← Chapters

လိုချင်သည့် ပုံစံ

Vol. 86 Ch. 1198

လိုချင်သည့် ပုံစံ

Vol. 86 Ch. 1198

ဘုန်း...

ဘုန်း...

ဘုန်း...

တဒင်္ဂ အတွင်းမှာပင် ခွန်ရီမင်မှာ ငှက်မွေးတောင် သုံးခုကို ပစ်လွှတ်ကာ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ သူမ၏ လျှို့ဝှက် စွမ်းအားများမှာလည်း ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် သူမ၏ အသက်ရှူသံများက လေးပင်လာကာ ငွေရောင် အတောင်ပံမှာလည်း စတင်ကာ တုန်ရီလာခဲ့၏။ ထုတ်ဖော်ခဲ့သည့် တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်း၌ မိန်းကလေးမှာ မည်သည့် အရာကိုမှ ထိန်ချန် မထားခဲ့ချေ။

“...”

ပရိသတ် မိန်းကလေး ခုနစ်ယောက်၏ အမူအရာများမှာ အလွန်တရာပင် ဖြူရော် နေကြ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် လျှို့ဝှက် ဝိညာဉ် အဆင့်တို့မှာ အတူတကွ ပူးပေါင်းကာ ဝေ့ဝူယင်ကို လက်ဦးမှု ရယူ၍ အဆက်မပြတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လင်းရှန်းရှန်းမှာ ကူညီချင်နေသည့်တိုင် ကိုယ့်အခြေအနေကို နားလည်ပေသည်။ လက်ရှိ အခြေအနေ၌ ခွန်ရီမင်၏ ငှက်မွေးတောင် တစ်ခုချင်းစီကပင် သူမကို အကြိမ်ကြိမ် သတ်ဖြတ်ပစ်ဖို့ လုံလောက်ပေသည်။ ထိုတိုက်ခိုက်မှုများက သေမျိုးတစ်ပိုင်း အရှင်အဆင့် တစ်‌ယောက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

အကယ်၍ ကျင့်ကြံခြင်းအား ချိပ်ပိတ် မထားလျှင်ပင် သူမ ထိုလူများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သည့် ‌ခြောက်နှစ်၊ ဝေ့ဝူယင်နှင့် ပူးပေါင်းခဲ့သည့် အချိန်က စလို့ လင်းရှန်းရှန်းမှာ အစေခံ တစ်ယောက် အနေဖြင့်သာ တစ်ချိန်လုံး ပြုမူ နေခဲ့သည်။ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် ကျင့်ကြံခြင်း လက်ဆောင်များကိုလည်း သူမမှာ ကိုယ်တိုင် သုံးစွဲခြင်း မပြုပဲ သမီးဖြစ်သူထံကိုသာ ပြန်လည် ပေးနေခဲ့သည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်များ အတွင်း သူမ နည်းနည်းလေးမျှ တိုးတက် မလာခဲ့ချေ။

ထိုအခိုက်တွင်ပင် သူမ အသံတစ်သံ ကြားလိုက်ရ၏။ မိန်းကလေး၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် တောက်ပသွားသည်။ သူမက မတုန့်မဆိုင်းပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးကာ ဝိညာဉ် အင်အားကို မိန်းကလေး တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ အစီအရင် အောက်တွင် သူတို့ အားလုံး၏ ဝိညာဉ်အာရုံများမှာ စုစည်းသွားကာ အမြင်အာရုံများမှာ ချိတ်ဆက် သွားကြ၏။

တဒင်္ဂ အတွင်းမှာပင် သေမျိုး မိန်းကလေးများ အားလုံးမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ် အ‌‌‌ဟောင်းသား ဖြစ်သွားကြတော့၏။

“ဝေ့ဝူယင်...”

“တော်ဝင်သားတော်...”

သူတို့ အော်ဟစ်လိုက်ကြသည့် တစ်ချိန်တည်းတွင်ပင် လောကကြီး တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးဖြင့် တုန်ရီသွားခဲ့လေ၏။

ဝရား...

အစစ်အမှန် နဂါး ဟိန်းဟောက်ခြင်း... ယင်းသည်ကား ဝိညာဉ် ပဲ့တင်ခြင်း အဆင့်များပင် ထိတ်လန့်ရသည့် ဒဏ္ဍာရီထဲမှ အစစ်အမှန် နဂါးဟိန်းဟောက်သံပင်။

အော်ရစ်ပင်လယ်အောက်တွင် ထိန်းချုပ်ခံခဲ့ရစဉ် အခါက နဂါးများမှာ သူတို့၏ လွတ်မြောက်ခွင့် အတွက် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကို ဖန်တီးခဲ့သည်။ ပြင်ပသို့ ဖြန့်ဝေခဲ့သည်။ ဝေ့ဝူယင်မှာ အန်နုနှင့် အမှတ်မထင် တွေ့ဆုံခဲ့ကာ ထိုနည်းလမ်းကို ကျင့်ကြံခွင့် ရရှိခဲ့သည်။ နဂါးတို့၏ အကြံအစည်သည်လည်း အောင်မြင်ခဲ့ကာ ဝေ့ဝူယင်၏ အကူအညီဖြင့် အချုပ်အနှောင်ထဲမှ ပြန်လည် လွတ်လပ် ခဲ့သည်။

ချိပ်ပိတ် နယ်မြေ အတွင်းတွင် ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်ခဲ့သည့် တစ်ဦးတည်းသောလူ ဆိုလျှင်လည်း မမှားချေ။

နာမည်တွင်အဆိုပြုထားသည့် အတိုင်းပင် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းမှာ နဂါး တစ်‌ကောင် ပိုင်ဆိုင်ထားသည့် အခြေခံ ခွန်အားကို ထိတွေ့လျှက် ထိုဒဏ္ဍာရီလာ သက်ရှိ အသွင်ကို ပြောင်းလဲခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့်ပင်... ၎င်းနည်းလမ်းကို ထုတ်ဖော်သည့် အချိန်တိုင်း အသွေးအသားများထဲ အတွင်း ကိန်းဝပ်နေသည့် အစစ်အမှန်နဂါး သွေးမျိုးဆက်က အသက်ဝင်လာကာ နဂါး တစ်‌ကောင်နှင့် ဆင်တူသည့် စွမ်းအားကို ရရှိစေသည်။ ထိုအထဲ၌ အစစ်အမှန် နဂါး ဟိန်းဟောက်ခြင်းလည်း တစ်ခု အပါအဝင်ပင် ဖြစ်သည်။

ဝရား...

ခွန်ရီမင်နှင့် တိမ်ပြာတို့ နှစ်ယောက်စလုံး၏ မျက်လုံးများမှာ ပြူးကျယ် သွားကြ၏။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ အချိန်က ပြိုကွဲသွားကာ သူတို့ ခန္ဓာကိုယ်များမှာ အလင်းထက်ပင် ပိုမို လျှင်မြန်စွာ ရွေ့လျား သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း တကယ်တမ်းတွင်တော့ သူတို့မှာ မူလ နေရာများတွင်ပင် မလှုပ်မယှက် ရှိနေကြသေးဆဲ ဖြစ်သည်။

အချိန်...

အာကာသ...

လျှို့ဝှက် အင်အား...

ဟင်းလင်းပြင်...

အလုံးစုံသော ထိန်းချုပ်မှုများမှာ သူတို့၏ ထိန်းချုပ်မှု လက်အောက်မှ လွတ်ထွက် သွားကြ၏။ ထိုအခိုက်၌ သေသည်၊ ရှင်သည်ကို သူတို့ မခွဲခြားနိုင်တော့။ အရာအားလုံးက အိပ်မက် တစ်ခု အလား အတွေးများ ပင်လျှင် အသိစိတ် ပင်လယ်၌ မတည်မြဲတော့ချေ။

ခွန်ရီမင်မှာ နေရာတွင်ပင် တွေဝေကာ ရပ်နေခဲ့၏။ သူမ၏ လျှို့ဝှက် ဝိညာဉ်က လွှမ်းမိုးခံထားရကာ ဝိညာဉ် အင်အားမှာလည်း ပြိုကွဲနေခဲ့သည်။ ငွေရောင် အတော်ပံများမှာလည်း လျှင်မြန်စွာ မှေးမှိန် လာနေခဲ့၏။ သို့သော်လည်း... သူမ သတိလစ်တော့မည့် ဆဲဆဲမှာပင် အပြာရောင် အငွေ့အသက်များနှင့် ငွေရောင် သင်္ကေတ တစ်ခုက သူမ၏ နဖူးထက်တွင် ထွန်းလင်းလာ၏။ ငွေရောင် အတောင်ပံများက ချက်ချင်းပင် ပြန်လည် အသက်ဝင်လာကာ သူ၏ ခန္ဓာကိုယ်မှာလည်း အာကာသ ရွှေ့ပြောင်းသွားခဲ့သည်။

တိမ်ပြာနှင့် ခွန်ရီမင်တို့ နှစ်ယောက်မှာ အတူတကွ ပူးပေါင်းကာ အသက် အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အရေးပေါ် အခြေအနေ တစ်ရပ် ကြုံလာပါက ကာကွယ်နိုင်ရန် အစီအရင် တစ်ခုကို ကြိုတင် ပြင်ဆင် ထားကြခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ပထမဆုံး လှုပ်ရှားသည့် အချိန်တွင်ပင် ထိုအစီအရင်ကို သုံးလိုက်ရသည်ကတော့ မျှော်လင့် မထားသည့် အခြေအနေ တစ်ရပ် ဖြစ်သည်။

ခုတ်ပိုင်းခြင်းဓားကတော့ မျက်လုံးများကို မှိတ်ထားကာ မလှုပ်မရှား တည်ရှိနေဆဲ ဖြစ်သည်။ ငွေရောင်၊ အဖြူရောင်နှင့် အပြာရောင် အလင်းများ ရောနှောထားသည့် ဥသဏ္ဌာန် ဝိညာဉ် အကာအကွယ် တစ်ခုက သူ့ခန္ဓာကိုယ်ကို လှပစွာ ဝန်းရံထား၏။

ခရက်... ခရက်...

အစစ်အမှန် နဂါး ဟိန်းဟောက်သံ၏ လှိုင်းများက သူ့ထံ ပျံ့လွင့်လာသည့် အခိုက်၌ ၎င်း၏ မျက်နှာပြင်ထက်တွင် ပင်ကူမျှင်လို အက်ကြောင်းများ စတင် ပေါ်ပေါက် လာခဲ့သည်။ ကံကောင်း ထောက်မစွာပင် ၎င်းမှာ ကွဲကြေသွားခြင်းတော့ မရှိပါချေ။ ခုတ်ပိုင်းခြင်းဓား၏ မျက်လုံး ထောင့်စွန်းများတွင်တော့ ဓားအလင်းများမှာ ဆက်လက် စီးဆင်း အသက်ဝင်နေဆဲ ဖြစ်ပေသည်။

တစ်ချိန်တည်း၌ အစစ်အမှန် နဂါး ဟိန်း‌ဟောက်သံမှာ မီးခိုးရောင် တိမ်တိုက်များကို ကျဲပြန့် သွားစေလေသည်။ ထိုတိုက်ခိုက်မှုက ထိန်းချုပ်သူကို တစ်ခဏမျှ သတိလွတ် သွားစေလေရာ တိမ်တိုက်များမှာလည်း ပြန်လည် ဖွဲ့စည်းနိုင်စွမ်း မရှိတော့ချေ။ မကြာခင်မှာပင် ၎င်းတို့က အမှောင် ဟင်းလင်းပြင် အတွင်း လွင့်ပျံကာ ပျောက်ကွယ် သွားကြ၏။

ခပ်အက်အက် ချောင်းဆိုးသံ တစ်ခုက လောက အတွင်း ပျံ့လွင့်လာ၏။ ထို့နောက်တွင်တော့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မီးခိုးရောင် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။

“သူ အသက်ရှင်နေသေးတယ်...”

မိန်းကလေးများမှာ မူလ အာရုဏ်ဦး နန်တော် အကာအကွယ် အစီအရင် အတွင်း၌ ဘေးကင်း လုံခြုံစွာ ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းမှာ ထိပ်တန်း အဆင့် မြေကြီး ရှန့်ထိုများစွာ ပေါင်းစပ် ဖန်တီးထားသည့် အစီအရင် တစ်ခု ဖြစ်လေရာ အားနည်းနေသေးသည့် ဝေ့ဝူယင်၏ အစစ်အမှန် နဂါး ဟိန်းသံကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိပေသည်။

စောစောက အော်ဟစ်လိုက်သူက ရှင်းလင်းပင် ဖြစ်သည်။ သူမ၏ မျက်ဝန်းများက စိတ်သက်သာရာ ရသွားခဲ့သည့် ခံစားချက်များနှင့် ရောင်ပြန်ဟပ် နေခဲ့၏။

“သူ ဒဏ်ရာ ရထားတယ်...”

စိုးရိမ်ပူပန်နေသည့် အသံ တစ်ခုကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။ သူမကတော့ လင်းရှန်းရှန်းပင် ဖြစ်လေသည်။ အမြင်အာရုံကို အခြားလူများနှင့် မျှဝေထားသည့်တိုင် အားလုံးထဲ၌ သူမမှာ အရှင်းလင်းဆုံး၊ အကြည်လင်ဆုံး မြင်နိုင်သူ ဖြစ်နေသေးဆဲပင်။

ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြောနေ၏။ အလွန် လှပသည့် ဆဋ္ဌဂံ နဂါး အကြေးခွံများမှာ သူ့ အရေပြားများကို ဖုံးအုပ်ထား၏။ အနည်းငယ် ပိုမို ပိန်သွယ်သွားသယောင် ထင်ရသည့်တိုင် သူ၏ လက်ရှိ ခန္ဓာကိုယ်မှာ ဂြိုဟ်တစ်ခုလုံးကိုပင် လက်ဖျောက်တစ်ချက် တီးစာ အတွင်း ဖြိုဖျက် ပစ်နိုင်သည့်ပုံ ရသည်။

လင်းရှန်းရှန်း မှန်ပေသည်။ ဝေ့ဝူယင်၏ ကျောထက်တွင် လက်သီးပေါက် သုံးခု ရှိနေခဲ့ပေသည်။ စစ်အမတေ ဝတ်စုံကတော့ ဖြည်းညင်းစွာပင် ပြန်လည်ပြင်ဆင် နေခဲ့၏။ တစ်ချိန်တည်း၌... ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် မီးခိုးရောင် သွေးစသွေးန တစ်ချို့ ရှိနေခဲ့၏။

ဝေ့ဝူယင် ညာဘက်လက်ကို မြှောက်ကာ နှုတ်ခမ်းထက်ရှိ အရည်များကို လက်ညိုးဖြင့် သုတ်လိုက်သည်။ လက်ချောင်းထိပ်၌ ကိုယ်ပိုင် သွေးများ၏ နွေးထွေးမှုကို သူ ခံစားလိုက်ရ၏။ ရှုပ်ထွေးသည့် အလင်းတန်း တစ်ချို့က သူ့ အစစ်အမှန် နဂါး မျက်ဝန်းများထဲ ပေါ်လာခဲ့သည်။

“ဟဟ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရယ်မောလိုက်၏။ သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထိုအရာက ငြင်းပယ်၍ မရနိုင်သော အချက်လည်း ဖြစ်သည်။ လွန်ခဲ့သည့် သုံးရက်က လျှို့ဝှက် အာဏာရှင် အဆင့် သုံး‌ယောက်ကို လူကြီးက ကလေးကို ဆုံးမသလိုမျိုး တစ်ဖက်သတ် တိုက်ခိုက်ပြီး နောက်တွင် ထိုအချက်ကိုပင် သူ မေ့လုနီးပါး ဖြစ်နေခဲ့သည်။

သို့သော်လည်း အမှန်တရားက အမှန်တရားသာ ဖြစ်သည်။ တိုက်ပွဲ အတွင်း၌ သူ တိမ်ပြာကို အကြိမ်ကြိမ် ရိုက်နှက် နိုင်ခဲ့သော်လည်း လူအိုကြီးမှာ သွေးအနည်းငယ် ထွက်သည်မှ အပ မည်သည့် ပြင်းထန်သည့် ဒဏ်ရာမျိုးကိုမှ မရခဲ့ပါချေ။ တိမ်ပြာ၏ ရုပ်ခန္ဓာ သန့်စင်မှုမှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းထက် အားနည်းခြင်း မရှိပါချေ။ သို့တိုင်အောင် လူအိုကြီးမှာ ဝိညာဉ် လမ်းစဉ်ကို အလေးထား ကျင့်ကြံနေသူ ဖြစ်သည်။

တိုက်ပွဲကို သေချာ ပြန်လည် သုံးသပ်ရပါက ဝေ့ဝူယင်မှာ သူတို့ထဲမှ မည်သူ့ကိုမှ အနိုင်မယူနိုင်ခဲ့ချေ။ သူတို့ ရှုံးနိမ့်သွားရသည့် အကြောင်းရင်းမှာ သူတို့ကိုယ်တိုင် ထောင်ချောက် အတွင်း တိုးဝင်ကာ အဆင်မခြင်မဲ့ ကြိုးစားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ထို့အပြင် သူတို့ ကြား၌ အချိတ်အဆက် မရှိသလို စည်းလုံး ညီညွှတ်မှုလည်း မရှိချေ။ ခွန်ရီမင်က လောကနယ်မြေ အတွင်းမှ လွတ်မြောက်ဖို့ တစ်ခုသာ အားထုတ်သည်။ ခုတ်ပိုင်းခြင်းဓားကလည်း ဦးတည်ချက်မဲ့ တိုက်ခိုက်သည်။ တိမ်ပြာကတော့ အစီအရင် တစ်ခုပင်လျှင် ဖော်ထုတ်ဖို့ အချိန် မရလိုက်ချေ။ ထိုအရာက သူတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

သို့သော်လည်း... သူတို့ သုံးယောက် တကယ်တမ်း စည်းလုံးစွာ တိုက်ခိုက်ချိန်တွင်တော့ ဘယ်လောက် ကြောက်စရာ ကောင်းကြောင်း ဝေ့ဝူယင် တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။ သို့တိုင်အောင် တိမ်ပြာနှင့် ခွန်ရီမင်တို့ နှစ်ယောက်တည်းသာ တိုက်ခိုက်နေခြင်း ဖြစ်ပြီး ခုတ်ပိုင်းခြင်းဓားမှာ လှုပ်ရှားရသေးခြင်းပင် မရှိချေ။

“ဒါက ငါ ကိုယ်တိုင် လိုချင်တဲ့ ပုံစံပဲ...”

ဝေ့ဝူယင်၏ အစစ်အမှန် နဂါး မျက်လုံးများက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် လာခဲ့လေ၏။

***

All Chapters