စစ်မှုထမ်းဟောင်းများအား နေရာချထားပေးခြင်း
Vol. 39 Ch. 585
“ခေါင်းဆောင်.. ကျုပ်တို့ စာချုပ်ပြီးလို့ အပျော်ညစာ စားနေကြတာတာလား.. အော်..ဒါတော့ မရပါဘူးဗျာ.. ဒါလည်း မရပါဘူး.. စာရင်းက တခြားဟာတွေ အကုန် ဆောင်ရွက်ပေးလို့ရပါတယ်..”
ဖုန်းယွီ ယခုမှ အိမ်ပြန်ရောက်သဖြင့် ကျန်းလွေ့ချန်း ဖုန်းခေါ်မှုလက်ခံရချိန်တွင် အများသုံး လိုင်းကားများအကြောင်း ပြောရန် ဖူကွမ်းကျန့်ကို ဖုန်းခေါ်တော့မည့်အချိန်ဖြစ်သည်။ ကျန်းလွေ့ချန်း ဖုန်းယွီကို ညစာဖိတ်ကျွေးချင်နေပေသည်။
“ကျန်တာတွေအားလုံး ဟုတ်လား.. ငါ့များ မင်းလောက် ဝင်ငွေရှိနေတယ် ထင်နေလား.. ဟင်းက ရှိတာ (၄)မျိုး မကဘူးကွ..”
ဖုန်းယွီ နှုတ်ခမ်းစူကာ..
“ခင်ဗျားကပဲ ကျုပ်ကို ခေါ်ကျွေးချင်သေးတယ်.. အမိန့်လေး ပေးလိုက်ယုံပဲကို.. ကပ်ဆေးကလဲနှဲလိုက်တာ..”
ကျန်းလွေ့ချန်း ပြောစရာမဲ့သွားမိသည်။ မည်သူက အစားအသောက်များကို ဤကဲ့သို့ မှာတတ်ပေသနည်း။ စာရင်းတွင် ဟင်းပွဲပေါင်းများစွာရှိပြီး မကြိုက်သော ဟင်းနှစ်ပွဲမှ လွဲ၍ ကျန်ဟင်းပွဲများ အားလုံး မှာချင်နေသည်လော။
“မင်းမှာထားသမျှ အကုန်စားနိုင်ရင် ကြိုက်သလောက်မှာလိုက်ကွာ….”
သေရော။ ဖုန်းယွီ ကျန်းလွေ့ချန်းအား နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဟင်းပွဲ(၄)မျိုးသာ မှာလိုက်ပေသည်။ အသားနှစ်မျိုးနှင့် အသီးရွက်(၂)မျိုးဖြစ်ပေသည်။ ဘီယာ(၄)လုံးပါ မှာလိုက်သေးသည်။ ဤသည်မှာ ဆန်းကြယ်သော စားသောက်ဆိုင်မဟုတ်ချေ။ ကျန်းလွေ့ချန်း သေချာပေါက် တတ်နိုင်ပေသည်။
“ခင်ဗျား ကျုပ်ဆီက ဘာလို့ချင်လို့လဲ.. ညစာကျွေးဖို့ ခေါ်တာကိုက နေမကောင်း ဖြစ်နေတယ်မို့လား.. ဘယ်စက်မှုလုပ်ငန်းရဲ့ တိုးတက်မှုတွေ ပြဿနာဖြစ်နေလဲ.. ကျုပ်ဆီက အကြံဉာဏ်လိုချင်နေတာလား.. ဒါမှ မဟုတ် မြို့တော် အစီအစဉ်ကို ကူပြီး စစ်ဆေးချင်လို့လား..”
“မဟုတ်ပါဘူးကွာ.. စေတနာသက်သက်နဲ့ ကျွေးတာပါဟ.. မင်းရဲ့ အထူးကုန်တိုက်လုပ်ငန်းရဲ့ အတိုင်းအတာက အရမ်းကြီးပြီး ဆိုင်ခွဲတွေလဲ အများကြီး ဖွင့်အုံးမှာလေ.. ပမ့်မြို့တော် ယန္တယား ကုမ္ပဏီကလဲ ရုံးခွဲတွေ အများကြီး တည်ထောင်ထားတယ်.. အလုပ်သမားတွေ လိုသေးလား..”
ကျန်းလွေ့ချန်း ဖုန်းယွီအား တိုက်ရိုက်မပြောသေးချေ။ မြို့တော်အစီအစဉ်ကို စစ်ဆေးရန် အကူအညီ တောင်းရန်လိုမည်လော။ မည်သို့ ထင်နေသနည်း။ သူ့စီမံခန့်ခွဲမျု စွမ်းရည် မသိ၍များ ထင်နေလားမသိ။
“လူသစ် ခေါ်ဖို့လား.. ဘယ်အစိုးရပိုင် လုပ်ငန်းက ဒေဝါလီ ခံဖို့ရှိလို့လဲ..”
ထိုကိစ္စမျိုး သတင်းများတွင် မတွေ့ဖူးခဲ့ချေ။ စက်ယန္တယားနှင့် ပတ်သက်ပါက စက်ယန္တယားကုမ္ပဏီမှ အလုပ်သမားများအားလွှဲပြောင်း ယူရသည်မှာ အဆင်ပြေပေသည်။ အမှာစာများ တိုးလာသဖြင့် အလုပ်သမား ရရှိသည်က ပိုကောင်းပေသည်။
မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းသည် ယခုအခါ လုပ်သားအင်အား အသုံးများသည့် စက်မှုလုပ်ငန်းတစ်ခုဟုလည်း ယူဆနိုင်ပေသည်။ ဤသည်မှာ ဈေးနှုန်းမြင့်နည်းပညာ အသုံးပြုသည့် စက်မှုလုပ်ငန်းဟုလည်း ယူဆနိုင်ပေသည်။ အလုပ်သမား အများအပြား လိုအပ်ပေသည်။
မည်သည့်နိုင်ငံတွင်ဖြစ်စေ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံများတွင် အလုပ်သမားဦးရေ အမြင့်ဆုံး ဖြစ်နေပေလိမ့်မည်။ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ အင်္ဂလန် စသည်ဖြင့် ဖွံ့ဖြိုးပြီး မော်တော်ကား လုပ်ငန်းရှိရာ နိုင်ငံများတွင်ပင် အခြားကဏ္ဍများထက် မော်တော်ကား လုပ်သား ပိုမိုလိုအပ်ပေသည်။
မော်တော်ကား စက်ရုံများသည် ၎င်းတို့ တပ်ဆင်လိုင်းများတွင် (၁၀၀)ရာခိုင်နှုန်း အလိုအလျောက်စနစ် အသုံးမပြုနိုင်သေးချေ။ အများစုမှာ အသေးစား အလိုအလျောက်စနစ်များဖြင့်သာ လည်ပတ်နိုင်သေးသည်။ ထို့ကြောင့် အလုပ်သမား အများအပြား လိုအပ်နေဆဲဖြစ်ပေသည်။
စက်ယန္တယားနယ်ပယ်တွင် ကျွမ်းကျင်လုပ်သားများ ရှိပါက ဖုန်းယွီအနေဖြင့် အလုပ်သမား ခေါ်ယူမည်သာဖြစ်သည်။ ဤသည်က သာမန်အလုပ်သမားများကို အစမှ စတင်လေ့ကျင့်ပေးရသည်ထက် ပိုကောင်းပေသည်။ ထို့ကြောင့် ဖုန်းယွီသည် ကျန်းလွေ့ချန်းကို သဘောတူရန် အသင့်ဖြစ်နေခြင်းဖြစ်သည်။ ကျန်းလွေ့ချန်းထံတွင် နောက်ထပ် ကျေးဇူးကြွေး တစ်ခု ထပ်ပေးရမည်ဖြစ်၍ ပျော်ပင် ပျော်နေသေးသည်။
သို့ရာတွင် ကျန်းလွေ့ချန်း ပြောချင်နေသည်မှာ ထိုသို့မဟုတ်ခဲ့ချေ။
“မင်း ပမ့်မြို့တော်အကြောင်း ကောင်းကောင်း မပြောနိုင်ဘူးလားကွာ.. လုပ်ငန်းတော်တော်များများ ဘယ်လိုလုပ် ဒေဝါလီ ခံရမှာတုန်းဟ.. လောင်ကျင်း ပြည်နယ်က စစ်သားတွေကို နေရာချထားပေးဖို့ ပြောနေတာ.. မင်း ကူညီနိုင်ပါ့မလား..”
ကျန်းလွေ့ချန်း ဒေါသထွက်သွားတော့သည်။ မိမိမှာ ပမ့်မြို့တော်ဝန်ဖြစ်ပြီး အစိုးရပိုင်လုပ်ငန်းများ ဒေဝါလီခံရန် မျော်လင့်နေသည်လော။ မိမိလုပ်ရပ် မကောင်းကြောင်း ပြောနေသည်လော။
“ဟင်… လောင်ကျင်းက စစ်သားတွေ နေရာချထားပေးဖို့လား.. ဒါ ခရိုင်ဝန်ထမ်းရုံရဲ့ အလုပ်မဟုတ်ဘူးလား.. ခင်ဗျားနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ..”
ဖုန်းယွီ အံ့ဩသွားမိသည်။ ကျန်းလွေ့ချန်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လက်ထောက်သာ ဖြစ်သည်။ ဒု-အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသော်လည်း အမှုထမ်းရုံးသည် အရေးကြီးသော ဌာနတစ်ခုဖြစ်သည်။ ကျန်းလွေ့ချန်းအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမပြည့်မီသေးချေ။
“ငါ အဲ့ဌာနက တာဝန်ခံမဟုတ်ဘူးဆိုတာ သိပါတယ်. ဒါပေမယ့် ပမ့်မြို့တော်က အငြိမ်းစား စစ်သည်တွေကိုတော့ ဂရုစိုက်ဖို့ လိုတယ်ကွ.. ငါတို့ ပမ့်မြို့တော်က တစ်ချို့လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်ထားပြီး ကျန်လုပ်ငန်းတွေကို လူတွေ ဆက်ပို့လို့ မရတော့ဘူး.. မင်းမှာ စက်ရုံတွေ အများကြီးရှိတာ ငါသိတယ်လေ.. အဲ့ထဲက တစ်ချို့ကို ကူညိစောင့်ရှောက်ပေးပါလား..”
ကျန်းလွေ့ချန်း သူလိုချင်သည်ကို ယခုမှ တဲ့တိုး ပြောတော့သည်။
“လူ ဘယ်နှစ်ယောက်လဲ..”
“ဘယ်နှစ်ယောက်လောက် ဝင်လို့ရမလဲ..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ထပ်မေးပြန်သည်။
“အကြီးအကဲရေ.. မဟုတ်သေးဘူးထင်တယ်နော်… ကျုပ်ခင်းဗျားကို ကူညီရမှာလေ.. ခင်ဗျားက ကျုပ်ကို ကူညီမှာမဟုတ်ဘူးလေ.. ညစာဆိုတာလဲ ယွမ်(၃၀)ထက် မပိုပါဘူး.. ခင်ဗျားမျက်နှာနဲ့ အလုပ်သမား ဘယ်နှစ်ယောက်တောင် ထည့်ချင်နေတာတုန်း..”
“ဟား.. ဟား.. မင်း ဘယ်နှစ်ယောက်လောက် ယူနိုင်မလဲမေးပြီး ကျန်တဲ့သူတွေကို သတ်သတ် စီစဉ်ပေးရမှာ မို့ပါကွာ..”
အခြားသော နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများပင်လျှင် အလားတူ ပြဿနာများ ကြုံတွေ့နေရပေသည်။ အလုပ်သမားများ များလွန်းနေပြီး စက်ရုံတွင် အလုပ်သမားများ၏ သားသမီးများသည် မိမိတို့ မိဘများ၏ အလုပ်များကို လွှဲပြောင်းပေးသည့် အမွေဆက်ခံစနစ် တစ်ခုရှိပေသည်။ စက်ရုံများသည် ၎င်းတို့ အလုပ်သမားများကို ပြုစုစောင့်ရှောက်ခဲ့ရပြီး အငြိမ်းစားယူရန် ရန်ပုံငွေများ ပေးဆောင်ရပေလိမ့်မည်။
သို့ရာတွင် ဖုန်းယွီ၏ ကုမ္ပဏီများမှာမူ မတူညီချေ။ မကြာမီက အသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အချို့သော ကုမ္ပဏီများသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ကူးပြောင်းခဲ့ပြီး ဆက်ခံခြင်း မူဝါဒ မရှိချေ။
ဖုန်းယွီ၏ စက်ရုံများ တိုးချဲ့ပြီး အလုပ်ခန့်ထားသောကြောင့် အလုပ်သမားများအားလုံးသည် ၎င်းတို့၏ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆွေမျိုးများကို ကုမ္ပဏီများတွင် ဦးစွာစီစဉ်ရန် ကြိုးစားကြမည် ဖြစ်သည်။ အခြားစက်ရုံများနှင့် ကုမ္ပဏီများတွင် အလုပ်သမားများ အလွန်များပြားသော်လည်း ဖုန်းယွီ၏ ကုမ္ပဏီများသည် အမြဲတမ်း လူအင်အား နည်းပါးနေပေသည်။
ပုံမှန်အားဖြင့် မြို့တော်အစိုးရသည် စစ်မှုထမ်းခြင်းမှ အငြိမ်စားယူသော စစ်သည်များကို အလုပ်အကိုင်များ စီစဉ်ပေးရန်အတွက် နှစ်စဉ် ကူညီပေးလိမ့်မည်။
သို့ရာတွင် (၁၉၉၀)ပြည့်လွန် နှစ်များတွင်လည်း စစ်မှုထမ်းခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့ပေသည်။ ယခင် နွေရာသီတွင် စစ်သားစုဆောင်းခဲ့ပေသည်။ သို့ရာတွင် (၁၉၉၀)ခုနှစ်တွင် ပြောင်းလဲခဲ့ျပေသည်။ အသစ်ဝင်ရောက်လာသည့် စစ်သည်များသည် ယခင်အသုတ်များနှင့် ကွဲပြားပေသည်။ ၎င်းတို့၏ စစ်မှုထမ်းသက်ကို (၃)နှစ်အထိ ညှိနှိုင်းခဲ့ကြပေသည်။
ထိုအပြောင်းအလဲတွင် ပြဿနာမရှိနိုင်ချေ။ သို့ရာတွင် လွန်ခဲ့သည့် (၂)နှစ်အတွင်း စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ရှန်းယန် စစ်တပ်မှ စစ်သည်တစ်ဖွဲ့ကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စစ်မှုထမ်းသက်ပြည့်သဖြင့် စစ်မှုထမ်းခြင်းမှ အငြိမ်းစာယူခဲ့ကြသဖြင့် လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း စစ်သည်များအတါက် အလုပ်အကိုင်များ ခန့်အပ်ရာတွင် ပြဿနာမရှိခဲ့ချေ။
သို့ရာတွင် ယမန်နှစ်က စစ်တိုက်ရန် စေလွှတ်လိုက်သည့် စစ်သည်များ ပြန်ရောက်လာသည်။ ၎င်းတို့သည် ဗီယက်နမ်ကို တိုက်ခိုက်ခဲ့ပြီး ကျန်ဒေသခံတပ်များကို တိုက်ခိုက်နိုင်ခဲ့ကြသည်။ ယခုအခါ စစ်မှုထမ်းခြင်းမှ အငြိမ်းစာယူမည့် တပ်စု (၂)စု ဖြစ်နေပေသည်။ ထို့ကြောင့် ယခုနှစ်တွင် အငြိမ်းစားယူသည့် စစ်သည်အရေအတွက်မှာ ယခင်နှစ်ကထက် များပြားနေခဲ့ခြင်းဖြစ်သည်။
“ဒီနှစ် အငြိမ်းစားယူတဲ့ စစ်သားတွေ ဒီလောက်များမယ်လို့ ငါလဲ ထင်မထားမိဘူး.. အမှန်က သူတို့အတွက် အလုပ်အများကြီး ရှာမပေးနိုင်ဘူးလေ..”
ကျန်းလွေ့ချန်း အားကိုးရာမဲ့ ဖြစ်နေပေသည်။ လူအရမ်းများလွန်းနေပေသည်။ ပမ့်မြို့တော်၏ စီးပွားရေး အနည်းငယ် ပြန်လည်ကောင်းမွန်လာသော်လည်း ၎င်းတို့အတွက် လုံလောက်သော အလုပ်အကိုင်များ ရှိမနေပေ။
ဖုန်းယွီ ခေတ္တစဉ်းစားလိုက်သည်။ ကုန်တိုက် တစ်ခုတွင် စတိုးဆိုင်အကူများ၊ ငွေကိုင်များ၊ ထုပ်ပိုးသူများ၊ ဂိုထောင်များ၊ ယဉ်မောင်းများ စသည်တို့ လိုအပ်ပေသည်။ အများဆုံး လူ(၁၀၀)ခန့်သာ ရှိပေမည်။ ထိုရာထူးအားလုံးအတွက် စစ်မှုထမ်းဟောင်းများကို သုံးနိုင်သော်လည်း များစွာ အကူအညီ မရနိုင်ချေ။ သို့ရာတွင် ကျန်စက်ရုံများအတွက်မူ လူပိုသုံးနိုင်ပေသည်။ ထိုစက်ရုံများသည် နိုင်ငံတော်ပိုင်မဟုတ်ချေ။ မြို့တော် အစိုးရသည် အဆိုပါ စစ်မှုထမ်းဟောင်းများကို ခေါ်ယူရန် ပုဂ္ဂလိက ကုမ္ပဏီများအား အတင်းအကြပ် စေခိုင်းခွင့် မရှိချေ။ ထို့ကြောင့် ကျန်းလွေ့ချန်း ဖုန်းယွီထံ အကူအညီတောင်းခြင်းဖြစ်ပေသည်။
“သူတို့ထဲက တစ်ချို့တော့ အလုပ်တွေ စီစဉ်ပေးလို့ရတယ်.. အခုလောလောဆယ် အမျိုးသမီးစစ်သည် (၃၀၀)ပဲ အကန့်အသတ်နဲ့ လက်ခံနိုင်မယ်.. ကျန်တာတော့ ကိုယ်ဟာကိုယ် ဖြေရှင်းလိုက်ပေါ့.. ဒါကျုပ် ကူညီနိုင်တာ မိုင်ကုန်ပဲ..”
ကျန်းလွေ့ချန်း ဝမ်းသာသွားတော့သည်။
“၃၀၀ တောင်လား.. ဒါဆို အရမ်းကောင်းတယ်.. မင်းအကူအညီအတွက် ငါအရမ်းကျေးဇူးတင်တယ်.. ပမ့်မြို့တော် ကိုယ်စားပါ ကျေးဇူးတင်တယ်ကွာ.. ကျန်တဲ့ အငြိမ်းစားတွေကို ရော လက်ခံနိုင်တယ်မို့လား..”
“မဖြစ်နိုင်ဘူး…”
ဖုန်းယွီ ဒေါသထါက်သွားတော့သည်။ စစ်သည်များကို ထိန်း၍ ရပေသည်။ သို့ရာတွင် ထိုအထဲမှ အရာရှိများ ပါနေပါက ဘာဖြစ်မည်ကို မည်သူမှ မသိနိုင်ချေ။ သူတို့တွင် မည်သည့် ကျွမ်းကျင်မှုမှ မရှိသလို ခေါင်းဆောင်ကဲ့သို့ အမိန့်ပေးစေခိုင်းရမည်ကို ကြိုက်နှစ်သက်သူများ ဖြစ်ပေသည်။ ထိုလူများက ကုမ္ပဏီကို မငြိမ်သက်အောင် ဖန်တီးသွားကြပေလိမ့်မည်။
“စစ်သည်တွေအများကြီးအတွက် မြို့တော်အစိုးရကို ကူညီပေးခဲ့တယ်.. မြို့တော်က အခွန်လိုမျိုး အကျိုးခံစားခွင့်တွေ မပေးသင့်ဘူးလား..”
ဖုန်းယွီ ပြန်ပေးလိုက်သည်။
“ဟင်.. အာ.. ငါကြိုးစားပေးမယ်လေ..”
ဖုန်းယွီ ဤအစိုးရ မူဝါဒအကြောင်း သိနေသဖြင့် ကျန်းလွေ့ချန်း အံ့ဩသွားခဲ့ရသည်။
“ကြိုးစားမနေနဲ့.. ကျုပ်အတွက် အခွန်ထောက်ပံ့မှုတွေ ရှိရမယ်.. မဟုတ်ရင် သူတို့ထဲက တစ်ယောက်မှ လက်ခံမှာမဟုတ်ဘူးနော်.. အဲ့ဒါ ကျုပ်ရဲ့ အထူးကုန်တိုက်တွေအတွက် ဒေသဆိုင်ရာ အစိုးရတွေဆီက ရနိုင်တယ်.. ဒီလိုကိစ္စမျိုး ကျုပ်မသိဘူးထင်မနေနဲ့..”
“အေးပါ.. အေးပါ.. ငါပြန်ပြီး စာရွက်စာတမ်းတွေ ဖြည့်ပြီး တစ်နှစ်တာအတွက် ထောက်ပံ့ကြေး ဘယ်လောက်ရနိုင်မလဲ ကြည့်လိုက်မယ်..”
ကျန်းလွေ့ချန်း အံကြိတ်ကာ သဘောတူလိုက်သည်။ သို့ရာတွင် စစ်မှုထမ်းဟောင်း (၃၀၀)အတွက် အလုပ်နေရာချထားရေးသည် သူ့အတွက် ကြီးစွာသော အထောက်အကူ ဖြစ်နေဆဲဖြစ်သည်။ ပြည်နယ်မှ ကျန်သည့် စစ်မှုထမ်းဟောင်းများကို သူတို့ဘာသာ ဖြေရှင်းနိုင်ပေသည်။ မည်သည့် ပြဿနာမှ မဖြစ်နိုင်ချေ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)