နာ့ရှင်းရီ
Vol. 86 Ch. 1195
“ခု မရသေးဘူး...”
နာ့ရှင်းရီ၏ မျက်နှာက ပန်းရောင် ဖျော့ဖျော့သမ်းနေကာ အလွန်ပင် ရှက်ရွံ့နေကြောင်း ထင်ရှားလှသည်။ မိန်းကလေး၏ အမူအရာကို ကြည့်ရင်း ချစ်စရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ ထို့ကြောင့်ပင် သူက တဟားဟား ရယ်မောလိုက်သည်။
“ရှင်းရီ... မင်းက မူလယင်ကို ပြန်ပြီး ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့လူပါကွာ... နောက်ပြီး မင်းမှာ မူလယင် တစ်ခုတည်း ရှိတာလည်း မဟုတ်ဘူး... ပြန်ကျင့်ကြံဖို့ ငါ အဂ္ဂိရတ် ထုတ်ကုန်တွေ ပေးမှာပေါ့”
နာ့ရှင်းရီက အနည်းငယ် တွန့်ရှုပ်သွားသည့် သူမ၏ အင်္ကျီကို ပြန်လည် ပြင်လိုက်၏။ ထို့နောက် သူမက မရဘူး ဆိုသည့် ပုံံစံမျိုးဖြင့် ခေါင်းခါလိုက်သည်။
“ဆုံမှတ်ကိုးခု ယင်ခန္ဓာကို ရောက်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ရှင် သိရဲ့လား... ရင်းမြစ်တွေ ရှိတောင် အချိန်တွေ အကြာကြီး လိုတယ်ရှင့်”
သူမ၏ လေသံက ဒေါသ အငွေ့အသက် တစ်ချို့ဖြင့် ရောယှက်နေသည်။ ဝေ့ဝူယင်က အရှုံးပေးဟန်ဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက်၏။ နာ့ရှင်းရီ မှားတော့လည်း မမှားချေ။ ဝိညာဉ် ပြင်ပ ခွဲထုတ်ခြင်း နည်းလမ်းကြောင့် အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ရတာ သူ့အတွက် လွယ်ကူသည့်တိုင် အခြားလူများ အတွက်တော့ အခက်အခဲ တစ်ချို့ ရှိပေသည်။ အဓိက အခက်အခဲကတော့ အချိန်လိုအပ်ချက်ပင်။
နာ့ရှင်းရီက ဝေ့ဝူယင်ကို မျက်စောင်းကလေး ထိုးလိုက်ရင်း...
“နောက်ပြီး သူ့မှာ အခြားလူတွေလည်း မရှိတာ မဟုတ်ပဲနဲ့...”
ဝေ့ဝူယင်မှာ မိန်းကလေးများနှင့် ပေါင်းသင်း ဆက်ဆံရေးတွင် ထူးချွန်ကြောင်း မည်သူက မသိပဲ နေပါမည်နည်း။ အစစ်အမှန် ဒြပ်စင် ဂိုဏ်းချုပ် လင်းရှန်းရှန်း ပင်လျှင် ဝေ့ဝူယင်ထံတွင် အစေခံ တစ်ယောက် အနေဖြင့် အမှုထမ်း နေကြောင်း တိုင်းသိပြည်သိ ဖြစ်သည်။ ထို့အပြင်... တိုက်တန်ငရဲ ဖျက်ဆီးခြင်း ဧကရီ၏ တပည့်မှာလည်း သူ့ ချစ်သူ အဖြစ် ကျော်ကြားနေသည်။
ထိုအထဲတွင် တန်ခိုးရှင် နတ်မိမယ် စာရင်း၏ နံပတ်တစ် အလှမယ်ဟောင်း ယွီးစွန်းလီကို ထည့်တွက်ခြင်း မပြုရသေးချေ။
လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလ အတွင်း ဝေ့ဝူယင်ထံမှ အာရုံ စူးစိုက်မှု ရရှိရန် ကြိုးပမ်းခဲ့သည့် မိန်းကလေးပေါင်း မရေမတွက်နိုင်အောင်ပင် ရှိသည်။ မည်သည့် မိန်းကလေးက သူ့ကို မလိုချင်ပဲ နေပါမည်နည်း။
စီးတော် သားရဲက အလွန် လှပသည့် ရှေးဟောင်း ဖီးနစ်ငှက်...၊ မြေကြီး ရှန့်ထို အဆင့် အဂ္ဂိရတ် သူရဲကောင်းများ...၊ ခေတ်သစ် တစ်ခုကို ပြဌာန်းခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်၊ ထာဝရ ဧကရာဇ်၏ ခြေရာကို နင်းနိုင်ရန် အလားအလာ အများဆုံး ရှိသော ပုဂ္ဂိုလ်...။
ပိုမို၍ အရေးကြီးသည့် အရာက ဝေ့ဝူယင်မှာ ချွတ်ယွင်းချက် ကင်းအောင် ချောမောသူ တစ်ယောက် ဖြစ်နေခြင်းပင်။ တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များ ဖြစ်ကြသည့် ချောင်ယုနှင့် ထျန်းရီဝူ တို့လို သန့်စင်ကာ လှပသည့် အသွင်အပြင်မျိုးနှင့် ခြားနားစွာပင် လူငယ်၏ ရုပ်ရည်က သူရဲကောင်း တစ်ယောက်နှင့် ပိုတူပေသည်။ စစ်သည်တော် တစ်ယောက်နှင့် ပိုဆင်သည်။ မည်သည့် မိန်းကလေး မဆို အားကိုးချင်စိတ် ဖြစ်ပေါ်လာစေနိုင်သည့် ရုပ်ရည်မိုး ဖြစ်သည်။
“...”
မိန်းကလေး၏ စွပ်စွဲစကားကို နားထောင်ကာ ဝေ့ဝူယင် စိတ်ထဲမှ ဖြူရော်စွာ ပြုံးလိုက်မိ၏။ သူမက သဝန်တိုနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း... ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် အနေဖြင့် သူ ဆိတ်ဆိတ်ကလေးသာ နေလိုက်သည်။ ထိုအရာက အန္တရာယ် အကင်းဆုံးသော ရွေးချယ်မှုပင်။
“ဒါနဲ့ မင်းငါ့ဆီကို လာတာ အကြောင်းမဲ့တော့ မဖြစ်နိုင်ဘူး... ဘာကိစ္စ ရှိလို့လဲ”
ဝေ့ဝူယင် ပါးနပ်စွာပင် ခေါင်းစဉ်ကို ပြောင်းပစ်လိုက်၏။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဝေ့ဝူယင် နာ့ရှင်းရီနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်... သူ့ကတိအတိုင်း မည်သည့် လွှမ်းမိုးမှုမှ မပါပဲ သူမကို လွတ်လပ်စွာ ကြီးထွား ဖွံ့ဖြိုးခွင့် ပြုခဲ့သည်။
ကျော်ကြားမှုနှင့် ကံကြမ္မာကို ကိုယ်တိုင် တည်ဆောက်လိုသည့် မိန်းကလေး၏ ရည်မှန်းချက်ကို ဝေ့ဝူယင် လေးစားပေသည်။ ထို့အပြင်... အနာဂတ် ခင်ပွန်းလောင်း တစ်ယောက် အနေဖြင့် သူမကို နောက်ကွယ်မှ နေ၍ သူ အတတ်နိုင်ဆုံး ကူညီပေးခဲ့သည်။ ဝေ့ဝူယင်နှင့် ထိုကဲ့သို့ ဆက်ဆံရေး ရှိသည်က နာ့ရှင်းရီ တစ်ယောက်တည်း မဟုတ်ချေ။ ယွီစွန်းလီ၊ တရှန်းတို့ အပါအဝင် မိန်းကလေးပေါင်း ဒါဇင်ချီသည် အထိ ရှိပေသည်။
နာ့ရှင်းရီ၏ အမူအရာက ပြောင်းလဲသွားကာ သုန်မှုန်ခြင်းများနှင့် ပြည့်နှက် သွား၏။
“ပထမဆုံး ပြောချင်တာက ရှင်းရီ ဒီကိုလာတာ ရှင့်ဆီက အကူအညီလိုလို့ မဟုတ်ဘူး... ဒီအတိုင်း လာပြီး ပြောပြရုံတင်... ဒီကိစ္စကို ရှင်းရီ ကိုယ့်ဘာသာ ကိုင်တွယ်နိုင်တယ်”
မိန်းကလေး၏ လေသံထဲမှ လေးနက်မှုကို နားထောင်ရင်း ဝေ့ဝူယင် နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ အဆိုပြုချက်ကို ဝေ့ဝူယင် လက်ခံလိုက်သော အခါတွင်မှ နာ့ရှင်းရီ သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။
“ရှင်းရီ လောကီ မျက်လုံး အဆင်ကို တက်လှမ်းပြီးတဲ့ နောက်မှာ အင်ပါယာ မျိုးနွယ်က အမှောင်ယင် နန်းတော်ကို ချဉ်းကပ်လာတယ်... အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာရဲ့ ဒုတိယသား ထျန်းကုယန်က လက်ထပ်ခွင့် တောင်းတယ် ဆိုပါတော့လေ”
“...”
ဝေ့ဝူယင်မှာ ဆက်လက် နားထောင်နေ၏။ သူ၏ အမူအရာက မည်သည့် ခံစားချက်ကိုမှ မပြုပါချေ။
"သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းရီ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချပြီးတာနဲ့ စီစဉ်ဖို့ပဲ”
နာ့ရှင်းရီက ပြောရင်း ဝေ့ဝူယင်ကို အကဲခတ်လိုက်၏။
“ကျွန်မ ငြင်းလိုက်တယ်... ဒါပေမဲ့ ထျန်းမျိုးနွယ်ထဲမှာ အင်ပါယာ အမိန့်ပြန်တမ်းနဲ့ အတူ ကျွန်မကို လက်ထပ်ခွင့် အတွက် ပြိုင်ပွဲ တစ်ခု လုပ်ခဲ့တယ်လို့ သတင်းကြားတယ်...”
“အိုး...”
ဝေ့ဝူယင်မှာ ထိုသတင်းကြောင့် အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း.. သူမ၏ အမူအရာကတော့ လုံးလုံးလျားလျား တည်ငြိမ်နေဆဲ ဖြစ်သည်။
အမှောင်ယင် နန်းတော်မှာ ထိပ်သီး အင်အားစုကြီးများ အတွက် ထူးချွန် ထက်မြက်သည့် ဇနီးလောင်းများကို မွေးထုတ်လေ့ကျင့် ပေးနေကြောင်း ဝေ့ဝူယင် သတင်းများ ကြားသိထားပြီး ဖြစ်သည်။ အင်ပါယာ မျိုးနွယ် အနေဖြင့် နာ့ရှင်းရီလို ဆုံမှတ် ကိုးခု သွေးကြော ပိုင်ရှင်ကို မျက်စိကျတာ မထူးဆန်းပါချေ။ အင်ပါယာ အမိန့်ပြန်တမ်းကတော့ သူ့ အမြင်အရ ဆိုရလျှင် အရှက်ကင်းမဲ့မှု သက်သက်ပင် ဖြစ်သည်။
“အဲဒီတော့ မင်းက...”
ဝေ့ဝူယင် မျက်ခုံးပင့်ရင်း နာ့ရှင်းရီကို ကြည့်လိုက်၏။
"ပြောပြီးပြီလေ... ရှင်းရီ ကိုင်တွယ်လိုက်ပါ့မယ်လို့”
နာ့ရှင်းရီက ဆိုလိုက်၏။ ထိုပြဿနာအား ဖြေရှင်းရန် သူမထံတွင် နည်းလမ်း တစ်ခု ရှိနေတာ ရှင်းလင်းပေသည်။ ဝေ့ဝူယင် ပြုံးလိုက်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကောင်းပြီလေ... မင်း လာတာ ဒီကိစ္စ တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး”
ဝေ့ဝူယင်က အလိုက်သိစွာပင် ထပ်မံ အစပျိုးလိုက်၏။ နာ့ရှင်းရီက ခေါင်းညိတ် လိုက်သည်။
“ဟုတ်တယ်... လုံထျန်းယု ဘယ်မှာ ရှိလဲ ဆိုတဲ့ သက်သေတစ်ချို့ကို ရှင်းရီ ရထားတယ်”
သူမ၏အသံက လေနက်ခြင်းများနှင့် ပြည့်နှက်နေ၏။ ညီမလေး အရင်း တစ်ယောက် အဖြစ် ယူဆထားသည့် ထိုမိန်းမငယ်လေးအား တွေ့အောင် ရှာဖွေဖို့ သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“...”
ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း... သူ့ ငွေရောင် မျက်ဝန်းများက ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။
“ရှင်းရီ အထင် ရှောင်ယုကို ခေါ်သွားတဲ့ တစ်ယောက်က အသူရာ နတ်ဆိုးသခင် ဖြစ်လိမ့်မယ်... ကျွန်မတို့ ကြယ်တာရာ နယ်မြေမှာတုန်းက ကျော်ကြားခဲ့တဲ့ တစ်ယောက်လေ... သိတယ်မလား”
"...”
ဝေ့ဝူယင်မှာ ငြိမ်သက်နေ၏။ နာ့ရှင်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ရှင် ရှောင်ယုကို သိပ်ပြီး အမြင်မကြည်ဘူး ဆိုတာ ရှင်းရီ သိပါတယ်... ဒါပေမဲ့ တစ်ခါလောက်တော့ ကူညီပေးဖို့...”
ဝေ့ဝူယင် မိန်းကလေးကို ကြည့်လိုက်၏။ သူမမှာ အင်ပါယာ ကလန်နှင့် ရင်ဆိုင်နေရသည့် ကိစ္စ အတွက်ပင် ဝေ့ဝူယင်ထံမှ အကူအညီတောင်းခံဖို့ ငြင်းဆန်ခဲ့သော်လည်း လုံထျန်းယုကို ရှာဖွေဖို့ အတွက်တော့ အောက်ကျခံသည့် လေသံငယ်လေးဖြင့် တောင်းဆို နေခဲ့ပြီ ဖြစ်သည်။ မိန်းမငယ်လေး အပေါ် ထူးရှိသည့် သူမ၏ အချစ်က ရှင်းလင်းလှပေသည်။
“ငါ သူ့ကို ရှာလိုက်ပါ့မယ်...”
ဝေ့ဝူယင် ပြုံးရင်း ကတိပေးလိုက်၏။ နာ့ရှင်းရီ၏ မျက်နှာက ချက်ချင်းပင် အပြုံးပန်းများနှင့် ဝေသွားခဲ့သည်။ သူမက မူလ အာရုဏ်ဦး နန်းတော်တွင် အချိန် အကြာကြီး မနေပါချေ။ စကားအနည်းငယ် ပြောဆိုပြီးသည်နှင့် ဝေ့ဝူယင်ကို အနမ်းမိုး ထပ်မံ ချွေကာ မရိုးမရွ ဖြစ်စေလျှက် ပြန်လည် ထွက်ခွာ သွားခဲ့သည်။
ဝေ့ဝူယင်ကတော့ ဟင်းလင်းပြင် တံခါးရှေ့တွင်ပင် အချိန် ကြာမြင့်စွာ ရပ်နေခဲ့မိ၏။ သူ၏ ငွေရောင် မျက်ဝန်းများက အမျိုးအမည် မသိ အလင်းတန်း တစ်ခုဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။
“အသူရာ နတ်ဆိုးသခင်...”
***