ငါးစာ
Vol. 24 Ch. 324
မူလရေကန်၏ တစ်နေရာတွင် ...
ကြီးမားသော တောင်ကြီးများသည် ရေကန်၏ မျက်နှာပြင်မှ ကောင်းကင်သို့ တိုင်အောင် အစိမ်းရောင် တိုင်လုံးကြီးများ အသွင်ဖြင့် မိုးထိုးကာ တည်ရှိလျက်ရှိသည်။ ပတ်ဝန်းကျင် တစ်လုံးတွင် မြူခိုးများ ဖုံးအုပ်လျက်ရှိပြီး ဝန်းကျင်တစ်ခွင်လုံး ရှင်းလင်း ပြတ်သားစွာ မြင်နိုင်စွမ်း မရှိတော့ချေ။
တစ်ခုသော ချောက်ကမ်းပါး၏ အစွန်းတစ်နေရာတွင် ရှိသော ကျောက်တုံးစင်မြင့် တစ်ခုပေါ်၌။
ယောင်ယောင်မှာ ဖျာတစ်ချပ်ပေါ်တွင် ထိုင်နေခဲ့ပြီး လက်ထဲတွင် ကျောက်စိမ်း ခွက်တစ်လုံးကို ကိုင်လျက် အနားယူကာ သေရည်စည်းစိမ်ကို ခံစားလျက်ရှိသည်။
သူမ၏ ပိတုန်းရောင် ဆံကေသာများသည် ဦးခေါင်းထက်မှ ဖျာကျလျက်ရှိပြီး သူမ၏ တင့်တယ်ပြီး လှပသော မျက်နှာလေးတွင် အရက်အရှိန်ကြောင့် နီမြန်းကာ တောက်ပလျက်ရှိသည်။ ထိုအချက်ကြောင့် သူမ၏ လှပသော မျက်နှာလေးမှာ တစ်စုံတစ်ခုကို ဖြည့်စွက်လိုက်သည့် အလား ပြည့်စုံစွာ လှပလျက်ရှိသည်။ စင်မြင့်၏ အနောက်ဘက်တွင် ရပ်လျက်ရှိသော အမျိုးသမီး တပည့်များမှာလည်း မနေနိုင်ပဲ သူမအား တစ်ချက်ချက် လှမ်းကာ ခိုးကြည့်လျက်ရှိပြီး သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန်များ ပေါ်လွင်လျက်ရှိသည်။ ဤသည်မှာ သူတို့အားလုံးအတွက် ပထမဆုံးအကြိမ် အနေဖြင့် လီချင်းချန်ထက် မနိမ့်ကျသူ တစ်ဦးကို မြင်ဖူးခြင်း ဖြစ်သည်။
ယောင်ယောင်နှင့် လီချင်းချန်တို့မှာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ထိုင်လျက်ရှိသည်။ သူမ၏ အဝတ်အစားများက သူမ၏ ကောက်ကြောင်း အလှအပတစ်လျှောက် အချိုးကျစွာ စည်းနှောင်လျက်ရှိပြီး သူ၏ ညို့ယူနိုင်မှုကို ဖြည့်စွမ်းလျက်ရှိသည်။ သူမက မြူများ ဖုံးလွှမ်းနေသည့် ကန်ရေပြင်အား ကြည့်ရင်း ပြောလိုက်သည် “နင်တော်တော်လေးကို အေးအေးဆေးဆေး နေနိုင်တယ်နော်။ မနက်ဖြန်ဆိုပဲ မူလရေကန်က ပိတ်ပြီ။ ဒါပေမဲ့ အခုထိ ပေတစ်ထောင် သားရဲရဲ့ အရိပ်အယောင်တောင် မမြင်ရသေးဘူး”
သည်နေရာက လီချင်းချန်၏ မူလရေကန်ထဲမှ ပိုက်နက်နေရာတွင် ဖြစ်ပြီး သူတို့၏ သဘောတူညီချက်အရ ဇူယွမ်နှင့် ယောင်ယောင်အား သည်နေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဇူယွမ်မှာ သည်ရက်ပိုင်း အတွင်းတွင် မူလရေကန်ထဲတွင် ပေတစ်ထောင် ရေနေသားရဲ၏ အရိပ်အယောင်များကို ရှာဖွေနေခဲ့သော်လည်း ရက်အချို့ ကြာမြင့်ပြီး နောက်တွင်ပင် မည်သည့်ရလဒ်မှ မရှိခဲ့ပေ။
ဆယ်ရက် ကန့်သတ်ကြာချိန်သည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး ဇူယွမ်သာ ပေတစ်ထောင် သားရဲကို မရှာဖွေနိုင်ခဲ့ပါက သူ၏ မူလကောင်းချီး ခြင်ဆီမှာ နဂါးခုနစ်ကောင် အဆင့်သာ ရရှိတော့မည် ဖြစ်သည်။
နဂါးခုနစ်ကောင် ကောင်းချီးသည် များစွာသော တပည့်များ၏ စိတ်ကူးရင် အိပ်မက်ဖြစ်သော်လည်း ရွေးချယ်ခံများနှင့် ဇူယွမ်၏ ရည်မှန်းချက်မှ ထိုထက်ပိုပေသည်။ ထိုသို့ မဟုတ်လျှင် သူ့အနေဖြင့် ဤမျှလောက် အပင်ပန်းခံပြီးနောက် ပေတစ်ထောင် ရေနေသားရဲ တစ်ကောင်ကို လိုက်လံ ရှာဖွေနေမည် မဟုတ်ပေ။
“ဒါက သူ့ရဲ့ရွေးချယ်မှုပဲလေ။ အောင်မြင်သည် ဖြစ်စေ ရှုံးနိုမ့်သည်ဖြစ်စေ အရာအားလုံးက သူနဲ့ပဲဆိုင်တယ်” သူမ၏ အသံမှာ ကြည်လင်လှပြီး တစ်ပါးသူ၏ နားတွင် သာယာနာပျော်ဖွယ် ရှိပေသည်။ သူမက လီချင်းချန်ကို လှမ်းကြည့်ကာ မနှေးမမြန်ဖြင့် ဆက်ပြောသည် “ပြီးတော့ နင်ကလည်း သူဆီကနေ အကျိုးအမြတ်ကြီး ရလိုက်ပေမဲ့လည်း သူ့ကို အကူအညီ အများကြီး ပြန်ပေးခဲ့တာ မဟုတ်ဘူးလေ”
လီချင်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည် “သူဒီတစ်ကြိမ်မှာ ရှုံးနိမ့်ခဲ့ရင်တောင် အနာဂတ်မှာ သူ့ကိုယ် ထပ်ပြီး ကူညီပေးမယ်လို့ ငါကတိပေးတယ်။ သူ့လက်ထဲကို ပေတစ်ထောင် ရေနေသားရဲရဲ့ မူလအဆီအနှစ် သလင်းကျောက် ပြန်မထည့် မပေးနိုင်မချင်း ငါရပ်မှာ မဟုတ်ဘူး”
ယောင်ယောင်က သေရည်ခွက်ကို လက်ထဲတွင် ညင်သာစွာ လှည့်ဆော့နေခဲ့ပြီးမှ အောက်သို့ ချကာ ပြောလိုက်သည် “နဂါးရှစ်ကောင် ကောင်းချီးကို ရရှိပြီးနောက်မှ တစ်စုံတစ်ယောက်က ဒီစကားတွေကို မေ့သွားမှာ ငါစိတ်ပူမိတယ်”
“နင်က ငါ့ကို အဲဒီလိုမျိုး နိမ့်ကျတဲ့သူများ ထင်နေတာလား” လီချင်းချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ကျောက်တုံးစင်မြင့်၏ မလှမ်းမကမ်းတွင် ရှိနေသော အခြား အမျိုးသမီးများမှာ အမျိုးသမီး နှစ်ယောက်ကြားမှ စကားလုံးတိုက်ပွဲကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သည်မယုံနိုင်လောက်အောင် လှပသော မိန်းမပျိုလေးမှာ မည်သူမှန်း မသိပေ။ ယုံကြည်နိုင်ဖို့ ခက်ခဲလှအောင်ပင် ထိုမိန်းမပျိုလေးက အစ်မကြီးလီနှင့် သည်လိုမျိုး ပြောဆိုရဲပေသည်။
ထို့အပြင် အစ်မကြီး၏ အပြုအမူများက ထိုလှပသော မိန်းမပျိုလေးကို အတော်လေး သတိတထား ရှိနေပုံ ပေါ်ပေသည်။
***
အမျိုးသမီး နှစ်ယောက် အငြင်းပွားနေကြစဉ် အတွင်း ပုံရိပ်တစ်ခုကတော့ ရေကန်၏ ပိုမို နက်ရှိုင်းသော အနက်ပိုင်းဆီသို့ ဦးတည်သွားလျက်ရှိသည်။
ထိုသူကား ဇူယွမ်ဖြစ်သည်။
“မူလရေကန်က မနက်ဖြန်ဆို ပိတ်ပြီ။ ငါသာ ပေတစ်ထောင် ရေနေသားရဲကို မရှာနိုင်ခဲ့ရင် နဂါးခုနစ်ကောင် ကောင်းချီးပဲ ရလိမ့်မယ်” ဇူယွမ်၏ အကြည့်ကာ အတွေးများနှင့် ရောယှက်လျက်ရှိပြီး ရေကန်ထဲတွင် ဆက်လက် ရှာဖွေနေခဲ့ပေသည်။
နဂါးခုနစ်ကောင် ကောင်းချီးပင်လျှင် အံ့အားသင့်ဖွယ်ရာ ဖြစ်နေသော်လည်း နောက်တစ်ဆင့်ကို တက်ရန် အခွင့်အရေး ရှိနေသေးသ၍ကတော့ သူဆက်လက်ပြီး လှုပ်ရှားနေဦးမည်သာ ဖြစ်သည်။
ယခုအချိန်တွင် သူသည် ခရမ်းရောင်တပည့် တစ်ယောက် မဟုတ်သေးသည့် အတွက်ကြောင့် မူလရေကန်ထဲသို့ နောက်တစ်ဖန် ဝင်ရောက်ရန်မှာ ကြာမြင့်လိမ့်ဦးမည်သာ ဖြစ်သည်။
“ကြည့်ရတာ ငါလုပ်နိုင်တာထက် ပိုပြီး စဉ်းစားမိပြီ ထင်တယ်”
သူက မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့ပြီးနောက် ပခုံးပေါ်ရှိ ထန်ထန်အား ပွတ်သပ်လိုက်သည် “ပုံမှန်နည်းလမ်းတွေ အတိုင်းသာဆိုရင် ပေတစ်ထောင်သားရဲ ထွက်လာအောင် ငါတို့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ငါ့ကိုယ်ငါ ငါးစာလုပ်ဖို့ စဉ်းစားနေတယ် အဲဒါဆိုရင် အခြားရေနေသားရဲ အများကြီးကလည်း ငါတို့ကို လာတိုက်ခိုက်မှာ အသေအချာပဲ။ မင်းငါ့ကို ကာကွယ်ပေးပြီးတော့ ကူညီနိုင်မလား”
ထန်ထန်မှာ ကျေနပ်နေဟန်ဖြင့် နှာမှုတ်သံ ပြုလိုက်ပြီး သူ၏ လက်ဖဝါးလေးကို မြှောက်လိုက်ပြီး ရှစ်ခု နှစ်ခု ခွဲဝေမည် ဖြစ်ကြောင်း ပြလိုက်သည်။
ထိုအရာက တိုက်ပွဲတွင် ရရှိမည့် မူလအဆီအနှစ် သလင်းကျောက်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို သူယူမည်ဖြစ်ကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။
ဇူယွမ်က မေးရိုးပြုတ်လုမတတ် အံကြိတ်နေခဲ့ပြီး ခေါင်းပုံဖြတ်နေသည့် သတ္တဝါလေးအား စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူ့အနေဖြင့်လည်း အခြားသော သာမန် မူလနဂါး အဆီအနှစ် သလင်းကျောက်များကို မလိုအပ်တော့ပေ။ ပေတစ်ထောင်သားရဲ၏ မူလနဂါးအဆီအနှစ် သလင်းကျောက် တစ်ခုတည်းကသာ သူ့အား နဂါးရှစ်ကောင် ကောင်းချီးသို့ ရောက်ရှိစေလိမ့်မည်။
သဘောတူညီမှု ပြီးနောက်တွင် ဇူယွမ်က ရေကန်ထဲတွင် ခြေချိတ်ကာ ထိုင်ချလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် မျက်လုံးတွင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ချီသိုလှောင်ခန်း အတွင်းမှ မူလချီများမှာလည်း တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်လာခဲ့သည်။
ဝေါင်း...
နဂါးတစ်ကောင်၏ တိုးညင်းသော ဟိန်းသံက ပဲ့တင်ထပ်ကာ ထွက်ပေါ် လာခဲ့ပြီးနောက် ရေထုမှ စတင်ပြီး တုန်ခါလာခဲ့သည်။ ရွှေရောင် မူလချီများမှာ ဇူယွမ်၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့ပြီး ပေရာကျော်ရှည်သော ရွှေရောင် အလင်းတိုင်တစ်လုံး အသွင့်ဖြင့် ရေထုကို ထိုးဖောက်သွားခဲ့သည်။
ကြီးမားသော ရွှေရောင် စပါးအုံးကြီးကို ရွှေရောင် အလင်းတိုင်ပေါ်တွင် ထင်ရှားစွာ မြင်နိုင်ပြီး သူ၏ ဝမ်းနားတွင် ခြေထောက်များ မသဲမကွဲ ထွက်ပေါ်လျက်ရှိပြီး ဦးခေါင်းတွင်လည်း ရွှေရောင် ဘုသီးများက နဂါးတစ်ကောင်၏ ဦးချိုများအလား ထွက်ပေါ်လျက်ရှိသည်။
အလုံးစုံသော စပါးအုံးသားရဲချီများ ဖြန့်ထွက်လာခြင်းက ရေကန်၏ အနက်ရှိုင်းဆုံးသော အပိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုကြီး ဖြစ်ပေါ်စေပေသည်။
ရေထုမှာ ထိုးခွင်းခြင်းခံရပြီး ကြီးမားလှသော ပုံရိပ်ကြီးများမှာ ဇူယွမ်တည်ရှိသော နေရာတွင် တစ်ခုပြီးတစ်ခု ပေါ်လာပြီး ဇူယွမ်၏ အနားသို့ တိုးကပ်လာခဲ့ကြသည်။
ထိုအရေအတွက်မှာ လွန်စွာ အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ဇူယွမ်မှာ သူ၏ မူလချီများက ရေကန်အတွင်းရှိ ရေနေသားရဲများကို တိုက်ခိုက်လိုစိတ် ဖြစ်အောင် ဆွဲဆောင်နိုင်သည်ကို သိထားသော်လည်း ယခုလက်ရှိ အခြေအနေတွင် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချရုံကလွဲ၍ အခြားနည်းလမ်း မရှိတော့ချေ။
သည်အရာက သူ့ကိုယ်သူ အန္တရာယ် အခြေအနေထဲသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်ပြီး ထန်ထန်၏ ကာကွယ်ပေးမှုသာ ဆုံးရှုံးသွားပါက သူ့အနေဖြင့် ဒဏ်ရာ အကြီးအကျယ် ရသွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ပေတစ်ထောင် ရေနေသားရဲ အတွက်သာ ဆိုလျှင် သည်အန္တရာယ်ရှိသော အလောင်းအစားကို သူလုပ်ရမည်သာ…
ဝမ်းခေါင်းသံကြီးများ ထွက်ပေါ်လာခဲ့သည်။
မူလရေကန်အတွင်းရှိ မရေမတွက်နိုင်သော ရေနေသားရဲများမှာ သူထံသို့ တိုးဝင်လာခဲ့ကြပြီး သူတို့၏ မျက်ဝန်းများတွင် ဆာလောင်မှု အပြည့်ဖြင့် ဇူယွမ်ကိုသာ မလွတ်တန်း စိုက်ကြည့်နေခဲ့ကြသည်။
ဝေါင်း...
ထန်ထန်မှာ ဇူယွမ်၏ ပခုံးပေါ်မှ အောက်သို့ ခုန်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ထန်ထန်မှာ တိုက်ပွဲဝင် ပုံစံသို့ ပြောင်းလဲ သွားပြီးနောက် ရုန့်ရင်းသော မူလချီများက မုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားများမှာ သားရဲတို့၏ ဘုရင်တစ်ပါးအလား...
ဖိအားများ ပျံ့နှံ့လာသည်နှင့်အမျှ များစွာသော ရေနေသားရဲများမှာ ဖိနှိပ်ခံလိုက်ရပြီး ငြိမ်သက်မှု မရှိတော့သည့် အပြင် အရှေ့သို့ တိုးဝင်လာဖို့ရန်ပင် မဝံ့မရဲ ဖြစ်သွားကြပေသည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် ပိုမို ကြီးမားသော ရေနေသားရဲများ ပေါ်လာသည်နှင့်အမျှ ဇူယွမ်ထံမှ ထွက်ပေါ်နေသော မူလချီများ၏ ဆွဲဆောင်မှုမှာ ထန်ထန်အား ကြောက်ရွံ့မှုထက် ပိုမိုလာခဲ့ပေသည်။ အဆုံးတွင် ကြီးမားသော ရေနေသားရဲများထဲမှ တစ်ကောင်မှ ဟစ်ကြွေးလျက် ဇူယွမ်တို့ဆီ ပြေးဝင်လာခဲ့သည်။
ဝေါင်း...
ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို စော်ကား ခံလိုက်ရသည့် အလား ထန်ထန်၏ မျက်ဝန်းတွင် ဒေါသ အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။ ဟိန်းဟောက်သံနှင့် အတူ ကြီးမားသော ပါးစပ်ကြီးအား ဖွင့်ဟလိုက်ပြီးနောက် အနက်ရောင် ဘောလုံးများကို တစ်လုံးပြီးတစ်လုံး ထုတ်လွှတ်လိုက်သည်။
အနက်ရောင် ဘောလုံးများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် စုပ်ယူခြင်း စွမ်းအားများမှာ ပျံ့နှံ့သွားပြီး ရေနေသားရဲများကို တစ်ကောင်ပြီးတစ်ကောင် ဖျက်ဆီးသွားခဲ့သည်။
တိုက်ပွဲမှာ ထွက်ပေါ်နေသော ပေါက်ကွဲမှုများသည် မူလရေကန်၏ နက်ရှိုင်းသော နေရာတွင်ပင် မူလချီများဖြင့် တုန်ခါလျက် ရှိပေသည်။
***
ချောက်ကမ်းပါး ထိပ်ပေါ်ရှိ ကျောက်တုံး စင်မြင့်ပေါ်တွင်…
ယောင်ယောင်၏ သေရည်ငှဲ့နေသော လက်မှာ ရုတ်တရက် တန့်သွားခဲ့ပြီး ကြည်လင်သော မျက်လုံးများဖြင့် ရေကန်ဆီသို့ လှမ်းကြည့်လိုက်သည်။ လခြမ်းကွေးသဏ္ဌာန် မျက်ခုံးများမှာ တွန့်ကွေးသွားခဲ့ပြီး သူမဘာသာ ရေရွတ်လိုက်သည် “ဘယ်လောက်တောင် မဆင်မခြင် လုပ်လိုက်လဲ”
လီချင်းချန်မှ သူမအား လှမ်းကြည့် လိုက်ပြီးနောက် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည် “ဘာလို့လဲ”
ယောင်ယောင်မှာ သေရည်ကရားကို အောက်သို့ချလိုက်ပြီး သူမ၏ ခွက်အား နှုတ်ခမ်းဖျားလေးတွင် တေ့ကာ မော့လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် “အဆင်သင့် ပြင်ထားတော့”
လီချင်းချန်မှာ အံ့အားသင့်သွားပြီး လျင်မြန်စွာ မေးလိုက်သည် “နင်ဘာကို ဆိုလိုတာလဲ။ ဇူယွမ်က ပေတစ်ထောင် သားရဲကို ရှာတွေ့သွားပြီလား”
သူမ၏ အသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေပေသည်။ ထိုသို့သော တစ်ကောင်ကို ရှာဖွေရန် မည်မျှခက်ခဲကြောင်း သူမကောင်းစွာ နားလည်ပေသည်။ ယခုအချိန်ထိ သူမ၏အမြင်တွင် ဇူယွမ် မည်မျှပင် ကြိုးစားရှာဖွေပါစေ ပေတစ်ထောင်သားရဲကို မတွေ့နိုင်ဟု ထင်နေတုန်းဖြစ်သည်။
သို့သော်လည်း ယောင်ယောင်မှ ပြန်မပြောတော့ပဲ သူမ၏ သေရည်ခွက်အား သေးသွယ်သော လက်ချောင်းလေးများနှင့် ခေါက်ပြီး ရှင်းလင်းသော အသံတစ်ခု ထွက်အောင် ပြုလုပ်လျက်ရှိသည်။
***
ရေကန်၏ အနက်ပိုင်းတွင် ဖြစ်သည်။
တိုက်ပွဲမှာ ဆက်လက် ပြင်းထန်လျက် ရှိသည်။ ထန်ထန်မှာ ဇူယွမ်၏ ပတ်ပတ်လည် ပေတစ်ဒါဇင်ခန့် အကွာအဝေးကို အကာအကွယ် ပေးလျက်ရှိပြီး ထိုနေရာသို့ ဝင်လာသော ရေနေသားရဲ မှန်သမျှကို သတ်ဖြတ်လျက်ရှိသည်။
ဇူယွမ်မှာတော့ တိုက်ပွဲ၏ ကွင်းပြင် အလယ်တည့်တည့်တွင် မည်သည်မှ မလှုပ်ရှားပဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသည်။
ထိုအခိုက်တွင်...
သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ထံသို့ ဦးတည်က၍ ရေထုကို ဖြတ်သန်းကာ လာနေသော ပေတစ်ထောင်ကျော်မျှ ကြီးမားသည့် အရာကြီးအား ကြည့်လိုက်သည်။ ထိုကြီးမားသော အရိပ်ကြီးမှာ လျင်မြန်စွာဖြင့် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအကောင်က စွမ်းအား ပြည့်ဝနေသည့် ပေတစ်ထောင် ရေနေသားရဲ တစ်ကောင် ဖြစ်သည်။
ဇူယွမ်မှာ ချက်ချင်းပင် ထရပ်လိုက်ပြီး အော်ဟစ်လိုက်သည် “ထန်ထန် ငါတို့ သွားရအောင်”
ထို့နောက်သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ တစ်ဖက်သို့လှည့်ကာ ပြေးလိုက်သည်။
ပေတစ်ထောင်သားရဲကို သတ်ဖြတ်ရန်အတွက် ထိုအကောင်ကြီးအား ဦးစွာ ထောင်ချောက် အတွင်းသို့ ဖမ်းဆီးရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက ထိုအကောင်ကြီး ထွက်ပြေးလျှင် မည်သူမှ ရပ်တန့်နိုင်မည် မဟုတ်ပေ။
ထန်ထန်က ချက်ချင်းပင် အနောက်သို့ လိုက်လာခဲ့ပြီးနောက် ကျုံ့ဝင်သွားကာ သူ၏ ပခုံးပေါ်သို့ တက်လိုက်သည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင် လျင်မြန်စွာ ပြေးလွှားနေကြသည်။
သူတို့၏ နောက်တွင်တော့ ပေတစ်ထောင်ကျော် ရှိသည် ရေနေသားရဲကြီး တစ်ကောင်က ဟစ်ကြွေးလျက်ရှိပြီး ဇူယွမ်အား ဆာလောင်မှုများဖြင့် တပ်မက်စွာ စိုက်ကြည့်လျက်ရှိသည်။ သူ၏ ကြီးမားသော အရွယ်အစားကြီးနှင့် ဆန့်ကျင်စွာပင် သူ၏ အလျင်မှာ မြန်ဆန်လွန်းလှသည်။