အများသုံး လိုင်းကားများ အခမဲ့ ဆေးသုတ်ခြင်း
Vol. 39 Ch. 584
နေ့လည်ပိုင်းတွင် တာဝန်ခံများသည် ဖုန်းယွီနှင့် ကုန်တိုက်ကြီးအကြောင်း ဆွေးနွေးရန် ကျန်းလွေ့ချန်း၏ ရုံးခန်းသို့ ရောက်လာကြသည်။
“မန်နေဂျာဖုန်းက ကျုပ်တို့ရဲ့ ကုန်တိုက်တစ်ခုလုံးကို ဆောက်လုပ်မှု မပြီးသေးပေမယ့် အဆောက်အဦးနဲ့ အပြင်ပိုင်းတွေတော့ ပြီးသွားပါပြီး။ အတွင်းပိုင်းလဲ အချိန်မရွေး ပြန်ပြုပြင်နိုင်ပါတယ်။ ခင်ဗျား အချိန်အများကြီး သက်သာသွားတဲ့အတွက် ဈေးတော့ တိုးပေးမယ်မို့မလား..”
နိုင်ငံတော်ပိုင် ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် (SASAC) မှ တာဝန်ရှိသူ တစ်ဦး မေးမြန်းခဲ့သည်။
“အကြီးအကဲပူး.. အဲ့လိုမပြောသင့်ဘူး.. စားသောက်ဆိုင်ဖွင့်မယ်ဆိုရင် ဆိုင်ရဲ့ ပြုပြင်မွမ်းမံမှုနဲ့ အတွင်းပိုင်းတွေက စားသောက်ဆိုင်နဲ့ သင့်တော်ရမယ်လေ.. ဒီကုန်တိုက်ရဲ့ အပြင်ပိုင်း ပြီးသွားပေမယ့် အတွင်းပိုင်းကိုတော့ မွမ်းမံပြင်ဆင်မှုုတွေ လုပ်ရလိမ့်အုံးမယ်.. ဥပမာ ပြောရရင် လက်ရှိ အတွင်းပိုင်း အပြင်အဆင်က ကျုပ်တို့ အထူးကုန်တိုက်နဲ့ ဘယ်လိုမှ မကိုက်ညီဘူး.. အပြင်အဆင် တစ်ခုလုံးကို ပြောင်းပစ်ရအုံးမှာ.. ဒါ အစကနေ စဆောက်ရတာထက် ပိုခက်ပါတယ်.. အဲ့ဒါကြောင့် ဈေးတော့ တိုးပေးလို့မရဘူး.. လျော့ပေးမှ အဆင်ပြေလိမ့်မယ်.. ကျုပ်တို့က ခင်ဗျားတို့ကို အဆောက်အဦးတန်ဘိုး တစ်လုံးတည်းပေးချေမှာဆိုတာ မေ့မထားပါနဲ့.. အဲ့လိုမျိုး ဘယ်သူမှ လုပ်မှာမဟုတ်ဘူး..”
“ဒီကုန်တိုက်ကို ငါတို့ သုံးလို့ရတယ်လေ.. ငါတို့တွေ ငွေတော်တော်သုံးထားရတာဆိုတော့ အကျိုးအမြတ်တော့ ရသင့်တာပေါ့..”
“အဲ့အဆောက်ဦးရဲ့ ကုန်ကျစရိတ်က ဘယ်လောက်လဲ.. ဈေးနှုန်းတွေကို ဘယ်လောက်မှာ ထားလဲ.. ခင်ဗျားရမယ့် အမြတ်ငွေက ပမ့်မြို့တော် တခြား စီးပွားရေးအဆောက်အဦတွေတွက် ပိုများနေပြီးသားလေ.. ပေါက်ဈေးနဲ့ တန်အောင်အောင် ပေးချင်လို့ ပြောနေတာ.. ခင်ဗျား ကျုပ်ဆီကနေ တဆုံးနှိုက်ချင်နေတာလား..”
ထိုအဆောက်အဦမှာ အထပ်(၅)ထပ်ရှိပြီး တစ်ထပ်လျှင် စတုရန်မီတာ (၃၀၀၀)ရှိပေသည်။ စုစုပေါင်း ကြမ်းခင်း ဧရိယာ စတုရန်း မီတာ(၁၅၀၀၀)ကျော်ပေသည်။ အထူးကုန်တိုက်သည် အထပ်(၂)ထပ်မှ (၃)ထပ်ခန့်သာ လိုအပ်ပေသည်။ ကျန်နေရာများကို ငှားရမ်း၍ ရနိုင်သော်လည်း ဖုန်းယွီမှာမူ ကြီးလွန်းသည်ဟု ခံစားနေမိသည်။
ယခုခေတ် စီးပွားရေး မဖွံ့ဖြိုးသေးချေ။ ရုပ်ရှင်ရုံများတွင် ရင်းနှီးမြုပ်နှံသူများ အရှုံးပေါ်ပေသည်။ ဟောင်ကောင်မှ တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိမှသာ တရုတ်၏ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ပေါ်လာပေသည်။ ထိုရုပ်ရှင်ဇာတ်ကားကို ဖုန်းရှောင်ကန်း ရိုက်ကူးခြင်းဖြစ်ပေသည်။ လက်ရှိတွင် တရုတ်အများစုသည် စနေနေ့ တွင်သာ ရုပ်ရှင်ရုံများ၌ ပိုက်ဆံ အကုန်ခံကြပေသည်။
ကျန်နေရာများမှာ အမြန်စား စားသောက်ဆိုင်များ၊ ဆိုင်ခန်းများ၊ ဖက်ရှင်ဆိုင်များ စသည်တို့ ဖြစ်ပြီး ကျန်နေရာများကို ငှားရမ်းရေး လုပ်ငန်းအဖြစ်သာ ပြုလုပ်ရပေမည်။ သို့ရာတွင် ငှားရမ်းဖို့ မလွယ်ကူချေ။ ထိုင်ဟွာ အထူးကုန်တိုက် မဖွင့်သေးဘဲ ကုန်တိုက်သည် လူများကို ဆွဲဆောင်နိုင်မည်လားဆိုသည်ကို စီးပွားရေးသမားများ မသိကြသေးချေ။ ဥပမာတစ်ခုမှ မရှိချေ။ ကျန်နေရာများအတွက် ငှာရမ်းခ မြင့်မြင့်ဖြင့် ကောက်ခံရန် လွယ်ကူမည် မဟုတ်ချေ။
ဤသည်ကို ပေကျင်း ရုံးချုပ်မှ ကိုင်တွယ်သွားမည် ဖြစ်ပြီး ဖုန်းယွီ ဝင်ရောက်ကိုင်တွယ်ရန် မလိုအပ်ချေ။ (၃)ထပ်မှ (၅)ထပ် မြင့်သော အဆောက်အဦတစ်ခုနှင့် တစ်ထပ်လျှင် စတုရန်းမီတာ (၃၀၀၀)မှ (၅၀၀၀)ရှိ ကျယ်ဝန်းသော အဆောက်အဦတစ်ခု ရရှိအောင် ကူညီပေးခဲ့ခြင်းသာဖြစ်သည်။ အဆောက်အဦသည် လူနေရပ်ကွက်ထူထပ် ဝန်းရံထားသော နေရာကောင်းတါင် ရှိရပေလိမ့်မည်။ သူသည် အဆောက်အဦကိုသာ ဝယ်ယူမည်ဖြစ်ပြီး ကျန်ကိစ္စများကို အခြားလူများ ကိုင်တွယ်သွားမည် ဖြစ်ပေသည်။
သို့ရာတွင် ဖုန်းယွီသည် ဤအဆောက်အဦကို ဝယ်ယူရန် ရန်ပုံငွေများစွာကို အသုံးမချနိုင်ခဲ့ချေ။ ပမ့်မြို့တော်သည် နယ်နိမိတ်အနီးတွင် တည်ရှိပြီး အကြီးအကဲပူးမှ တင်ပြဈေးနှုန်းသည် ကမ်းရိုးတန်းဒေသတစ်လျှောက် ဖွံ့ဖြိုးပြီး မြို့ကြီးများရှိ အိမ်ခြံမြေ ဈေးနှုန်းများနှင့် နီးပါးတူညီပေသည်။ ပမ့်မြို့တော်သည် လူဦးရေမြင့်မားပြီး ကိုယ်ပိုင် အိမ်ရာပိုင်ဆိုင်သည့် တရုတ်နိုင်ငံ၏ ပထမဆုံး မြို့ ဖြစ်ခဲ့သော်လည်း ဖုန်းယွီသည် လူနေမှုစရိတ်ဖြင့် တွက်ချက်ပါက အလွန်မြင့်လွန်းနေပေသည်။
ထို့အပြင် ဖူကွမ်းကျန့်နှင့် အခြားသူများသည် မြို့(၂၀)နီးပါးနှင့် ညှိနှိုင်းခဲ့ကြသည်။ ဖုန်းယွီပြောထားသည့် ဈေးနှုန်းသည် ထိပ်တန်း(၅)ခုတွင် အဆုံးဖြစ်ပေသည်။ ဤသည်ကို ဖုန်းယွီ ကြည့်မရ ဖြစ်စေတော့သည်။
အကြီးအကဲပူးသည် ကျန်းလွေ့ချန်းကို ကြည့်၍ မည်သည့်အမူအရာမှ မရှိသည်ကို သတိပြုမိလိုက်သည်။ အကြီးအကဲပူး ပေးသင့်လား မပေးသင့်လား မသိပေ။ ပမ့်မြို့တော်ရှိ အစိုးရ အရာရှိတိုင်းနီးပါးက ဖုန်းယွီသည် ကျန်းလွေ့ချန်းနှင့် အလွန်နီးစပ်ကြောင်း သိလာရပေသည်။ မြို့တော်ဝန်က သူ့အား ဈေးလျော့ခိုင်းရန် အရိပ်အယောင် ရှိပုံမရချေ။
“မန်နေဂျာဖုန်း.. ငါတို့ မြေကုန်ကျစရိတ်ကို ဈေးနှုန်းမှာ ထည့်တွက်ဖို့လိုသေးတယ်.. ဆောက်လုပ်ရေး ပစ္စည်းတွေ အများကြီး မကုန်နိုင်ဘူးဆိုပေမယ့်.. မြေကွက်ကရော.. တစ်ချိန်ကဆို ထိုင်ဝမ်က စီးပွားရေးသမား တစ်ယောက် ငါတို့ဆီမှာ ရှော့ပင်းမောလ် ဆောက်ချင်တယ်တဲ့.. သူပြောတဲ့ ဈေးနှုန်းက တော်တော်လေး မြင့်တယ်..”
အကြီးအကဲ ပူးမှာ မြို့တော်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပေသည်။
“မြေလား.. မြေကွက်.. ဆောက်လုပ်ရေး ပစ္စည်းတွေ.. အလုပ်သမား.. လစာ ဘယ်လောက်ကျလဲ ပြောပြပေးပါအုံး.. ဒါကြီးကို ဖြိုချလိုက်ရင်တော့ မြို့အတွက် ဘယ်လောက်ထိ တိုးတက်လာနိုင်မယ်ဆိုတာပဲ ကျုပ်မြင်နေရတယ်..”
အကြီးအကဲပူး စကားမပြောနိုင်တော့ချေ။ ကုန်ကျစရိတ် အတိအကျကို ဖုန်းယွီအား မည်သို့ ပြောနိုင်မည်နည်း။ တစ်ယောက်ယောက်သည် ဤကုန်ကျစရိတ်များကို တိုက်ရိုက်တောင်းခံရန် မည်သို့အရှက်မဲ့နိုင်မည်နည်း။
ထိုအချိန်တွင်မှ ကျန်းလွေ့ချန်းဝင်၍..
“ဖုန်းယွီ ဒီပမာဏလောက်ကို မင်းလဲ စိတ်ဝင်စားမှာ မဟုတ်ပါဘူး.. မင်းအတွက် ယွမ် သန်း(၄၀)နဲ့ (၅၀)ဆိုတာ ဘာများ ကွာသွားမှာတုန်း..”
“ပြဿနာကြီး တစ်ခုပေါ့ဗျာ.. တစ်ရုတ်နိုင်ငံ တစ်ဝှမ်းလုံးမှာ အဆောက်အဦး(၂၀) တစ်ပြိုင်တည်းဝယ်သွားမှာပါ.. ကျုပ် ခင်ဗျားတို့ကို ပိုပေးလိုက်ရင် တခြားမြို့တွေက အခွင့်အရေးယူတော့မှာပေါ့.. ခင်ဗျားတို့ ပြောထားတဲ့ ဈေးနှုန်းက ပေကျင်းနဲ့ ရှန်ဟိုင်းမှာ နယ်မြေဧရိယာအတူ ကုန်တိုက်တစ်ခု ဝယ်နိုင်တယ်လေ.. ဒါပေမယ့် ဒီနေရာက ပမ့်မြို့တော်.. ပမ့်မြို့တော်က ပေကျင်းနဲ့ ရှန်ဟိုင်းကို ယှဉ်နိုင်နေပြီးလို့ ပြောနေတာလား.. ယွမ်သန်း(၄၀)ဆိုတာတောင် အရမ်းမြင့်လွန်းနေပြီ.. ဒါ နှစ်ဖက်သင့်တော်တဲ့ ဈေးနှုန်းပဲ..”
“မင်းက ငွေလေး နည်းနည်းသုံးချင်တာနဲ့ ဒီအဆောက်အဦကို ဘာလို့ ရောင်းရမှာတုန်း..”
ကျန်းလွေ့ချန်း ပြန်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီနယ်မြေတစ်ခုလုံးကို တိုးတက်အောင် လုပ်လို့ရတယ်.. အနီးအနားမှာ စီးပွားရေး အဆောက်အဦ အသစ်တွေ ဆောက်နိုင်မယ့်အပြင် တန်ဖိုးတွေလဲ တိုးလာလိမ့်မယ်.. ဒီနယ်မြေက ဈေးဝယ် ခရိုင်တစ်ခု ပုံစံဖြစ်လာပြီး ကျုပ်တို့ ထိုင်ဟွာ အထူးကုန်တိုက်ကလဲ ပမ့်မြို့တော်ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်လာလိမ့်မယ်..”
ဤသည်က အမှန်ပင်။ ဖုန်းယွီ၏ ယခင်ဘဝတွင် Carrefour နှင့် Walmart အနီးတစ်ဝိုက်ရှိ မြေတန်ဖိုးများ မြင့်တက်လာခဲ့သည်။ Carrefour နှင့် Walmart တို့ လူကြိုက်များခဲ့သော အကြောင်းအရင်း ဖြစ်ပေသည်။
ကျန်းလွေ့ချန်း ခေါင်းယမ်းရင်းဖြင့်..
“ခက်တာက ငါတို့ဘက်က နစ်နာပြီး အရှုံးပေါ်နေတယ်လို့ ငါခံစားနေရတယ်..”
ဖုန်းယွီ နာကျင်သည့်ပုံစံဖြင့် ခေါင်းငုံ့ကာ..
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ.. ပမ့်မြို့တော်က အများသုံး လိုင်းကားတွေ နည်းနည်းအိုနေပြီ မြင်ရတယ်.. အလှူငွေထည့်ပြီး အများပိုင် လိုင်းကားတွေ အားလုံးကို ပြန်ပြုပြင်ဖို့ အလုပ်သမား လွှတ်ပေးမယ်.. ဒါလဲ နည်းနည်းနောနော မဟုတ်ဘူးနော်..”
ကျန်းလွေ့ချန်း အနေအထားအသစ်ကို ချက်ချင်းပင်..
“ကားမှတ်တိုင်တွေလဲ ထည့်တွက်မှရမယ်..”
“ဟေ့.. ပမ့်မြို့တော်မျာ လိုင်းကားတွေ အများကြီးပဲ.. လိုင်ကားမှတ်တိုင်အားလုံး ပြန်လည်မွမ်းမံမယ်ဆိုရင် အနည်းဆုံး သန်းနဲ့ချီပြီး ကုန်ကျမှာလေ..”
“လိုင်းကာနဲ့ ကားမှတ်တိုင်တွေအားလုံးကို ပြန်မွမ်းမံ ပြင်ဆင်ဖို့ အလှူ့ရှင်က မင်းရဲ့ ထိုင်ဟွာအထူးကုန်တိုက် လုပ်ငန်းဆိုတာ မှတ်တမ်းတင်ပေးနိုင်တယ်.. ဒါ မင်းတို့ကို ကြော်ငြာဖို့ အကူအညီပေးတယ်လို့ ယူဆလိုက်ပေါ့..”
ကျန်းလွေ့ချမ်း စဉ်းလဲစွာ ပြောလိုက်သည်။
“ကောင်းပြီလေ.. အမိုးအကာနဲ့ လိုင်းကားမှတ်တိုင်တွေအားလုံးအတွက် ကားမှတ်တိုင် ဆိုင်းဘုတ်ကြီး တစ်ခုလဲ ထည့်မယ်.. ဒါပေမယ့် ကားမှတ်တိုင်မှာ ဆိုင်းဘုတ်တွေအပြင် တစ်ခုထည့်ချင်တယ်.. ဒါတော့ ခင်ဗျားတို့ ကျုပ်ကို တားလို့မရဘူး..”
“ဘာထည့်ချင်တာလဲ…”
ဖုန်းယွီ အမြန်သဘောတူလိက်ကြောင်း ကျန်းလွေ့ချန်း ခံစားနေရာသည်။ တစ်နေရာရာတါင် တစ်ခုခု မှားနေသလိုပင်။
“ကားမှတ်တိုင်တွေ ဒီလောက်ရှည်တယ်.. ကားတွေရပ်ဖို့နေရာနဲ့ ခရီးသည်တွေအတွက် နေရာ ချန်ပြီးရင် နေရာတွေ အများကြီး ကျန်သေးတယ်.. ကျုပ်တို့ ဒီမှာ ထားလို့ရတယ်.. ဘာမှားလို့လဲ.. ဒါက အရင်းအမြစ်အားလုံးကို အပြည့်အဝ သုံးနိုင်ဖို့ စဉ်းစားထားယုံပါပဲ..”
ဖုန်းယွီ အငှားကား မှတ်တိုင်များတွင် ကြော်ငြာနေရာများအားလုံး ပိုင်ဆိုင်လိုခြင်းပင်။ ကားမှတ်တိုင်များတွင် လူသွားလူလာ များပေသည်။
ကားမှတ်တိုင်များတွင် ကြော်ငြာချင်သည်လော။ ကျန်းလွေ့ချန်း မျက်လုံးများ ပြူးသွားတော့သည်။ မြို့တော်မှ မည်သည့်အတွက် ဖုန်းယွီကို ပေးသင့်သည်နည်း။ လိုင်းကားမှတ်တိုင်များနှင့် အမိုးအကာများ ၊ ဆိုင်ဘုတ်များ ဆောက်လုပ်ရန် မြို့တော်မှ ပိုက်ဆံရှိပေသည်။ ထိုငွေများကို မြို့တော်အတွက်ရှာသည်က ပို၍ ကောင်းပေသည်။
“ကားမှတ်တိုင်တွေ ကိစ္စမေ့ထားလိုက်တော့.. မြို့တော်က ကိုယ့်ဟာကိုယ် လုပ်ပေးလို့ရတယ်.. အများသုံး လိုင်းကားတွေအကုန်လုံး ပြန်ဆေးသုတ်ပေးယုံပဲ.. ကျန်တာတွေ မျက်စောင်းထိုးဖို့ မကြိုးစားနဲ့.. အများပိုင် လိုင်းကားအားလုံး သေချာ ပြန်ဆေးသုတ်ပေးရမယ်..”
ကျန်းလွေ့ချန်း ပြန်ဖြေလာတော့သည်။
“ပြဿနာမရှိဘူး.. စာချုပ်မှာ ထည့်ရေးပေးလိုက်ပေါ့.. လိုင်းကား တစ်စီးမှ မကျန်စေရဘူးလို့ ကတိပေးတယ်..”
စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဖုန်းယွီသည် ကျန်းလွေ့ချန်းရုံးခန်းမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ကားပေါ်တွင် ထိုင်၍ ရယ်မောလိုက်တော့သည်။ အများသုံး လိုင်းကားများကို ပြန်လည် ဆေးသုတ်ရမည်လော။ မိမိ ကြော်ငြာအဖြစ် ပြန်လည် ချယ်သပစ်မည်သာပင်။ စာချုပ်တွင် ဤကဲ့သို့ မပြုလုပ်ရဟု ထည့်မထားချေ။ ကာမှတ်တိုင်များရှိ ကြော်ငြာများကို အလွယ်တကူ ပြောင်းလဲနိုင်ပေသည်။ သို့ရာတွင် အများပိုင် လိုင်းကားများကိုမူကား ခက်ခဲပေသည်။
မြို့အတွင်းတွင် ငွေအလုံအလောက်ရှိပါက ထိုလိုင်းကားများကို ပြန်လည်ပြုပြင်နိုင်ပေသည်။ ထိုငွေများကို မြို့တော်မှာ သုံးစွဲရန် ဆန္ဒရှိမည်လော။ ဤသည်မှာ တလွင့်လွင့်ဖြစ်နေမည့် ကြော်ငြာဖြစ်သည့်အပြင် မြို့တော်၏ နေရာတိုင်းသို့ ရောက်ရှိမည်ဖြစ်သဖြင့် ကုန်ကျသည့် ပမာဏနှင့် ထိုက်တန်ပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)