နတ်ဘုရားပြစ်ဒဏ် ရောက်လာပြီ
Vol. 013 Ch. 1209
မဟာလမ်းစဉ်၏ စွမ်းအားများက သွေးနဂါးမြစ် တိုက်ပွဲကွင်းပြင် နေရာအနှံ့တွင် ရှိနေသည်။ လောင်ကျွမ်းနေသည့် မီးတောက်များက အရာအားလုံးကို ဖုံးလွှမ်းထား၏။
သို့သော်လည်း လောင်ကျွမ်းနေသည့် စွမ်းအားများတွင် ထပ်ပေါင်း၍ ကြမ်းတမ်းစွာ အော်မြည်နေသည့် ကြောက်မက်ဖွယ် အမှောင်နတ်ဆိုး အလင်းများလည်း ရှိနေသည်။
“ဒီနေရာက ထွက်သွား” မာထန်သည့် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ယူချင်းသည် သူ့အကြည့်တို့ကို တာလီပြည်ထောင်မှ လာခဲ့သည့် တန်ခိုးရှင်နှစ်ဦးဖြစ်သော ဒွန်ချန်းနှင့် အပြစ်ခုနစ်ပါးတို့ အပေါ်သို့ ဝေ့ဝဲသည်။
သူတို့နှစ်ယောက်လုံးသည် သူ့ကို ဖြုတ်ချဖို့ရန် ဤပြိုင်ပွဲ၌ ပါဝင်လာခြင်းဖြစ်သည်။
သို့သော်လည်း သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် ဂရုမစိုက်ခြင်းတို့ဖြင့် ပြည့်နေသည်။
ယူချင်း၏ စကားကို ကြားလိုက်ရလျှင် ဒွန်ချန်းနှင့် အပြစ်ခုနစ်ပါး၏ အကြည့်များက အေးခဲသွားသည်။ သူတို့သည် သူ့ကို အထိတ်တလန့် မော့ကြည့်လိုက်ကြ၏။ ဖိနှိပ်လိုပြီး ကြိုတင် ခန့်မှန်းမရနိုင်သော နတ်ဆိုးအရှင်သခင်၏ နက်မှောင်၍ အေးစက်သော မျက်လုံးများသည် အထင်အမြင် သေးခြင်းတို့နှင့် ပြည့်နေသည်။
တာလီပြည်ထောင်မှ တန်ခိုးရှင်သုံးဦးသည် အိပ်ပျော်နေသော နဂါးပြိုင်ပွဲတွင် ပါဝင် တိုက်ခိုက်ပြီးနောက် ဤနေရာအထိ ရောက်ရှိလာရသည့် အကြောင်းရင်းမှာ ယူချင်းကို တိုက်ခိုက်လိုခြင်းကြောင့် ဖြစ်သည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်၏။
လီယောင် သူတို့ဆီက လိုချင်သည်မှာ ယူချင်းနှင့် သူ့သူငယ်ချင်းများကို ရပ်တန့်စေရုံသာမက ရှုံးနိမ့်စေလိုခြင်း ဖြစ်သည်။ သို့သော်ငြား အမှန်တွင်တော့ ယူချင်းသည် ဘယ်တော့မှ သူတို့ကို ခြိမ်းခြောက်မှုတစ်ခု အဖြစ် မှတ်ယူလိမ့်မည် မဟုတ်ပေ။
ကိစ္စများက ဤကဲ့သို့ ဖြစ်လာမှတော့ သူတို့ ဘာများ တတ်နိုင်တော့မှာလဲ။
ယူချင်းဆီ အပြေးအလွှားသွားပြီး သူ့ကို သေသည်အထိ တိုက်ခိုက်ရမည်လား။
သူတို့ လုပ်နိုင်မည်လား။
လက်သီး တစ်ချက်တည်းနှင့် ကံဆိုးသွားသည့် တိဟောက်နှင့် ရှန်းနန်သည် သူတို့ကို ရှင်းလင်းစွာ နားလည်စေရန် လုပ်ဆောင် ပေးခဲ့လေသည်။
ဂုဏ်သိက္ခာအတွက် သူတို့ တိုက်ခိုက်သင့်သလား။
သို့ဆိုလျှင် ဂုဏ်သိက္ခာအတွက် သူ့ကို တိုက်ခိုက်ပြီး တစ်ချက်တည်းနှင့် မြေပြင်ပေါ် ရိုက်ချခံရမည်လား။
ထိုသို့ တွေးမိသည့်အခါ မည်မျှ ရယ်စရာ ကောင်းသည်ကို ဒွန်ချန်း သတိပြုမိသည်။ သူသည် နောက်ပြန်လှည့်လိုက်ပြီး လေထုကို ဖြတ်ကာ သွေးနဂါးမြစ်ကမ်းပါးတွင် ခြေချသည်။ သူ အိမ်ပြန်ရောက်သည့်အခါ သူ့ကို တော်ဝင်အကြံပေးက သင်ကြားပေး နိုင်မည်လား မေးမြန်းရမည်။
ဓားအသိများက အပြစ်ခုနစ်ပါး၏ အနီးတွင် အော်မြည်ကာ သူ့ကို ရစ်ပတ်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တောက်ပနေသည်။
သူ့မျက်လုံးများသည် ဓားများကဲ့သို့ ယူချင်းထံသို့ ချိန်ရွယ်ထားသည်။ ယူချင်း၏ လွှမ်းမိုးနိုင်သော မျက်လုံးများသည် အေးစက်နေပြီး ယင်းတို့ကို မြင်ရသည်မှာ အပြစ်ခုနစ်ပါးသည် လုံးဝ တည်ရှိမနေသကဲ့သို့ပင် ဖြစ်သည်။ မျက်လုံးများမှတစ်ဆင့် ယူချင်းသည် အားလုံးအပေါ်၌ အထင်အမြင် သေးနေကြောင်း တွေ့မြင်လိုက်ရသည်။
ယူချင်းသည် ကောင်းကင်၊ မြေကြီးနှင့် နတ်ဘုရားများကိုပင် လေးစားမှုအလျှင်း မရှိသူဟု သူ ခံစားမိလေသည်။
ထိုသည်က သူသင်ယူထားသည့် နတ်ဆိုး ပညာရပ်ကြောင့် ဖြစ်နေသည်လား။
လူတစ်ယောက်၏ ကျင့်ကြံမှုသည် သူတို့၏ စရိုက်၊ အရှိန်အဝါနှင့် ပင်ကိုစရိုက်ကိုပင် ထင်ဟပ်စေပေသည်။
နောက်ဆုံးတွင် သူသည် ဓားအသိများကို သိမ်းဆည်းကာ သက်ပြင်းချသည်။ အဆုံးမှာတော့ သူသည် ယူချင်းကို မတိုက်ခိုက်ရဲခဲ့ပေ။ သူသည် တိဟောက်ဆီသို့ သွားကာ ပျော့ခွေနေသော ခန္ဓာအား ကောက်ယူလိုက်ပြီး သွေးနဂါးမြစ် တိုက်ပွဲကွင်းပြင်မှ ထွက်ခွာ သွားတော့သည်။ ပြန်ဆုတ်ခွာသွားသည့် သူ၏ ပုံရိပ်ကို မြင်ရသည်မှာ အထီးကျန်ဆန်၍ စိတ်ဓာတ် ကျနေလေသည်။
တစ်လောကလုံးတွင် သူ့ထက်ပို၍ ပါရမီ အရည်အချင်း ရှိသော လူများ များပြားပေသည်။
တိုက်ပွဲကွင်းပြင်တွင်တော့ ကျားလို့ဖုန်း၏ အမွေးအတောင်များမှာ ဆွဲနုတ်ခြင်းခံခဲ့ရပြီး ခွန်ရွှမ်သည် နတ်ဘုရားပြစ်ဒဏ်ကို တောင့်ခံနိုင်ရန် တိုက်ပွဲကို စွန့်လွှတ်ခဲ့ကာ ခွန်ကျန်းအနေနှင့်လည်း ခွန်ရွှမ်က ဆုတ်ခွာခဲ့ပြီ ဖြစ်သောကြောင့် သူ့သည်လည်း တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
ရှန်းနန်သည် များပြားလှသော ဒဏ်ရာများ ရရှိခဲ့သည်။
ရီဝူချင်းသည်လည်း မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ကို ခံယူ ကျော်ဖြတ်နိုင်ရန် ကြိုးစားနေပြီး ဟောင်ကျူဂီနှင့် ကျန်ကျောင်းသည် သူ့ကို ကာကွယ်နေကြသည်။
နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များသည် ကောင်းကင်တစ်ခွင်တွင် လှည့်ပတ်နေပြီး နက်ရှိုင်းသည့် အော်မြည်သံများ ထုတ်လွှတ်နေကာ တစ်ခါတစ်ရံ၌ သန့်စင်ခြင်းအလင်းများ ပစ်ချပေသည်။
တိုက်ပွဲကွင်းပြင်မှ အခြေအနေသည် သိသာ ထင်ရှားလှသည်။
ယူချင်းနှင့် ရှင်းချိုး ကြားမှ တိုက်ခိုက်မှုသည်သာ ဒေသနန်းတော်ကို မည်သူ ဝင်ခွင့်ရမည် ဟူသော နောက်ဆုံး အဆုံးအဖြတ် ဖြစ်ပေလိမ့်မည်။
ယူချင်းနှင့် ရှင်းချိုးသည် မျက်နှာချင်းဆိုင် ရပ်နေကြပြီး တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြသည်။ ကြောက်မက်ဖွယ် ချီမုန်တိုင်းသည် နှစ်ယောက်လုံးထံမှ ထွက်ပေါ်လာသည်။
သွေးနဂါးမြစ်ဘေးတွင် ဒေသနန်းတော်မှ တန်ခိုးရှင်အဖွဲ့သည်လည်း လေထဲတွင် ရပ်ကာ တိုက်ပွဲကို ကြည့်ရှုနေကြသည်။
“ရှင်းခိုင် .. မင်းရဲ့အစွမ်းက ပြိုင်ဘက်ကင်းပဲ။ ဒေသနန်းတော်မှာတောင် မင်းကို ဘယ်သူမှ မယှဉ်နိုင်ဘူးမလား။ ဒါပေမဲ့ ဒီနတ်ဆိုးကျင့်ကြံသူက မင်းနဲ့ တူသလိုပဲ။ သူ့မှာလည်း ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းရည်ရှိတယ်။ မင်း ညီလေး သူ့ကို ယှဉ်နိုင်ပါ့မလား” တစ်ယောက်က ရှင်းခိုင်ကို မေးသည်။
ဒေသနန်းတော်မှ လူတိုင်းသည် ရှင်းခိုင်နှင့် မျိုးဆက်တူများပင် ဖြစ်ကာ သူ၏ ခွန်အားသန်မာမှုကို သိရှိကြသည်။ သူသည် စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြရလျှင် သူသည် အပြတ်အသတ် သာလွန်ပေသည်။
“တိုက်ခိုက်ပြီးရင် ကျုပ်တို့ သိလိမ့်မယ်” ရှင်းခိုင်သည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး ပြောသည်။ သူ၏ မျက်လုံးများထဲတွင် စိတ်ပူပင်မှု တစိုးတစဉ်းမျှ မရှိပေ။
သူ့နောက်မှ လူသည် ပြုံးကာ ပြောသည်… “အဲဒါက ခင်ဗျားတောင်မှ ရှင်းချိုးကို ယုံကြည်မှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်လား”
“ကျုပ်က မသေချာတဲ့ ကိစ္စတွေပေါ်မှာ ထင်ကြေး မပေးချင်ဘူး” ရှင်းခိုင်က ပြန်ဖြေသည်။
ဒေသနန်းတော်မှ တန်ခိုးရှင်များ အနေနှင့် ဤပြိုင်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုကြ ရခြင်းအားဖြင့် ယူချင်း အမှန်တကယ်တွင် မည်မျှ သန်မာသည်ကို နားလည်ရန် လုံလောက်ပေသည်။
ရှင်းချိုး အနိုင်ရလိမ့်မည်ဟု မည်သူက ကျိန်းသေပြောဝံ့မည်နည်း။
ရှင်းခိုင်ပင်လျှင် ထိုသို့ မပြောရဲပေ။
ဘုန်း… ဘုန်း… ဘုန်း…
ကျယ်လောင်သည့် ဆူညံသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ သူတို့နှစ်ဦး စတင် မတိုက်ခိုက်ရသေးသော်လည်း ထိုကျယ်လောင်သည့် အသံများမှာ ရှင်းချိုးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထွန်းလင်း တောက်ပနေသည့် ရောင်စဉ်ရောင်ဝါများက သူ့ကို ဝန်းရံထားပြီး ယင်းတို့သည် ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသည်။ ထိုအခိုက်တွင် သူသည် ကောင်းကင်ကို ကိုယ်စားပြုနေသည်ဟု ထင်မှတ်ရသည်။
ရှင်းချိုးသည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး တန်ခိုးကြီးသည့် စစ်နတ်ဘုရား၏ ကိုယ်ခန္ဓာက သူ့အနောက်တွင် ပေါ်ထွက်လာသည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် ပို၍ ကြီးမားလာသည်။ မဟာလမ်းစဉ်၏ ရောင်စဉ်ရောင်ဝါများက အော်မြည်ကာ လေထုကို ဖြတ်သန်း ထိုးဖောက်သွားသည်။ သူ၏ ကိုယ်ခန္ဓာသည် စစ်နတ်ဘုရားနှင့် ရောယှက်သွားသည်။ သူကိုယ်တိုင်သည် စစ်နတ်ဘုရား ဖြစ်လာသကဲ့သို့ ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ ရောင်ဝါများသည် ကောင်းကင်၊ မြေကြီးနှင့်အတူ တစ်သားတည်း ဖြစ်သွားကာ သူ့အနီးတွင် တောက်ပသည့် ရွှေရောင် ရောင်ဝါ သင်္ကေတများ ပြုလုပ်နေသည်။ ယင်းသည် ကောင်းကင်နှင့် သူ့ကို ဖုံးလွှမ်းကာ သူ့ခန္ဓာနှင့် ပေါင်းစည်းသွားသည်။
အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းသည် ဤနောက်ဆုံး ထပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပွဲကို ကြည့်ရှုနေကြသည်။ ရှင်းချိုးသည် အစပိုင်းမှာပင် သူ့ကိုယ်သူ သက်စောင့်ဝိညာဉ်နှင့် ပေါင်စည်းစေခဲ့သည်။ ယူချင်းသည် သူ့ကို ဘယ်လောက် ခြိမ်းခြောက်နိုင်သလဲ သိနေ၍ ပေါ့ပေါ့တန်တန် သဘောထား မပြုမူရဲပေ။
အခုချက်ချင်းပင် သွေးနဂါးမြစ်ပေါ်၌ ဖြစ်ပွားသည့် စစ်နတ်ဘုရားနှင့် နတ်ဆိုးတစ်ကောင်၏ တိုက်ပွဲကို ကြည့်ရှုနေရသကဲ့သို့ ဖြစ်သည်။
ဘန်း…
ကျယ်လောင်သည့် အသံနှင့် စစ်နတ်ဘုရားသည် ရှေ့သို့ ခြေလှမ်းခဲ့သည်။
နောက်တစ်ခဏ၌ တူညီသော စွမ်းအားကြီး အသံတစ်ခု ထွက်ပေါ်လာပြီး ယူချင်းသည် ရှေ့သို့ တရကြမ်း ဝင်လာ၏။
နှစ်ယောက်လုံးသည် ရှေ့သို့ ချီတက်လာကြသည်။
ယင်းသည် သွေးနဂါးမြစ်ထက်မှ တိုက်ပွဲကွင်းပြင်ကို တုန်ခါနေစေပြီး ပြိုကျတော့မလိုပင် ထင်မှတ်ရသည်။
ခဏချင်းပင် ရှေးဟောင်း နတ်ဘုရားအသွင်နှင့် နှစ်ယောက်လုံးသည် အတူတကွ ရှေ့သို့ တိုးလာနေသည်။ ရှင်းချိုးသည် သူ့လက်ကို မြှောက်ကာ လက်သီးတစ်ချက် ဆန့်ထုတ်လိုက်ပြီး တိုက်ပွဲတစ်ခုလုံးကို သုတ်သင်ဖယ်ရှားလိုသည့် ရည်ရွယ်ချက်များ ပေါက်ကွဲထွက်လာသည်။ သူ၏ လက်သီးသည် ကောင်းကင်မြေကြီးတို့နှင့် တစ်သားတည်း ကျနေသည်။ ပြင်းထန်ကြမ်းတမ်းသည့် မုန်တိုင်းတစ်ခုသည် ယူချင်းထံသို့ ဦးတည် ရိုက်ခတ်လာသည်။ ကြည့်ရသည်မှာ ထိုလက်သီးချက်တွင် လောကကြီးမှ စွမ်းအား အားလုံး ပါဝင်နေပုံပေါ်ပေသည်။
တောက်ပနေသည့် ရွှေရောင် သင်္ကေတများကို ဖြတ်ကာ ထောင်ပေါင်းများစွာသော လက်သီးစွမ်းအား အရှိန်အဝါများ ထွက်ပေါ်လာသည်။ စွမ်းအားများသည် လေထုကိုပင် ဖျက်ဆီးကာ ယူချင်းထံသို့ တိုးဝင်သွားသည်။
နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာ၏။ ယူချင်းသည် တွေဝေခြင်းမရှိ သူ၏ လက်ကို မြှောက်လိုက်ပြီး လက်သီးတစ်ချက် ပစ်လွှတ်သည်။ ဟွမ်ထန်းလက်သီးအားသည် လေထုကို ထိုးခွဲသွား၏။ မရေတွက်နိုင်သည့် လက်သီး အရှိန်အဝါများသည် အော်မြည်လျက် ရွှေရောင်လက်သီးနှင့် အနက်ရောင်လက်သီးတို့မှာ တိုက်မိသွားကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံး ကွဲထွက်သွားတော့မတတ် အပြင်းအထန် တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် နှစ်ယောက်လုံး၏ လက်သီးများသည် တစ်ခုကို တစ်ခု အက်ကြောင်း ထင်သွားစေသည်။
တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လေပွေမုန်တိုင်းများ မွှေ့သွားသကဲ့သို့ပင် ဖြစ်၏။
ဒေါင် …
ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ အသံတစ်ခုထွက်ပေါ်လာသည်။ တိုးညင်းသည့် အသံတစ်ခုသည် ရှင်းချိုးအနီးမှ ရွှေရောင် ရောင်ဝါ သင်္ကေတများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် ယူချင်း၏ လက်သီးအားမှ ခုခံလိုက်ပုံပေါ်သည်။ ယူချင်း၏ လက်မောင်းသည် အနည်းငယ် တုန်ယင်နေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် သူ့ကို လှုပ်ခါနိုင်သည့် စွမ်းအားပိုင်ရှင်နှင့် တွေ့ဆုံရခြင်း ဖြစ်သည်။
တွေဝေခြင်းမရှိဘဲ နှစ်ယောက်လုံးသည် တစ်ဖန်ထပ်ကာ ရင်ဆိုင် ထိုးလိုက်ကြပြန်သည်။ သူတို့ လက်သီးချင်း ထိပ်တိုက်တွေ့သွားကာ လူတိုင်းသည် ကျယ်လောင်သည့် ဆူညံသံကြီးကြောင့် သူတို့၏ နားများ ကွဲသွားတော့မလို ခံစားလိုက်ရသည်။
နောက် သူတို့ သုံးကြိမ်မြောက် ယှဉ်ထိုးခဲ့သည်။ ထို့နောက် လေးကြိမ်....
သူတို့ ထိပ်တိုက်တွေ့ဆုံတိုင်းမှာ ကမ္ဘာမြေကြီးက တုန်ခါနေပြီး လူတိုင်း၏ နှလုံးသားများသည်လည်း လိုက်၍ တုန်ရီနေသည်။
အဆုံးမဲ့ လက်သီးစွမ်းအားများက ရှင်းချိုးဆီသို့ တိုးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အပေါက်ဖောက်လိုက်သလို ထင်မှတ်ရသည်။ သူ၏ ရောင်ဝါများက ကောင်းကင်သို့ ထိုးတက်သွားကာ ထွန်းလင်းတောက်ပသည့် ရောင်ဝါများက ထိုနေရာတွင် သင်္ကေတသဏ္ဌာန် ဖြစ်ပေါ်လာပြီးနောက် မြေပေါ်သို့ ပြန်လည် ကျဆင်းလာသည်။
သူတို့နှစ်ယောက်လုံးသည် ရူးသွပ်နေသကဲ့သို့ ဖြစ်၏။ ဘာစွမ်းရည် နည်းစနစ်မှ မပါဘဲ အကြိမ်တိုင်းတွင် လက်သီးချင်းသာ ယှဉ်ထိုးနေကြလေသည်။
ဟွမ်ထန်းလက်သီးအားမှာ သန်မာသထက် သန်မာလာသည်။ ရှင်းချိုးက သူ၏ စွမ်းအား အားလုံးကို အပြည့်အဝ တောင့်ခံနိုင်လိမ့်မည် မဟုတ်သည်ကို ယူချင်း သိသည်။ မျက်စိကျိန်းလောက်စရာ ရန်ဟောင်အလင်းများသည် သူ့ထံမှ ထွက်ပေါ်လာပြီး သူသည် ဒဏ်ရာများစွာနှင့် ဖြစ်နေကာ အချိန်မရွေး လဲကျသွားတော့မလိုပင် ဖြစ်သည်။
သို့သော်လည်း သူသည် မရပ်တန့်ခဲ့ပေ။ တောက်ပသည့် အလင်းများသည် သူ့ထံမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖြတ်ကာ ပြန့်ကျဲသွားသည်။ ရွှေရောင် ရောင်ဝါ သင်္ကေတများသည် ကောင်းကင်တွင် ကြီးမားသထက် ကြီးမားလာသည်။
ဒိန်း …
ကျယ်လောင်သည့် အသံနှင့် နောက်ထပ် လက်သီးတစ်ချက် ထွက်ပေါ်လာသည်။ ရှင်းချိုးသည် လေထဲသို့ ပျံတက်သွားပြီး လက်ကို အောက်သို့ ချလိုက်ကာ ကောင်းကင်ထက်တွင် ခန့်ညားစွာ ရပ်နေသည်။ သူထံမှ ထုတ်လွှတ်နေသည့် အဆုံးမဲ့အလင်းများမှာ မှိန်ဖျော့လာပြီး ရောင်ဝါသင်္ကေတများကို ထိုးဖောက်ဖြတ်သန်းကာ ကောင်းကင်သို့ ဆက်လက် တက်ရောက်သွားသည်။
ဘုန်း…
မိုးကြိုးမုန်တိုင်းကဲ့သို့ အသံသဲ့သဲ့ကြားရပြီး အဆုံးတွင် အလင်းရောင် ထုတ်လွှတ်လာသည်။ ထိုသည်မှာ နတ်ဘုရားပြစ်ဒဏ် အလင်းပင် ဖြစ်၏။
ရှင်းချိုး မော့ကြည့်သည်။ နောက်ဆုံးတော့ လာခဲ့ပြီ။
သူသည် နောက်တစ်ဆင့်ကို ချိုးဖက်ဝင်ရောင်နိုင်မည့် အခွင့်အရေးကို အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသည်။
လောကကြီးမှာ ဘယ်သူက သူ့ကို ရပ်တန့်နိုင်မှာလဲ။
ယူချင်းပင် လုပ်နိုင်မည် မဟုတ်ပေ။
“ပြီးဆုံးသွားပြီ” သွေးနဂါးမြစ်အထက် ကောင်းကင်တွင် ရပ်နေသည့် ရှင်းခိုင်က ပြောသည်။ သူ့မျက်လုံးများထဲတွင် အံ့သြမှုအရိပ်တို့ သမ်းသွားသော်လည်း သူ့အမူအရာက ကျေနပ်မှုတို့ဖြင့် ပြည့်နေသည်။
သူသည် ရှင်းချိုး၏ စွမ်းဆောင်ရည်အား အလွန် ကျေနပ်မိသည်။ သူ့ညီသည် သူ့ကဲ့သို့ပင် လျှောက်မည့်လမ်းအတွက် မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်နှင့် မတုန်လှုပ်သည့် စိတ်အခြေအနေရှိသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှေ့ဆက်လျှောက်ရန်သာ ဖြစ်၏။ သူတို့ တာဝန်ယူ လုပ်ဆောင်ရမည်မှာ ထိုတစ်ခုသာ ရှိသည်။
မည်သူကမှ သူတို့၏ လမ်းကြောင်းကို မပိတ်ပင်နိုင်ပေ။
ယူချင်းပင်လျှင် မဖြစ်နိုင်ပေ။
ရှင်းချိုးသာလျှင် ဒေသနန်းတော်ကို ဝင်ရောက်ပြီး သူနှင့်အတူ ကျင့်ကြံရလိမ့်မည်။
“ဒါက သုံးယောက်မြောက်ပဲ”
သွေးနဂါးမြစ်ကမ်းပါးတွင် စောင့်ကြည့်နေသူ လူတိုင်းသည် သူတို့၏ နှလုံးသားများ တုန်ယင်နေသည်ကို ခံစားမိသည်။ ဤသည်မှာ သွေးနဂါးမြစ် တိုက်ပွဲကျင်းပနေစဉ် အတွင်း၌ မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ကို ဆွဲဆောင်နိုင်သူတွင် သုံးယောက်ဖြစ်သည်။
အမှန်တကယ့်ကို ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ပွဲပင် ဖြစ်သည်။
ရှင်းချိုးသာ ရှန့်ထိုဖြစ်လာလျှင် သူ့ကို မည်သူက ထိရဲတော့မည်နည်း။
ရီဝူချင်းက ရှန့်ထိုဖြစ်လာခြင်း သည်ပင်လျှင် အရေးကြီး ပြဿနာ မဟုတ်ပေ။
မရေတွက်နိုင်သည့် လူများသည် ကောင်းကင်သို့ မော့ကြည့်နေကြသည်။ စွမ်းအားကြီး ပုံရိပ်တစ်ခုသည် ထိုနေရာတွင် စစ်နတ်ဘုရားကဲ့သို့ ရပ်နေပြီး မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရန် ပြင်ဆင်နေသည်။
ရှင်းချိုးသည် ရှန့်ထို ဖြစ်လာပေတော့မည်။
မည်သူမှ သူ့ကို မရပ်တန့်နိုင်ပေ။
တိုက်ပွဲကွင်းပြင်ထက်တွင် ယူချင်းသည် ရှင်းချိုးကို မော့ကြည့်နေသည်။ သူ့လက်ထဲတွင် ရှန့်ထိုအဆင့်သို့ တက်ရောက်သွားခဲ့ကြရာ ဤသည်မှာ ဒုတိယမြောက် ဖြစ်သည်လား။
ပထမ ခွန်ရွှမ်၊ ယခု ရှင်းချိုး။
“ရှန့်ထို … ”
ယူချင်း မော့ကြည့်လိုက်ပြီးနောက် သူမျက်ဝန်းနက်များတွင် အေးစက်မှုများဖြင့် ပြည့်နှက်လာနေ၏။ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး မဟူရာနတ်ဆိုး အလင်းများသည် ကောင်းကင်သို့ ကြမ်းတမ်းစွာ ထိုးတက်သွားသည်။ သူသည် အတွေးများကို လွှတ်ပေးလိုက်ပြီး သူ့နှလုံးသားမှာလည် လွတ်လပ်နေကာ သူ့အသိစိတ်အစဉ်နှင့်အတူ ကောင်းကင်သို့ ရောက်သွားစေကာ ရှိသမျှ စွမ်းအား အားလုံးကို အသုံးပြုရန် ကြိုးစားသည်။
သို့သော်လည်း မကြာခင်တွင် သူ တားဆီးနှောင့်ယှက် ခံလိုက်ရ၏။
သူသည် ဤနေရာတွင် သူ့ကိုယ်သူ မဟာလမ်းစဉ်နှင့် မပေါင်းစပ်နိုင်ပေ။ သူသည် အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်။ နတ်ဆိုးအရိပ်သည် အားလုံးကို လွှမ်းခြုံပြီး နေရာတစ်ခုလုံးကို ဖိနှိပ်ထားကာ သူ့စွမ်းအားများကို သူ့စိတ်တိုင်းကျ မထိန်းချုပ်နိုင်စေရန် ပြုလုပ်နေသည်။ ဤနေရာတွင် စွမ်းအားများသည် များပြားလှပြီး ကောင်းကင်သို့တိုင် စီးဆင်းနေသော်လည်း သူသည် အပြည့်အဝ အသုံးမချနိုင်သေးပေ။
သူသည် အလွန်သန်မာသော်လည်း ရှန့်ထိုတစ်ပါး ဖြစ်လာရန် သူ၏ စိတ်အခြေအနေသည် မှန်ကန်သည့် အနေအထားသို့ မရောက်ရှိသေးပေ။
အခြားသူများ နတ်ဘုရားပြစ်ဒဏ်ကို တွေ့ကြုံရသကဲ့သို့ သူ့အနီးမှ နတ်ဆိုးအရိပ်ကြီးသည် လောကကို ဖိနှိပ်ထားပြီး ယူချင်းသည် သူ၏ နတ်ဆိုးလေစီးကြောင်းများကို ထုတ်လွှတ်သည်။ ယင်းသည် အဆုံးမဲ့ အော်မြည်သံများ ထွက်ပေါ်လာ၏။
သူက ရှန့်ထိုတစ်ပါး မဖြစ်နိုင်သေးသည်လား။
သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထူးခြားသည့် အကြည့်များက သူ့မျက်လုံးများတွင် ပြည့်နှက်နေ၏။
ဒိန်း …
ကျယ်လောင်လှသည့် အသံကြီးသည် ကောင်းကင်ကို ရိုက်ခတ်သွားသည်။ များပြားလှသည့် လူများသည် သူတို့၏ နားစည်များပင် ကွဲသွားတော့မလို ခံစားလိုက်ရသည်။ နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးက မရပ်တန့်နိုင်သည့် ကြီးမားသည့် နတ်ဆိုးပုံရိပ်ကြီး လမ်းလျှောက် လာသကဲ့သို့ ထင်မှတ်ရသည်။
သို့သော်လည်း ထိုမမြင်ရသည့် စွမ်းအားများက ကောင်းကင်ဘုံစည်းမျဉ်း စွမ်းအားများဖြစ်ကာ မကျိုးပြတ်နိုင်ပေ။ နတ်ဆိုးစွမ်းအားများမှာ နေရာတစ်ခုလုံးကို ဖိနှိပ်ထားပြီး သူ့ကို မဟာလမ်းစဉ်သို့ လျှောက်လှမ်းခြင်းအား ပိတ်ပင်ထားပေသည်။
ဘုန်း..
“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” များလှသော လူများသည် တုန်လှုပ်စွာဖြင့် ယူချင်းကို ကြည့်နေကြသည်။ နတ်ဆိုးစွမ်းအားများ လှည့်ပတ်နေသည့် သူသည် အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ တက်ကာ တိမ်တိုက်များကို ထိုးဖောက် ဖြတ်သန်းရန် ကြိုးစားသည်။
ကြည့်ရသည်မှာ သူသည် ကောင်းကင်ကိုပင် တိုက်ခိုက်လိုဟန် ရနေသည်။
ပိုမိုစွမ်းအားပြည့်ဝသော နတ်ဆိုးစွမ်းအင်များ သူ့ကို လှည့်ပတ်လာပြီး သူ၏ လက်များမှာ တုန်ယင်လာသည်။
ကြီးမားကြမ်းတမ်းသည့် နတ်ဆိုး စွမ်းအင်လှိုင်းများသည် နောက်ထပ်တစ်ခါ အော်မြည်လျက် ကောင်းကင်ကို ဖြတ်သန်းခဲ့ပြီး လေထုကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
သူ ရူးနေသည်များလား။
လူတိုင်းသည် ယူချင်းကို ကြည့်နေကြ၏။
သူက ရူးနေခြင်း မဟုတ်သော်လည်း သူ၏ မျက်လုံးများသည် နတ်ဆိုးအလင်းများဖြင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် နက်မှောင်နေသည်။ ယင်းတို့သည် နတ်ဆိုးမျက်လုံးများကဲ့သို့ ဖြစ်ကာ ၎င်းတို့သည် ကောင်းကင်ကို ထိုးဖောက်ဖြတ်သန်းလိုနေကြသည်။
သူသည် ရှန့်ထို ဖြစ်လိုနေသည်။ အကယ်၍ တာအိုက သူ့ကို ဟန့်တားလိုသည် ဖြစ်စေ ကောင်းကင်က သူ့ကို ဟန့်တားလိုသည် ဖြစ်စေ သူသည် အားလုံးကို ချိုးဖျက်ပစ်မည်။
နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများသည် ကောင်းကင်ကို ဆန့်ကျင်နိုင်စွမ်း ရှိလေသည်။
သူသည် သူ၏ လက်များကို ဖွင့်လိုက်ပြီး နောက်ထပ် ဟိန်းဟောက်လိုက်ကာ ကောင်းကင်အမြင့်သို့ တိုက်ခိုက်သည်။ မြင့်မားပြီး စွမ်းအားကြီးသည့် နတ်ဆိုးပုံရိပ်ကြီးမှာ သူအနီးမှ ပါးလွှာသော လေထုတွင် ရပ်ကာ ကြီးမားသထက် ကြီးမားလာသည်။ ယင်းသည် မိစ္ဆာနတ်ဘုရား နိုးထလာခြင်းပင် ဖြစ်၏။
ဘုန်း…
ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာပြီး သူ့ကို ဆုပ်ကိုင်ထားသော မမြင်ရသည့် မှော်စွမ်းအားများသည် ပြင်းထန်စွာ ပျက်စီးသွားသည်။ ထိုအခိုက်တွင် ကောင်းကင်ကို နတ်ဆိုးမှ အုပ်စိုးလေသည်။
ယူချင်း၏ အသိက လောကတခွင်ကို ပျံ့နှံ့ကျယ်ပြန့်လာသည်။ မဟာလမ်းစဉ်သည်ပင် သူ့ကို မရပ်တန့်နိုင်ပေ။
ကောင်းကင်ထက်တွင် တိမ်တိုက်များက အော်မြည်နေပြီး နတ်ဘုရားပြစ်ဒဏ် စတင် ရောက်ရှိလာလေသည်။
***