ရုန်းရင်းဆန်ခတ်မှုမှ တတိယအုပ်စု၏ အကျိုးကျေးဇူးများ(၂)
Vol. 39 Ch. 578
ခရိုင်အစိုးရသည် ချိုးတုနှင့် တန်းဟွေ့အား ဈေးကွက် ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်သည်ကို မြင်တွေ့ ရသည့်အတွက် ဝမ်းမြောက်မိသော်လည်း ယခုမူ ခရိုင်အစိုးရ ပါဝင်လာခဲ့ရသည်။ ယခု လုပ်ဆောင်ရမည့် အရေးအကြီးဆုံးကိစ္စမှာ ချိုးတု၏ ဂုဏ်သတင်း ပြန်လည် ရယူရန်ဖြစ်သည်။
ချိုးတု ဂုဏ်သတင်း ပြန်လည်ရယူနိုင်ရန်အတွက် ဝက်ပေါင်ခြောက်ထုတ်လုပ်လုပ်ရန် အသားအပျက်များကို သုံးခဲ့ကြောင်း ဝန်ခံခြင်းမှာ တိုက်ရိုက်အကျဆုံး နည်းလမ်းဖြစ်သည်။ ဤသည်ကို ဂုဏ်သိက္ခာရှိသည့် မီဒီယာမှ တဆင့် ပြုလုပ်ရပေလိမ့်မည်။ အသားပျက် ပါဝင်ပစ္စည်းများ အသုံးပြုခြင်းသည် အနည်းဆုံးမှာ လူသား အကြွင်းအကျန်များ အသုံးပြုခြင်းထက် ပိုကောင်းပေသည်။
တရုတ်နိုင်ငံတွင် ဩဇာအရှိဆုံး မီဒီယာမှာ CCTV ဖြစ်သည်။ ခရိုင်အစိုးရ ခေါင်းဆောင်များသည် ၎င်းတို့အတွက် CCTV အပိုင်းတစ်ပိုင်း ရိုက်ကူးခွင့်ပြုရန်နှင့် ကောလဟလများ ရှင်းလင်းရန်အတွက် ၎င်းတို့၏ အဆက်အသွယ်များ သုံးကြရတော့သည်။
သို့ရာတွင် တိုက်ဆိုင်သည်မှာ ဖုန်းယွီသည် ထိုင်ဟွာဝက်ပေါင်ခြောက် ကြော်ငြာ တစ်ခု ပြောင်းလဲထုတ်လွှင့်ရန် CCTV သို့ ရောက်နေသည့်နေ့နှင့် တိုက်ဆိုင်နေပေသည်။
“ခေါင်းဆောင်ကျား.. ခင်းဗျား ချိုးတု ကုမ္ပဏီ တွေ့ဆုံမေးမြန်းမှုလုပ်ဖို့ ထုတ်လုပ်ရေးအဖွဲ့ လွှတ်မှာလား..”
ဒု-ခေါင်းဆောင်ကျား ခေါင်းညိတ်ပြရင်း..
“မင်းလဲ ကြားထားတယ်လား.. ဒီလိုမျိုး ကောလဟလတွေ မပြန့်ပွားအောင် ကာကွယ်ဖို့အတွက် အထူး ပညာပေးတစ်ခု ရိုက်ကူးမှရမယ်.. ကောလဟလဆိုတာ ပညာရှိတွေအပေါ် မထိရောက်ပေမယ့် အများသူငှာ မြင်နိုင်မှာ မဟုတ်ဘူးလေ.. ဒီလိုမျိုး ကောလဟလတွေ ရှင်းထုတ်ဖို့ဆိုတာ ငါတို့အဖွဲ့ရဲ့ တာဝန်ပဲလေ..”
“ဟုတ်တယ်.. ဒါပေမယ့် ချိုးတု ကုမ္ပဏီက သူတို့ထုတ်ကုန်တွေအတွက် ဝက်သားအပျက်တွေ သုံးလိုက်တာကိုး.. ဒါသူတို့ အပြစ်ခံရတာ.. အရိုးရှင်းဆုံး ပြောရရင် သူတို့ အကုသိုလ် သူတို့ အကျိုးပေးတာ..”
ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို တစ်ချက်ကြည့်ပြီးနောက်..
“မင်းအဖေ ထိုင်ဟွာ စိုက်ပျိုးရေးထုတ်ကုန်တွေကနေ ဝက်ပေါင်ခြောက်တွေ ရောင်းနေလို့ ချိုးတု ကုမ္ပဏီကို ပိတ်ပစ်ဖို့များ မျှော်လင့်နေလား..”
စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးသည် ပြိုင်ဖက်များကို ပိတ်ပစ်ရန် မျှော်လင့်တတ်ကြသဖြင့် ဒု-ခေါင်းဆောင် ကျား ဖုန်းယွီ ထိုသို့ တွေးနေမည်ဟု ခံစားနေရခြင်းဖြစ်သည်။
ဖုန်းယွီ မာနမျက်နှာထားဖြင့်..
“သူတို့တွေ အပိတ်ခံရဖို့ မျှော်လင့်ရမှာလား.. ဒါပေမယ့် ကျုပ်လိုချင်တာက တရားမျှတတဲ့ ပြိုင်ဆိုင်မှုဗျ.. သူတို့ရဲ့ ဈေးကွက်ဝေစု ဖယ်ထုတ်ပြီး ပိတ်မိတဲ့အထိ လုပ်မှာ.. သူတို့တွေ ကိုယ့်ကိုကိုယ် ဖျက်စီးမိအောင် လုပ်တဲ့သူတွေပဲ.. ဒီလိုဖြစ်လာမယ်လို့ ဘယ်သူထင်မျာလဲ.. ကျုပ်အဖေ ကုမ္ပဏီနဲ့ ကျုပ်ကုမ္ပဏီတွေက ဒီကောလဟလ မဖြန့်ဘူး.. ကြိုက်သလို စုံစမ်းလို့ရတယ်.. အဲ့ကောလဟလတွေ ရပ်သွားအောင် အရင်ဆုံးထွက်လာတာ ကျုပ်တို့ပဲ..”
ဖုန်းယွီ သူ့ပြိုင်ဘက်အတွက် ကောလဟလ ရပ်တန့်အောင် ကူညီခဲ့သည်လော။ ဒု-ခေါင်းဆောင်ကျား မယုံကြည်နိုင်ချေ။ သာမန် အခြေအနေအရ သူ့ကုမ္ပဏီများမှ ကောလဟလများ မဖြန့်လျှင်ပင် ဖုန်းယွီကို သူတော်စင် အဖြစ် သတ်မှတ်ရပေလိမ့်မည်။ သို့တိုင်အောင် ဖုန်းယွီက ကောလဟလများ ရပ်တန့်ရန်ပင် ပြုလုပ် ခဲ့သေးသည်လော။
ထိုသို့အရည်အသွေးရှိ လုပ်ငန်းရှင် တစ်ယောက် မှန်တကယ် ရှိခဲ့သည်လော။
သို့ရာတွင် ဖုန်းယွီ ထပ်မံပြောဆိုခဲ့သည့် စကားများမှာမူ ဒု-ခေါင်းဆောင်ကျား၏ စီးပွားရေးသမားများအပေါ် ထားရှိသည့် အမြင်များကို ပြန်လည် အတည်ပြုပေးခဲ့ပြန်သည်။
“ခေါင်းဆောင် ကျား.. သူတို့ ဝက်ပေါင်ခြောက်မှာ ပျက်စီးသွားတဲ့ ဝက်သားတွေ သုံးခဲ့တဲ့အတွက် အစီအစဉ်ကနေ ချိုးတုကို ဝေဖန်သင့်တယ်လို့ ကျုပ်မြင်တယ်.. အဲ့ ကြပ်ကင်တွေက အဆိပ်ရှိတဲ့ ကြပ်ခိုးတွေလေ.. သူတို့ စက်ရုံက ထုတ်လုပ်မှုကို ရပ်သင့်တဲ့အပြင် နောင်အလားတူ အဖြစ်အပျက်တွေ မဖြစ်အောင် ကျန်းမာရေးဌာနက သူတို့ကို ဒဏ်ငွေ ပြင်းပြင်းထန်ထန် ချသင့်တယ်..”
ဒု-ခေါင်းဆောင်ကျား စကားမပြောနိုင်တော့ချေ။ ဖုန်းယွီသည် သူ့ပြိုင်ဖက်များအပေါ် ကြင်နာနေလိမ့်မည် မဟုတ် ကြောင်း သိထားပေသည်။
ဖုန်းယွီ ပြောစကားမှာလည်း မမှားချေ။ ချိုးတုသည် ပျက်စီးသည့် ပါဝင်ပစ္စည်းများကို သုံးထားပြီး ထိုဝက်ပေါင်ခြောက်များကို စားသုံးရန် ဘေးကင်းမကင်း မသေချာချေ။ ဓာတုဗေဒ စစ်ဆေးစမ်းသပ်မှု အဖြေ စောင့်ရပေအုံးမည်။
အကယ်၍ အသားပျက် ဝက်သားမှ ထုတ်လုပ်ထားသော ထိုဝက်ပေါင်ခြောက်များသည် ဘေးကင်းရန် လိုအပ်ချက်နှင့် မကိုက်ညီကြောင်း စမ်းသပ်မှု ရလဒ်များက သက်သေပြလာပါက ချိုးတု ကုမ္ပဏီအား ဒဏ်ငွေ ပေးဆောင်ခိုင်းရပေလိမ့်မည်။
စက်မှုဌာန၊ ကျန်းမာရေးဌာန စသည်ဖြင့် ကြီးလေးသော ဒဏ်ငွေများ ချမှတ်ပါက ချိုးတု ကုမ္ပဏီ နိဂုံးချုပ်သွား ပေလိမ့်မည်။ အနည်းဆုံး မည်သူမှ သူတို့၏ ဝက်ပေါင်ခြောက်များအပြင် အခြားထုတ်ကုန်ကိုမှ ဝယ်ယူချင်ကြတော့မည် မဟုတ်ချေ။
ယခင်က ဝက်ပေါင်ခြောက်များသည် ဈေးပေါသည့် ထုတ်ကုန်များ မဟုတ်သကဲ့သို့ စားသုံးသူများမှ ထိုဝက်ပေါင်ခြောက်များ စား၍ ကျန်းမာရေး ထိခိုက်နိုင်ပါက ချိုးတု ဝက်ပေါင်ခြောက်ကို မည်သူ ဝယ်ချင်မည်နည်း။ ချိုးတုသည် ဒဏ်ငွေ ပေးဆောင်ရမည့်အပြင် ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားရပေအုံးမည်။ အားလုံးပြီးဆုံးသွားပါက ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် ဈေးကွက်ဝေစုကို သိမ်းပိုက်သွားပေလိမ့်မည်။ ချိုးတုတွင် ဒုတိယံပိ နိုးထခွင့် ရှိလာမည် မဟုတ်တော့ချေ။
“ငါတို့ အဲ့လောက်ထိ လုပ်ဖို့ မသင့်ဘူးထင်တယ်..”
ဒု-ခေါင်းဆောင်ကျား ပြန်လည် ချေပနေသေးသည်။
“ခေါင်းဆောင်ကျား ဒီနှစ် နွေဦးပွဲတော် ပျော်စရာည အတွက် ရန်ပုံငွေ နည်းနည်း ကျပ်နေတယ် ကြားတယ်.. တစ်နိုင်ငံလုံးက အစီအစဉ်ကောင်းတွေ ကြည့်ခွင့်ရဖို့အတွက် ယွမ်(၁)သန်း လှူဖို့ စဉ်းစားထားတယ်..”
“အို့.. မန်နေဂျာဖုန်း.. မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ.. အစားအသောက် ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုတဲ့ ဒီစားသောက်ကုန်၊ ထုတ်ကုန်တွေ အပြစ်ပေးသင့်တယ်လို့တော့ ငါထင်တာပဲ..”
ဒု-ခေါင်းဆောင်ကျား ချက်ချင်း သူ့ရပ်တည်ချက် ဖော်ထုတ်လာခဲ့သည်။ သို့ရာတွင် ဖုန်းယွီ မကျေနပ်သေးချေ။ ယွမ်(၁)သန်းသည် ဒေသတွင်း ရုပ်မြင်သံကြား ဌာနတစ်ခုတွင် တစ်နှစ်တာ ကြော်ငြာကွက် တစ်ခု ဝယ်ရန် လုံလောက်ပေသည်။
“ခေါင်းဆောင်ကျား.. တကယ်ဆို ချိုးတု ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကောလဟလတွေကို ရပ်ဖို့က အဓိက ကဏ္ဍတစ်ခု မဟုတ်ဘူး.. အရေးအကြီးဆုံးက အဲ့ကောလဟလတွေ ဘယ်သူ စဖြန့်တာလဲ ဆိုတာ သိဖို့လိုတယ်..”
ဖုန်းယွီ အရိပ်အမြွက် ပြောပြလိုက်သည်။
“မန်နေဂျာဖုန်း.. မင်းတကယ်ကို အဲ့ကောလဟလတွေ စခဲ့တဲ့သူ မဟုတ်ဘူးလား..”
ဒု-ခေါင်းဆောင်ကျား ထပ်မေးလိုက်မိတော့သည်။
ဖုန်းယွီ ပြောစရာ စွံ့အသွားတော့သည်။ စောစောက ပြောခဲ့သည့် စကားများအား နားမထောင်ခဲ့သည်လော။ မိမိအား အဘယ့်ကြောင့် သံသယ ဝင်နေသနည်း။
မိမိတွင် ပြိုင်ဖက်အား သတ်ချင်ပါက နည်းလမ်းများစွာ ရှိနေပေသည်။ အမိုက်မဲဆုံး နည်းလမ်းမှာ ငွေဖြင့်ပေါက်၍ ပြိုင်ဖက်ကို သတ်နိုင်ပေသေးသည်။ ဤကဲ့သို့ ဘာမဟုတ်သည့် နည်းလမ်းများ သုံးရန် လိုအပ်မည်လော။
“အဲ့လို မဟုတ်ကဟုတ်က နည်းလမ်းတွေ သုံးစရာလား.. ကောလဟလကို ဘယ်သူ စဖြန့်တာလဲဆိုတာ သိဖို့ အလွယ်လေးကို.. ဒါပေမယ့် စုံစမ်းနေတဲ့ တစ်ယောက်တော့ ရပ်သွားခဲ့ရတယ်..”
“ဘယ်သူလဲ…”
ဒု-ခေါင်းဆောင်ကျား မတ်တပ်ထရပ်မိသွားသည်။ ထိုအဖြစ်အပျက်ကို တစ်ယောက်ယောက်က ဖုံးကွယ်ချင်နေသည်လော။ ဤသည်ကို ဖော်ထုတ်ရပေလိမ့်မည်။
ဖုန်းယွီ ရုတ်တရက် ထမေးလိုက်သည်…
“ဒီနေ့ အဲ့အစီအစဉ် ရိုက်ကူးဖို့ ခင်ဗျားဆီ ဘယ်သူလာတာလဲ..”
“ဒု-ခရိုင် အုပ်ချုပ်ရေးမှူး လော လား.. မဖြစ်နိုင်ဘူး.. သူက ငါ့ကျောင်းနေဘက်ဖက်ဆိုတော့ သူ့အကြောင်း ငါကောင်းကောင်းသိတယ်.. ပြီးတော့ ချိုးတုဆိုတာ သူ့ပြည်နယ်ထဲက လုပ်ငန်းလေ.. ဘယ်သူဆိုတာ သိရင် အဲ့လူကို ဖမ်းမှသေချာတယ်.. ဘာလို့ ဖုံးကွယ်ရမှာတုန်း..”
ဒုခေါင်းဆောင်ကျား ခေါင်းယမ်းလိုက်သည်။ ဖုန်းယွီ ပြောဆိုသည်မှာ အဓိပ္ပါယ်မရှိချေ။
“ကောလဟလကို စခဲ့တဲ့သူက သူ့ပြည်နယ် အစိုးရပိုင်လုပ်ငန်းတွေထဲက တစ်ခုဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ..”
ဖုန်းယွီ အပြုံးဖြင့် ပြောလိုက်သည်။
ဤသည်တွင် ဒု-ခေါင်းဆောင်ကျား မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဖုန်းယွီ ပြောစကား အမှန်ဆိုပါက အားလုံးရှင်းသွားပေပြီ။
“ဒီကိစ္စတွေ မင်းဘယ်လိုလုပ် သိလဲ..”
ဒု-ခေါင်းဆောင်ကျား ထပ်မေးပြန်သည်။
“ကျုပ်တို့က ဝက်ပေါင်ခြောက်တွေ လုပ်ရောင်းတယ်.. ဒါပေါ့.. ဈေးကွက်သုတေသနနဲ့ ပြိုင်ဖက်တွေကို စိစစ်သုံးသပ် တာတွေ လုပ်ထားရတာပေါ့.. တရုတ်နိုင်ငံရဲ့ နံပတ်(၁)ဝက်ပေါင်ခြောက် တံဆိပ်ဆိုတာ ချိုးတုလေ.. ဈေးကွက်ဝေစု (၆၀)ရာခိုင်နှုန်းကျော်ပိုင်ထားတယ်.. နံပတ်(၂)အမှတ်တံဆိပ်က သူတို့ပြည်နယ်ထဲက တန်းဟွေ့ဆိုတာ ကုမ္ပဏီ အသစ်တစ်ခုဆိုလဲ ဟုတ်တယ်.. အဲ့ကုမ္ပဏီက ဈေးကွက်ဝေစု (၁၀)ရာခိုင်နှုန်း ပိုင်ထားတဲ့.. ကျန်တဲ့ ရာခိုင်နှုန်းကတော့ တခြားကုမ္ပဏီတွေ ပေါ့ဗျာ..”
“ထိပ်တန်း အမှတ်တံဆိပ် တစ်ခုရယ်လို့ ဖြစ်သွားရင် ဘယ်သူ အကျိုးရှိမလဲ.. သေချာပေါက်ကို ဈေးကွက်ဝေစု အများဆုံး ပိုင်ထားတဲ့ အမှတ်တံဆိပ် ဖြစ်လာမှာလေ.. ပိုပြီး အရေးကြီးတာက ချိုးတုနဲ့ အလုပ်လုပ်တဲ့ ဖြန့်ဖြူးသူတွေက တန်းဟွေ့ ကုမ္ပဏီကို ရုတ်တရက် ပြောင်းသွားကြတယ်.. အဲ့ဒါလဲ လျှို့ဝှက်ချက်ကြီးမှ မဟုတ်တာ.. ဒါတွေအားလုံး တိုက်ဆိုင်မှုလို့ ထင်လား.. ချိုးတုနဲ့ တန်းဟွေ့ ကုမ္ပဏီနှစ်ခုစလုံးကို ခင်ဗျားလူတွေ လွှတ်ပြီး စုံစမ်းခိုင်းလို့ရတယ်.. ချိုးတုက တန်းဟွေ့ကို တရားဝင်တိုင်ထားတာလဲ လျှို့ဝှက်ချက်ကြီးမှ မဟုတ်တာ”
ဒု-ခေါင်းဆောင်ကျား မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ တိုက်ဆိုင်မှုဟု မည်သူယုံမည်နည်း။ သို့ရာတွင် ကုမ္ပဏီ (၂)ခုစလုံးသည် ပြည်နယ်တစ်ခုတည်းမှ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းဖြစ်သည်။ အတူတကွ ပူးပေါင်း လုပ်ဆောင်သင့်ပေသည်။ မည်သို့ ဖြစ်သွားသနည်း။
တန်းဟွေ့ ကုမ္ပဏီသည် ဤအရှုတ်အထွေးများ ဖန်တီးသူအဖြစ် ဖော်ထုတ်လိုက်ပါက တန်းဟွေ့ကုမ္ပဏီသည်လည်း အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဒု-ခေါင်းဆောင်ကျား ရုတ်တရက် သတိရလိုက်မိသည်။ CCTV တွင် ၎င်းတို့ကြော်ငြာများ ထုတ်လွှင့်ပြသမည့် ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် ထိုကုမ္ပဏီ(၂)ခု၏ ဈေးကွက်ဝေစုများ အားလုံးကို သေချာပေါက် သိမ်းပိုက် သွားပေလိမ့်မည်။
ဒု-ခေါင်းဆေင်ကျား ဖုန်းယွီကို ကြည့်လိုက်သည်။ သူ့ပြိုင်ဖက်ကြီး(၂)ယောက်စလုံးအား အနိုင်ယူရန် ယွမ်(၁)သန်း လုံလောက်မည် ထင်နေသည်လော။
“မန်နေဂျာဖုန်း.. ငါတို့ CCTV ကအလုပ်သမားတွေ ဒီနှစ် နွေဦးပွဲတော် ပျော်စရာညအတွက် တော်တော်ကို ကြိုးစားခဲ့ရတယ် ထင်တယ်ကွ.. သူတို့တွေ အချိန်ပိုတောင် ဆင်းနေရတာ.. ငါတို့ ရုပ်မြင်သံကြား ဌာနကနေ သူတို့ကို အချိန်ပိုကြေးလဲ ပေးဖို့ မတတ်နိုင်ဘူးဖြစ်နေတယ်.. မင်း ဘယ်လိုထင်လဲ..”
ဖုန်းယွီ ချက်ချင်းပင်..
“သူတို့တွေ လုပ်အားခ မရဘဲ ဘယ်လိုလုပ် အချိန်ပိုဆင်းနိုင်မပါ့မတုန်း.. နောက်ထပ် ယွမ်(၅)သိန်း လှူမယ်လေ.. အဲ့အလုပ်သမားတွေကို ထောက်ပံ့ဖို့ လုံလောက်မှာပါ.. CCTV3 မှာလဲ မရောင်းရသေးတဲ့ ကြော်ငြာကွက်တွေ ကျန်သေးတယ်.. ထိုင်ဟွာဝက်ပေါင်ခြောက်အတွက် ကြော်ငြာ တစ်ကွက် ရောင်ပေးနိုင်သေးလား..”
“ပြဿနာမရှိဘူး.. အားပေးရမှာပေါ့.. ဒါဆို ပြေလည်သွားပြီပေါ့.. မန်နေဂျာဖုန်း.. ငါ့ဆီက သတင်းကောင်း စောင့်လေိုက်..”
-------*****--------
ဘာသာပြန်သူ . (NTP)