ကုန်တိုက်တွေ ကြားဖူးလား
Vol. 39 Ch. 582
ဖုန်းယွီသည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် နှစ်ပတ်ကြာ လှည့်ပတ်သွားလာနေလိုက်သည်။ ဤအရာမှာ ဖူကွမ်းကျန့် မည်သည်များ လုပ်ကိုင်ထားသည်ကို သိရှိစေခဲ့ပေသည်။
ဖုန်းယွီသည် သီးသန့်ကုမ္ပဏီတစ်ခု တည်ထောင်၍ ထိုကုမ္ပဏီများ၏ ရှယ်ယာများအားလုံးကို စီမံခန့်ခွဲရန် စုစည်းရ ပေလိမ့်မည်။ သူ့ရုံးချုပ်တွင်ထိုင်၍ မိမိလူများ သတင်းပို့မှုကို စောင့်နေယုံပင်။ အသေးစိတ် အချက်အလက်များ လွဲချော်မည်ကို အနည်းငယ်မှ စိတ်ပူစရာမလိုတော့ချေ။
နောက်ဆုံး၌ ဖုန်းယွီသည် သူ့ကုမ္ပဏီများနှင့် ဌာနခွဲ စက်ရုံများအားလုံးကို စစ်ဆေးပြီးနောက် ပမ့်မြို့တော်သို့ ပြန်လာခဲ့သည်။ ပမ့်မြို့တော်တွင် ထိုင်ဟွာကုန်တိုက် အခြေချရန် လိုအပ်နေသေးသည်။
ဖူကွမ်းကျန့်နှင့် ကျန်သူများသည် ကုန်တိုက်အတွက် သင့်လျော်သော နေရာများ ရှာဖွေရန် ပြည်နယ်နှင့် မြို့ကြီးများသို့ သွားရောက်ခဲ့ကြသည်။ သူတို့သွားလေရာ ဒေသန္တရ အစိုးရ အရာရှိများ လိုက်ပါသွားကြသည်။ ဖုန်းယွီအတွက်မူ ပမ့်မြို့တော်ဝန်ရုံးသို့ တန်းတန်းမတ်မတ် သွားတော့သည်။
လက်ဖက်ရည် သောက်ပြီးနောက် ဖုန်းယွီက..
“အဘိုးကြီးကျန်း လက်ဖက်ရည်က အကောင်းဆုံး ဖြစ်နေတုန်းပဲကိုး…”
“မင်း ဒီကို လက်ဖက်ရည် သောက်ယုံသက်သက်ပဲလား.. ဘာလိုချင်လို့လဲ.. နှစ်ကုန်လို့ အလုပ်တွေ ရှုတ်နေတာနော်..”
မြို့တော်ဝန် ကျန်းလွေ့ချမ်း ယခုနှစ်ကုန်တွင် အလုပ်ရှုတ်နေပေသည်။ အလုပ်များအားလုံး ပြန်လည်သုံးသပ်ရန် လိုအပ်ရုံသာမက လူမှုအသိုင်းအဝိုင်း ပွဲများတွင်လည်း ပါဝင်ရပေအုံးမည်။ ယနေ့ မွန်းတည့်ချိန်တွင်ပင် ပွဲ(၃)ပွဲ တက်ရန် ရှိနေသေးသည်။
“ကျုပ်က ဧည့်သည်ပါဗျာ.. ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံတယ်ပေါ့..”
ဖုန်းယွီ ငြီးတွားလိုက်သည်။
ကျန်းလွေ့ချန်း ပြောစရာမဲ့သွားတော့သည်။ သူ့ကိုသူ ဧည့်သည်ဟု ခေါ်ဝံ့သည်လော။ အခြားတစ်ယောက်၏ ရုံးခန်းသို့ လာလည်ကာ လက်ဖက်ရည်ထိုင်သောက်သည့် ဧည့်သည်မျိုး မည်သည့်နေရာတွင် တွေ့နိုင်မည်နည်း။ တံခါးပင် ခေါက်ဝင်လာခြင်းမဟုတ်ဘဲ မိမိအိမ်ကဲ့သို့ သဘောထားနေပေသည်။
“မင်း ပြောစရာမရှိရင် ဒီမှာ လက်ဖက်ရည်သောက်နေလိုက်.. ငါအလုပ်ရှိသေးတယ်..”
ကျန်းလွေ့ချန်း ထထွက်ရန် လုပ်တော့သည်။
“ကောင်းပြီလေ.. မင်းကို ငါကြောက်ပါတယ်ကွာ.. အစ်ကိုလျို ကျုပ်ကို ရေနွေးနည်းနည်း ယူပေးပါအုံး.. ဒီနေ့ သတင်းကောင်းလေး ပေးချင်လို့ ရောက်လာတာ..”
ကျန်းလွေ့ချန်း၏ အတွင်းရေးမှူးကို အမိန့်ပေးရင်း ဖုန်းယွီပြောလိုက်သည်။
“ဘာသတင်းကောင်းလဲ.. ဘာသတင်းကောင်းလဲ..”
“ပမ့်မြို့တော်မှာ အထူးကုန်တိုက်ကြီး တစ်ခု ထူထောင်မယ်.. အခြေအနေကောင်းရင် (၂)ခု ဒါမှမဟုတ် (၃)ခုလောက် တည်ဆောက်ဖို့ ပြဿနာမရှိလောက်ဘူးရယ်..”
“အထူးကုန်တိုက်ကြီး.. ဘာကြီးလဲ..”
ကျန်းလွေ့ချန်းသည် ဈေးကွက်ကို နားလည်ပေသည်။ ကုန်တိုက် သို့တည်းမဟုတ် ပစ္စည်းရောင်းချသည့် နေရာ ဖြစ်လောက်ပေမည်။ သို့ရာတွင် အထူးကုန်တိုက်ဆိုသည်မှာ အဘယ်နည်း။ ကုန်တိုက်ထက် ပိုကြီးသည့် နေရာသည်လော။
ပမ့်မြို့တော်တွင် ကုန်တိုက်အနည်းငယ်ရှိခဲ့ပေသည်။ အချို့မှာ အစိုးရပိုင်ဖြစ်ပြီး အချို့မှာ ပုဂ္ဂလိကပိုင်ဖြစ်ပေသည်။ ဤသည်မှာ ဘာများ ထူးခြားသနည်း။ သို့ရာတွင် အထူးကုန်တိုက်သည်ကား ထူးခြားပေသည်။
ဖုန်းယွီ ကျန်းလွေ့ချန်းအား မသိနားမလည်သူ တစ်ယောက်အလား မျက်လုံးပြူးကြည့်နေလိုက်သည်။
“အထူးကုန်တိုက်ဆိုတာ နာမည်တစ်မျိုးပဲ.. ဈေးကြီးကြီး အမျိုးအစားတွေပေါ့.. ဒါပေမယ့် ဒီ အထူးကုန်တိုက်တွေက ပမ့်မြို့တော်က တခြားကုန်တိုက်တွေနဲ့ မတူဘူး.. ငါတို့မြို့တော်ကို ကိုယ်စားပြုမယ်.. ထိုင်ဟွာ ကုန်တိုက်ပါ..”
“ငါတို့ မြို့တော်ကို ကိုယ်စားပြုမှာလား.. ထိုင်ဟွာကုန်တိုက်တဲ့လား.. မင်း ဘာတွေ ပြောနေတာလဲ..”
ကျန်းလွေ့ချန်း စိတ်ရှုတ်သွားမိသည်။
“ကုန်တိုက်လေ… နိုင်ငံခြားက ကုန်တိုက်တွေလိုပေါ့.. အဲ့ဒါ စင်ပေါ်မှာ ကုန်ပစ္စည်းတွေ အားလုံး ပြထားလိမ့်မယ်… ဝယ်တဲ့သူတွေက သူတို့လိုချင်တာ ရွေးလို့ရတယ်.. သူတို့လိုချင်တာရွေးပြီး ထွက်လာရင် ကောင်တာမှာ ငွေရှင်းယုံပဲ..”
ဖုန်းယွီ အသေးစိတ် ရှင်းပြလိုက်သည်။
သို့အတွက် ဆိုင်တစ်ဆိင်သာဖြစ်ပေသည်။ ကျန်းလွေ့ချန်း စိတ်မဝင်စားချေ။ ဆိုင်တစ်ဆိုင် တည်ထောင်ချင်သော်လည်း MNC တစ်မျိုးမျိုးနဲ့ တူနေပေသည်။ ဖုန်းယွီ ပမ့်မြို့တော်တွင် ငွေအမြောက်အများ ရင်းနှီးမြုပ်နှံလိမ့်မည်ဟု ယူဆရသည်။ ဆိုင်တစ်ခု ဖြစ်ပေသည်။ မိမိအား လာတွေ့ရန် လိုအပ်မည်လော။
ကျန်းလွေ့ချန်း၏ အမူအရာကို မြင်သည့်အခါ ဖုန်းယွီ မကျေနပ်ဘဲ..
“အဲ့ အထူးကုန်တိုက်မှာ ကျုပ်တို့ ဘယ်လောက်ရင်းနှီးမြုပ်နှံထားလဲဆိုတာ သိရဲ့လား..”
“ဘယ်လောက်မို့လဲ.. (၁)သန်းလား.. (၁၀)သန်းလား..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ကြည့်လိုက်သည်။ ဆိုင်ဖွင့်ပါက မည်မျှ ကုန်ကျမည်နည်း။ မိမိ မသိထင်နေသည်လော။ ကုန်ပစ္စည်းများအားလုံးတွင် အရစ်ကျစနစ်များရှိပြီး အများကြီး မလိုအပ်ချေ။ မြို့တော် အစိုးရတွင်လည်း ကိုယ်ပိုင် ကုန်တိုက်များ ရှိနေပေသည်။ ကျန်းလွေ့ကျန်း ဤကိစ္စများကို ကောင်းကောင်း သိထားပေသည်။
ဖုန်းယွီ လက်တစ်ချောင်း ထောင်ပြကာ..
“ယွမ် သန်း(၁၀၀)..”
အတွင်းရေးမှူးလျို ရေနွေးပူပူဖြင့် အခန်းအတွင်း ဝင်လာစဉ် ဖုန်းယွီစကားကြား၍ လက်များ တုန်သွားကာ အနည်းငယ် ရေနွေးပူလောင်သွားတော့သည်။ လက်ဖက်ရည်ခွက်ကို အလျင်စလိုချ၍ လက်ခါလိုက်ရသည်။
“အတွင်းရေးမှူးလျို ဘာဖြစ်တာတုန်း.. ဘာလို့ ဒီလောက် ဂရုမဲ့သွားတာလဲ.. သန်း(၁၀၀)ပဲလေ.. များတာမှ မဟုတ်တာ.. ဘာလို့ ဒီလောက် အံ့ဩသွားတာတုန်း..”
ဖုန်းယွီ ရည်ရွယ်ချက် ရှိရှိ ဖိပြောလိုက်သည်။
“ရှောင်လျို အပြင်ထွက်ပြီး ဆေးသွားလိမ်းလိုက်အုံး..”
ကျန်းလွေ့ချန်း လှည့်ကာ ဖုန်းယွီအား ကြည့်လိုက်သည်။
“သန်း(၁၀၀)ဆိုတာ မင်းအတွက် ဘာမှ မဟုတ်ဘူးလား.. သေလိုက်လေ.. ပြည်နယ် စာကြည့်တိုက်ကို ဒီနှစ်အတွင်း ပြုပြင်မွမ်းမံဖို့လိုတယ်.. အဲ့မှာ ပြန်မွမ်းမံဖို့ လာလို့ သိန်း(၁၀၀)မလှူတာတုန်း..”
ဖုန်းယွီ အမှတ်တမဲ့ ပုံစံ ဖြင့်ပင်…
“ရတာပေါ့.. ပြီးရင်တော့ ခရိုင်စာကြည့်တိုက်ကို လေနဲ့မိုး စာကြည့်တိုက် ဒါမှမဟုတ် ထိုင်ဟွာ စာကြည့်တိုက်လို့ နာမည်ပြောင်းရမယ်..”
“နည်းနည်းတောင် မစဉ်းစားနဲ့.. အဲ့ဒါ ပြည်နယ် စာကြည့်တိုက်ကွ.. နာမည်ပြောင်းလို့မရဘူး..”
ကျန်းလွေ့ချန်း ဒေါသတကြီး ပြန်အော်တော့သည်။
“ဒါဆို ဘာတစ်ခုခုမှ ပြန်မရဘဲ ဘာလို့ လှူရမှာတုန်း..”
ဖုန်းယွီ မျက်လုံးထောင့်ကပ်၍ ပြောလိုက်သည်။
“ထားတော့.. အဲ့ကိစ္စ မင်းကို မရှာဘူး.. မင်းပြောနေတဲ့ ဒီအထူးကုန်တိုက်က ဘာလဲ.. ဆိုင်တစ်ဆိုင်အတွက် သန်း(၁၀၀)ရင်းနှီးမြုပ်နှံဖို့ ဘာလို့ လိုတာတုန်း..”
ကျန်းလွေ့ချန်း စိတ်ဝင်တစား မေးလိုက်သည်။
“ကျုပ်တို့တွေ လျှပ်စစ်ပစ္စည်းပြပွဲ လုပ်တဲ့နေရာ မှတ်မိသေးလား.. အထူးကုန်တိုက်က အဲ့ဒါထက် ပိုကြီးလိမ့်မယ်..”
ဖုန်းယွီ ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည်။
ထိုကုန်တိုက်တွင် အထပ်(၅)ထပ်ရှိပြီး အထပ်တစ်ခုချင်းစီသည် စတုရန်းမီတာ(၂၀၀၀)ကျော်ပေသည်။ စုစုပေါင်း စတုရန်မီတာ (၁၀၀၀၀)ကျော်ပေသည်။ ဖုန်းယွီ ထိုထက်ပိုကြီးသည့် ကုန်တိုက် ဆောက်လုပ်ချင်နေသည်လော။
ကျန်းလွေ့ချန်းအနေဖြင့်မူ နောက်နောင် ကုန်တိုက်ကြီးတစ်ခု၏ တစ်ထပ်ချင်း ဧရိယာကြမ်းခင်းမှာ စတုရန်းမီတာ (၃၀၀၀)ကျော် ရှိမည်ကို မသိသေးချေ။ အချို့မှာမူ စတုရန်းမီတာ(၅၀၀၀)ကျော် ပေလိမ့်မည်။ Carrefour နှင့် Walmart ကဲ့သို့သော ကုန်တိုက်ကြီးများတွင် များသောအားဖြင့် အမျိုးအစား (၂)မျိုးမှ (၃)မျိုးအထိ ရှိပေသည်။ ကုန်တိုက်လေးများတွင်ပင် စတုရန်မီတာ(၁၀၀၀၀)ကျော်ပေသည်။
“မင်းက အရောင်းစင်တာကြီးတစ်ခုဆောက်ပြီး ကုန်တိုက်အဖြစ် သုံးတော့မှာလား.. ကုန်တိုက်မှာ ဘာတွေ ရောင်းမှာလဲ..”
“အားလုံးပဲ.. အစားအသောက်၊ အချိုရည်၊ အဝတ်အထည်၊ လိုအပ်သမျှ လျှပ်စစ်ပစ္စည်းတွေ အားလုံး ရောင်းမယ်.. ကုန်တိုက်မှာ အမြန်စား စားသောက်ဆိုင်တွေ ပါသလို စတိုးဆိုင်တွေတောင် ပါအုံးမယ်.. ရနိုင်သမျှ နေရာအားလုံး ရောင်းမှာ..”
ကျန်းလွေ့ချန်း မံ့ဩသွားမိသည်။ ဤသည်မှာ စုပေါင်းအရောင်းကုန်စုံဆိုင် တစ်ဆိုင်ကဲ့သို့ပင်။ မည်သို့ အကျိုးအမြတ်များ ရနိုင်မည်နည်း။ ကုန်တိုက်များ တည်ထောင်ထားကာ အကျိုးအမြတ်မည်မျှ ရမည်နည်း။ ရင်းနှီးမြုပ်နှံမှုမှာ ယွမ်သန်း (၁၀၀)ဖြစ်ပြီး ထိုရင်းနှီးမြုပ်နှံမှုများ ပြန်ရရန် မည်မျှ ကြာမည်နည်း။
သို့ရာတွင် ကျန်းလွေ့ချန်းသည် ဖုန်းယွီကို ကောင်းကောင်းသိပေသည်။ ဖုန်းယွီသည် ပိုက်ဆံ ဆုံးရှုံးမည့် မည်သည့် စီးပွားရေးကိုမှ လုပ်မည့်သူ မဟုတ်ချေ။ သူမသိသေးသော ဝင်ငွေရန်မည့် အခြားနည်းလမ်းများပင် ရှိပေလိမ့်ဦးမည်။
“မင်းအဲ့ဒါကနေ ငွေရှာနိုင်ပါ့မလား… မြို့တော်ကို အခွန်ဘယ်လောက်ပေးမှာလဲ..”
“ကျုပ်က တခြားသူတွေနဲ့ ဖက်စပ်လုပ်ထားတာ.. ဟောင်ကောင် ကုန်တိုက်ဘုရင်ရဲ့ တတိယတူ၊ ဟောင်ကောင်က မဟာလူသားလီရဲ့ သားထွေး တို့နဲ့လေ။ ကျုပ်တို့ရဲ့ ကနဦး စုစုပေါင်း ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း(၂၀၀)… ကျုပ်တို့ အထူးကုန်တိုက်(၂၀)အရင်းဆုံးဆောက်ပြီးမှ ထပ်တိုးချဲ့ဖို့ကို ဝင်ငွေတွေကနေ ပြန်သုံးမယ်.. ကျုပ်တို့ ရည်မှန်းချက်က (၅)နှစ်အတွင်း အထူးကုန်တိုက် (၁၀၀)ကျော်နဲ့ (၁၀)နှစ်အတွင်း အထူးကုန်တိုက်ကြီး (၅၀၀)ကျော် ရှိဖို့ပဲ..”
“နေအုံး. ခန…ခန… မင်းဘာပြောလိုက်တယ်.. ပြန်ရမယ့် ဝင်ငွေတွေသုံး ချဲ့ထွင်မှာဟုတ်လား.. (၅)နှစ်အတွင်း အထူးကုန်တိုက် (၁၀၀)ကျော် တည်ထောင်မယ်တဲ့လား. ဒါဆို မင်းပြောချင်တာက (၅)နှစ် အမြတ်ငွေက မင်းရင်းနှီးမြုပ်နှံမှုထက် (၄)ဆ ပိုနေမယ်လို့များ မျှော်လင့်ထားတာလား….”
ကျန်းလွေ့ချန်း ပါးစပ်အဟောင်းသား ဖြစ်နေပေပြီ။ အထူးကုန်တိုက်များသည် အမြတ်အစွန်း များစွာ ထုတ်ပေးနိုင်သည်လော။
“ကျုပ်ကို မယုံလို့လား.. ကျုပ်ဘယ်တုန်းက လိမ့်ခဲ့ဖူးလို့လဲ.. ဖြစ်နိုင်တယ်ဆိုရင် တကယ်ဖြစ်နိုင်လို့ပဲလေ.. ပြီးတော့ ဒါ အနိမ့်ဆုံး ခန့်မှန်းချက်ပဲ.. အစီအစဉ်အတိုင်းသာ အားလုံးအဆင်ပြေရင် တိုးချဲ့မှု ပိုမြန်သွားနိုင်တယ်.. ဒီလောက်ပဲ ထားလိုက်ပါအုံး.. အထူးကုန်တိုက်တွေဆိုတာ ဈေးဆိုင်ရပ်ကွက်တစ်ခုနဲ့ ပိုတူလိမ့်မယ်.. နောက်နောင် မြို့တော်တော် များများကနေ ကျုပ်တို့ အထူးကုန်တိုက်တွေ လာတည်ထောင်ဖို့တောင် ဖိတ်ခေါ်လာကြအုံးမယ်.. ပမ့်မြို့တော်ကို ရွေးတာက ကျုပ်မွေးရပ်မြေမို့လို့.. အဲ့လိုမှမဟုတ်ရင် အသင့်တော်ဆုံးနေရာက ပေကျင်း၊ ရှန်ဟိုင်းနဲ့ တခြားကမ်းရိုးတမ်း တိုးတက်ပြီးမြို့တွေမှာ ဖြစ်ရမှာ.. ဒါအခွင့်အရေးတစ်ခုပဲ.. ဆုံးဖြတ်ဖို့ကတော့ ခင်ဗျားအပေါ် မူတည်မှာပေါ့..”
ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ် အခွင့်အရေး တစ်ခုပေလော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)