တိုက်ပွဲ အဆုံးသတ်
Vol. 86 Ch. 1191
နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ အမှောင် ဟင်းလင်းပြင် အတွင်း၌...
ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများက အလွန်တရာ မောပန်း နွမ်းနယ်ခြင်းများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း... စိတ်အေးနိုင်ခြင်း မရှိပဲ သူ ခွန်ရီမင်၏ အသက် အင်အားကို အသည်းအသန် အာရုံခံ လိုက်သည်။
သူ၏ ဓားစွမ်းအင် တိုက်ခိုက်မှုကို သူ အသိဆုံး ဖြစ်သည်။ အစွမ်းထက်သည့် အကာအကွယ် ကျင့်စဉ် တစ်ခုသာ မရှိပါက ၎င်းကို မည်သည့် လျှို့ဝှက် ဝိညာဉ် အဆင့်မှ ခုခံနိုင်လိမ့်မည် မဟုတ်ပါချေ။ သူ့ ဇနီးမှာ ခံစစ် စွမ်းအားကြောင့် နာမည်ကြီးသူ တစ်ယောက် မဟုတ်ချေ။ အမြန်နှုန်းနှင့် ပုံရိပ်ယောင် ကိုယ်ပွားများကြောင့် လူသိများသူသာ ဖြစ်သည်။
ဓားသာ တည့်တည့်မတ်မတ် ထိမှန်ပါက သူမ သေဆုံးလိမ့်ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။
ခွန်ရီမင် အသက်ရှင်နေတာ သေချာသော အခါတွင်မှ ခုတ်ပိုင်းခြင်းဓား တစ်ယောက် သက်ပြင်းချနိုင်တော့၏။ သို့သော်လည်း... သူမက သတိလစ်နေသည့် အပြင် ဒဏ်ရာလည်း ကြီးမားစွာ ရရှိထားသည်။ မသေရုံ တမယ်သာ ရှိတော့သည် ဆိုလျှင် ပိုမှန်လိမ့်မည် ဖြစ်သည်။
ထို့အပြင် လက်ရှိ၌ သူမမှာ ဝေ့ဝူယင် လက်အတွင်း အကာအကွယ် ကင်းမဲ့စွာဖြင့် တည်ရှိနေသည်။ လူငယ်သာ ဆန္ဒရှိပါက မျက်တောင် တစ်ခပ်စာ အချိန်အတွင်း ခွန်ရီမင် သေသွားရတော့မည် ဖြစ်သည်။
“အရှင်... အရှင်ဝေ့...”
ခုတ်ပိုင်းခြင်းဓားက ဝိညာဉ် ဆက်သွယ်မှု တစ်ခု ဖော်ထုတ်ကာ ဝေ့ဝူယင်ကို တောင်းပန်ဖို့ ကြိုးပမ်း လိုက်၏။ အလွန်တရာ မောပန်းနွမ်းနယ်မှုကြောင့် သူ့ လေသံများမှာ တည်ငြိမ်ခြင်း မရှိတော့ချေ။
ထို့အပြင်... လျှို့ဝှက် စွမ်းအင်များ ကုန်ခမ်းနေလေပြီ ဖြစ်လေရာ သူ အမှောင် ဟင်းလင်းပြင် အတွင်းတွင်ပင် တည်ငြိမ်စွာ ရပ်တန့်နိုင်စွမ်း မရှိတော့ချေ။ အပျက်အစီး မန်နာများ၏ တွန်းထိုးမှု အတိုင်း အဖြူရောင် လောကထဲတွင် ဦးတည်ချက် မဲ့စွာ လွင့်မြော နေခဲ့ရပြီ ဖြစ်လေသည်။
သို့သော်လည်း... ဝေ့ဝူယင်က နားထောင်ခြင်း မပြုချေ။ သူက ခွန်ရီမင်၏ လည်ပင်းကိုသာ ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ အလွန်သန့်စင်သည့် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက သူမ၏ လည်ပင်းမှာ ကျိုးကြေ သွားလောက်ပြီ ဖြစ်သည်။
“အ...”
သတိလစ်နေသည့် ကြားမှပင် ခွန်ရီမင်မှာ နာကျင်မှုကြောင့် အော်ငြီး လိုက်မိ၏။ သူမ၏ လည်ပင်းက အချိန်မရွေး အက်ကွဲသွားတော့မည် ဖြစ်ကြောင်း သိသာလှသည်။
“မလုပ်ပါနဲ့...”
ခုတ်ပိုင်းခြင်းဓားက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်၏။ ထို့နောက်တွင်တော့ သူက ရှိရှိသမျှ လက်ကျန် လျှို့ဝှက် စွမ်းအား အနည်းငယ်လေးကို စစ်ထုတ်လိုက်ရင်း ဝေ့ဝူယင်ထံ ပျံသန်းသွားဖို့ ကြိုးပမ်း လိုက်သည်။ သူ့ မျက်လုံးများက ရူးသွပ်မှုများနှင့် ပြည့်နှက်နေ၏။
ထိုအရာအားလုံးကို ဖော်ပြရသည်မှာ ကြာမြင့်လှသည့်တိုင် တကယ်တမ်းတွင်တော့ သေမျိုး မျက်တောင် တစ်ခပ်သာ အချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
တိမ်ပြာမှာ ဝေ့ဝူယင်၏ လက်သီးချက် အောက်၌ အရှိန်အဟုန်နှင့် လွင့်ပျံနေခဲ့ကာ ထိုအခိုက်သို့ ရောက်သော အခါတွင်မှ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်း လိုက်နိုင်၏။ ချက်ချင်းဆိုသလိုပင် ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့၏ အခြေအနေကို သူ တွေ့ရှိလိုက်ရသည်။
ဝေ့ဝူယင်မှာ ခွန်ရီမင်ကို ကြမ်းတမ်းစွာ ဆုပ်ကိုင်ထားကာ ခုတ်ပိုင်းခြင်းဓားကတော့ ရူးသွပ်နေသည့် အမူအရာဖြင့် လူငယ်ထံ ပျံသန်းဖို့ ကြိုးပမ်းနေသည်။ သို့သော်လည်း သူ၏ အမြန်နှုန်းက အလွန်ပင် နှေးကွေးလှကာ ထိရောက်မှု မရှိသလောက်ပင်။
တိမ်ပြာ၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ် သုံးခုလုံးမှာ အနိမ့်ဆုံး အဆင့်သို့ ထိုးဆင်းသွား၏။ တိုက်ခိုက်မှု အနည်းငယ် အတွင်းမှာပင် လောကီ မျက်လုံး အဆင့်တွင်သာ ရှိသည့် ဝေ့ဝူယင်မှာ သူတို့ သုံးယောက် စလုံးကို အပြတ်အသတ် အနိုင်ယူ သွားခဲ့ပြီ ဖြစ်သည်။ လူငယ်၏ တိုက်ခိုက်မှု နည်းစနစ်များက အလွန်ပင် ထိရောက်လှကာ ခန့်မှန်းဖို့ ခက်ခဲလွန်းလှသည်။
သူ အစီအရင် တစ်ခု ခင်းကျင်းမည် ပြင်တိုင်း ဝေ့ဝူယင်မှာ အမြဲတမ်း သူ့အနားသို့ ရောက်ရှိလာကာ ခန္ဓာကိုယ်ချင်း ယှဉ်တိုက်ခိုက်၍ အနိုင်ယူသွားစမြဲ ဖြစ်သည်။ သူက သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ရောက်ခါနီး ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ သာမန် သေမျိုးတစ်ပိုင်း အရှင်အဆင့်များထက် ပိုမို၍ အစွမ်းထက်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ အလွယ်တကူပင် အနိုင်ယူ သွားခဲ့သည်။
ခုတ်ပိုင်းခြင်းဓားနှင့် တိုက်ခိုက်သော အခါတွင်တော့ လူငယ်မှာ ခြားနားသည့် နည်းစနစ် တစ်ခုကို သုံးခဲ့သည်။ သူက ခုတ်ပိုင်းခြင်းဓားနှင့် အနီးကပ် တိုက်ပွဲ ဆင်နွှဲဖို့ ငြင်းဆန်ခဲ့ကာ ဇနီးဖြစ်သူ ခွန်ရီမင်ကို သုံး၍ ခုတ်ပိုင်းခြင်းဓား၏ စိတ်ဆိုင်ရာ တည်ငြိမ်မှုကို ဖြိုခွဲခဲ့သည်။ ရန်သူ၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော အခါတွင်တော့ ခွန်ရီမင်ကို လူသားဒိုင်းကာ အဖြစ်ပါ အသုံးပြုခဲ့သည်။
ပြင်ပလူ တစ်ယောက်၏ အမြင်ဖြင့် ပြောရလျှင် ဝေ့ဝူယင်မှာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။ ခုတ်ပိုင်းခြင်းဓား၏ ဓားတိုက်ခိုက်မှုမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှကာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ပင် သတိလက်လွတ် နေပါက ထက်ပိုင်းပြတ် သွားလိမ့်မည် ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ ဓားကျင့်ကြံသူများမှာ အစွမ်း အထက်ဆုံးသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင် ထားကြသည်။ အထူးသဖြင့် ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် ခုတ်ပိုင်းခြင်းဓားလို လူမျိုး ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ကွာခြားချက် ကြီးမားသည့်တိုင် ခွန်ရီမင်မှာ ခုတ်ပိုင်းခြင်း ဓားကို အကြောင်းမဲ့ လက်ခံခဲ့ခြင်း မဟုတ်ချေ။ ထိုဓားကျင့်ကြံသူမှာ အလွန်ပင် ပါရမီ မြင့်မားသည်။ အစွမ်းထက်သည်။ ဟင်းလင်းပြင် မုဆိုး တစ်ယောက် အနေဖြင့် ကိုယ်ပိုင် လမ်းကြောင်းကို ထုဆစ်နိုင်ခဲ့သည်။ ခွန်ကလန်နှင့် မတိမ်းမယိမ်း အင်အားစု တစ်ခုကို တည်ထောင် နိုင်ခဲ့သည်။
တိမ်ပြာမှာ လျှို့ဝှက် စွမ်းအင်များကို စုစည်းကာ လက်ဟန် ချိပ်စည်း တစ်ချို့ကို ဖော်ထုတ်လိုက်၏။ အဇူရာ တိမ်တိုက် တစ်ခုမှာ သူ့ ခြေထောက်အောက်၌ ပေါ်လာကာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း သယ်ဆောင် သွားသည်။ တစ်ခဏ အတွင်းမှာပင် တိမ်ပြာမှာ ခုတ်ပိုင်းခြင်းဓား အနားသို့ ရောက်ရှိသွား၏။
“ရပ်လိုက်တော့... ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး”
တိမ်ပြာက ခုတ်ပိုင်းခြင်းဓားကို ဖျောင်းဖျေသည့် လေသံဖြင့် ဆိုလိုက်၏။ သို့သော်လည်း... ခုတ်ပိုင်းခြင်းဓားက သူ့ စကားကို ကြားဟန် မရချေ။ အံကို တင်းတင်းကြိတ်ကာ ဝေ့ဝူယင်ကိုသာ စိုက်ကြည့် နေခဲ့၏။ သူ့ မျက်ဝန်းများက... “ခွန်ရီမင် သေရင် ငါ့ရဲ့ လျှို့ဝှက် ဝိညာဉ်ကို ဖောက်ခွဲပစ်ပြီး မင်းကိုပါ အပါ ခေါ်သွားမယ်” ဟု ပြောနေသယောင်ပင်။
တိမ်ပြာက အကူအညီ ကင်းမဲ့စွာ ချုပ်ကိုင်ခံထားရသည့် ခွန်ရီမင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝေ့ဝူယင်၏ မျက်နှာထံ အကြည့်ကို ပြောင်းလဲ လိုက်သည်။ ထို့နောက်တွင်တော့ အသက်ကို ခပ်ပြင်းပြင်း ရှူရင်း လေးစားစွာ ဦးညွှတ်လိုက်သည်။
"ကျုပ်တို့ရဲ့ မလေးစားမှု အတွက် တောင်းပန်ပါတယ်... အရှင်ဝေ့...”
တောင်းပန်တယ်...
ခုတ်ပိုင်းခြင်းဓားက တိမ်ပြာကို ကြည့်လိုက်သည်။ နားမလည်နိုင်သည့် အငွေ့အသက် တစ်ချို့က သူ့ မျက်ဝန်းများ အတွင်း ယှက်သမ်းသွား၏။
ဝှစ်...
မူလဒြပ်စင် လောကနယ်မြေမှာ ရုတ်သိမ်းသွားကာ ထျန်းတျန် အတွင်းရှိ နယ်မြမျိုးစေ့ထဲသို့ ပြန်လည် ဝင်ရောက် သွားခဲ့သည်။
“အနည်းဆုံးတော့ ခင်ဗျားက သဘောပေါက် လွယ်သားပဲ...”
ဝေ့ဝူယင်က ခွန်ရီမင်၏ လည်ပင်းအား ချုပ်ကိုင်ထားမှုကို ဖြေလျှော့ကာ တိမ်ပြာထံသို့ ပစ်ပေး လိုက်သည်။ သွေးစက်သွေးမှုန်များက မိန်းကလေး လွင့်ပျံသွားရာ တစ်လျှောက်တွင် လမ်းကြောင်း တစ်ခု ဖြစ်ကာ ကျန်ရစ်ခဲ့၏။
တိမ်ပြာက သူမကို ဖမ်းယူ လိုက်သည်။ ခုတ်ပိုင်းခြင်းဓားကလည်း ခပ်မြန်မြန်ပင် အနားသို့ ရောက်ရှိလာကာ သူမ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း သတိထားမိသော အခါတွင်မှ သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။ မည်သို့ပင် ဆိုစေ... ခွန်ရီမင်၏ ဒဏ်ရာများမှာ အလွန်ပင် ဆိုးရွားလှကာ မသေရုံတမယ် ဖြစ်သည်။
ခုတ်ပိုင်းခြင်းဓားက “အချိန် နောက်ပြန်လှည့်ခြင်း” စွမ်းအားကို သုံး၍ ခွန်ရီမင်၏ ဒဏ်ရာများကို ကုသပေးဖို့ တိမ်ပြာထံ တောင်းဆိုရန် စဉ်းစားလိုက်သော်လည်း ကုန်ကျစရိတ်ကို တွေးမိသော အခါတွင်တော့ စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။
ဝှစ်...
ရုတ်တရက် ဝေ့ဝူယင်က သူတို့ထံ ရှန့်ထို လက်စွပ် တစ်ကွင်းကို ပစ်ပေးလိုက်၏။ အချိန်လေပွေ တိုက်ပွဲတွင် ဝေ့ဝူယင် ရှုယုထံမှ ရှန့်ထို လက်စွပ် ဒါဇင် အနည်းငယ် ခန့်ကို ရရှိခဲ့ပေသည်။ ထိုအထဲမှ အများစုက အဆင့်နိမ့်များ ဖြစ်သည့်တိုင် လက်အောက်ငယ်များထံ ချီးမြှင့်ဖို့ အတွက်တော့ အလွန် အသုံးဝင် ပေသည်။
တိမ်ပြာက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရှန့်ထို လက်စွပ်ကို စစ်ဆေးလိုက်၏။ တစ်ခဏ ကြာပြီးနောက် သူ သက်ပြင်းခပ်ဖျော့ဖျော့ တစ်ချက် ချလိုက်သည်။ ကြည့်ရသည်က သူ့ ခန့်မှန်းချက်က မှန်ကန်နေသည့်ပုံပင်။
ဝေ့ဝူယင်က သုံးနာရီ အတွက် ဒီဇိုင်းဆွဲထားသည့် သဲနာရီ တစ်ခုကို ထုတ်ယူလိုက်၏။ နာရီ၏ တစ်ဖက်ခြမ်းက နေအလင်း ကဲ့သို့ အစက်အပျောက်များ ပါသည့် မီးခိုးရင့်ရောင် သဲများဖြင့် ပြည့်နှက် နေသည်။
“...”
ထိုအခါတွင်မှ ခုတ်ပိုင်းခြင်းဓားမှာ အမှန်တရားကို သဘောပေါက် သွား၏။ တိုက်ပွဲက ယခုထိ မစတင်ရသေးချေ။
တိမ်ပြာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ သူတို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲက သုံးယောက် တစ်ယောက်ထက်၊ တစ်ယောက် တစ်ယောက်ချင်း သုံးပွဲ တိုက်ခိုက်ခဲ့တာနှင့်ပင် ပိုတူ နေခဲ့သည်။ ခွန်ရီမင်က ထွက်ပြေးရန် ကြိုးပမ်းသည်။ ခုတ်ပိုင်းခြင်းဓားကတော့ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့သည်။ တိမ်ပြာကတော့ တစ်ခုခု လုပ်ရန်ပင် အခွင့်အရေး မရခဲ့ချေ။ ထိုအရာက သူတို့ သတိလက်လွတ် နေခဲ့သည့် ရလဒ်ပင် ဖြစ်သည်။ ဝေ့ဝူယင်၏ အစောပိုင်း သတိပေးစကားများကို မလေးမစား လုပ်ခဲ့သည့် အကျိုးဆက်ပင် ဖြစ်သည်။
ထို့အပြင်... ဝေ့ဝူယင်မှာ တိုက်ပွဲ တစ်လျှောက်လုံး၌ သူတို့ကို သတ်ဖြတ်ရန် အနည်းငယ်မျှ ကြိုးစားခဲ့ခြင်း မရှိချေ။ အကယ်၍ သူသာ သတ်ချင်ခဲ့ပါက နှေးကွေးသည့် တုန့်ပြန်မှုကြောင့် ပထမဆုံး သေမည့်လူမှာ တိမ်ပြာ ဖြစ်သည်။ ထို့နောက်တွင်တော့ သတိလစ်နေသည့် ခွန်ရီမင်နှင့် လျှို့ဝှက် စွမ်းအင် အလုံးစုံ ကုန်ခမ်းနေသည့် ခုတ်ပိုင်းခြင်းဓား...။
“လက်စွပ်ထဲမှာ လျှို့ဝှက် မြေကြီး အဆင့် ကုသရေးနဲ့ လေ့ကျင့်ရေး ထုတ်ကုန်တွေ ပါတယ်... ခင်ဗျားတို့ သုံးယောက်ကို သန့်စင်ဖို့နဲ့ နည်းဗျူဟာ ချမှတ်ဖို့ အချိန် သုံးရက်ပေးမယ်... သုံးရက်လွန်တာနဲ့ ခင်ဗျားတို့ရဲ့ သေရေး ရှင်ရေးကို ဆုံးဖြတ်မယ့် အချိန် သုံးနာရီ စမယ်”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ သို့သော်လည်း... သူ၏ စကားလုံး တစ်ခုချင်းစီက တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက်ကို ကျောရိုးများ စိမ့်တက်သည် အထိ ထိတ်လန့် သွားစေခဲ့သည်။
ဂီး...
ပိုင်လင်မှာ အမှောင် ဟင်းလင်းပြင်ကို ထိုးခွဲကာ ဝေ့ဝူယင် အရှေ့ကို တဒင်္ဂ အတွင်း ရောက်ရှိလာ၏။ ထို့နောက်တွင်တော့ လူငယ်ကို သယ်ဆောင်မှာ မူလ အာရုဏ်ဦး နန်းတော်ဆီသို့ ပြန်လည် ပျံသန်း သွားခဲ့တော့သည်။
“...”
တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့ သုံးယောက် စလုံး၏ သေရှေး၊ ရှင်ရေးက သုံးရက် ဆိုသည့် အချိန်လေး ပေါ်တွင် မူတည်နေပြီ ဖြစ်ကြောင်း နားလည် သဘောပေါက် နေခဲ့ကြပြီ ဖြစ်လေသည်။
***