသည်ကို သတိမပြုမိခဲ့ချေ။ ထို့ပြင် သူ့ကို အထင်ပင် လွဲလိုက်သေး၏။

သူမ အမှားကြောင့်သာ အနာက ပြန်ပွင့်သွားပြီး နောက်တစ်ကြိမ် ပြန်ချုပ်လိုက်ရခြင်းပင်။

“ မင်းပဲ ပြောတော့ ရိုးရာဆို … ငါလည်း ဘယ်ငြင်းရက်တော့မှာ…” လင်းရီ ပြောလိုက်ပြီး “ တကယ်တော့ ငါထင်ထားတာ ဒီတိုင်း စားစရာ မုန့်နည်းနည်းပါးပါးပဲ ဝယ်မယ်ပေါ့… ဘယ်သူက မင်း ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ခေါက်ဆွဲထုပ်တွေ ဝယ်မယ်လို့ ထင်ထားခဲ့မှာ…”

“ ငါ့အမှားပါ ရီရယ်… ငါ တောင်းပန်ပါတယ်နော်…”

“ တော်ပြီ တော်ပြီ… ရပြီ… နင်တို့နှစ်ယောက် ဆက်ပြီး ဘယ်လောက်ချစ်ကြောင်း ပြနေလိုက်ကြ.. ငါတော့ ပြန်တော့မယ်…”

ဤနေရာ၌ ဆက်ရှိနေရသည်မှာ ကသိကအောက် နိုင်လှသည်ဟု ဟော်ယွမ်ယွမ် ခံစားနေရသည်။ မြန်မြန် ထွက်သွားသည်က ပိုကောင်းလေသည်။

ဤကဲ့သို့ မျက်နှာ ဖြတ်ရိုက်သည်က ပြင်းထန်လွန်းလှသည်။

သူဌေး၊ တောင်းပန်ပါတယ်။ ငါ နင့်ကို စိတ်ထဲကနေ ပါးဖြတ်ရိုက်ခဲ့တာတွေကို ဗွေမယူပါနဲ့နော်။ နင် ခွင့်လွှတ်တယ်ပဲ သဘောထားလိုက်မယ်။

“ မင်းသွားသင့်တာ ကြာလှပေါ့… ဒီမှာ မနေနဲ့… လစ်လစ် …”

သူမ၏ အပြစ်ရှိသည့် စိတ်ခံစားချက်ကြောင့် ဟော်ယွမ်ယွမ် ပြန်မကိုက်တော့ချေ။ သူမ ထူးမခြားနားစွာ နှာမှုတ်၍ ထွက်ခွာသွားခဲ့လေသည်။

ကျီချင်းရန်လည်း သူမကို ဤနေရာတွင် ဆက်နေပေးဖို့ တောင်းဆိုမည့် ရည်ရွယ်ချက် မရှိချေ။

အမှန်အတိုင်းပြောရလျှင် လင်းရီတစ်ဦးတည်းသာ သူမ မျက်လုံးထဲ၌ ရှိနေပြီး ဟော်ယွမ်ယွမ်ရှိသည်ကို မေ့ပင် မေ့လျော့နေခဲ့၏။

“ ယွမ်ယွမ် … ခဏလေး စောင့်ဦး… ငါ နင့်ကို ပြောစရာ ရှိသေးတယ်…”

ကျီချင်းရန် အခန်းအပြင်သို့ ထွက်၍ ဟော်ယွမ်ယွမ်နောက် ကမန်းကတမ်း ပြေးလိုက်ပြီး သူမကို ဘေးသို့ ဆွဲခေါ်လိုက်သည်။

“ ကံကောင်းတာ ငါ တုံ့ပြန်တာ မြန်လို့ပေါ့… မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေပြီ..”

ဟော်ယွမ်ယွမ် သူမ နဖူးကို ကိုင်ထားလျက် ရှိသည်။ သူမ ဖော်ထုတ်ခြင်း မခံလိုက်ရသော်လည်းပဲ အခြား မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်လိုတော့သည်အထိ ရှက်ရွံ့နေခဲ့၏။

“ ငါ့အမှားပါဟာ…”

“ ဒါကြောင့်မို့ ငါ နင့်ကို တစ်ခုလောက် ကူညီပေးစေချင်တယ်…”

“ ဘာကိုလဲ..”

“ ဒါက ယွင်ရွှေ ဗီလာ သော့နဲ့ ကျိုကျုံးဗီလာသော့… တစ်ယောက်ယောက် ခေါ်ပြီး ငါ့ ပစ္စည်းတွေ အိမ်ထဲ ပြန်ထားပေးစမ်းပါ..”

“ အာ… အစ်မကျီ… နင့် ရပ်တည်ချက် ပြောင်းလဲတာကြီးကလည်း မြန်လိုက်တာ လွန်ပါရော…”

“ ငါလည်း ဘယ်တတ်နိုင်မှာ … ငါတို့ အမှားပဲလေ… လင်းရီက အဲ့လို လူစားမျိုးမှ မဟုတ်တာ.. ငါ့ကိုယ်ငါပဲ အပြစ်တင်ရတော့မယ်…”

“ အဲ့တာ နင့်အမှားပဲ…”

“ အင်းပါ.. ငါ့အမှားငါသိတယ်..” ကျီချင်းရန် သူမ၏ မျက်ရွှန်းစိုကြီးများအား ပုတ်ခတ်ပုတ်ခတ်ပြု၍ ဟော်ယွမ်ယွမ်အား အပြစ်ကင်းစွာ ကြည့်လိုက်ကာ “ နင် ငါ့ကို မကူညီပေးဘူးဆိုရင် ငါ လင်းရီနဲ့ မျက်နှာချင်း ဆိုင်ဝံ့တော့မှာ မဟုတ်ဘူးဟာ…”

“ ကောင်းပြီလေ… ဒီက Van cleef နားစွဲလေးတွေ စိတ်ဝင်စားနေတာ .. ပြန်ရောက်ရင် ဝယ်ပေးရမယ်…”

“ အေးပါ အေးပါ … နင့်ကို သေချာပေါက် ဝယ်ပေးပါ့မယ်…”

“ ဒါဆို ပြန်နှင့်ပြီ… နင်တို့နှစ်ယောက် အတူရှိတဲ့ အခိုက်အတန့်တိုင်းက ရွှေဒင်္ဂါး တစ်ထောင်မက အဖိုးထိုက်တယ်…”

ဟော်ယွမ်ယွမ် သော့များကို ယူ၍ ဓာတ်လှေကားထံ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် ခြေလှမ်း ခပ်သွက်သွက်ဖြင့် ကားထံ ပြန်ရောက်လာသည်။

ထိုအခါမှသာ သူမစိတ်ထဲ စိတ်သက်သာ ရသွားခဲ့တော့သည်။

သူမ ဘဝတစ်လျှောက်လုံး ယခုထက်ပို၍ အရှက်ရမည့် အဖြစ်အပျက် ထပ်မကြုံနိုင်တော့ဟုတောင် ခံစားနေရသည်။

“ သေစမ်း.. အိမ်ပြန်ပြီးပဲ အိပ်ပစ်တော့မယ်…”

ကလင် ကလင် ကလင် …

ဟော်ယွမ်ယွမ် ကားစက်နှိုးခါ ရှိသေး ၊ သူမ ဖုန်းသံ မြည်လာခဲ့သည်။ ချီရှန်းကျောက်က ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ ဟယ်လို အစ်ကိုချီ…”

“ မင်း အိပ်နေပြီလား…”

“ မအိပ်သေးပါဘူး… ဘာလို့…”

“ မင်း နှုတ်ထွက်ချင်တယ် ပြောတယ်မလား… ငါ တစ်ရက် စဉ်းစားပြီးတော့ မင်းရဲ့ နှုတ်ထွက်စာကို ဥက္ကဌလင်းဆီ ပေးလိုက်တယ်… ဥက္ကဌလင်းလည်း သဘောတူပြီး လျော်ကြေး ယွမ်တစ်သန်းတောင် ပေးလိုက်သေးတယ်… မင်း မနက်ဖြန် လာပြီး မင်းရဲ့ ပစ္စည်းတွေ လာသိမ်းလို့ ရပြီ…”

ဟော်ယွမ်ယွမ် ထိုင်ခုံနောက်သို့ ဘိုင်းကနဲ ပစ်လဲလိုက်သည်။ သူမ နံရံနှင့် ခေါင်းနှင့်ဆောင့်ပြီး သေသင့်သည်ဟု ခံစားနေရလေသည်။

ဒင်းတို့နှစ်ယောက် ပြဿနာ တက်စဉ်က သူမမှာ ကြားထဲကနေပြီး နှစ်ယောက်လုံးအတွက် စိုးရိမ်ပူပန်ပေးခဲ့ရသည်။

ယခုတော့ ကောင်းချေပြီ။

နားလည်မှု လွဲခဲ့သည်ဆိုပင်။ ဒင်းတို့နှစ်ယောက်က ပြန်ပေါင်းထုပ်ပြီး ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြုမူနေစဉ် ဟော်ယွမ်ယွမ်မှာတော့ ရှုပ်ထားသမျှ ပြန်ပြီး သန့်ရှင်းရေး လုပ်ပေးရုံမျှမက အလုပ်ပင် ပြုတ်သွားခဲ့သေး၏။

သေစမ်း။

ငါက လူရွှင်တော်ထက်တောင် ပိုပြီး ဟာသဆန်နေခဲ့တာပါလား။

စာစဉ် (၁၀၀) ပြီး၏။

All Chapters