← Chapters

ချိန်းဆိုသည့်နေ့

Vol. 86 Ch. 1196

ချိန်းဆိုသည့်နေ့

Vol. 86 Ch. 1196

နာရီ အနည်းငယ် ကြာမြင့်ပြီးနောက်...

ဝေ့ဝူယင်မှာ ဝတ်စုံ အပြည့်အစုံ ဆင်မြန်းထားကာ အချစ်တိုက်ပွဲ ဆင်နွှဲခဲ့သည့် ခန်းမ အပြင်ဘက်တွင် ရပ်နေခဲ့၏။ သူ့ အရှေ့တွင်တော့ မိန်းကလေး နှစ်ယောက်...။

“ရှင် ဘယ်ကို သွားမှာလဲ...”

ခပ်ရှရှနှင့် ဆွဲဆောင်မှု ရှိသည့် အသံပိုင်ရှင်က မေးလိုက်၏။ သူမကတော့ တရှန်းပင် ဖြစ်လေသည်။ မိန်းကလေးမှာ ငွေရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား ခါးကို ဖြောင့်မတ်စွာ ဆန့်တန်းလျှက် ရပ်နေခဲ့၏။ သူမ၏ ရွှေရောင် မျက်ဝန်းများကတော့ ယုံကြည်ချက် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။

"...”

သူမ ဘေး၌ ရပ်နေခဲ့သည်ကတော့ နယ်လာရှားပင် ဖြစ်သည်။ တရှန်းနှင့် ယှဉ်ပါက သူမ၏ အရပ်က အတော်လေး တိုကာ ချစ်စရာ ကောင်းလှသည်။ နတ်ဆိုး မိန်းကလေးနှင့် နောက်ထပ် ခြားနားတာ တစ်ခုက သူမမှာ လုံးဝ အဝတ်အထည် ဗလာနတ္ထိ ဖြစ်နေခြင်း ဖြစ်သည်။သူမမှာ အိပ်ချင်မူးတူးနှင့် တရှန်း၏ ခေါ်ရာနောက် ထ၍ လိုက်လာရသည့်ပုံ ပေါ်သည်။

“ရှင် နောက်တစ်ကြိမ် ထွက်သွားဦးမှာလား...”

သူမက တိုးတိုးတိတ်တိတ် မေးလိုက်သည်။ တရှန်း၏ ခပ်ကြမ်းကြမ်း အကြည့်နှင့် နယ်လာရှား၏ စိုးရိမ် ပူပန်သည့် မျက်ဝန်းများကို ကြည့်ကာ ဝေ့ဝူယင် တိတ်တဆိတ် ပြုံးလိုက်မိသည်။

“ငါရဲ့ အကန့်အသတ်ကို သွားပြီး စစ်ဆေးကြည့် မလို့ပါ... ဒါပေမဲ့ အမှန်တကယ် အကန့်အသတ်ကို သိဖို့ အတွက် ဘာကိုမှ ထိန်းချုပ် မထားပဲ ဒီတိုက်ပွဲကို တိုက်ရလိမ့်မယ်... ငါ့ ပြိုင်ဘက်တွေလည်း တိုက်ကြလိမ့်မယ်”

“...”

တရှန်း၏ မျက်လုံးများက အနည်းငယ် နူးညံ့သွား၏။ သက်တောင့်သက်သာ မရှိသည့် ခံစားချက်များက သူမ နှလုံးသား အတွင်း နိုးထ လာခဲ့သည်။ ဝေ့ဝူယင်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲ တစ်ခုကို ဆင်နွှဲတော့မည် ဖြစ်ကြောင်း သူမ ရိပ်မိလိုက်ပြီ ဖြစ်သည်။

ထို့အပြင်... လူငယ်ထံမှ အလားတူ အော်ရာမျိုးကို သူမ အကြိမ် အနည်းငယ် တွေ့မြင်ဖူးသည်။ ၎င်းက စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။ တရှန်း ကိုယ်တိုင်မှာလည်း စစ်သည်တော် တစ်ယောက် ဖြစ်လေရာ တိုက်ခိုက်လိုသည့် ဆန္ဒက သူမ နှလုံးသား အတွင်း ကိန်းအောင်း နေသည်။ ထို့ကြောင့် သူမက ဘာကိုမှ ထပ်မံ မဆိုတော့ချေ။

“ရှင် ဘယ်သူတွေနဲ့ တိုက်ခိုက်မှာလဲ...”

သို့သော်လည်း... နယ်လာရှားကတော့ မေးလိုက်၏။ သူမက ဝေ့ဝူယင် အနားသို့ လျှောက်လာကာ လက်မောင်းကို ပွေ့ဖက် လိုက်သည်။

“ရှင် လုပ်စရာ မလိုပါဘူး... အသက်နဲ့ ရင်းပြီး အကန့်အသတ်ကိုလည်း စစ်ဆေးစရာ မလိုပါဘူး... အဂ္ဂိရတ် သူရဲကောင်းတွေက ရှင့် အတွက် တိုက်ပေးကြမှာပါ”

မိန်းကလေး၏ အသံက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်မှာ အကန့်အသတ်မဲ့ အလားအလာများကို ပိုင်ဆိုင်ထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ ထို့အပြင် အသက် ခြောက်ဆယ့်ရှစ်နှစ်တွင်ပင် သူက အချိန်သခင် အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ အနာဂတ်၌ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်မှာ မလွဲမသွေပင် ဖြစ်သည်။ သူ၏ အဂ္ဂိရတ် ပါရမီနှင့် ဆိုပါက “အဂ္ဂိရတ် ရှန့်ထို” တစ်ယောက် ဖြစ်လာဖို့ကလည်း “ဘယ်အချိန်လဲ” ဟု မေးစရာသာ ရှိတော့သည်။ အဘယ်ကြောင့် အသက် အန္တရာယ်နှင့် ရင်းနှီး၍ စမ်းသပ်ရမည်နည်း။

ဝေ့ဝူယင်က နယ်လာရှားကို ကြည့်လိုက်၏။ သူ၏ အကြည့်က ရေပြင်တစ်စနှယ် နူးညံ့နေသည်။ ဝေ့ဝူယင် မိန်းကလေး၏ ရှုပ်ပွေနေသည့် ဆံနွယ်များကို ပွတ်သပ်ပေးကာ ချိုသာစွာ ပြုံးလိုက်၏။

သူ အခန်း အတွင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ နံရံများကို သူ ဖြတ်မြင်နိုင်စွမ်း ရှိပေသည်။ မိန်းကလေး အားလုံးမှာ နိုးနေကြပြီ ဖြစ်ကာ အခြေအနေကို တိတ်တဆိတ်ပင် စုံစမ်း နေကြသည်။သို့သော်လည်း... သူတို့ အခန်း အပြင်ဘက်ကို ထွက်မလာကြ‌သေးချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ မကြာခဏ ဆိုသလို သူတို့နှင့် အတူ မရှိနိုင်ပဲ ဆေးဖော်စပ်ခြင်း၊ ကျင့်ကြံခြင်း၊ အခြားလူများနှင့် သီးသန့် တွေ့ဆုံခြင်းလို အမှုကိစ္စများကို ပြုလုပ်တတ်သည် မဟုတ်ပါလော။

သို့သော်လည်း တရှန်းနှင့် နယ်လာရှားတို့ကတော့ တစ်ခုခု ထူးခြားနေသည်ကို အာရုံခံမိခဲ့ပေသည်။ အခြားလူများနှင့် ယှဉ်လျှင် သူတို့က လူငယ်နှင့် အချိန် အကြာကြီး ပိုရှိခဲ့တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ရှင်တကယ်ပဲ သွားမှာလား...”

နယ်လာရှားက သနားစဖွယ် ထပ်မံ၍ မေးလိုက်၏။ ဝေ့ဝူယင် ပြတ်သားစွာပင် ခေါင်းညိတ်ပြလိုက်၏။ မိန်းကလေးများ၏ ချစ်ခြင်း မေတ္တာနှင့် သံယောဇဉ်တို့က တစ်ခါတစ်ရံ ယောက်ျား တစ်ယောက်၏ သန်မာမှုကို ဆောင်ကျဉ်းပေးနိုင်သလို တစ်ခါတစ်ရံ အားလျော့ပျက်ပြယ်ခြင်းကိုလည်း ပေးစွမ်းနိုင်သည်။ ထို့ကြောင့်ပင် မိမိ၏ ကျင့်ကြံခြင်း နှလုံးသားကို မပြိုလဲအောင် ထိန်းသိမ်းနိုင်ဖို့ အလွန် အရေးကြီးသည်။

တရှန်းက ရှေ့ကို တိုးလာကာ နယ်လာရှား၏ ခပ်သိမ်သိမ် ခါးလေးကို ဖက်လိုက်၏။ နယ်လာရှားက အလိုက်တသိပင် ဝေ့ဝူယင်၏ လက်မောင်းကို လွှတ်ပေးလိုက်ရင်း တရှန်း ဆွဲခေါ်ရာနောက် ပါလာခဲ့သည်။ ဆယ်စုနှစ် သုံးခုကျော် အတူတူ ရှိခဲ့ဖူးသူ အနေဖြင့် ထိုယောက်ျားမှာ မည်မျှ ဆုံးဖြတ်ချက် ပြတ်သားကြောင်း သူမ သိရှိထားပြီး ဖြစ်သည်။

ဝေ့ဝူယင်က နောက်ပြန်လှည့်ကာ ကျောခိုင်း ထွက်ခွာသွား၏။

သူ ပျောက်ကွယ်သွားသွားချင်းပင် ဝတ်စုံ အပြည့်အစုံ ဝတ်ထားသည့် မိန်းကလေး ငါးယောက်မှာ အခန်းထဲမှ ထွက်လာခဲ့ကြသည်။ စိုးရိမ် ပူပန်သည့် မျက်ဝန်းများနှင့် အတူ သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဝေ့ဝူယင် ဘာတွေ စီစဉ်နေသနည်း။ စီတက စကားမပြောချေ။ ဝေ့ဝူယင် နောက်ကိုသာ တန်းကာ လိုက်လိုက်၏။

“ငါတို့လည်း သွားကြည့်ကြစို့...”

မေ့ယန်က အကြံပြုလိုက်၏။ အခြား မိန်းကလေးများကလည်း ခေါင်းညိတ်ကာ သဘောတူ လိုက်ကြသည်။ နယ်လာရှားနှင့် တရှန်းတို့မှာလည်း ခပ်မြန်မြန်ပင် အဝတ်အစားလဲကာ လိုက်လာခဲ့ကြ၏။

မကြာခင်မှာပင် သူတို့ အားလုံး မူလ အာရုဏ်ဦး နန်းတော်၏ အပြင်သို့ ရောက်ရှိလာခဲ့ကြလေသည်။ နန်းတော် အပြင်သို့ ထွက်ထွက်ချင်းပင် ခေါင်းကို မော့ကာ အမှောင် ဟင်းလင်းပြင်ကို ‌ငေးမောကြည့်နေသည့် စီတအား တွေ့လိုက်ရလေတော့သည်။

“အာဏာရှင်တွေ...”

လင်းရှန်းရှန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။ ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်ထားသည့်တိုင် သူမ၏ အာရုံခံစားမှုများမှာ အလွန်ပင် ထက်မြက်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့်၏ အော်ရာကို ချက်ချင်း ခံစားမိပေသည်။

“နောက်ပြီး သုံးယောက်တောင်...”

အိယင်ကလည်း ဝင်ထောက်လိုက်၏။ သူမ၏ မျက်ဝန်းများက သုန်မှုန်ခြင်းများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်က လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်နှင့် တိုက်ခိုက်တော့မည်လော။

"ပိုင်လင်ရော ဘယ်ရောက်နေလဲ...”

ရှန်းလင်က စိုးရိမ် ပူပန်စွာဖြင့် မေးလိုက်၏။ ပိုင်လင်မှာ မြေကြီး ရှန့်ထိုများနှင့်ပင် ယှဉ်နိုင်သူ ဖြစ်လေရာ ဝေ့ဝူယင်ကို ကာကွယ်ပေးနိုင်ပေသည်။ သူမက မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။

"ဒါက ငါရွေးချယ်တဲ့ သူရဲကောင်းပဲ...”

တရှန်း၏ မျက်ဝန်းများကတော့ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေ၏။ ဝေ့ဝူယင်သာ လျှို့ဝှက် အာဏာရှင် အဆင့်များကို အနိုင်ယူနိုင်မည် ဆိုပါက... သူက သမာရိုးကျ အယူအဆများကို ချိုးဖျက်နိုင်ရုံမျှသာ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ ပြိုင်ဘက်ကင်း ဟူသော ဂုဏ်ပုဒ်ကိုပါ ဖျက်ဆီးပစ်နိုင်လိမ့်မည် ဖြစ်သည်။ ဤသည်က သူမ၏ နှလုံးသားကို သိမ်းပိုက်ခဲ့သည့် ဝေ့ဝူယင်ပင် ဖြစ်လေသည်။

...

အမှောင် ဟင်းလင်းပြင် အတွင်းတွင်တော့...

ဝေ့ဝူယင်မှာ လောကနယ်မြေကို ဖြန့်ကျက်ထားခြင်း မရှိပါချေ။ အပျက်အစီး မန်နာများကို စီးနင်းရင်း လွတ်လပ်စွာပင် လွင့်မြော နေခဲ့၏။

မူလ မိုးကုပ်စက်ဝိုင်း အဆင့် ကြယ်တာရာ ဝိညာဉ် လေးခုကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် အနေဖြင့် သူ၏ မန်နာ လွှမ်းမိုးနိုင်စွမ်း တစ်ခုတည်းက ပင်လျှင် အပျက်အစီး မန်မျာများကို ထိန်းချုပ်နိုင်ဖို့ လုံလောက်ပေသည်။ ဝေ့ဝူယင်မှာ လျှို့ဝှက် အဆင့် မန်နာကို ဆုပ်ကိုင်ထားနိုင်သည့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်နှင့်ပင် ဆင်တူပေသည်။

ခွန်ရီမင်၊ တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးဦးမှာ လွန်ခဲ့သည့် သုံးရက်ကနှင့် ခြားနားစွာပင် အဆုံးမဲ့ ယုံကြည်ချက်၊ စွမ်းအားများနှင့် ပြည့်နှက် နေခဲ့ကြ၏။ တိုက်ခိုက်လိုသည့် ဆန္ဒက သူတို့၏ ခန္ဓာကိုယ်များကို ဝန်းရံ ထားသည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ မိုင်ပေါင်း သောင်းချီကို ခရီးနှင်ကာ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်၏ ရှေ့သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... သူတို့ အကြားတွင်တော့ မိုင်ပေါင်း ရာဂဏန်းခန့် ကွာဝေးနေဆဲ ဖြစ်သည်။

ဝေ့ဝူယင် လက်အောက်ငယ်သား တစ်ဖြစ်လည်း ပြိုင်ဘက် သုံးယောက်ကို တိတ်တဆိတ်ပင် လေ့လာ နေခဲ့၏။ ခွန်ရီမင်၏ အော်ရာက အပြောင်းအလဲ မရှိသည့် တိုင်အောင် သူမ၏ ငွေရောင် အတောင်ပံ့များကတော့ မီးခိုးရောင် အငွေ့အသက်များနှင့် ရောနှော နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ ခုတ်ပိုင်းခြင်းဓား၏ အော်ရာက ပိုမို ထက်ရှလာခဲ့ကာ သူ၏ အကြည့်များမှာ အဆုံးမဲ့ ဓားအလင်းများနှင့် ထုံမွှမ်းနေသည်။

တိမ်ပြာကတော့ အပြာရောင် တိမ်တိုက် တစ်ခုပေါ်တွင် တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ သို့သော်လည်း... သူ၏ အော်ရာက ခွန်ရီမင်၊ ခုတ်ပိုင်းခြင်းဓားတို့နှင့် လုံးဝ ခြားနား နေခဲ့ပြီ ဖြစ်လေသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့်...

လူအိုကြီး၏ မျက်လုံးများမှာ တည်ငြိမ်နေသည့်တိုင် အမျိုးအမည် မသိ အလင်း တစ်ခုဖြင့် တောက်လောင် နေ၏။ တစ်ချိန်တည်း၌ သူ၏ သွေးများက သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ပွက်ပွက်ဆူနေကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။ ကြည့်ရသည်က... ထိုသုံးယောက်စလုံး သူတို့၏ အခြေအနေကို နားလည်တာ ထင်ရှားလှပေသည်။

သတ်ဖြတ်မည်လော။ သို့တည်းမဟုတ်... အသတ်ခံမည်လော။

၎င်းက သခင်ဖြစ်သူ သူတို့ အတွက် ချမှတ်ထားသည့် ရွေးချယ်ခွင့်ပင် ဖြစ်သည်။

“အဆင်သင့်ပဲလား...”

ဝေ့ဝူယင်က မေးလိုက်ရင်း သဲနာရီကို စတင်ကာ အသက်သွင်းလိုက်၏။

ဘုန်း...

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ထိုမေးခွန်းကို စကားလုံးများနှင့် ဖြေဆိုခြင်း မပြုချေ။ ကြမ်းတမ်း ခက်ထန်သည့် တိုက်ခိုက်မှုများနှင့်သာ တုန့်ပြန်လိုက်တော့၏။

***

All Chapters